Friday, May 22, 2015

ဘုရားသခင်၏လူ

သို့ဖြစ်၍အိုဘုရားသခင်၏လူ သင်သည်ထိုအပြစ်များကို ကြဉ်ရှောင်လော့။ ဖြောင့်မတ်စွာကျင့်ခြင်း၊ ဘုရားဝတ်၌ မွေ့လျော်ခြင်း၊ ယုံကြည်ခြင်း၊ ချစ်ခြင်း၊ သည်းခံခြင်း၊ နူးညံ့သိမ်မွေ့ခြင်း တို့ကို မှီအောင်လိုက်လော့။ (၁တိ ၆း၁၁)

              ခရစ်ယာန်ဟူသော အမည်နာမကို ဓမ္မသစ်ကျမ်းတွင် သုံးကြိမ်ဖော်ပြထားသည်။ (တမန် ၁၁း၂၆၊၂၆း၂၈၊ ၄း၁၆)။ အမည်စတင်ဖြစ်ပေါ်လာရခြင်းမှာ အန္တိအုတ်မြို့တွင် ရှင်ပေါလုနှင့်ဗာနဗတို့၏ သာသနာပြုခရီးစဉ်ကြောင့် ဖြစ်သည်။ ထိုအမည်ကို စတင်သုံးစွဲသူများမှာ ခရစ်ယာန်များအဟုတ်ဘဲ အခြား သူများက ခေါ်ဆိုခြင်း ဖြစ်သည်။ ခရစ်ယာန်ဟူသောအဓိပ္ပာယ်မှာ ခရစ်တော်၏တပည့်များ ဟူ၍သာ အနက်ရှိသည်။ 


               ခရစ်ယာန်ဖြစ်ရန် လူတစ်ဦးသည် သခင်ယေရှုခရစ်တော်ကို မိမိအသက် ကယ်တင်ပိုင်ရှင် အဖြစ် စိတ်နှလုံးနှင့် ယုံကြည်၍ နှုတ်အားဖြင့် ဝန်ခံကာနှစ်ခြင်းမင်္ဂလာကို လူရှေ့၊ ဘုရားရှေ့ ဝန်ခံကတိပြု ရမည်ဖြစ်သည်။ ထိုအပြင် မိမိယုံကြည်ထားသော ယုံကြည်ခြင်းတရားကို သေသည့်တိုင်အောင် သစ္စာ စောင့်ထိန်းမှသာ အသက်သရဖူအတွက် စိတ်ချရမည်ဖြစ်သည်။ (ဗျာဒိတ် ၂း၁၀)။ သခင်ယေရှု ကိုယ်တော်တိုင် ခရစ်ယာန်များအား သခင်..... သခင်ဟုခေါ်တိုင်း ကောင်းကင်နိုင်ငံတော်သို့ မရောက်ရ၊ ငါ့ခမည်းတော်၏ အလိုတော်ကို ဆောင်သောသူမှ ရောက်မည်ဟု သတိပေးထားသည်။ 
                 ဘုရားသခင်၏လူသည် သခင်ယေရှုကို ကယ်တင်ပိုင်ရှင်အဖြစ် ယုံကြည်လက်ခံသည် သာမက သေသည့်တိုင်အောင် သစ္စာရှိစွာ အသက်ရှင်သောသူဖြစ်သည်။ ထိုပြင် အသက်ရှင်စဉ် ကာလ တစ်လျှောက်လုံး မိမိယုံကြည်သော ဘုရားကို အခြားသူများအား မေတ္တာဖြင့် ပုံသက်သေပြသော သူများ ဖြစ်ကြပါသည်။ 

ဘုရားသခင်၏ လူတစ်ဦးတွင် ရှိရမည့်အရည်အချင်းများ   (၁တိ ၆း၁၁)


