Monday, May 11, 2015

ဆယ်ဖို့တစ်ဖို့ပေးလှူ ခြင်းနှင့် ခရစ်ယာန်အသက်တာ

               ခရစ်ယာန်တို့၏ အသက်တာတွင် ပေးလှူ ခြင်းပုံစံ အမျိုးမျိုး ရှိသည့်အနက် ဆယ်ဖို့ တစ်ဖို့ ပေးလှူ ခြင်းနှင့် စပ်လျဉ်း၍ အယူအဆ ကွဲပြားနေတတ် ပါသည်။ စာရေးသူအနေဖြင့် မိမိအတွေ့အကြုံ နှင့် လေ့လာမိသရွေ့ ဝေမျှတင်ပြ လိုပါသည်။
                  စာရေးသူ အနေဖြင့် ဆယ်ဖို့တစ်ဖို့ (TITHES) ကို အောက်ပါအတိုင်း အနက်ဖွင့်ဆို ဖော်ပြ လိုပါသည်။

T.        Thanks offering to God recognizing that the Lord God is most high.
              ဆယ်ဖို့တစ်ဖို့ ပေးလှူ ခြင်းဆိုသည်မှာ ဘုရားသခင်သည် အမြင့်ဆုံးသောဘုရား ဟု သိရှိ လျက် ကျေးဇူးတော် ချီးမွမ်းခြင်းနှင့်အတူ ၎င်းတို့ခံစားရသော ကောင်းချီးများမှ ဆယ်ဖို့တစ်ဖို့ကို ပေး လှူ ခြင်းဖြစ်သည်။ ဤပေးလှူ ခြင်းသည် ဣသရေလမျိုး နွယ်ထံသို့ ဘုရားသခင်ထံမှ ပညတ်တစ်ရပ် အနေဖြင့် မရောက်ရှိမီကပင် ပေးလှူ ခြင်းဖြစ်သည်။ အာဗြံသည် သူ၏တူလောတကို ဖမ်းဆီးခေါ်ဆောင် သွားသော ခေဒေါရလောမာမင်းနှင့် အပေါင်းအပါကို တိုက်ခိုက်အောင်မြင်၍ ပြန်လာရာလမ်း၌ ရှာလင် မင်းကြီး မေလခိဇေဒက်ကို ပေးလှူ ခဲ့သည်။ ဤမင်းကြီးသည် အာဗြံအတွက် ဘုရားသခင်ထံမှ ကောင်း ချီး တောင်းခံလျက် ကောင်းချီးပေးခြင်းနှင့်အတူ အမြင့်ဆုံးသောဘုရားသခင်ကို ချီးမွမ်းမြွက်ဆို သောကြောင့် အာဗြံသည် ရှာလင်မင်းကြီးကို တိုက်ပွဲမှ သိမ်းယူရရှိသောပစ္စည်းများမှ ဆယ်ဖို့တစ်ဖို့ကို ပေးလှူ ခဲ့သည်။ (ကမ္ဘာ  ၁၄း၁၇-၂၀)။



                ရှာလင်မင်းကြီး မေလခိဇေဒက် ဆယ်ဖို့တစ်ဖို့ ခံယူသောအချိန်၌ ဣသရေလမျိုးနွယ် တို့ထံမှ ဆယ်ဖို့တစ်ဖို့ ခံယူသော ယဇ်ပရောဟိတ်အရာကို ခံယူသော လေ၀ိသားတို့ မမွေးဖွားသေးပါ။ (ဟေဗြဲ  ၇း၁၀) ။ 

