Sunday, June 3, 2018

မြန်မာပြည်ကလိုလားတောင့်တသောခရစ်ယာန်ဘာသာ

(Desired Christianity for Myanmar)

                မြန်မာနိုင်ငံ၏ ခရစ်ယာန်သာသနာသမိုင်းကို လေ့လာသောအခါ အစကနဦး၌ ဗရင်ဂျီခေါ် ရောမကာသိုလိပ် သာသနာသည် ၁၅၅၄ခုနှစ်တွင် ပြင်သစ်ပြည်မှ ဖရန်စစ်စီကန်အဖွဲ့ဝင် ပဲရီဘွန်ဖား(Pierre Bonfer) ဆိုသူသည် သန်လျင်မြို့သို့ ရှေးဦးစွာရောက်ရှိကြောင်း ခိုင်လုံသော မှတ်တမ်းမှတ်ရာ ရှိခဲ့လေသည်။ နောက်တွင် ၁၇၂၁ခုနှစ်တွင်  ပုပ်ရဟန်းမင်းကြီး Clement XI က အီတလီ လူမျိုး သာသနာပြုများဖြစ်သော Rev. Giuseppe Vittoni နှင့် Rev. Sigismondo Calchi တို့အား အင်းဝမြို့ သို့စေလွှတ်ကာ ရောမကာသိုလိပ်သာသနာသည် တစပြီးတစ်ကြီးပွားတိုးတက်စေ ခဲ့ပေသည်။ ပရိုတက်စတင့် သာသနာသည် ၁၈၀၇ခုနှစ်တွင် အန္ဒိယနိုင်ငံ Serampore မှ အင်္ဂလိပ်နှစ်ခြင်း သာသနာပြု Richard Mardon နှင့် James Chater တို့ မြေစမ်းခရမ်ပျိုး သဘော မျိုးနှင့် ရောက်ရှိ ကာ နောက်တွင် ခေတ်ပေါ်သာသနာပြုလှုပ်ရှားမှု၏ဖခင် ၀ီလျံကယ်ရီ၏သား Felix Carey က အင်အား ဖြည့်ဆည်းခဲ့သည်။ သူတို့မျှော်မှန်းထားသလို အောင်မြင်ဖို့အလားအလာ မတွေ့ရှိပါသဖြင့် ၁၈၁၂ခုနှစ်တွင် ပြန်လည်နောက်ဆုတ်ကြသည်။ 
                       ၁၈၁၃ခုနှစ်တွင် အမေရိကန်သာသနာပြု အဖွဲ့မှ သာသနာပြုဆရာ ယုဒသန်တို့ ဇနီး မောင်နှံ ရောက် ရှိကာ ဆက်လက်ပြီး နှစ်ခြင်း သာသနာတော် ကို ဆောင်ရွက်ခဲ့ကြ ပေသည်။ ထိုနောက် အခြားအသင်းတော်များ ဖြစ်သော အင်္ဂလီကန်အသင်းတော်(မြန်မာနိုင်ငံခရစ်ယာန် အသင်းတော်- ၁၈၂၅)၊ မက်သဒစ်အသင်းတော် အထက်မြန်မာပြည် - ၁၈၈၇)၊ အောက်မြန်မာပြည် - ၁၈၇၉၊ ပရက်ဘီတီးရီးယန်းအသင်းတော် - ၁၈၇၆) များ တစစနှင့် ရောက်လာကြကာ မိမိတို့၏ နည်းဗျူဟာများဖြင့် ကိုယ်စီကိုငှ သာသနာပြုကြသည်။ ပင်တေကုတ္တေအုပ်စုကမူ ၁၉၂၁ခုနှစ်တွင် ဦးစွာ ပထမရောက်ရှိလာပါသော်လည်း ၁၉၇၀နောက်ပိုင်းမှ အရှိန်အဟုန်ဖြင့် သာသနာပြုခဲ့ကြသည်။ ခရစ်ယာန် သာသနာပြုများနှင့် တိုင်းရင်းသာ ယုံကြည်သူများက စွမ်းစွမ်းတမံ သာသနာပြုကြကာ ယခုအချိန်ခါမှာ ခရစ်ယာန်ဘာသာဝင်များသည် ၃သန်းမျှ ရှိပြီးဖြစ်သည်။ ခေတ်ကာလအမျိုးမျိုး၊ နိုင်ငံရေး၊ စီးပွါးရေးအဖုံဖုံနှင့် ခဲရာခဲံဆစ် အသွင်သွင်တို့ကို  ကျော်ဖြတ်လာကာ ခရစ်ယာန်ဘာသာသည် မလျော့သွား၊မတိမ်ကော သွားပဲ တိုးတက်လာခဲ့ပေသည်။ဘယ်သူကမှ လျစ်လျူရှု၍ မရတော့ချေ။


