Thursday, May 21, 2015

ယေရှုသွန်သင်သော ကျင့်ဝတ်များ ၎

ကိုယ်ဝတ်   (Duty to One's Self)

(က) လောကုတ္တရာအမှုကို ရှေးဦးစွာ စောင့်ရမည်။ (Attend first to the concerns of the soul)
(မ ၆း၃၃၊ ၁၆း၂၆၊ ၇း၁၃-၁၄၊ လုကာ ၁၀း-၄၁-၄၂)

               ဘုရားသခင်၏ နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းတရားကို ရှေးဦးစွာရှာရမည်။ မိမိ၏ အသက် ဝိညာဉ် ရှုံးသောသူသည် အဘယ်ဥစ္စာနှင့်မှ မရွေးနိုင်ပါ။ ကျယ်သောတံခါးကို ဝင်သောသူတို့သည် များကြ၏။ အသက်ရှင်ခြင်းသို့ ရောက်သောလမ်းနှင့် တံခါးသည် ကျဉ်းမြောင်းသည်ဖြစ်၍ ဝင်သောသူတို့ သည်နည်းကြ၏။ ယေရှုက မာသ၊ မာသ သင်သည် များစွာသောအမှုတို့၌ စိုးရိမ်၍ အနှောက်အယှက်ခံရ၏။ လိုသောအရာ တစ်ခုတည်းရှိ၏။ မာရိမူကား ကောင်းသောအဖို့ကို ရွေးယူပြီ။ ထိုအဖို့ကို အဘယ်သူမျှ မနုတ်ယူရာ ဟု မိန့်တော်မူ၏။


(ခ)  မိမိစိတ်သဘောကို စစ်ကြောရမည်။  (Examine thyself)
(၂ကော ၁၃း၅၊ ဟဂ္ဂဲ ၁း၇၊ သု ၄း၂၆၊ ဆာလံ ၁၃၅း၂၃)

                 ယုံကြည်ခြင်း၌ တည်မတည်ကို ကိုယ့်ကိုယ်ကို စစ်ကြောရမည်။ ကိုယ့်အကျင့် တို့ကိုဆင်ခြင် ရမည်။ သွားရာလမ်းကို စူးစမ်း၍ သွားလေရာရာ၌ တည်ကြည်ခြင်း ရှိရမည်။ ဆာလံဆရာက အို... ဘုရား သခင် အကျွန်ုပ်ကို စစ်ကြော၍ အကျွန်ုပ်နှလုံးကို သိမှတ်တော်မူပါ။ စုံစမ်း၍ စိတ်အထင်များကိုလည်း သိမှတ်တော်မူပါ။ ဆိုးသောလမ်းသို့ အကျွန်ုပ်လိုက်သည် မလိုက်သည်ကို ကြည့်ရှု၍ ထာဝရလမ်း ထဲသို့ သွေးဆောင်တော်မူပါဟု ဆိုထားပါသည်။



(ဂ)   ကိုယ်အလိုသို့မလိုက် ငြင်းပယ်ရမည်။   (Deny self)
(လု ၉း၂၃၊ ၁ကော ၉း၂၇၊ ယာ ၁း၁၄၊ ဧဖက် ၂း၃၊ ရောမ ၁၃း၁၄)

              ယေရှုက ငါ၌ဆည်းကပ်လိုသူဖြစ်လျှင် ကိုယ်ကိုယ်ကို ငြင်းပယ်ရမည်။ ကိုယ်လက်ဝါးကပ်တိုင် ကို နေ့တိုင်းထမ်း၍ ငါ့နောက်သို့ လိုက်ရမည် ဟုမိန့်တော်မူ၏။ သူတစ်ပါးကို ဆုံမပြီးမှ ကိုယ်တိုင် ရှုံး သောသူမဖြစ်စေရ။ တပ်မက်သောစိတ်သည် အပြစ်သွေးဆောင်ခြင်းသို့ ရောက်တတ်သည်။ ကိုယ် ကာယ၏ အလို၊ စိတ်၏အလို၊ ကာမဂုဏ်တို့၌ ကျင်လည်သည်ဖြစ်၍ အမျက်တော်ကို ခံရမည်။ သခင် ယေရှုခရစ်ကို ယူတင်ဝတ်ဆောင်ကြလော့။ ကိုယ်ကာယတပ်မက်ခြင်း အလို့ငှာ မကြံစည်ရပါ။