I.        Tithing Law came to the Israelite from God under the Law of Moses.
             ဘုရားသခင်သည် ဣသရေလမျိုးနွယ်တို့အား ဆယ်ဖို့တစ်ဖို့ ပေးလှူ ရန် မောရှေမှတစ်ဆင့် မိန်မြွက်ခဲ့သည်။ ဘုရားသခင်သည် ဣသရေလမျိုးနွယ်ကို ဆယ်ဖို့တစ်ဖို့ပေးလှူ ခြင်း အမှုဆောင်ရွက်ရန် တိကျ ပြတ်သားသော ရည်ရွယ်ချက်များဖြင့် မိန့်မြွက်ခဲ့သည်။ ယဇ်ပရောဟိတ်အရာ ခံသော လေ၀ိအမျိုး အနွယ်တို့သည် ဣသရေလအမျိုးသားတို့၏ နေရာပြည်၌ အမွေခံရာမြေ မရှိဘဲ ပရိသတ်စည်းဝေးရာ တဲတော်အမှုကို ဆောင်ရွက်ရသည်။ ထိုကြောင့် လေ၀ိမျိုးနွယ်တို့သည် သက်မွေးဝမ်းကြောင်းအတွက် ကိုယ်ပိုင်နှင့် လယ်ယာလုပ်ငန်း လုပ်ကိုင်ရန် အချိန်မရှိပါ။ သို့ဖြစ်ရာ ဣသရေလအမျိုးအနွယ်တို့ သည် လေ၀ိအမျိုး သားတို့အား သူတို့၏ကောင်းချီးများမှ ဆယ်ဖို့တစ်ဖို့ ပေးလှူ ရသည်။ လေ၀ိသားတို့ သည်လည်း ဆယ်ဖို့တစ်ဖို့ ခံယူသောအခါ ထိုအဖို့ကို ပြန်၍တစ်ဖို့ကို ယဇ်ပရောဟိတ်ကို လှူ ရသည်။ (တော ၁၈း၂၀)။ ထိုအပြင် အပိုစုဆောင်းသော ဆယ်ဖို့တစ်ဖို့ (additional tithes) စနစ်ကိုလည်း တစ်ပါး အမျိုးသား၊မိဘမရှိသောသူငယ်၊ မုဆိုးမတို့အတွက်လည်း ဥပုသ်နှစ်များအလိုက် (Sabbatical Cycle) ပေးလှူရန် မိန့်မြွက်ခဲ့သည်။ (တရား ၁၄း၂၈-၂၉)

H.     Having received blessings from God by obeying His Command.
            အချိန်ကြာညောင်း သည်နှင့်အမျှ ဣသရေလမျိုးနွယ်တို့သည် ဆယ်ဖို့တစ်ဖို့ ပေးလှူ ခြင်းအမှု၌ လိုက်နာမှု လျော့ရဲလာသည်။ ပရောဖက်မာလခိ ပေါ်ထွန်းသောအချိန် အချို့သော လေ၀ိသားတို့သည် လယ်ယာများသို့ သွားရောက်လုပ်ကိုင် အသက်မွေးဝမ်းကျောင်း ပြုခဲ့ကြရသည်။ ထိုကြောင့် ဘုရားသခင် သည် ပရောဖက် မာလခိမှတစ်ဆင့် မိန့်ဆိုသည်မှာ “ဤပညတ်ချက်ကို မလိုက်နာသောသူကို ကျိန်ခြင်း အမင်္ဂလာ ရောက်ရှိမည်။ လိုက်နာသောသူများ အပေါ်၌ ကောင်းချီးမိုးရွာမည်။ မြေ၊ အသီးအနှံ တို့ကိုလည်း ပိုးမွှားဘေးမှ ကာကွယ်မည်။ သူတို့၏ စပျစ်သည်လည်း အသီးမသီးဘဲ မနေ” ဟူသော ကတိတော်များ နှင့် အတူ မိန့်ဆိုခဲ့သည်။ (မာလခိ ၃း၉-၁၁)
                အထူးသတိပြု သင့်သည်မှာ အကြွေစေ့၌ ခေါင်းနှင့်ပန်း မျက်နှာစာနှစ်ခု ဒွန်တွဲပါရှိ သကဲ့သို့ ပညတ်ချက်အောက်တွင် ဆယ်ဖို့တစ်ဖို့ ပေးလှူ ခြင်းအမှု၌ “ကောင်းချီးမင်္ဂလာ” နှင့် “ကျိန်ခြင်းအမင်္ဂလာ” ဒွန်တွဲလျက်နေသည်ကို အထူးသတိပြု သင့်သည်။ (မာလခိ ၃း၉)


