Friday, May 8, 2015

ယောရှု၏ ခေါင်းဆောင်မှု

             ခရစ်ယာန်လူငယ်ခေါင်းဆောင် များအတွက် သိကောင်းစရာ တစ်ရပ်အဖြစ် “ယောရှု၏ ခေါင်းဆောင်မှု” ကို တင်ပြလိုပါသည်။ ဣသရေလသမိုင်း ကိုပြန်ကြည့် သောအခါ မောရှေသည် ဣသရေလ လူမျိုး များကို အဲဂုတ္ထု ပြည်မှ ကယ်ထုတ်လာခဲ့သည်။ ထိုသူတို့ထဲတွင် ယောရှုလည်း ပါဝင်ခဲ့ ပါသည်။ ယောရှု၏ ငယ်နာမည်မှာ ဟောရှေ (တော ၁၃း၈) ဖြစ်ပါသည်။ ယောရှုသည် မောရှေ အားကိုး ရ သော ငယ်ရွယ်သည့် လက်ထောက်တစ်ဦး ဖြစ်ပါသည်။ ယနေ့အသင်းတော်နဲ့ သာသနာ့ လုပ်ငန်း များအတွက်လည်း အသက်ကြီးသော ခေါင်းဆောင်များသည် ယုံကြည်စိတ်ချရသော လူငယ်ခေါင်းဆောင် များကို လိုလားမျှော်လင့် ကြပါသည်။ သို့ဖြစ်၍ မောရှေသည် မိမိတာဝန် ပြီးဆုံးလု နီးသောအခါ ယောရှုအား တာဝန်များကို လွှဲအပ်ပေး ခဲ့ပါသည်။ ယောရှုသည် လူမျိုးတော်ကို ဆက်လက် ဦးဆောင်၍ ခါနန်ပြည်ကို ဝင်ရောက်သိမ်းပိုက်ပြီး အမျိုးအနွယ် အသီးသီးတို့အား အမွေခွဲဝေ ပေးခဲ့ပါသည်။

                   ယောရှုသည် အောင်မြင်သော ခေါင်းဆောင်တစ်ယောက် ဖြစ်ခဲ့ပါသည်။ အောင်မြင်မှု ရခဲ့သည့် အကြောင်းရင်းများကို အောက်ပါအတိုင်း တင်ပြလိုပါသည်။



(က)             ယောရှုသည် အထက်လူကြီး  လမ်းညွှန်ပဲ့ပြင်မှုကို   ခံယူ၍ယုံကြည်မှု  ခံရသော လူငယ် တစ်ဦး ဖြစ်သည်။ ဒုတိယလူ အဆင့်၌ ရှိနေစဉ် ပထမလူပေးအပ်သော တာဝန် များကို ကျေပြွန်စွာ ထမ်းဆောင်ခဲ့သည်။ နယ်မြေသစ်ကို ထောက်လှမ်းရန်၊ ရန်သူများကို ချေမှုန်း ရန်၊  မောရှေ စေခိုင်း သည့်အတိုင်း လုပ်ဆောင်ခဲ့သည်။ အချိန်တန် သောအခါ မောရှေ၏ အရိုက်အရာကို ဂုဏ်သရေရှိစွာ လွှဲပြောင်း ရယူခဲ့သည်။
(ခ)                ယောရှုသည် ယုံကြည်ခြင်း အားကြီးသော ခေါင်းဆောင်တစ်ယောက် ဖြစ်သည်။ ခါနန်ပြည် ကိုထောက်လှမ်းသောသူ (၁၂)ဦး ထဲမှ ယောရှုနှင့် ကာလက် နှစ်ဦးသာ ကတိတော်ထားတော်မူသော ပြည် ကို သိမ်းပိုက်နိုင်မည်ဟု ယုံကြည်ခဲ့ ကြပါသည်။ (တော ၁၄း၆-၁၀)။ လက်ထောက်ဖြစ်စဉ် ကာလ တစ်လျှောက်လုံး ၌သော်လည်းကောင်း၊ လူမျိုးတော်၏ ခေါင်းဆောင်ဖြစ်လာသည့် အခါ၌ သော် လည်းကောင်း ဘုရားသခင်၏ မစခြင်းနှင့် ကွယ်ကာခြင်းကို ယုံကြည်ကိုးစား ခဲ့ပါသည်။ ယုံကြည်ခြင်း ရှိသောကြောင့် လူမျိုးတော်ကို ကောင်းမွေများ ပေးနိုင်ခဲ့သည်။