(ဃ)   နှိမ့်ချသောစိတ် ရှိရမည်။  (Be humble)
(ယေရမိ ၉း၂၃၊ ဖိ ၂း၃၊ ၁ပေ ၅း၅၊ သု ၂၁း၎၊ ၁၆း၁၈၊ လုကာ ၁၄း၁၁၊ မ ၁၁း၁၉၊ ၅း၃)

   မိမိပညာ၊ မိမိအား၊ မိမိဥစ္စာ၌ မဝါကြွားရပါ။ သူတစ်ပါးသည် ကိုယ်ထက်ကောင်းမြတ်သည် ဟု နှိမ့်ချသောစိတ်နှင့် တစ်ယောက်အောက် တစ်ယောက် နှိမ့်ချလျက် နှိမ့်ချခြင်း တန်ဆာကိုဆင်ရ မည်။ ထောင်လွှားသောသူ တို့ကို ဘုရားသခင်ဆီးတားတော်မူမည်။ စိတ်နှလုံးနှိမ့်ချ သောသူတို့ အား ကျေးဇူးပြုမည်။ မာနသည် ပျက်စီးခြင်း၊ ထောင်လွှားသောသဘောသည် ရှုတ်ချခြင်း ဖြစ်သည်။ ကိုယ့်ကိုယ်ကို ချီးမွမ်းသော သူသည် နှိမ့်ချခြင်းကို ခံရမည်။ ယေရှုက ငါသည် နူးညံ့သိမ်မွေ့နှိမ့်ချသော စိတ်သဘောရှိ၏။ စိတ်နှလုံးနှိမ့်ချသော သူတို့ သည် မင်္ဂလာရှိ၏။ အကြောင်းမူကား ကောင်းကင် နိုင်ငံတော်သည် ထိုသူတို့၏ နိုင်ငံဖြစ်သည်ဟု မိန့်တော်မူ၏။

(င)   ဓမ္မအမှု၌ လုံ့လဝီရိယ ထုတ်ရမည်။   (Be diligent in religion)
(ဖိ ၂း၁၂-၁၃၊ ၁ကော ၉း၂၄၊ ၉း၂၆၊ ဟေရှာ ၁၂း၁-၃၊ ၂ပေ ၁း၅-၇၊ ဒေသနာ ၉း၁၀)

               ကိုယ်ကို ကယ်တင်ခြင်းငှာ ဓမ္မအမှု၌ ကိုယ်တိုင်ကြိုးစားအားထုတ် ရမည်။ အကျင့် ကျင့်စေခြင်းငှာ ပြုပြင်တော်မူသောသူသည် ဘုရားသခင်ဖြစ်သည်။ မြေပေါ်၌ ပြေးကြသောသူတို့သည် ဆု ကိုရစေခြင်းငှာ ပြေးရမည်။ပြေးသောအခါ အမှတ်တမဲ့ မပြေးရပေ။ များစွာသောသူတို့သည် ဝိုင်းရံ ကြည့်ရှုနေကြသည်ဖြစ်၍ ကျွန်ုပ်တို့သည် ခပ်သိမ်းသောဝန်၊ နှောက်ယှက်တတ်သော ဒုစရိုက်ကို ပယ်ရှား၍ ပန်းတုးံတိုင်သို့ ရောက်ခြင်းငှာ အားမလျော့ဘဲ ပြေးရမည်။ ထိုသို့အလိုငှာ ယုံကြည်ခြင်း၌ ရဲရင့်ခြင်း၊ ရဲရင့်ခြင်း၌ ပညာကိုလည်းကောင်း၊ ပညာ၌ ကာမဂုဏ်ချုပ်တည်းခြင်းကို လည်းကောင်း၊ ကာမဂုဏ်ချုပ် တည်းခြင်း၌ သည်းခံခြင်း၊ သည်းခံခြင်း၌ ဘုရားဝတ်ကို ပြု၍ မွေ့လျော်ခြင်း၊ မွေ့လျော်ခြင်း၌ ညီအစ်ကို စုံမက်ခြင်း၊ ညီအစ်ကိုစုံမက်ခြင်း၌ ချစ်ခြင်းမေတ္တာကိုလည်း အလွန်ကြိုးစားအားထုတ်လျက် ဆောင်ရွက် ရမည်။ အကြောင်းမူကား သင်ယခုသွား၍ ရောက်ရလတ္တံ့သော အရပ်တည်းဟူသော မရဏာနိုင်ငံ၌ လုပ်ဆောင်ခြင်းမရှိ၊ ကြံစည်ခြင်းမရှိ၊ သိပ္ပံအတတ်မရှိ။ ပညာမရှိပါ။