E.      Explanation of "curse" and "blessing"
               “ကျိန်ခြင်း” နှင့် “ကောင်းချီးမင်္ဂလာ” ၏ အနက်အဓိပ္ပာယ်ကို ဆက်လက်လေ့လာကြပါစို့။ Word Bible Dictionary အရ “ကျိန်ခြင်း” ဆိုသည်မှာ ဘုရားသခင်၏ ပညတ်ချက်များကို မလိုက်နာသောကြောင့် ရရှိသော အပြစ်ပေးခြင်း ပင်ဖြစ်သည်။ “ကောင်းချီးမင်္ဂလာ” ဆိုသည်မှာ ဘုရားသခင်၏ ပညတ်ချက်များကို နာခံဆောင်ရွက်သောကြောင့် ရရှိသောဆုလာဘ်ဟု အဓိပ္ပာယ် ဖွင့်ဆိုထားသည်။

S.      Should Christian give tithes?
                 လေ၀ိမျိုးနွယ် ယဇ်ပရောဟိတ်တို့သည် ယေရုရှလင်မြို့ ဖျက်ဆီးခံခဲ့ရသည့် အေဒီ ၇၀နှစ် အထိ အပ်နှံခဲ့ကြသော်လည်း အေဒီ ၃၃ မှစ၍ နောက်ပိုင်း ခရစ်ယာန်များတွင် အသစ်သောဝိညာဉ်တန်ခိုး အာနုဘော်ရှိသော ယဇ်ပရောဟိတ်သည် ဆယ်ဖို့တစ်ဖို့ ခံယူခြင်းအားဖြင့် မဟုတ်၊ ထာဝရအသက်၏ တန်ခိုးအာနုဘော်အတိုင်း ခန့်ထားလျက်ရှိသည်။ (ဟေဗြဲ ၇း၁၄-၁၇)
                    ဆယ်ဖို့တစ်ဖို့ဟု တိကျစွာပေးလှူ ထားခြင်း မရှိခဲ့လျှင် ဓမ္မဆရာတို့ အသက်မွေးစေခြင်း၊ ဆင်းရဲသော တပည့်တော်တို့ကို မစခြင်း စသောအသင်းတော်အမှု ဆောင်ရန် အခက်တွေ့နိုင်သည်။ ထိုကြောင့် တမန်တော် ရှင်ပေါလုသည် (၁ကော ၁၆း၂) ၌ မည်သို့လှူ ဒန်းရမည်ကို လမ်းပြခဲ့သည်။ “ရက်သတ္တပတ် တစ်ပတ်အတွင်း အသီးသီးကောင်းစားသည့် အတိုင်း မိမိတို့ ဥစ္စာတစ်ဖို့ကို ထုတ်စုထား ကြလော့။” ဟု သွန်သင်ခဲ့သည်။ ဤနေရာ၌ မိမိဥစ္စာတစ်ဖို့ဟု ဆိုရာတွင် ဆယ်ဖို့တစ်ဖို့ လည်း ဖြစ်နိုင်သည်။ နှစ်ဆယ်ဖို့တစ်ဖို့ လည်း ဖြစ်နိုင်သည်။ ငါးဖို့တစ်ဖို့လည်း ဖြစ်နိုင်သည်။
                  ယနေ့ခေတ်၌ လည်း အသင်းတော်တို့ ၀န်ခံကြသော ပဋိညာဉ်ဆယ်ပါးတွင် (၇)ချက်မြောက် ၌ ဓမ္မဆရာတို့ အသက်မွေးစေခြင်း၊ ဆင်းရဲသော တပည့်တော်တို့ကို မစခြင်း အစရှိသော အသင်းတော် အမှုဆောင်ရန် (၁) အသီးသီး ကောင်းစားသည့်အတိုင်း (၂) စေတနာစိတ်ရှိသော အလှူကို ပေးလှူ ပါမည် ဟု ကတိထားကြသည်။ ကတိထားသည့်အတိုင်း ပေးလှူ နေကြသည်မှာ ၀မ်းမြောက်ဖွယ်ဖြစ် သော်လည်း အချို့သည် အသင်းတော်တို့ ၀န်ခံသော ပဋိညာဉ်ဆယ်ပါး၌ အပိုဒ်(၇)ကို ဆယ်ဖို့တစ်ဖို့ ပေးလှူ ခြင်းဟု လွဲမှားစွာ သိမှတ်လျက် ပေးလှူ နေကြသည်။ အသင်းတော်များ ဘက်မှလည်း မိမိတို့ အသင်းသူ၊ အသင်းသားများ နိုင်ငံရပ်ခြား (သို့) တစ်နယ်တစ်ကျေးသို့ တာဝန်ထမ်းဆောင်ခြင်း ဖြင့်လည်းကောင်း၊ စီးပွားရှာခြင်း ဖြင့်လည်းကောင်း အဝေးရောက်ရှိ သဖြင့် ဆယ်ဖို့တစ်ဖို့မ၀င်၍ သာသနာ့အမှု ဆောင်ရန် အားနည်းသည် ဟူသောအတွေးများ တွေးနေကြသည်မှာ ၀မ်းနည်းဖွယ် ဖြစ်ပေသည်။
                ဆယ်ဖို့တစ်ဖို့သည် မိခင်အသင်းတော်နှင့်သာ သက်ဆိုင်သည်ဟု ခံယူလျက် ပေးလှူ သော အဝေးရောက် အသင်းသူ၊ အသင်းသားများနှင့် ဆယ်ဖို့တစ်ဖို့ကို ခံယူလျက်ရှိသော အသင်းတော်များသည် ထိုကဲ့သို့ မခံယူသင့်ပေ။ ဆယ်ဖို့တစ်ဖို့သည် ဘုရားသခင်၏ ဘဏ္ဍာဖြစ်သည်ဟု (မာလခိ ၃း၈) ၌ဆို သောကြောင့် ဘုရားသခင်ထံ ပေးလှူ ရမည် ဟူသော သန့်ရှင်းသူတို့အတွေး (godly thought) ဖြင့် ပေးလှူ သူများလည်း ရှိပါသည်။ မပေးလှူ ပါက ကျိန်ခြင်း ခံရမည်။ (မာလခိ ၃း၉) ဟူသော ကြောက်ရွံစိတ်ဖြင့် လည်းကောင်း၊ ကောင်းကင်ပြတင်းဖွင့်၍ ကောင်းချီးမိုးရွာမည် (မာလခိ ၃း၁၀) ဟူသော ကတိတော်ကို မျှော်ကိုး သောစိတ်ဖြင့် လည်းကောင်း၊ ဘုရားသခင်၏ ကွယ်ကာစောင့်ရှောက်မှု ရသည် (မာလခိ ၃း၁၁) ဟူသော ကိုးစားသောစိတ်ဖြင့် လည်းကောင်း၊ ဆယ်ဖို့တစ်ဖို့ကို အသီးသီး ပေးလှူ တတ်ကြသည်။ သို့ရာတွင် ဆယ်ဖို့တစ်ဖို့ ပေးလှူ ရာ၌ စိတ်သဘောထား မှန်ကန်ဖြောင့်မတ်ရန် လိုသည်။ စိတ်သဘောထား မမှန်ကန်သော ဆယ်ဖို့တစ်ဖို့ ပေးလှူ ခြင်းကိုလည်း ဘုရားသခင် နှစ်သက်မည် မဟုတ်ပါ။ 