(၁)   ဖြောင့်မတ်စွာကျင့်ခြင်း
               လူ့ဂုဏ်သိက္ခာနှင့် လူ့တန်ဖိုးမြှင့်တင်ပေးရာတွင် ရိုးသားခြင်းသည် အရေးပါသောအချက် တစ်ချက်ဖြစ်သည်။ ရိုးသားမှုကြောင့် ဖြစ်ပေါ်လာသော ဂုဏ်သိက္ခာသည် မည်သည့်အရာနှင့်မျှမတူဘဲ ကွဲပြားခြားနား နေသည်။ ရွှေ၊ ငွေ၊ ပစ္စည်းဥစ္စာများကြောင့် မြင့်မားလာသော ဂုဏ်သိက္ခာနှင့်မတူပေ။ ထိုအရာ တို့သည် ယာယီသဘောမျှသာ ဖြစ်ပေလိမ့်မည်။ ရိုးသားဖြောင့်မတ်ခြင်းကြောင့် အလေးထားခံ ရသော လူ့ဂုဏ်သိက္ခာနှင့် လူ့တန်ဖိုးသည် ဘဝတစ်လျှောက်လုံး ထာဝရဂုဏ်ယူဖွယ်ရာ သိက္ခာဖြစ်သည်။ ရိုးသားခြင်းဟု ဆိုရာတွင် မိမိလုပ်ဆောင်သောအလုပ်၌ ဖြောင့်မတ်ခြင်းနှင့် အနေအထိုင်၌ သိမ်မွေ့ခြင်း တို့ဖြစ်သည်။ အပြောမှန်လျှင် အလုပ်မှန်မည်ဖြစ်သကဲ့သို့ အလုပ်မှန်နေပါကလည်း အနေအထိုင်မှန် မည် ဖြစ်ရာ ကိုယ်စိတ်နှလုံး သုံးပါးစလုံးဖြောင့်မှန်ပါက ရိုးသားမှုရှိမည်ဖြစ်သည်။ လူသားတိုင်း ဘဝမှာ ရိုးသားဖြောင့်မတ်မှုကို အခြေတည်၍ မိမိဘဝမြှင့်မားလာစေရန် ရိုးရိုးသားသားကြိုးကြိုးစားစားဖြင့် တက်လှမ်းကြရန် လိုအပ်ပေသည်။ 
                  ဘုရားသခင်၏လူ၏ အဓိကအရည်အချင်းမှာ ဘဝကိုရိုးသားဖြောင့်မတ်စွာ အသက်ရှင်ခြင်း ပင်ဖြစ်သည်။ လူတစ်ဦးသည် အကြောင်းအရာတစ်ခုကြောင့် မရိုးသားတော့ဘူးဆိုလျှင် ဘုရားသခင် ၏လူ ဖြစ်နိုင်တော့မည် မဟုတ်ပါ။ ဖြစ်ရပ်မှန်ဇတ်လမ်းတစ်ပုဒ်ကို ဖော်ပြပါရစေ။ 
               အလက်ဇန္ဒားဂရေဟန်ဘဲလ် (၁၈၄၇-၁၉၂၂) ကို တယ်လီဖုန်းတီထွင်သူ ကမ္ဘာ့ကျေးဇူးရှင်ကြီး အဖြစ် ကျွန်တော်တို့လူမှန်းသိတတ်စ အရွယ်ကတည်းက မှတ်သားခဲ့မိရာမှ ဂရေဟမ်ဘဲလ်သည် လူလိမ်ကြီးတစ်ဦးဖြစ်ကြောင်း၊ သူတစ်ပါးတီထွင်ထားသော အောင်မြင်မှုကို မိမိ၏အစွမ်း ဟုဆိုကာ အရင်ဦးအောင် မှတ်ပုံတင်ခဲ့၍ တယ်လီဖုန်းတီထွင်သူ ကမ္ဘာကျော်ကျေးဇူးရှင်ကြီးစာရင်း ဝင်ခဲ့သည်။ ယခု နှစ်ပေါင်းတစ်ရာကျော်မှ တယ်လီဖုန်းတီထွင်သူ အစစ်အမှန်သည် အီတလီလူမျိုး၊ အန်တိုနီယိုမီ (Antonio Mevcci) ဖြစ်ကြောင်း ပြောင်းလဲအသိအမှတ်ပြုရန် အမေရိကန်ကွန်ကရက် လွှတ်တော်က ၂၀၀၂ခုနှစ်၊ ဇွန်လ(၁၅)ရက်နေ့တွင် ပြန်လည်ဆုံးဖြတ်အတည်ပြုပြီး ကမ္ဘာကိုကြေညာ ခဲ့သည်။ ဖုန်းတီထွင် သူအစစ်မှာ အမေရိကန်ပြည်ထောင်စုသို့ ပြောင်းရွှေ့နေထိုင်လာသူ အီတလီလူမျိုး၊ အန်တိုနီယို မီယူချီ ဖြစ်ကြောင်း မီယူချီကွယ်လွန်ပြီး (၁၁၃)နှစ်ကြာမှ အဖြစ်မှန် ပေါ်ပေါက်ခဲ့သည်။ 
                လူအများတစ်သက်လုံး ကြည်ညိုလေးစားခဲ့ရသော ဂရောဟမ်ဘဲလ်သည် မသမာသူ၊ သစ္စာမဲ့သူ၊ လူလိမ်တစ်ဦး ဖြစ်နေပါသလားဟု ယူကျုံးမရဖြစ်ပြီး ကြီးမားသောတုန်လှုပ်ခြောက်ခြား မှု နှင့်အတူ တစ်ဖက်တွင် အမှန်တရားဖော်ထုတ်ရေးအတွက် ဘယ်တော့မှအိုမင်းသွားခြင်း မရှိသည့် တရားရေးမဏ္ဍိုင်ကြီးအတွက် ချီးကျူးဂုဏ်ယူမိသည်။ ဤအဖြစ်အပျက်ကို ကြည့်ခြင်းအားဖြင့် အာဏာတန်ခိုး ရပိုင်ခွင့်၊ အခွင့်အရေးကြောင့် လူတစ်ဦးသည် မရိုးသားသောကိစ္စများကို ဘဝအသက်တာတွင် ကျူးလွန်မိ လျှင် မိမိသမိုင်းအတွက်သာမက မိမိ၏မျိုးဆက်သစ် များအတွက်ပါ မကောင်းသောအမွေကို ချန်ထားသူသာ ဖြစ်ကြောင်း သင်ခန်းစာများစွာ ရရှိပါသည်။ ဖြောင့်မတ်ခြင်းပါရမီကို ဆာငတ်ခင်မွတ်သော သူသည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား ထိုသူတို့သည် ဝပြောခြင်းသို့ ရောက်ကြလတ္တံ့။(မ ၅း၆)