(စ)   သတိမလစ် အစဉ်မပြတ် စောင့်နေရမည်။  (Be watchful)
(၁သက် ၅း၆-၈၊ မ ၂၆း၄၁၊ ဟေရှာ ၃း၁၃၊ ၁ပေ ၅း၈၊ လုကာ ၁၂း၃၅-၃၆)

             ကျွန်ုပ်တို့သည် အိပ်မပျော်ဘဲ သမ္မာသတိရှိစွာ စောင့်နေရမည်။ အိပ်ပျော်သောသူ၊ သေရက် နှင့် ရစ်မူးသော ယူတို့ကဲ့သို့ မဟုတ် သမ္မာသတိရှိရမည်။ စုံစမ်းနှောက်ယှက်ခြင်း နှင့် ကင်းလွတ်ရမည့် အကြောင်း ဆုတောင်းလျက် စောင့်နေရမည်။ နေ့တိုင်း အချင်းချင်း တစ်ယောက်ကိုတစ်ယောက် တိုက်တွန်းနှိုးဆော်ရမည်။ မာရ်နတ်သည် ဟောက်သောခြင်္သေ့ ကဲ့သို့ လည်လျက် အဘယ်သူကို မျိုရမည်နည်း ဟူ၍ ရှာဖွေလျက်ရှိသည်။ ဆီးမီးထွန်းလျက် မင်္ဂလာဆောင် ပွဲမှပြန်လာသော သခင် ကို စောင့်မျှော်နေသော ကျွန်ကဲ့သို့ စောင့်ရမည်။ သင်တို့မထင်မမှတ်သော အချိန် နာရီ၌ လူသားသည် ကြွလာလိမ့်မည်။

(ဆ)  မရွေ့မလျော့ဘဲ တည်ကြည်ရမည်။   (Be steadfast and persevering)
(ဟေရှာ ၁၀း၃၈၊ ရောမ ၁၁း၂၀၊ ဟေရှာ ၁၃း၉၊ ၁သက် ၅း၂၁၊ ဂလာ ၆း၉၊ ၁ကော ၁၅း၅၈၊ ဧ ၆း၁၀-၁၃၊ ဟေရှာ ၃း၁၄၊ မ ၂၄း၁၃)

       ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်ရမည်။ မာနစိတ်မရှိ ရ။ ကြောက်စိတ်ရှိရမည်။ ထူးခြားသော အယူဝါဒသစ်ကို လိုက်၍မဖောက်ပြန်ရ။ ကောင်းသော အရာကို အမြဲကိုင်စွဲရမည်။ အားမလျော့စိတ်မပျက်ဘဲ ကောင်းသောအကျင့်ကို ကျင့်ရမည်။ ထိုသို့ တည်ကြည်၍ ကျင့်လျင် အချိန်တန်သောကာလ၌ အသီးအနှံကို ရိတ်ရလိမ့်မည်။ သခင်ဘုရား အမှုတော်ကို ကြိုးစားအားထုတ်ရမည်။ မာရ်နတ်ပရိယာယ်တို့ကို ဆီးတားနိုင်မည့်အကြောင်း ဘုရားသခင် ပြင်ဆင်တော် မူသော လက်နက်စုံကို ဝတ်ဆင်ရမည်။ စုံစမ်းခြင်းကို ခံနိုင်သောသူသည် အသက်သရဖူကို ရလိမ့်မည်။ အကြင်သူသည် အဆုံးတိုင်အောင် ခရစ်တော်နှင့် တည်ကြည်လျှင် ထိုသူသည် ကယ်တင်ခြင်းကို ရရှိ လိမ့်မည်။

(ဇ)  ပျင်းရိခြင်းမရှိရ။ ကောင်းသောအသက်မွေးခြင်းကို လုံ့လပြု ရမည်။ (Avoid idleness and diligently follow some honest calling)  (၁သက် ၄း၁၁-၁၂၊ ရော ၁၂း၁၁၊ ၂သက် ၃း၇း၁၂၊ သု ၆း၆-၁၀)