                တကမ္ဘာလုံးရှိ ခရစ်ယာန်မိသားစုထဲတွင် ထင်ပေါ်သည်သာမက၊ ကမ္ဘာ့ဘာသာကြီးတစ်ခု အဖြစ် သတ်မှတ်ခြင်းခံခဲ့ရသော နိုင်ငံတကာရှိ ခရစ်ယာန်ဘာသာဝင်များနှင့်လည်း တရားဝင် ဆက်သွယ်ကြကြလေသည်။ အလားတူပင် ကမ္ဘာ့ကာသိုလိပ်အသင်းတော်၊ ကမ္ဘာအသင်းတော်များကောင်စီ(WCC)၊ ကမ္ဘာ့ဧ၀ံဂေလိမိတ်သဟာရ(World Evangelical Alliance- WEA) တို့နှင့်လည်း၊ တရားဝင် ရင်းရင်းနှီးနှီး ဆက်သွယ်ကြသည်။ ကမ္ဘာခရစ်ယာန်အဖွဲ့အစည်းများနှင့် ကွန်ယက်ဆက်သွယ်မှု ပြုလုပ်ကြပါသည်။
                ဤကဲ့သို့ ကမ္ဘာ့အလယ်တွင် ထင်ပေါ်နေသော ယနေ့မြန်မာပြည်ရှိ ခရစ်ယာန်ဘာသာဝင် များက စဉ်းစားရန်လိုအပ်သည် အချက်တစ်ခုကို ဤဆောင်းပါးတွင် အကျဉ်းချုပ် တင်ပြလိုပါသည်။ မြန်မာပြည်ရှိ ခရစ်ယာန်ဘာသာဝင်သည် ကမ္ဘာအလယ်တွင် ထိုကဲ့သို့ ထင်ပေါ်ပြီး နိုင်ငံတကာရှိ ခရစ်ယာန်ဘာသာဝင်များနှင့် အကျွမ်းတ၀င် ဆက်သွယ်ပါလျက် အဘယ်ကြောင့် သူကျင်လည်ရာ မြန်မာနိုင်ငံတွင် စိမ်းကားကာ၊ ခရစ်ယာန်ဘာသာဝင်သည် မိမိတို့၏အမိ တိုင်းပြည်တွင် ဧည့်သည် အာဂန္တုကဲ့သို့ ရှိကြပါသနည်း။ တနည်းဆိုသော် ယနေ့မြန်မာပြည်ရှိ သုံးသန်းကျော်သော ပြည်သူတို့၏ ကိုးကွယ်ယုံကြည်သော ခရစ်ယာန်ဘာသာသည် မြန်မာပြည်နှင့် မဆီလျော်၊ မကိုက်ညီသော ခရစ်ယာန်ဘာသာဝင်ပင် ဖြစ်မိသလားဟူ၍ စဉ်းစားရန်လိုအပ် ပါလိမ့်မည်။ ပြည်ထောင်စုရှိ အခြားဘာသာဝင်များကလည်း ခရစ်ယာန်ဘာသာကို ထူးဆန်းသော ဘာသာတစ်ခုလို ပင် မြင်ကြ၏။ နားမလည် သဘောမပေါက်နိုင်ကြပါ။ ပရိုတက်စတင့်အုပ်စုမှ နှစ်ခြင်း အသင်းတော်များစုစည်းရာ မြန်မာနိုင်ငံနှစ်ခြင်းအသင်းချုပ်သည် ၂၀၁၃ခုနှစ်တွင် အနှစ်(၂၀၀)ပြည့် ယုဘိလဓမ္မသဘင် ပွဲတော်ကို လုံလုံလောက်လောက် စည်ကားသိုက်မြိုက်စွာ ကျင်းပရတော့မည်ဖြစ်သည်။ သို့နှစ်တိုင် ခရစ်ယာန်ဘာသာသည် အမိမြန်မာပြည်တွင် စိမ့်မ၀င်သေးပါ။ နေသားလည်းမကျသေးပါ။ ထူးဆန်းသော ဘာသာ တစ်ခုကဲ့သို့ ပေါ်လွင်နေပါသေး သည်။ သို့ဖြစ်ရာ မြန်မာပြည် အတွက် နေသားကျသော မြန်မာခရစ်ယာန်ဘာသာကို ဖော်ထုတ်ဖို့ လိုအပ်နေသည်။ မြန်မာပြည် နှင့် ဆီလျော်ပြီး စစ်မှန်သောမြန်မာ ခရစ်ယာန်ဘာသာ (Myanmar Christianity) ကို အမြန်ဆုံး ဖော်ထုတ်ရန် အရေးတကြီးလိုအပ်ပေတော့သည်။ ထိုကဲ့သို့ မြန်မာခရစ်ယာန်ဘာသာကို ဖေိာထုတ်ရန် မြန်မာပြည်က လိုလားသော ခရစ်ယာန်ဘာသာ ငါးမျိုးကို အကျဉ်းချုပ် ဖော်ပြသွားပါမည်။