(၂)  ဘုရားဝတ်၌မွေ့လျော်ခြင်း
              ဘုရားဝတ်၌မွေ့လျော်ခြင်းမူကား ယခုဘဝ၊ နောင်ဘဝနှင့် စပ်ဆိုင်သောကတိတော်ကို ရသည်ဖြစ်၍ အရာရာ၌အကျိုးပေးတတ်သည် ဟူသောစကားသည် သစ္စာစကားဖြစ်သည်။ အကြွင်းမဲ့ခံယူ အပ်သောစကားလည်း ဖြစ်၏။ (၁တိ ၄း၈)

Worship    - ဝတ်ပြုကိုးကွယ်ခြင်း၊ တန်ဖိုးထားခြင်း၊ ပြုမူဆောင်ရွက်ခြင်း
              ဝတ်ပြုကိုးကွယ်သူသည် ဘုရားသခင်အပေါ် အလေးထားပြုမူဆောင်ရွက်ခြင်း ပင်ဖြစ်သည်။ လူသည် ဘုရားအပေါ်အနက်ရှိုင်းဆုံး ဆက်ဆံမှုပင်ဖြစ်သည်။ ဘုရားသခင်တည်ရှိခြင်းကို ဖော်ပြရုံသာမက လူနှင့်ဘုရားသခင် အပြန်အလှန် ဆက်ဆံခြင်းဖြစ်သည်။ (ဆာလံ ၂၉း၂)။ လူတစ်ဦး၏ ဘုရားသခင်နှင့် ဝတ်ပြုကိုးကွယ်သော ပုံစံကို ကြည့်ခြင်းအားဖြင့် ထိုလူသည်ဘုရားအပေါ် ယုံကြည်ကိုးကွယ် ဆည်းကပ်မှု မည်မျှကြီးသည် ငယ်သည်ကို ပြသနေပါသည်။ ဝတ်ပြုကိုးကွယ်ရာတွင် လူသည်မိမိ မတတ်နိုင်သော ကိစ္စ ရပ်များကို ဘုရားသခင်ထံ အကူအညီတောင်းခံခြင်းသာမက ထိုသူကိုယ်တိုင် ဘုရားနှစ်သက်တော်မူသော အသက်တာဖြင့် အသက်ရှင်ခြင်း၊ လုပ်သင့်လုပ်ထိုက်သော လုပ်ရပ်များကို ကြိုစားလုပ်ကိုင်ခြင်းအထိ အကျုံးဝင်လျက်ရှိသည်။ ဘာသာဝင်အများစုသည် ဘုရားထံမှ တောင်းခံရန်သာ ပြုလုပ်တတ်ပြီး မိမိ လုပ်ရမယ့် အလုပ်တာဝန်များကို ပျက်ကွက်နေကြောင်း တွေ့ရသည်။ လူအများက မိမိကိုးကွယ် ယုံကြည်သောဘုရားကို ဝတ်ပြုကိုးကွယ်ရာ၌ ဘုရားကိုကြည်ညို ခြင်းထက် ဘုရားထံမှ လိုချင်မှုက ပိုများနေတတ်ကြပါသည်။ ခွန်အားရရှိသော ကမ္ဘာကျော်ဆုတောင်းချက်ကို စန့်ဖရန်စစ် အစီစီ၏ ဆုတောင်းချက်တွင် တွေ့မြင်ရပါသည်။