        သာသနာပလူတို့ရှေ့၌ လျောက်ပတ်စွာကျင့်၍ ကောင်းသောအမှုကို ဆောင်ရွက်လျက် ကိုယ်လျက်နှင့် လုပ်ဆောင်ခြင်းငှာ ကြိုးစားအားထုတ်ရမည်။ အားထုတ်ခြင်းအရာမှ ပျင်းရိခြင်းမရှိဘဲလျက် စိတ်တန်းသဖြင့် သခင်ဘုရား၏ အလိုတော်သို့လိုက်၍ အားထုတ်ရမည်။ ပင်ပန်းစွာကြိုးစား လုပ်ဆောင်ရ မည်။ အလုပ်မလုပ်ချင်သောသူသည် အစာကိုလည်း မစားစေနှင့်ဟု ပညတ်ထားကြပြီ။ ထိုကြောင့် ကျွန်ုပ် တို့သည် ပုရွက်ဆိတ်ကဲ့သို့ လုံ့လ ရှိရမည်။

(ဈ)  လောဘလွန်ကျူးခြင်း မရှိရ။ ရောင့်ရဲလွယ်သော စိတ်ရှိရမည်။  (Be ware of covetousness and cherish a contend mind)                              ( လု ၁၂း၁၅၊ ဆာ ၆၂း၁၀၊ သု ၂၃း၅၊ ဒေ ၅း၁၀၊ ဆာ ၃၉း၆၊ ဟေရှာ ၁၃း၅၊ ၁တိ ၆း၆-၁၀၊ မာ ၁၀း၂၄-၂၅)
                    လောဘလွန်ကျူးခြင်းကို သတိနှင့် ရှောင်ရမည်။ အကြောင်းမူကား စည်းစိမ်၌ အသက် မတည်။ ဥစ္စာကို စွဲလမ်းခြင်းမရှိစေနှင့်။ လင်းယုန်ငှက်သည် မိုးကောင်းကင်သို့ ပျံတက်သကဲ့သို့ ထိုအရာ သည် အတောင်တို့ကို လုပ်၍ ပျံတက်သွားတတ်၏။ ငွေကို တပ်မက်ခြင်း၊ စည်းစိမ်ကိုတပ်မက်ခြင်းသည် မိမိ အလိုမပြည့်နိုင်၊ ထိုအရာသည် အနတ္တဖြစ်၏။ လူသည်ဥစ္စာကို ဆည်းပူးဖူးသော်လည်း အဘယ်သူရအံ့သည် ကိုမသိရပါ။ ကိုယ်၌ရှိသောဥစ္စာနှင့် ရောင့်ရဲခြင်း ရှိရမည်။ ရောင့်ရဲသောစိတ်နှင့်တကွ ဘုရားဝတ် ၌ မွေ့လျော်ခြင်းသည် ကြီးစွာသော အကျိုးစီးပွားဖြစ်သည်။ အကြောင်းမူကား ကျွန်ုပ်တို့သည် ဤလောက သို့ အဘယ်သူမျှ မပါဘဲ လာသည်ဖြစ်၍ ထွက်သွားလျှင်လည်း ဘယ်အရာကိုမျှ ယူ၍ မသွား နိုင်ပါ။ သို့ဖြစ်၍ စားရန်ဝတ်ရန် ရှိသမျှနှင့် ရောင့်ရဲလျက်နေရမည်။ လူသည် ငွေကိုတပ်မက် သောကြောင့် ယုံကြည်ခြင်း တရားလမ်းမှ လွဲသွားနိုင်သည်။ ထိုကြောင့် မိမိဥစ္စာကို အမှီပြုသောသူသည် ဘုရားသခင်၏ နိုင်ငံတော်သို့ ဝင်ခဲလှသည်။

(ည)  စိုးရိမ်ခြင်းနှင့် ကင်းလွတ်ရမည်။   (Be not Anxious)
(၁ကော ၇း၃၂၊ မ ၆း၂၅-၃၄၊ ဖိ ၄း၆၊ ၁ပေ ၅း၇၊ ဖိ ၄း၁၉)