၁။   ဓမ္မသွန်သင်ချက်ကို နောကျေသောခရစ်ယာန်ဘာသာ  (Doctrine digested Christianity)
                   ခရစ်ယာန်ဘာသာဝင်များအလားလုံး တပြေညီလက်ခံ ယုံကြည်သော ကျမ်းစာကို အခြေခံ သည့် ယုံချက်များ(Creed) ရှိကြသည်။ ထိုနည်းတူစွာ ဂိုဏ်းဂဏတစ်ခုတည်းကသာ လက်ခံခဲ့သော ယုံချက်များ (Confession) လည်းရှိသည်။ အသင်းတော်တစ်ပါးစီက ကိုယ်စီကိုယ်ငှ ရှိကြသော ပဋိညာဉ် (Convenant) များလည်းရှိသည်။ မြန်မာပြည်ရှိ ခရစ်ယာန်ဘာသာဝင် အများစုသည် ဤယုံကြည်များကို ကြေကြေညက်ညက် သိရှိနားလည်ဖို့လိုသည်။ ခရစ်ယာန်ဘာသာဝင်တိုင်းက သမ္မာကျမ်းစာကို နှစ်နှစ် ကာကာယုံကြည်သူဟု ဆိုကြသည်။ သို့ရာတွင် ထိုသမ္မာကျမ်းစာတော်ကို ထဲထဲဝင်ဝင် ဂဃဏန နားမလည် ကြပါ။ ယနေ့မြန်မာပြည်ရှိ ခရစ်ယာန်ယုံကြည်သူများ ခရစ်ယာန်ပီသစွာအသက် မရှင်နိုင်ခြင်းနှင့် ခရစ်ယာန်ဘာသာတရားကို သက်သေမခံနိုင်ခြင်းတို့သည် မိမိတို့၏ ယုံကြည်ရာ သမ္မာကျမ်းစာတော်နှင့် ဓမ္မသွန်သင်ချက်များတို့ကို ပိုင်ပိုင်နိုင်နိုင် နားမလည်နိုင်ခြင်း၊ နောမကျေခြင်းပင် ဖြစ်သည်။
               မြန်မာပြည်အတွက် စီလျော်မည့် မြန်မာခရစ်ယာန်ဘာသာသည် ယုံကြည်သူများက မိမိတို့၏ ယုံချက်ကို နေကျေရပါမည်။ မိမိတို့၏ ယုံကြည်ခြင်းကိုပင် ရှင်းရှင်းလင်းလင်း မသိနားမလည်သော ခရစ်ယာန်များကို မြန်မာပြည်က အားမရပါ။ မလိုလား၊ မတောင့်တပါ။



၂။   အသင်းတော်များတညီတညွတ်တည်းရှိသော ခရစ်ယာန်ဘာသာ   (United Church Christianity)
               မြန်မာပြည်ရှိခရစ်ယာန် ဘာသာဝင်များ ခရစ်ယာန်ကဲ့သို့ မပေါ်လွင်ရခြင်းမှာ အသင်းတော် အချင်းချင်း ဂိုဏ်းဂဏအချင်းချင်း မတည့်ကြပဲ ပဋိပက္ခရှိနေခြင်း ပင်ဖြစ်သည်။ ခရစ်ယာန်ဘာသာဝင် မဟုတ်သောသူများ မျက်စိရှုပ်ကြသည်။ နားမလည်နိုင်ကြပါ။ ချစ်ခြင်းမေတ္တာတရား အာပေါက်အောင် ဟောပြောပြီး၊ အသင်းတော် တစ်ပါးနှင့်တစ်ပါး မညီညွတ်ဘဲရှိခြင်း၊ ပဋိပက္ခဖြစ်သော ခရစ်ယာန်ဘာသာ မျိုးကို မြန်မာပြည်က မလိုလားပါ။ ဘာသာဝင် အချင်းချင်း မေတ္တာပွါးကာ ညီညီညွတ်ညွတ် ရှိသော ခရစ်ယာန်ဘာသာကိုသာ မြန်မာပြည်က မြန်မာပြည်က ကြိုဆိုပါသည်။
                   ခရစ်ယာန်ဂိုဏ်းဂဏ မိမိတို့၏ ခြားနားမှု စွဲလန်းမှုများကို ကျော်လွန်ကာ အသင်းတော်များ အားလုံး၊ ဂိုဏ်းဂဏများအားလုံး အုပ်စုတစ်ခုတွင် ပေါင်းစည်းနိုင်သော “ခရစ်တော်၏ မြန်မာပြည် အသင်းတော်များ” (Christ Churches in Myanmar) ဖြစ်ပေါ်ရေးကိုသာ မြန်မာပြည်က လိုလားပါသည်။ တောင့်တပါသည်။ မျှော်လင့်ပါသည်။ အသင်းတော်များ တလုံးတ၀တည်းဖြစ်ရေးအတွက် ၁၉၁၄ခုနှစ်တွင် ဖွဲ့စည်းထားသော မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်များကောင်စီ သည် ၂၀၁၄ခုနှစ်တွင် အနှစ်တစ်ရာ ဓမ္မသဘာင်ကို ဆင်နွှဲကျင်းပပါလိမ့်မည်။
                     ထိုအချိန်၊ ထိုကာလတွင် ယခုလက်ရှိ ခရစ်ယာန်ဂိုဏ်းဂဏများ၊ အသင်းတော်များ အားလုံးတို့သည် “ခရစ်တော်၏ မြန်မာပြည်အသင်းတော်များ” (Christ Churches in Myanmar- CCM) တွင် အားလုံးပြန်လည်စုစည်းဖို့ အထူးလိုအပ်ပါသည်။ ထိုမှသာ မြန်မာပြည်က လိုလားသော မြန်မာပြည်၏ ခရစ်ယာန်ဘာသာဖြစ်ပါလိမ့်မည်။