စိန့်ဖရန်စစ် အစီစီ၏ ဆုတောင်းချက်

မုန်းတီးခြင်းနေရာတွင် ချစ်ခြင်း
ပြစ်မှားခြင်းနေရာတွင် ခွင့်လွှတ်ခြင်း
အမိုက်မှောင်နေရာတွင် မျှော်လင့်ခြင်း
ပူဆွေးဝမ်းနည်းခြင်းနေရာတွင် ရွှင်လန်းဝမ်းမြောက်ခြင်း
တို့ဖြင့် စိုက်ပျိုးတည်ဆောက်ခွင့် ပေးတော်မူပါ...... သခင်။

(၃)    ယုံကြည်ခြင်း
            သခင်လုပ်နိုင်တယ်ဆိုသည်မှာ ယုံကြည်ခြင်းအပြည့် ရှိရပါမည်။ ဘဝတွင် ဆိုးဝါးသည့် အချိန်ကာလကို ကျော်လွှားနိုင်ရမည် ဆိုသည့်ယုံကြည်ချက် သင့်မှာမရှိပါက ပိုပြီးဆိုးဝါးရန်သာ ရှိပါလိမ့်မည်။ ဟေဗြဲဆရာက ယုံကြည်ခြင်းသည် မျှော်လင့်သောအရာတို့ကို မျက်မှောက်ပြုခြင်း ဖြစ်၏။ မမြင်သေးသောအရာ တို့ကို သိမှတ်စွဲလမ်းခြင်း အကြောင်းဖြစ်၏။ (ဟေဗြဲ ၁၁း၁)။ အောင်မြင်သော သူများ၏ဘဝတွင် တူညီသောအချက်မှာ မိမိကိုယ်မိမိ ယုံကြည်ခြင်းပင်ဖြစ်သည်။ အရည်အချင်းမရှိသူ၊ အကျင့်စာရိတ္ထိ အားနည်းသူ၊ မရိုးသားသူများတို့သည် မိမိကိုယ်မိမိ အတွင်းစိတ်၌ မယုံကြည်သောသူများ ဖြစ်ကြသည်။ မိမိကိုယ်မိမိ ယုံကြည်သောသူများ တို့သည် ထိုထက်မက ယုံကြည်အားကိုးထိုက်သော ဘုရားကို အကြွင်းမဲ့ယုံကြည်လျက် တွေ့ကြုံရသော လောကဓံအခက်အခဲ များကို ဘုရားကိုယုံကြည်ခြင်းဖြင့် အောင်မြင်ကျော်လွှားနိုင်မည် ဖြစ်သည်။ 
                 လူသည် ပြည့်စုံသောသူများ မဟုတ်သည့်အတွက် အခက်အခဲနှင့် ကြုံရတိုင်း ဘုရားကို အားကိုးရန် ဖြစ်သည်။ ထိုသို့ဆိုရာတွင် မိမိလုပ်သင့်လုပ်ထိုက်သော အရာများကိုလည်း တပြိုင်နက် လုပ်ဆောင်မည်ဖြစ်သည်။ ယုံကြည်သောစိတ်မရှိလျှင် ဘုရားသခင်၏ စိတ်တော်နှင့် မတွေ့နိုင်။ အကြောင်းမူကား ဘုရားသခင်၏ထံတော်သို့ ချဉ်းကပ်သောသူသည် ဘုရားသခင်ရှိတော်မူသည် ကိုလည်းကောင်း၊ ကိုယ်တော်ကိုရှာသောသူတို့အား အကျိုးပေးတော်မူသည်ကို၎င်း၊ ယုံကြည်ရမည်။ (ဟေဗြဲ ၁၁း၆)။ ဆရာမြသန်းတင့် အကြိုက်ဆုံး ဘာသာပြန်ဝတ္ထု တစ်ပုဒ်ကို ဖော်ပြပါရစေ။

