Friday, May 29, 2015

ဘဝ၏ အရည်အသွေးများ

             လူ့ဘဝတွင် မည်သည့်အရာသည် အရေးကြီးဆုံးနည်းဟု တစ်ခါ အမေးခံရခဲ့ဖူးသည်။ စာဖတ်သူ များထဲမှ တစ်ချို့က အကြံအစည်ဟု အမျိုးမျိုးထင်ကြေးပေးကြမည်ဟု ကျွန်တော်မျှော်လင့်ပါသည်။ စာအုပ် စာပေနှင့် ရုပ်ရှင် ဗွီဒီယို ပေါင်းမြောက်မြားစွာ ကို ကျွန်တော်သေချာစွာ ကြည့်ရှုလေ့လာ ကြည့် သည်။ ငွေကြေး ပိုင်းဆိုင်ရာနှင့် ပတ်သက်၍ အတော်လေးဆင်းရဲခံရပြီးမှ နောင်တရကာ နောက်ဆုံးတော့ ငြိမ်းချမ်းမှုဘက်သို့ ဦးတည်သွားပုံကို ဇတ်များက ညွှန်းကြသည်။ စိတ်ထောင်းရင်ကိုယ်ကြေ ဟူသောစကား သည် လွန်စွာမှန်ကြောင်း ကျွန်တော်တစ်ယောက်အနေဖြင့် လက်ခံပါသည်။
            ဘဝ၏အရည်အသွေးများတွင် စိတ်ပညာရှင်အများစုက စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု ဤနှစ်ခုသည် ငွေထက်အရေးကြီးသည်ဟု တင်ပြကြသည်။ လူတစ်ဦးသည် ငွေကြောင့်ပျော်ရွှင်မှု ကိုရသည်မှာ အပြည့်အဝမမှန်ချေ။ ရသလောက်နှင့် ရောင့်ရဲတင်းတိမ်စွာ နေတတ်ခြင်းက စိတ်ပိုင်းဆိုင် ရာ နှင့် ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှု အပေးဆုံးဖြစ်သည်။ 


                 လူတစ်ဦးသည် စဉ်းစားတွေးခေါ်တတ်သူဟု ဆိုပါစို့။ ဥစ္စာများခြင်း၊ နည်းခြင်းသည် သူ့အတွက် အရေးမကြီးဘဲ စိတ်ချမ်းသာပြီး စိုးထိတ်မှုကင်းစွာနှင့် လောကကြီးထဲမှာ နေထိုင်သွားပါက သူသည် သေသွားသည့်တိုင်အောင် ငြိမ်းငြိမ်းချမ်းချမ်း သာရှိချေမည်။ ဥပမာ- အကြွေးရှိသော လူတစ်ဦး၏ ခံစားချက်နှင့် အကြွေးမဲ့သော သူ၏ခံစားချက်တို့သည် မတူညီနိုင်ပေ။ စိတ်ပိုင်းဆိုင်ရာကို ကြံ့ခိုင်အောင် အရင်ကြိုးစားပြီးလျှင် ကျန်သော နောက်ဆက်တွဲတို့သည် မခက်ခဲလှကြောင်း စိတ်ပညာရှင်တို့က တင်ပြထားသည်။ 
                စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုရှိရန် အဓိကလိုအပ်သော အချက် (၄)ချက်ကို တင်ပြလိုပါသည်။


(၁)   လေးနက်စွာ စဉ်းစားခြင်း
              အလုပ်တစ်ခုကို လုပ်တော့မည်ဟု စဉ်းစားမိချိန်တွင် ထိုအလုပ်ကို မလုပ်မီ အလုပ်၏ပမာဏ အပေါ်မူတည်ပြီး စဉ်းစားမှု တစ်နာရီ (သို့) တစ်ရက် (သို့) တစ်လ အကွက်ကျကျလေးနှင့် လေးနက်စွာ စဉ်းစားဆင်ခြင်ရမည်။ ခေါင်းလောက်မှန်းမှ ခါးလောက်ကျမည်။ စဉ်းစားဆင်ခြင်ပြီးမှ လုပ်သောအလုပ်နှင့် မစဉ်းစားဘဲ လုပ်သောအလုပ်၏ အကျိုးသက်ရောက်မှုမှာ ကွာဟလွန်းလှသည်။ လေးနက်စွာ စဉ်းစားခြင်း သည် အမှားအား ထွက်ပေါက်ကျဉ်းစေသည်။ ချက်ကစားသည့် ပုဂ္ဂိုလ်များတို့သည် လေးနက်စွာ စဉ်းစားပြီး ရှေ့သို့တစ်လှမ်းတက်သည်။ တစ်လှမ်းမှားခြင်းသည် မိမိဘက်မှ အမှားများကို ဖိတ်ခေါ်ရာ ရောက်သည်။ မိမိအမှားအား ဘာကြောင့်........... ဆိုသော အမေးစကားနှင့် သတိထား၊ ဆင်ခြင်ပါက တစ်ကွက်အမှားသည် နှစ်ကွက်အတွက် အမှန်ဖြစ်လာနိုင်သည်။