၃။   ဘာသာပေါင်းစုံနှင့်ဆက်နွယ်သော ခရစ်ယာန်ဘာသာ  (Inter-religious oriented Christianity)
                   ၁၉ရာစုနှင့် ၂၁ရာစုတွင် မြန်မာပြည်ရှိ ခရစ်ယာန်ဘာသာသည် အခြားဘာသာများအား တွန်းထိုးကာ အစားထိုးသောဘာသာ ဖြစ်သည်။ ပြိုင်တူရှင်သန်ခွင့် မပြုပါ။ ခရစ်ယာန်ဘာသာ တစ်ခုတည်းသာ မှန်ကန်သောဘာသာတရား(Absolute Religion) ဖြစ်သည်ဟုယူဆကာ၊ အခြားသော ဘာသာတရားအားလုံးကို ရှုပ်ချခဲ့သည်။ ထိုသို့သော အခြားဘာသာတရားအား ရှုပ်ချနိုင်ခြင်းဖြင့် ခရစ်ယာန် ဘာသာသာသနာ အောင်မြင်သည်ဟု ယူဆသည်။ ၂၁ရာစုတွင်မူ ထိုကဲ့သို့ ဆက်လက်လုပ်ဆောင်၍ မရပါ။ မိမိအတွက် ခရစ်ယာန်ဘာသာသည် အမှန်ကန်ဆုံးဘာသာ ဖြစ်ဘိသကဲ့သို့၊ သူတပါးအတွက် သူတို့၏ ဘာသာတရားသည် အမှန်ဆုံးဖြစ်ကာ သူများ၏ရှုပ်ချမှုကိုလည်း ငုံ့ခံတော့မည်မဟုတ်ချေ။ သို့ဖြစ်ရာ ဘာသာဝင်အချင်းချင်း မတူညီမှုများကို ရှေ့တန်းမတင်ပဲ၊ တူညီမှုများကို ရှေ့တန်းတင်ကာ ဆွေးနွေးဖလှယ်ခြင်း (dialogue) လုပ်ရပါမည်။


                 ဤဆွေးနွေးဖလှယ်ခြင်း (dialogue) သည် ခရစ်ယာန် ဘာသာကို နည်းနည်းမှ မထိပါးပါ။ ဧ၀ံဂေလိတရားတော်ကိုလည်း လုံးဝဈေးမကျစေပါ။ လူသား(humanity) ကို အခြေခံသော သာသနာပြုခြင်း ဖြစ်ရာ ထိုကဲ့သို့လုပ်ခြင်းအားဖြင့် လူသားအားလုံးလက်တွဲကာ ဘုရားသခင်နိုင်ငံတော်ကို အတူတကွ တည်ဆောက်နေခြင်းသာ ဖြစ်သည်။ ၂၁ရာစု ခရစ်ယာန်သာသနာပြုခြင်းသည် ခရစ်ယာန် ယုံကြည်သူများက အခြားဘာသာဝင်များအား ဘုရားသခင်၏နိုင်ငံတော်နှင့် ယှဉ်သောမေတ္တာတရား(Love)၊ ဖြောင့်မတ်မှန်ကန်ခြင်း(righteousness)၊ တရားမျှတခြင်း(justice)၊ ငြိမ်သက်ခြင်း(peace) တရားများကို နှလုံးပိုက်ကာ သက်ရှင်ဖို့ စေ့ဆော်ခြင်းပင် ဖြစ်ရာ စစ်မှန်သော သာသနာပြုခြင်းလည်း ဖြစ်ချေသည်။
                  အခြားသော ဘာသာတရားများတွင် အထက်တွင်ဖော်ပြသော တရားများ အတိုင်းအတာ တစ်ခုစီ၊ ပမာဏတခုစီနှင့် ရှိနှင့်ပြီးသားဖြစ်ရာ ထိုတရားများအတိုင်း အသက်ရှင်ရန် ခရစ်ယာန်များက စေ့ဆော်ခြင်း၊ ကလိခြင်း၊ ခနဲ့ခြင်းများ ပြုလုပ်ရမည်ဖြစ်သည်။ အခြားဘာသာဝင်များကို ရှုပ်ချသော ၂၀ရာစု ခရစ်ယာန်ဘာသာမျိုးသည် ၂၁ရာစု မြန်မာပြည်နှင့် မဆီလျော်တော့ပါ။ ဘာသာပေါင်းစုံနှင့် ဆက်နွယ်ပြီး သူတို့အား ကောင်းကင်နိုင်ငံတော် တရားများအတိုင်း အသက်ရှင်ဖို့ စေ့ဆော်နိုင်သော ခရစ်ယာန်ဘာသာ ကိုသာ မြန်မာပြည်နှင့် ဆီလျော်သော မြန်မာပြည်က လိုလားတောင့်တသော မြန်မာ ခရစ်ယာန် ဘာသာဖြစ်သည်။