ဘုရားသခင်သို့ပေးစာ
               တစ်ခါက ရွာတစ်ရွာမှ သီးနှံစိုက်ပျိုးသော တောင်သူဦးကြီးတစ်ဦးရှိသည်။ တစ်ရွာလုံး၏ စီးပွားရေးသည် စိုက်ပျိုးရေးအပေါ် ၌သာအခြေခံသည်။ ရာသီအစ မစိုက်ပျိုးမီ တောင်သူဦးကြီးမိသားစု တစ်စုသည် ဆုတောင်းဆက်ကပ်ပြီးမှ စိုက်ပျိုးရာ သီးနှံရိပ်သိမ်းချိန် ရောက်လာသောအခါ မရိပ်သိမ်းမီ ညတွင် ဘုရားသခင်ကို ကျေးဇူးတင်သည့်အကြောင်း ပြောပြီး ပျော်ရွင်စွာဖြင့် မိသားစုတစ်စုလုံး အိပ်ယာ ဝင်ခဲ့ကြသည်။ မမျှော်လင့်ဘဲ မိုးအကြီးအကျယ်ရွာသွန်မှုကြောင့် တစ်ရွာလုံးစိုက်ထားသည့် အသီးအနှံများ ပျက်စီးသွားပါတော့သည်။ 
                 နံနက်ရောက်သောအခါ ဆုတောင်းဆက်ကပ်ပြီး စိုက်ပျိုးထားသော မိသားစုက သဘာဝတရားကို ဘုရားပိုင်တယ်။ ကျွန်တော်တို့မိသားစု ကြိုးစားစိုက်ပျိုးထားပေမဲ့ ပျက်စီးသွားတဲ့အတွက် ဘုရားသခင်သာလျှင် တာဝန်ရှိတယ်လို့ ပြောပါတယ်။ နောက်တစ်ရာသီစာ မလာမီ မိသားစုလိုအပ်ငွေ (၁၀၀) ဖြစ်သောကြောင့် စာတိုက်သို့ စာတစ်စောင်ရေးပါတယ်။ ထိုစာသည် ဗဟိုစာတိုက်ကြီးသို့ ရောက်ပြီး စာအိတ်မှာ ဘုရားသခင်ထံသို့ ပေးပေးပါ။ ပေးတဲ့သူကို ကျေးဇူးတင်ပါသည်ဟု ရေးထားရာ စာတိုက်မှူးကြီး က သူ့ဝန်ထမ်းအားလုံးရှိသည့် အချိန်တွင် စာအိတ်ဖွင့်ကြည့်ရာ ငွေ(၁၀၀) လိုအပ်သော မိသားစု၏ ပြဿ     နာပင်ဖြစ်သည်။ 
                 တိုက်တိုက်ဆိုင်ဆိုင် ထိုနေ့၌ လစာထုတ်သည့်နေ့ ဖြစ်သောကြောင့် စာတိုက်မှူးက ငါငွေ(၁၀)ထည့်မယ်။ မင်းတို့လည်း စေတနာရှိသလောက် ထည့်ကြဟု တိုက်တွန်းရာ ငွေ(၇၀) ရရှိပြီး ထိုရွာရှိ စာတိုက်ပုံးဆီသို့ နောက်တစ်ပတ်ကြာသောအခါ ထိုငွေသွားပို့ရာ ပြန်စာကို စောင့်နေသောသူနှင့် စာပို့လုလင်တို့နှစ်ဦး တွေ့ဆုံပါသည်။ စာပို့လုလင်က ဘုရားသခင်က မင်းကိုစာပြန်လိုက်ပြီ။ အိမ်ရောက်မှ ဖွင့်ကြည့်ပါဟု ပြောရာ ငွေ(၇၀)သာ တွေ့ရှိရသည်။ ထိုသူသည် ချက်ချင်းစာတိုက်သို့ စာ တစ်စောင်  ပြန်ရေးလိုက်သည်။ ရေးသားစာမှာ ဘုရားသခင် ကတော့ မှားမှာမဟုတ် ဘူး။ ပျောက်သွားတဲ့ ငွေ(၃၀)က စာပို့လုလင် ယူသွားလို့ဖြစ်မှာ နောက်တစ်ကြိမ်စာပြန်ရင် စာပို့လုလင်နဲ့ မပို့ပါနဲ့။ တိုက်ရိုက်ပဲ ပို့ပေးပါဟု ပြန်ရေးလိုက်ပါတယ်။ တစ်ရွာလုံးစီးပွားပျက်၍ စားစရာမရှိ သောအချိန်တွင် ဘုရားသခင်ကို ယုံကြည်ခြင်းအားကြီးသော မိသားစုက တစ်ရာသီစာ မလာမီ ဝမ်းစာ ရရှိသွားခဲ့ပါသည်။