(၂)   ကြံဆတွေးခေါ်ခြင်း
           လူတစ်ဦးသည် အခြားလူတစ်ဦး၏ ဟန်အတိုင်း ဆက်လျှောက်ခြင်းကို ကပ်ပါးပင်ဟု ခေါ် သည်။ အောင်မြင်သောလူ တစ်ဦးသည် ရေရှည်ရပ်တည်နိုင်ရန် အတွက် အတွေးအခေါ် ရှိဖို့လိုသည်။ အတွေးသစ် ဖြစ်ဖို့အဓိက လိုအပ်သည်။ မိမိကြိုးစားမှု ရှိနေသည့်ကြားမှ အောင်မြင်မှု နည်းနေပါက သူတစ်ပါး မသုံးသေးသော အတွေးအခေါ် ရှိဖို့လိုအပ်သည်။ လူတို့သည် အသစ်အဆန်းကို စိတ်ဝင်စားသည်။ လူတို့သည် အသစ်အဆန်းကို ကြားလျှင်(သို့) မြင်လျှင် ထိုနောက်သို့ ကောက်ကောက် ပါအောင် လိုက်ကြသည်။ လူသားများအနေနှင့် ၎င်းတို့အသက်တာ၌  မတွေ့မမြင်ဖူးသော အရာတို့ကို လွန်စွာ စိတ်ဝင်စားကြသည်။

(၃)   စိတ်လှုပ်ရှားမှုကို ကြံ့ကြံ့ခံခြင်း
              ရုတ်တရက်ဆိုသော စကားလုံးသည် မည်သူ့ကိုမဆို စိတ်လှုပ်ရှားစေသည်။ ထိတ်လန့်ကြောက် ရွံစေသည်။ စိတ်ဓာတ်ကြံ့ခိုင်သူဟု ဆိုသောသူကိုပင်စိတ်လှုပ်ရှားစေသည်။ သို့သော် ခဏမျှသာ ဖြစ် သည်။ လေသံကြားရုံမျှဖြင့် ကြောက်ရွံ သူများ မဟုတ်ဘဲ သေချာစဉ်းစား ကာ ကြံဆတွေးခေါ် လျက် ခေါင်းအေးအေးထား လုပ်ဆောင်ကြသည်။ မာသည်ဟုဆိုသော ကျောက်တို့သည် နောက်ဆုံးတွင် လူလက်ချက်ဖြင့် စိစိမွမွကြေရစမြဲ။ စိတ်ဓာတ်ကြံ့ခိုင်ပါသည် ဟု သတ်မှတ်ခံသူတို့ ပင်လျှင် အကန့်အသတ် ဆိုသောစကားဘောင်ထက် ကျော်လွန်ပြိုကွဲ တတ်သည်။ စိတ်လှုပ်ရှားမှုကို ကြံ့ကြံ့ခံနိုင်ဖို့ရန် အကောင်းဆုံး နည်းမှာ ဥပေက္ခာပြုခြင်း ဖြစ်သည်။ ဥပေက္ခာပြုခြင်းကို ပြုသင့်သည့်အချိန်တွင် ပြုခြင်းသည် စိတ်လှုပ်ရှားမှု ကို ကြံ့ကြံ့ခံစေသည်။

(၄)   စိတ်သောကကို ဖယ်ရှားခြင်း
              တစ်ခုခုကို စိတ်က စွဲလန်းစေခြင်းသည် စိတ်ဆင်းရဲခြင်းကို မွေးမြူခြင်းနှင့်တူသည်။ လူတိုင်းတွင် စိတ်ဖိစီးသော ရောဂါ အနည်းနှင့်အများ ကိုယ်စီရှိကြသည်။ စိတ်ကို လေ့လာသောသူ အချို့က စစ်တမ်းကောက်ရာ လူ ၉၅ ရာခိုင်နှုန်းမှာ စိတ်ဖိစီးမှု ကိုယ်စီရှိကြသည်။ ထိန်းချုပ်နိုင်သောသူနှင့် မထိန်းချုပ်နိုင်သောသူသာ ကွာခြားသည်။ မိမိတွင် စိတ်သာက မည်မျှပင်ရှိနေပါစေ၊ မရှိသကဲ့သို့ နေပြီး စိတ်လှုပ်ရှားမှုကို လေးနက်စွာ စဉ်းစားကြံဆ တွေးခေါ်ခြင်းသည် စိတ်သောကကို ဖယ်ရှားစေသော အကောင်းဆုံးသော နည်းတစ်ရပ်ပင်ဖြစ်သည်။


                                                                               ငြိမ်းပန်  (ဟိုပန်)



No comments:

Post a Comment