(ဂ)            ယောရှုသည် ဘုရားသခင်၏ လက်ယာတော်များကို နောက်လိုက်များရှေ့၌ သက်သေခံ တတ်သော ခေါင်းဆောင်ဖြစ်သည်။ ယောရှုသည် ယောဒန်မြစ်ကို ကူးဖြတ်စဉ် ဣသရေလလူမျိုးများအား နိမိတ်လက္ခဏာပြခဲ့သော ထာဝရဘုရား၏ ကောင်းမြတ်ခြင်းကို သက်သေပြလျက် အမှတ် တရ ကျောက် တိုင် စိုက်ထူခဲ့သည်။ (ယောရှု ၄း၁-၉)။ ခေါင်းဆောင်များသည် ဘုရားသခင်နှင့် ဆက်သွယ်၍ ရခဲ့သော အတွေ့အကြုံ ကောင်းများကို လုပ်ဖော်ဆောင်ဖက်များနှင့် နောက်လိုက်များအား ဝေမျှသက်သေခံရမည်။ ဤသို့ဖြစ် နောက်လိုက်များ၏ ယုံကြည်ခြင်းကို တည်ဆောက်နိုင်ပါသည်။ ခေါင်းဆောင်ဆိုသည်မှာ မိမိ တစ်ဦးတည်း ယုံကြည်ခြင်း ရှိရုံနှင့် မပြီးသေးဘဲ မိမိနောက်လိုက်များလည်း ထပ်တူထပ်မျှ ယုံကြည်ခြင်း ရှိစေရန် သက်သေခံချက်များကို အသုံးပြု ရပါမည်။ 
(ဃ)            ယောရှုသည် လူမျိုးတော် ဒုက္ခရောက်သောအခါ ဘုရားသခင်ရှေ့တော်၌ လေးနက်စွာ ဆုတောင်း ခဲ့ပါသည်။ (ယောရှု ၇း၆-၁၂)။ ဘုရားသခင်သည် သူ၏ ဆုတောင်းသံကို နားညောင်းပြီး ပဲ့ပြင် လမ်းပြခဲ့ပါသည်။ အောင်မြင်သော လူငယ်ခေါင်းဆောင်ဖြစ်လိုလျှင် ဆုတောင်းခြင်း၌ အားကြီးရပါမည်။ မိမိအတွက် သာမက မိမိဦးဆောင်ရသော လူစု တိုးတက်အောင်မြင် ရေးအတွက် သစ္စာရှိစွာ ဆုတောင်း ရပါမည်။ 
(င)             ယောရှုသည် လူမျိုးတော်၏ ဝိညာဉ်အသက်တာ ခိုင်ခံ့စေရန် ပြုစု ပျိုးထောင်ခဲ့ ပါသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လူအများနာခံ စေရန် လုပ်ဆောင်ခဲ့ပါသည်။ (ယောရှု ၈း၃၀-၃၅)။ ခရစ်ယာန်လူငယ် ခေါင်းဆောင်များသည် မိမိတို့ကိုယ်တိုင် နှုတ်ကပတ်တော်ကို လိုက်လျှောက်ရပါမည်။ မိမိဦးဆောင်ရသော သူများ နှုတ်ကပတ်တော်ကို လိုက်လျှောက်စေရန်အတွက်လည်း လမ်းညွှန်ပြသ ရပါမည်။ 
(စ)               ယောရှုသည် အမျိုးသားနှင့် အမျိုးသမီးကို တန်းတူအခွင့်အရေး ပေးသော ခေါင်းဆောင် တစ်ယောက် ဖြစ်သည်။ (ယောရှု ၁၇း၃-၆)။ နယ်မြေများကို ခွဲဝေပေးရာ၌ လူအင်အားများသော အမျိုးအနွယ်တို့သည် ကောင်းမွန်စွာ လုပ်ကိုင်စားသောက် နိုင်ရန် လုံလောက်သော မြေယာများကို ပေး ခဲ့သည်။ အမျိုးအနွယ် အသီးသီးအား တရားမျှတစွာ အမွေခွဲပေးသည်။ ဘက်မလိုက်သော ခေါင်းဆောင် သည် ခေါင်းဆောင်ကောင်း ဖြစ်သည်။ ခရစ်ယာန်ခေါင်းဆောင်များသည် တရားမျှတသော ခေါင်းဆောင် များ ဖြစ်ရပါမည်။
(ဆ)             ယောရှုသည် ခံစားခွင့်များကို ခွဲဝေရာ၌ သူတစ်ပါးကို ဦးစားပေးသည်။ သူ၏ ရပိုင်ခွင့် ကို နောက်ဆုံးကျမှ ယူခဲ့သည်။ (ယောရှု ၁၉း၄၉-၅၀)။ ခေါင်းဆောင်ဆိုသည်မှာ အထိုက်အလျောက် ခံစားခွင့်များ ရှိပါသည်။ သို့ရာတွင် ခေါင်းဆောင်ကောင်းများ အတ္တအကျိုးကို မကြည့်ဘဲ အများအကျိုးကို ဦးစားပေးပါသည်။ ခရစ်ယာန်လူငယ် ခေါင်းဆောင်များသည် သူတစ်ပါးကို ဦးစားပေးသော သူများ ဖြစ်ရပါမည်။ 
                အချုပ်အားဖြင့် ဆိုရလျှင် ယောရှု၏ အသက်တာမှ နမူနာယူစရာ များစွာရှိပါသည်။ ယောရှု သည် နောက်လိုက်ကောင်း  ဖြစ်ခဲ့သောကြောင့် ခေါင်းဆောင်ကောင်း ဖြစ်လာပါသည်။ ယောရှုသည် ယုံ ကြည်ြ ခင်း၊  ဆုတောင်းခြင်း၊ နာခံလိုက်လျှောက်ခြင်း ၌ သစ္စာရှိသော ခေါင်းဆောင်ဖြစ်သည်။ တရားမျှတ ၍ ကိုယ်ကျိုးမဖက်သော ခေါင်းဆောင်လည်း ဖြစ်သည်။ ယောရှု၏ ပုံသက်သေကို နမူနာယူ၍ သာသနာတော် ကို တည်ဆောက် ကြပါစို့။ 


                                                                                Dr. စောစေးခူ








No comments:

Post a Comment