(၄)   ချစ်ခြင်း
              လူတစ်ဦးစီ၊ လူမျိုးတစ်မျိုးစီ၊ နိုင်ငံတစ်နိုင်ငံ၏ အလှပဆုံးအရာမှာ ချစ်ခြင်းမေတ္တာ ပင် ဖြစ်သည်။ လူတိုင်း၏ စိတ်နှလုံးသားမှ တည်ဆောက်အသက်ရှင်ရမည့် အရာမှာ ချစ်ခြင်းမေတ္တာပင် ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်လက်ခံသူတိုင်း မေတ္တာတရားဖြင့် ဘဝကိုတည်ဆောက် အသက်ရှင်ရန် အရေးကြီးပါသည်။ အဘယ်ကြောင့်ဆိုသော ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်သောကြောင့် ပင်ဖြစ်သည်။ (၁ယော ၄း၈)။ ချစ်ခြင်းမေတ္တာကို သတ်ပစ်နိုင်သောအရာ မှာ မနာလိုမုန်းတီးခြင်း ပင်ဖြစ်သည်။ 
                စာရေးဆရာတစ်ဦးက လူသည် မိဘများမရှိလည်း အသက်ရှင်နိုင်သည်။ စားစရာမရှိလည်း အသက်ရှင်နိုင် သေးသည်။ သူ၏ မိသားစုပတ်ဝန်းကျင်မှ ချစ်ခြင်းမေတ္တာမရရှိခဲ့လျှင် ထိုသူသည် အသက်ရှင်လျက် သေဆုံးနေသူသာ ဖြစ်သည်။ ရာဇဝင်လူဆိုးကြီးများ၏ တူညီသောအချက်မှာ ငယ်စဉ်က မေတ္တာမရရှိဘဲ ကြီးပြင်းလာခဲ့ရသူများ ဖြစ်သည် လူသားတိုင်း၏ အဓိကလိုအပ်ချက်မှာ ချစ်ခြင်းမေတ္တာပင် ဖြစ်နေပါတော့သည်။ ဘုရားသခင်၏လူသည် လောကမှာ အသက်ရှင်စဉ်ကာလ တစ်လျှောက်လုံးတွင် မိမိအသက်တာကို ချစ်ခြင်းမေတ္တာဖြင့် တည်ဆောက်အသက်ရှင်ရမည် ဖြစ်သကဲ့သို့ သူတစ်ပါးအား မေတ္တာဖြင့် ကူညီစောင့်ရှောက်ရန်လည်း ဖြစ်သည်။
                တစ်ခါက လူတစ်ဦးသည် ဆေးရုံတွင် နောက်ဆုံးအချိန်ရောက်နေပြီး ဆရာဝန်က ဆေးပညာ အရာ မင်း(၄၈)နာရီအတွင်းပဲ အသက်ရှင်တော့မယ်။ မင်းဘယ်ဘာသာဝင် ဖြစ်သလဲ။ ဘဝ ကူးကောင်းအောင် ဘုရားမှာ အာရုံပြုပါတော့ဟု ပြောပါသည်။ ထိုသူသည် ခရစ်ယာန်ဘာသာ ဝင် ဖြစ်သောကြောင့် ငါသေရင် သခင်ယေရှုပြင်ဆင်တဲ့ ကောင်းကင် နိုင်ငံတော် ရောက်ဖို့ ဘာတွေ အတားအဆီး ဖြစ်နေသလဲဟု မိမိစိတ်နှလုံးကို ပြန်လည်ဆန်းစစ်ကြည့်ရာ အမွေကိစ္စကြောင့် အကြီးအကျယ်စကားများထားသော သူနှင့် အမျိုးမကင်းသူ မိတ်ဆွေတစ်ဦးကို သွားသတိရကာ သူ့ဘေးနားက သားအား “သားရေ.... အဖေနဲ့စကားများထားတဲ့ ဦးလေးကို သွားခေါ်ပေးပြီး အဖေ့ဆီ ခေါ်လာပေးပါ။ အဖေသူ့ကို ခွင့်လွှတ်ကြောင်း ပြောဖို့ဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ အဖေသေရင် ကောင်းကင်နိုင်ငံတော် မရောက်မှာစိုးတယ်” ဟု ပြောလိုက်ပါတယ်။ သားက သွားခေါ်ပြီ တွေ့ခိုင်းရာ သူငယ်ချင်းမင်းနဲ့ငါ ဘယ်သူမှားမှား၊ ဘယ်သူမှန်မှန် ခွင့်လွှတ်ရအောင်၊ ဆေးရုံပေါ်မှာ ခွင့်လွှတ်ခြင်းတရား ပြောသည်။ လူနာက ပြန်စဉ်းစားမိသည်။ ငါသောရင် ကောင်းကင်ဘုံရောက်မှာ အကယ်၍ဆရာဝန်ပြောတဲ့အတိုင်း မသေရင်ဘယ်လိုလုပ်မလဲ။ ကုတင်ပေါ်က လူနာက ခွင့်လွှတ်ပြီးသာ သူ့မိတ်ဆွေအား ငါသေရင် ခွင့်လွှတ်ခြင်းတရားက အတည်ဖြစ်တယ်။ ငါမသေရင် ဒါတွေက အတည်မဟုတ်ဘူးဟု ပြန်ပြောခဲ့ပါသည်။ 
                 လူသည် ကလေးဘဝက တစ်ဦးနှင့်တစ်ဦး ခွင့်လွှတ်နိုင်ရန် လွယ်ကူသော်လည်း အသက်ကြီး လာသည့်အခါ ခွင့်လွှတ်နိုငရန် ခက်ခဲကြောင်း တွေ့ရသည်။ ဘုရားသခင်၏လူသည် သူတစ်ပါးကို ခွင့်လွှတ်တတ်ရုံမက သူတစ်ပါးအား မေတ္တာပေးဝေသူ ဖြစ်နေခြင်းသည် ဘုရားသခင်၏ အမှတ်လက္ခဏာ ပင်ဖြစ်သည်။