                 အဘယ်သို့စားရမည်၊ အဘယ်သို့ဝတ်ရမည်ကို မစိုးရိမ်ကြနှင့်။ အစာထက် အသက်မြတ်သည် အဝတ်ထက် ကိုယ်မြတ်သည်။ ဘုရားသခင်သည် စာငှက်တစ်ကောင်ကိုမှ အငတ်မထားပါ။ ဘုရားသခင် ၏ နိုင်ငံတော်နှင့်  ဖြောင့်မတ်ခြင်းကို ရှေးဦးစွာရှာရမည်။ မနက်ဖြတ်ဖို့ မစိုးရိမ်ရပါ။ အရာရာ ၌ ကျေးဇူးတော်ချီးမွမ်းလျက် ဆုတောင်းရမည်။ စိုးရိမ်ခြင်းအမှု ရှိသမျှကို ကိုယ်တော်၌ အပ်နှံရမည်။ ဘုရားသခင်သည် ကျွန်ုပ်တို့ အလိုရှိသမျှကို ယေရှုခရစ်အားဖြင့် ပြည့်စုံစေတော်မူသည်။ 

(ဋ)  စားသောက်ခြင်းအမှု အစရှိသည်တို့၌ တပ်မက်ခြင်းကို ချုပ်တည်းရမည်။   (Be temperate)
(လု ၂၁း၃၄၊ သု ၂၃း၂၀-၂၁၊ ရောမ ၁၃း၁၃၊ ဂလာ ၅း၂၁၊ ၂ပေ ၁း၅-၇)

                        အစားအသောက် လွန်ကျူးခြင်း၊ လောကီအမှုများခြင်းနှင့် စိတ်နှလုံးပင်ပန်းသူ ဖြစ်၍ သခင်ဘုရား၏ နေ့ရက်သည် အမှတ်တမဲ့သင်တို့ တွေ့ကြုံ လိမ့်မည်။ အစားအသောက် ကျူးသူတို့နှင့် မပေါင်းဖော်နှင့်။ ထိုသို့သောသူတို့သည် ဆင်းရဲ၍ ဘုရားသခင်၏ နိုင်ငံတော်ကို အမွေမခံရပါ။ သူဌေးတစ်ယောက်သည် ကာမဂုဏ်၌ မွေ့လျော်၍ သေလွန်သောအခါ မရဏာနိုင်ငံ၌ ပြင်းပြစွာသော ဒုက္ခဝေဒနာကို ခံရ၏။ ထိုကြောင့် ယုံကြည်ခြင်း၌ ပညာကိုလည်းကောင်း၊ ပညာ၌ ကာမဂုဏ်ချုပ်တည်းခြင်း ကိုလည်းကောင်း ကြိုးစားရမည်။

(ဌ)   လောကီအရာတို့ကို စွဲလမ်းခြင်းမရှိ၊ လောကုတ္တရာအရာ တို့ကိုသာ စိတ်စွဲလမ်းရမည်။
(Be heavenly minded)  (၁ယော ၂း၁၆၊ မ ၆း၁၉-၂၀၊ ကောလော ၃း၁-၄၊ ဖိ ၃း၂၁)

               လောက၌ ရှိရှိသမျှအရာတည်းဟူသော ကိုယ်ကာယတပ်မက်ခြင်း၊ မျက်စိတပ်မက်ခြင်း၊ လောကီစည်းစိမ်၌ ဝါကြွားခြင်းတို့သည် ခမည်းတော်နှင့် မစပ်ဆိုင်၊ လောကနျင့်သာ စပ်ဆိုင်သည်။ ထိုကြောင့် သံကြေးပိုးရွ ဖျက်ဆီး၊ သူခိုးထွင်းဖောက်ခိုးယူရာ မြေကြီးပေါ်မှာ ဘဏ္ဍာကို မဆည်းပူးကြနှင့် သံကြေးပိုးရွ မဖျက်ဆီး၊ သူခိုးမထွင်းမဖောက် ခိုးယူရာ ကောင်းကင်ဘုံ၌ ဘဏ္ဍာကို ဆည်းပူးရမည်။ အကြောင်းမူကား သင်တို့အသက်သည် ခရစ်တော်နှင့်အတူ ဘုရားသခင်၌ ဝှက်ထားလျက် ရှိ၏။ ငါတို့အသက်တည်းဟူသော ခရစ်တော်သည် ထင်ရှားတော်မူသောအခါ ငါတို့သည်လည်း ထိုသခင်နှင့်အတူ ဘုန်းကြီး၍ ထင်ရှားကြလိမ့်မည်။ ငါတို့ကျင့်သော အကျင့်မူကား ကောင်းကင်ဘုံနျင့် စပ်ဆိုင်လျက် ရှိ၏။


                                                                      ခင်သန္တာလွင်   ပြုစုသည်။


No comments:

Post a Comment