၎။   လူဘောင်အဖွဲ့အစည်း၌စိမ့်ဝင်သောခရစ်ယာန်ဘာသာ  (Christianity permearted in       human    society)

          နှစ်ပေါင်း(၂၀၀)ကျော်မြန်မာ့မြေပေါ်တွင် ကျင်လည်နေခဲ့သော ခရစ်ယာန် ဘာသာသည် မြန်မာ့ လူဘောင်အဖွဲ့အစည်း၌ လုံလောက်စွာမစိမ့်ဝင်ရသေးပါ။ အကြောင်းရင်းနှစ်ခုရှိပါသည်။ ပထမမှာ ခရစ်ယာန် ဘာသာဝင်များက ကမ္ဘာလောကကြီးကို အမြင်မကြည်ကာ လောကကြီးကို အပြစ်ဒုစရိုက် ကိန်းအောင်းရာနေရာ ထိုလောကသို့ပါဝင် ရောယှက်ခြင်းသည် အပြစ်ဖြစ်သည်ဟု ကျဉ်းမြောင်းစွာ ခံယူခြင်း ဖြစ်သည်။ ဒုတိယအချက်မှာ အပြင်လောကရှိအသိုင်းအ၀ိုင်းကလည်း ခရစ်ယာန် လူနည်းစုအား စာရင်းထဲမထည့်ဘဲ လူနည်းစုဟု လစ်လျူရှုခြင်း ကြောင့်ဖြစ်သည်။ ခရစ်ယာန်ဘာသာဝင်ရခြင်းသည် လူအသိုင်းအ၀ိုင်းမှ အပယ်ခံခြင်းကဲ့သို့ ယူဆကာ၊ ဥပေက္ခာ ပြုကြပါသည်။ မည်သို့ပင်ဖြစ်စေ ၂၁ရာစု တွင်မူ မြန်မာပြည်ရှိ မြန်မာခရစ်ယာန်ဘာသာက ထိုဟောင်းနွမ်းသော ဥပေက္ခာအယူအဆများကို ဖယ်ရှားကာ အောက်ပါ လူ့ဘောင်အဖွဲ့အစည်း(society) သုံးခု၌ စွမ်းအားပြည့်ဝစွာဖြင့် ပါဝင်ရောယှက် ရပါမည်။



(က)   လူမှုနိုင်ငံရေး၌ ပါဝင်ရောယှက်ခြင်း  (Involvement in the socio- political sector)
                  အသင်းတော်ပြုပြင်ရေးလှုပ်ရှားမှု (Reformation) ၏ဖခင်ကြီး ဖြစ်သူ မာတင်လူသာ (၁၄၈၃-၁၅၄၆) ၏အဆိုအမိန့်အရ ခရစ်ယာန်ဘာသာဝင်များသည် နိုင်ငံနှစ်ခု၏နိုင်ငံသားများ (citizens of two kingdoms) ဖြစ်ကြသည်။ ၎င်းတို့မှာ ကောင်းကင်နိုင်ငံသား (divine citizen) နှင့် လောကီနိုင်ငံသား (world citizens) များဖြစ်သည်။ လောကီနိုင်ငံသားများဖြစ်သောကြောင့် မိမိတို့ ကျင်လည်ရာ အမိမြန်မာ နိုင်ငံသားများလည်း ဖြစ်ကြသည်။ မြန်မာပြည်ကို ချစ်ကြသည်။ ကောင်းစားစေလိုသည်။ သာယာဝပြော စေလိုသည်။ မြန်မာပြည်သူ၊ပြည်သား အားလုံးကိုလည်း အေးတူပူအမျှ မေတ္တာတရားပွားကာ နေစေလိုသည်။ တိုင်းပြည်၏တည်တံ့ခိုင်မာရေးနှင့် ကောင်းစားတိုးတက်ရေးကို လိုလားကြသည်။        
              ထိုကြောင့်လည်း မြန်မာပြည်ရှိ ခရစ်ယာန်များသည် ဘာသာရေးကို ခုတုံးလုပ်လျက် တစ်ခါမျှပင် နိုင်ငံတော်ကို သစ္စာမဖောက်ဖူး ကြပါ။ နိုင်ငံတော် တည်တံ့ခိုင်မြဲရေးအတွက် အသက်ပေါင်းများစွာ ပေးလှူ ကြပါသည်။ ကုန်လွန်ခဲ့သော အတိတ်ကာလ၌ ခရစ်ယာန်ဘာသာကို အသုံးပြုလျက် သစ္စာမဖောက်ခဲ့ဖူးပါ။ မျက်မှောက်တွင်လည်း ထိုကဲ့သို့ မလုပ်ပါ။ နောင်အနာဂတ်တွင်လည်း နိုင်ငံတော်ကို သစ္စာဖောက်လျက် အကြမ်းဖက်ကာ “ခရစ်ယာန်ဘာသာ” ကို အလွဲသုံးစား ပြုမည်မဟုတ်ပါ။ အကြောင်းမှာ နိုင်ငံတော်တွင် ပေါ်လာသော အစိုးတရပြုသည့် အဖွဲ့အစည်းတိုင်းသည် ဘုရားသခင်က သူ့အချိန်အခါအတွက် ပေးထားသော အစိုးရ ဖြစ်သည်ဟု ခရစ်ယာန်ဘာသာဝင်များက ခံယူကြသည်။ မပုန်ကန် မတော်လှန်ကြပါ။ အကြမ်းဖက်လျက် လက်နက်ကိုင်ခြင်းနှင့် လူသားများ၏ အသက်ကိုဆုံးရှုံးစေခြင်းသည် ဘယ်သူဘယ်ဝါမှ အသုံးမပြုသင့်သော မှားယွင်းသည့်နည်းစနစ် (evil means) သာ ဖြစ်သည်ဟု ခရစ်ယာန်ဘာသာဝင်များက နက်နက်နဲနဲ ခံယူကြသည်။
                အထက်ဖော်ပြသည့် ခရစ်ယာန်ဘာသာဝင်များ၏ သစ္စာရှိမှုကို တက်လာသော အာဏာရ အစိုးရတိုင်းကလည်း ဘာမှသံသယ ရှိစရာမလိုပါ။ နိုင်ငံတော်သို့ သစ္စာရှိခြင်း၊ တာဝန်ကျေခြင်းသည် ခရစ်ယာန်ဓမ္မသွန်သင်ချက်၏ အနှစ်သာရတစ်ခုဖြစ် သောကြောင့် ပင်ဖြစ်သည်။ သို့ဖြစ်ရာ ထိုကဲ့သို့ နိုင်ငံတော်အပေါ် သစ္စာရှိသော ဤလူနည်းစု ခရစ်ယာန်များ၏ အခက်အခဲများကို နိုင်ငံတော်အစိုးရက ဖြေရှင်း ဖြည့်ဆည်းပေးဖို့ လိုအပ်ပါသည်။ ထိုမျှလောက် သစ္စာရှိသော လူနည်းစုအပေါ် သံသယရှိမည့် အစား ခရစ်ယာန်ဘာသာဝင်များအတွက် မရှိမဖြစ်သော ဘုရားရှိခိုးကျောင်းဆောက်လုပ်ခွင့်၊ ဘာသာရေး အဆောက်အဦများဆောက်လုပ်ခွင့်နှင့် စာပေပရိယတ္တိထုတ်ဝေခွင့် ပေးခြင်းများကို နိုင်ငံတော်အစိုးရက ခွင့်ပြုကာ တွန်းအားပေးဖို့ လိုအပ်ပေသည်။ ဤအဆောက်အဦများသည် လူသားများ၏ စိတ်ဓါတ်ပြုပြင်ရေး၊ ကိုယ်ကျင့်တရားပြုပြင်ရေး (moral reformaion) များအတွက် အဓိကကျသော နေရာများဖြစ်သည်။ လူနည်းစု ခရစ်ယာန်ဘာသာဝင်များ၏ လိုလားတောင့်တချက်ကို ဖြည့်ဆည်းပေးခြင်းဖြင့် ခရစ်ယာန် ဘာသာဝင်များသည် တိုင်းပြည်အပေါ် ထားရှိသော မွန်မြတ်သော စိတ်သဘောထားများ ပိုမိုမြင့်မားစေကာ တိုင်းသူပြည်သားများ ၀မ်းမြောက်ပျော်ရွှင်စွာ မိမိ၏တိုင်းပြည်တွင် နေထိုင်ကြမည်သာ ဖြစ်သည်။
               ခရစ်ယာန် ဘာသာဝင်များကလည်း မိမိတို့၏ ဘိုးဘွားမြေတွင် အိမ်ရှင်တာဝန်ယူကာ တိုင်းပြည်အပေါ် သစ္စာရှိလျက် ပိုမိုနက်နဲစွာ ပါဝင်ရောယှက်ဖို့ လိုအပ်ပေသည်။ မြန်မာပြည်တွင် အတ္တကင်းစွာဖြင့် ကျောသား၊ ရင်သားမခွဲသော ခရစ်ယာန်နိုင်ငံရေးသမား များစွာရှိဖို့ လိုအပ်ပါသည်။ လက်ရှိအစိုးရနှင့် ပြည်သူလူထုက လိုလားတောင့်တကြသည့် စစ်မှန်သောဒီမိုကရေစီ နိုင်ငံသို့ ကူးပြောင်းသောအခါ ကိုယ်ကျိုးစွန့် ခရစ်ယာန်နိုင်ငံရေးသမား များစွာ လိုအပ်ပါလိမ့်မည်။