(၅)    သည်းခံခြင်း
                လူအများ မလုပ်ဆောင်လိုသည့် ကိစ္စများစွာရှိသည့်အနက် ထိပ်ဆုံးကတစ်ခုမှာ သည်းခံခြင်း ပင်ဖြစ်သည်။ မိမိမှန်သည်ဟု ထင်ရသောအရာကို အခြားသူတစ်ဦးအား အလျော့ပေးသည်းခံခြင်း ပင်ဖြစ်သည်။ သည်းခံခြင်းသည် ပျော့ညံ့သောအရာဟု လူအများက ထင်တတ်ကြသည်။ အမှန်စင်စစ် သည်းခံခြင်း အကျင့်ရှိသူသည် စစ်မှန်သော အောင်မြင်မှု၏ အဓိကသော့ချက်ဖြစ်သည်။ မာသာထရီဇာက သည်းခံခြင်းသည် ခါးသည်းသော်လည်း သူ၏အသီးသည် အမြဲချိုမြိန်သော အသီးကိုသီးတတ်သည် ဟု ဖော်ပြထားသည်။ 
               လူသည် အများအားဖြင့် သည်းမခံဘဲ ပြန်လည်တုံ့ပြန်တတ်သည့်အတွက် သူတစ်ပါး၏အမှား မှာ မိမိ၏အမှားအဖြစ်သို့ ရောက်ရှိသွားတတ်သည်။ ဤနေရာတွင် တုံ့ပြန်မှု မမှန်ကန်သည့်အတွက် မလိုလားအပ်သော လူမှုဒုက္ခဆိုးကျိုးများ ဆက်တိုက်ခံစားရတတ်သည်။ ဥပမာ- မိမိအား မဟုတ်တာ လာပြောသောသူကို ချက်ချင်းမတုံ့ပြန်ဘဲ အိပ်ယာဝင်ခါနီး ပြန်စဉ်းစားပါ။ မနက်ရောက်သောအခါ မိမိမဟုတ်ကြောင်း အချက်အလက်ကျကျ ပြန်ပြောပါ။ တစ်ညအိပ်ပြီးမှ ပြန်ပြောသောနည်းသည် အန္တရာယ် ကင်းဘေးကင်းရုံသာမက ဒေါသဖြင့် ပြန်လည်တုံ့ပြန်ခြင်း မရှိသည့်အတွက် အမှန်တရားအား အခြားသူကို သိစေသော နည်းလမ်းကောင်းတစ်ခု ဖြစ်သည်။ 
              သမ္မာကျမ်းစာ၌ ဒုက္ခဆင်းရဲရောက်သောအခါ သည်းခံကြလော့။ ဆုတောင်းပဌာနပြုခြင်းအမှုကို အမြဲပြုကြလော့။ (ရောမ ၁၂း၁၂)။ အဆိုးအားဖြင့် အရှုံးမခံနှင့် အကောင်အားဖြင့် အဆိုးကို နိုင်လော့။ (ရောမ ၁၂း၂၁)