             စာရေးသူ ကိုယ်တိုင်လည်း (မာလခိ ၃း၁၁) ကို ကိုးစားလျက် ကာကွယ်စောင့်ရှောက်မှု ရရန် ဆယ်ဖို့တစ်ဖို့ ကို ဥပုသ်နေ့တစ်ရက်၌ ဘုရားရှိခိုးကျောင်းတွင် လှူ ခဲ့သည်။ မသိစိတ်ထဲတွင် ကိုးစားမှု အစွန်းရောက်သွားကြောင်း စာရေးသူ ကိုယ်တိုင်မသိလိုက် သော်လည်း ဘုရားသခင် သိမြင်တော်မူ သည်။ နောက်တစ်နေ့တွင် စာရေးသူ လှူ ခဲ့သောဆယ်ဖို့တစ်ဖို့ထက် နှစ်ဆကျော် တန်ဖိုးရှိ သော မျက်မှန် ကျပျောက်ခဲ့သည်။ အကာအကွယ်ရမည်ဟု ကတိတော်ရှိလျက် ဆယ်ဖို့တစ်ဖို့ကို လှူ ခါမှ (၂)ဆကျော် အိတ်ထဲက ပြန်ထွက်သွားသည်။ ထိုည၌ ဘုရားသခင်သွန်သင်လိုသော အချက်ကို သိရှိခွင့်ရရန် ဆုတောင်းသည်။ ဆယ်ဖို့တစ်ဖို့ ပေးလှူ ချိန်၌ ထားရှိသင့်သော စိတ်သဘောထားကို သန့်ရှင်းသော ၀ိညာဉ်တော်ဘုရားက သွန်သင်ဖွင့်ပြ ခဲ့ပါသည်။
             ကျမ်းစာထဲမှာ ဆယ်ဖို့တစ်ဖို့ ပေးလှူ ခဲ့သော ယာကုပ်နှင့် အာဗြံတို့ ဆယ်ဖို့တစ်ဖို့ ပေးလှူ စဉ် ထားရှိသော စိတ်သဘောထားများကို ပြန်လည် ခွန်အားယူကြည့် ကြပါစို့။
                ရှေ့တွင် ဖော်ပြထားသကဲ့သို့ပင် ယာကုပ်သည် ဘုရားသခင်နှင့် ကတိသစ္စာပြု လျက် ပေးလှူ ခဲ့သည်။ ဆယ်ဖို့တစ်ဖို့ကို ဘုရားသခင်အား သစ္စာပြု၍ ပေးလှူ ခြင်းအားဖြင့် သိရှိနိုင်ပါသည်။ ကတိတော် ထားတော်မူသောသူသည် ကတိတော်အတိုင်း တတ်နိုင်တော်မူသဖြင့် ဘုရားသခင်ဖက်မှ ကတိပြည့်စုံစေ သကဲ့သို့ လူတို့ဖက်မှလည်း ကတိတော်ခံစား ရရှိသည့်အခါ ကတိတည်ခြင်းအားဖြင့် သစ္စာဝတ်ကို ဖြေရပါ မည်။ (တမန် ၅း၁-၁၁) တွင် အာနနိနှင့် ရှဖိရေ လင်မယားနှစ်ယောက်သည် ကတိထားပြီးမှ ဖျက်သောကြောင့် အသက်ဆုံးရှုံး ခဲ့သည်။ (တမန် ၅း၎) ၌ ပေတရုက “ထိုမြေရှိစဉ်တွင် ကိုယ်ပိုင်သည် မဟုတ်လော။ ရောင်း၍ရသော အဘို့သည် ကိုယ်ဥစ္စာမဟုတ်လော။ အဘယ်ကြောင့် ဤသို့ (မြေရောင်း၍ ရသော အဖိုးအခကို လှူ မည်ဟု ကတိထားပြီးမှ အဖို့တစ်ဖို့ကို ထိန်ဝှက်) ပြု သနည်း။ လူကိုသာ မုသာ ပြောပြီမဟုတ်၊ ဘုရားကိုလည်း မုသာပြောပြီ” ဟုဆိုသည်။ ထိုကြောင့် ဘုရားသခင်အား ပေးလှူ ရန် ကတိထားလျှင် ကတိဝတ်ကို ဖြေရမည်။ ကတိထားသည့်အတိုင်း ပေးလှူ ခြင်းကို ပြု ရမည်။ သက်သေခံခြင်း ပြုရမည်။ 