(ခ)   လူမှုစီးပွါးရေးတွင်ပါဝင်ရောယှက်ခြင်း  (Involvement in socio- economic sector)
                   အမိမြန်မာပြည်သည် သယံဇာတကြွယ်ဝပေါများသော နိုင်ငံတစ်ခုဖြစ်ပါသော်လည်း လူသားများ၏ နည်းပညာ မလုံလောက်မှု ကြော်င့် ဆင်းရဲသော နိုင်ငံတစ်နိုင်ငံ ဖြစ်ပါသည်။ တိုင်းပြည်၏“ လူဦးရေ ၈၀%ခန့်သည် ဆင်းရဲနွမ်းပါးကြသည်။ ထိုဆင်းရဲမှုကို တိုက်ဖျက်ခြင်း၊ လျော့နည်းစေခြင်းများ လုပ်ငန်းတွင် ခရစ်ယာန်စီးပွါးရေးသမားများ ထိရောက်စွာပါဝင်ဖို့ လိုအပ်လှသည်။ အခြေအနေကလည်း တောင်းဆိုသည်။ ဤတွင် မက်သဒစ်ဂိုဏ်းဂဏ စတင်တည်ထောင်သူ John Welsley (၁၇၀၃-၁၇၉၁) အဆိုအမိန့်ကို ဖော်ပြလိုပါသည်။
သူ၏အဆိုအမိန့်မှာ
- တတ်နိုင်သမျှ အများဆုံးရအောင်ကြိုးစားပါ  (Get the most you can)
- တတ်နိုင်သမျှ အများဆုံးစုနိုင်အောင် စုထားပါ။  (Save the most you can)
- ပေးလှူနိုင်သမျှ အများဆုံးပေးကမ်းလှူဒန်းပါ  (Give the most you can)
ဟူသောအချက် သုံးချက်ပင် ဖြစ်သည်။ ခရစ်ယာန်ဘာသာဝင် များသည် စီးပွါးရေးလောက၌ ပါဝင်ကြကာ ဆင်းရဲနွမ်းပါးမှုကို ခြေမှုန်းလျက် တိုင်းပြည်ကို သာယာဝပြော စေဖို့ရန် လိုအပ်ပါသည်။ ငတ်မွတ်ခြင်းမှ သည် ဖူလုံမှုသို့ သွင်ကူးပြောင်းနိုင်ရန် ခရစ်ယာန်စီးပွါးရေးသမားများ လုပ်ငန်းရှင်များ များစွာလိုအပ် နေပါသည်။ ဤကဲ့သို့သော ခရစ်ယာန်ဘာသာကို နိုင်ငံတော်က စောင့်ကြိုလျက်ရှိနေသည်။

(ဂ)   လူမှုအဆောက်အဦးများ၌ ပါဝင်ရောယှက်ခြင်း  (Involvement in social institutions)
               လူမှုတစ်ရပ်လုံးအား အကျိုးပြုသော ပညာရေးအစီအစဉ်များ၊ ကျန်းမာရေးအစီအစဉ်များ၊ လူမှု ဖွံ့ဖြိုးရေးအစီအစဉ်များ၊ ဆက်သွယ်ရေးများတွင် ခရစ်ယာန်ဘာသာဝင် များသည် သူတို့၏ လူဦးရေး နည်းပါးမှုကို အခွင့်ကောင်းယူပြီး၊ နောက်မဆုတ်ပဲ၊ ရှေ့တိုးကာ ပါဝင်ရောယှက်ရန် လိုအပ်ပါသည်။ ဤသည်မှာ တိုင်းပြည်မှာ လိုအပ်သော အခြေခံ လိုအပ်ချက်များဖြစ်ရာ ခရစ်ယာန်များက တာဝန်သိသိ၊ သစ္စာရှိရှိ မခိုမကပ်ဘဲ ပါဝင်ရောယှက်ရမည့် ဂဏ္ဍများဖြစ်သည်။ ကိုယ်ကျိုးစွန့်လျက် ပြည်သူလူထူ အကျိုးကိုငဲ့ကာ တိုင်းပြည်၏၀န်ကို ထမ်းရပါမည်။ ထိုသို့သော ခရစ်ယာန်ဘာသာကို မြန်မာပြည်က လိုလားတောင့်တပါသည်။