(၆)   နူးညံ့သိမ်မွေ့ခြင်း
         စိတ်နှလုံးနူးညံ့ သိမ်မွေ့သောသူတို့သည် မင်္ဂလာရှိကြ၏ အကြောင်းမူကား သူတို့ သည် ပြည်တော်ကို အမွေခံရကြ လတ္တံ့။ (မဿဲ ၅း၅)
               စိတ်နှလုံးနူးညံ့သိမ်မွေ့ခြင်းသည် ဘုရားသခင်၏လူ၌ ရှိရမည့် သင်္ကေတပင် ဖြစ်သည်။ စိတ်နှလုံး နူးညံ့သိမ်မွေ့ခြင်း ဆိုသည်မှာ.....
(က)   စိတ်နှလုံးနူးညံ့ သိမ်မွေ့သော သူသည် သိမ်မွေ့စွာ ပြုမူကျင့်ကြံတတ်သူ ဖြစ်သည်။ လောက တွင် နေ့စဉ်တွေ့ကြုံ နေရသော ကိစ္စရပ်များကို နူးညံ့သိမ်မွေ့စွာ ကိုင်တွင် ဖြေရှင်းတတ်ရန် အရေးကြီး သည်။
(ခ)   နူးညံ့သိမ်မွေ့ခြင်း၏ ဂုဏ်သတ္တိတစ်မျိုးမှာ ခွန်အားဖြစ်စေသည်။ သူ၏မိတ်ဆွေများကို သိမ်မွေ့စွာ ဆက်ဆံတတ်သော်လည်း ရန်သူအပေါ် ပြင်းပြင်းထန်ထန် ဆက်ဆံတတ်သူ ဖြစ်ရမည်။ အမှားကို အမှန်ပြင်ပြီး မတရားမှုကို လက်ပိုက်မကြည့်ဘဲ စိန်ခေါ်ရဲသူ ဖြစ်ရမည်။
(ဂ)  စိတ်နူးညံ့သိမ်မွေ့သူသည် ဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့ ယုံကြည်ကိုးစားပြီး စကားတော်ကို နားထောင်ရုံသာမက မိမိအသက်တာကို ဘုရားလက်တော်ထဲ အပ်နှံထားသူ ဖြစ်ရမည်။ အမှန်တရားကို ချစ်မြတ်နိုးရုံ သာမက ဖော်ထုတ်သူ ဖြစ်ရမည်။

               အထက်ပါအချက်များတို့သည် သမ္မာကျမ်းစာ၌ ဖော်ပြထားသော ဘုရားသခင်၏လူ၌ ရှိရမည့် အရည်အချင်းများသာဖြစ်သည်။ လူတစ်ဦးသည် သခင်ယေရှုခရစ်တော်ကို ယုံကြည်ပြီး အထက်ပါ အရည်အချင်းမရှိဘဲ အသက်တာကို တည်ဆောက်အသက်ရှင်လျှင် အသင်းတော်၏ အသင်းသားတစ်ဦး၊ ပတ်ဝန်းကျင်မှ အသိအမှတ်ပြုသော ခရစ်ယာန်တစ်ဦးသာ ဖြစ်ပြီး ဘုရားသခင်၏လူ စာရင်းထဲတွင် ပါမည်မဟုတ်ပါ။ 
            ဘုရားသခင်၏လူစာရင်း ထဲတွင် ပါဝင်ရန် အသက်ရှင်သောသူများသာလျှင် အသက်ရှင်စဉ်ကာလ တစ်လျှောက်လုံး ဘုရားသခင်၏ဘုန်းတော် ထင်ရှားစွာဖြင့် မိသားစု၊ ပတ်ဝန်းကျင်၊ အသင်းတော်၊ အမိနိုင်ငံတော်အတွက် ဘုရားအတွက် အကျိုးပြုသောသူများ ဖြစ်ရုံသာမက သေခြင်း၏ တစ်ဖက်ကမ်း၌ သခင်ယေရှုပြင်ဆင်ထားသော ကောင်းကင်နိုင်ငံတော်သို့ ဝင်စားရမည် ဖြစ်သောကြောင့် စာရေးသူနျင့် စာဖတ်သူ ပရိသတ်အားလုံး ဘုရားသခင်၏လူ ဖြစ်အောင် လောကအလယ် အသက်ရှင်နိုင်သူများ ဖြစ်ပါစေ ဟု ဆန္ဒပြုရင်း ဝေငှခြင်းကို နိဂုံးချုပ်လိုက်ပါသည်။

                                                               Rev. စောထွန်းထွန်းလင်း (SSKBMS)


No comments:

Post a Comment