                အာဗြံ၏ ဆယ်ဖို့တစ်ဖို့ ပေးလှူ ခြင်းသည် စာရေးသူကို သန့်ရှင်းသော ၀ိညာဉ်တော် ဖွင့်လှစ် သွန်သင်သော အချက်ဖြစ်သည်။ အာဗြံသည် အမြင့်ဆုံးသောဘုရား ဖြစ်ကြောင်းသိရှိလျက် ဆယ်ဖို့တစ်ဖို့ ပေးလှူ ခဲ့သည်။ ကမ္ဘာ (၁၄း၁၇-၂၀) ။ စာရေးသူသည် ဆယ်ဖို့တစ်ဖို့ ပေးလှူသည့် အခါတိုင်း ၌ မနေ့၊ ယနေ့၊ နောင်ကာလ ထာဝရငါတို့နှင့်အတူ ရှိသောဘုရားဟု စိတ်စွဲမှတ် ပေးလှူ ခဲ့သည်မှာ သက္ကရာဇ် ၂၀၀၀ ၀န်းကျင်မှ စခဲ့ပါသည်။ လူ့လောက၏ အခက်အခဲများကြောင့် လည်းကောင်း၊ အခြားသော အကြောင်းအချက် များကြောင့်လည်းကောင်း ပေးလှူ ချိန်၌ အစွန်းရောက်သဘောထားကို သန့်ရှင်းသော ၀ိညာဉ်တော်မှ တစ်ဖန်ပြန်လည်သွန်သင်ခြင်း ခံခဲ့ရပါသည်။ ဘုရားသခင်ကို အပြစ် ၀န်ချလျက် ကျေးဇူးတော်ကို ချီးမွမ်းပြီး မျက်မှန်ပျောက်သောည၌ အိပ်ပျော်ခဲ့ပါသည်။ နောက်တစ်နေ့ တွင် မျက်မှန်ကောက်ရသူ ထံမှ ဖုန်းဝင်လာ၍ မျက်မှန်ပြန်လည် ရရှိခဲ့သည်။
                 စာရေးသူသည် ဤမျက်မှန်လေးအားဖြင့် စက္ခု အမြင်ကို မြင်စေရုံမျှမက ၀ိညာဉ်အလင်းကို ရရှိစေပါသည်။ ကျမ်းဟောင်းပညတ်ချက်အောက်တွင် အသက်ရှင်ခဲ့သော သူများပင်လျှင် ဆယ်ဖို့တစ်ဖို့အား ပေးလှူ ခဲ့လျှင် သခင်ယေရှုအားဖြင့် ကျိန်ခြင်း အမင်္ဂလာမှ လွတ်၍ ကျေးဇူးတော်ခံစား ရသော ကျွန်ုပ်တို့ ခရစ်ယာန်အသက်တာ၌ သခင့်ကျေးဇူးတော်ကို သိမှတ်ဝန်ခံလျက် သာ၍ပေးလှူ အပ်နှံ သောအသက်တာ၌ ကျင်လည်သင့်သည် မဟုတ်ပါလား။ သို့ဖြစ်၍ ဆယ်ဖို့တစ်ဖို့ ပေးလှူ ရာ၌ ဘုရားသခင်သည် အမြင့်ဆုံးသောဘုရားဟု ယုံကြည်ကိုးစားလျက် ပေးလှူသူများ၊ ဆယ်ဖို့တစ်ဖို့သည် ဘုရားသခင်ပိုင်ဆိုင်သော ဘဏ္ဍာဟု သိမှတ်လျက် ခံယူသူများ ဖြစ်နိုင်ရန် စက္ခု အမြင် ၀ိညာဉ်အလင်းကို မျှဝေလိုက်ရပါသည်။


                                                                                       ဂျူ ဂျူးလေး




No comments:

Post a Comment