၅။   ဧ၀ံဂေလိတရားကို မြန်မာမှုနှင့်ဖော်ထုတ်သောခရစ်ယာန်ဘာသာ  (Contextual Christianity for the Gospel)
                   ဧ၀ံဂေလိတရားတော်သည် အနောက်နိုင်ငံမှ သူတို့၏ရိုးရာ ယဉ်ကျေးမှုနှင့် ထုတ်ထားပြီး ရောက်ရှိခဲ့လေသည်။ မြန်မာပြည်သို့ရောက် သောအခါ ထိုရိုးရာယဉ်ကျေးမှု အထုပ်ကို ဖြေလျက် ဧ၀ံဂေလိတရား (gospel) ကို မြန်မာမှုနှင့်တစ်ခါ ပြန်လည်ဖော်ထုတ်ရမည်။ မြန်မာမှုဟူ၍ ဤနေရာတွင် သုံးသောအခါ ဗမာမှု(Burmanization) ကိုသာဆိုလိုခြင်း မဟုတ်ပါ။ ပြည်ထောင်စုရှိ လူမျိုးစု အသီးသီးတို့က အနောက်နိုင်ငံမှ လာသောဧ၀ံဂေလိတရားကို မိမိတို့၏ သက်ဆိုင်ရာ ယဉ်ကျေးမှုနှင့် ပြန်လည်ဖော်ထုတ်ရန် သာ လိုအပ်ပါသည်။ မြန်မာပြည်၏ လူများစုဘာသာဖြစ်သော ထေရ၀ါဒ ဗုဒ္ဓဘာသ ကလည်း ပြည်တွင်းထွက်ဘာသာ မဟုတ်ပါ။ အိန္ဒိယ၊ သီရိလင်္ကာနိုင်ငံတို့မှ ရောက်ရှိလာသော ဘာသာ ဖြစ်သည်။ ထိုဘာသာတရားကို ဗမာမှုနှင့် ဖော်ထုတ်သောအခါ ရှင်သန်ကြီးထွားလာခြင်း ဖြစ်သည်။


              အလားတူပင် အနောက်နိုင်ငံ ရောက်ရှိလာသော ခရစ်ယာန်ဘာသာကိုလည်း မြန်မာမှုနှင့် ဖော်ထုတ်ရပါမည်။ ခရစ်ယာန်များသည် တိုင်းပြည်တွင် မလိုင်သဖွယ် အရေးကြီး မွန်မြတ်သော လူအုပ်စု (the cream of the nation) ဟူ၍ မိမိကိုယ်ကို မိမိတို့ထင်မှတ်ကာ ပြည်သူလူထုနှင့် ကင်းကင်းကွာကွာ နေဖို့မဟုတ်ပါ။ ဆားနှင့် တဆေးကဲ့သို့ ပြည်သူလူထုထဲတွင် စိမ့်ဝင်လျက် မကောင်းဆိုးဝါး မှန်သမျှကို ပြောင်းလဲရမည်သာ ဖြစ်သည်။ ထိုကဲ့သို့ စိမ့်ဝင်နိုင်ဖို့ရန်လည်း ခရစ်ယာန်ဘာသာကို မြန်မာမှုနှင့် ဖော်ထုတ်ကာ လက်ဆင့်ကမ်းဖို့ လိုအပ်လှပေသည်။ ထိုမှသာ ခရစ်ယာန်ဘာသာသည် မြန်မာပြည်က လိုလားတောင့်တသော ခရစ်ယာန်ဘာသာ ဖြစ်လာပါလိမ့်မည်။
             ၂၁ရာစုတွင် မြန်မာပြည်သည် အနောက်နိုင်ငံဆန်သော ခရစ်ယာန်ဘာသာကို မလိုလား၊ မတောင့်တချေ။ မြန်မာပြည်၏ လူမှုစီးပွါးရေး၊ နိုင်ငံရေးနှင့် ဆီလျော်ကာ ထိုဂဏ္ဍများတွင် စိမ့်ဝင်ပြီး နှစ်မြှပ်ကာ အခြားဘာသာတရားများနှင့်လည်း ဒွန်တွဲနိုငလျက် မိမိတို့၏ ယုံကြည်ခြင်းကို နောကျေသော ခရစ်ယာန်ဘာသာကိုသာ လိုလားတောင့်တပေသည်။  ဤကား မြန်မာပြည်က လိုလားတောင့်တသော မြန်မာခရစ်ယာန်ဘာသာ ပေတည်။


                                သိက္ခာတော်ရဆရာ ဒေါက်တာဆိုင်မွန်ပေါင်ခန့်အင်း













No comments:

Post a Comment