Wednesday, May 6, 2015

ဘိုးဘေးများ၏ ယုံကြည်ခြင်း

                    “ယုံကြည်ခြင်း” ဟူသောစကားလုံးနှင့်ပတ်သက်၍ အဓိပ္ပာယ် အမျိုးမျိုးကောက် ယူ နိုင်ပါသည်။ သမ္မာကျမ်းစာကို ရေးသားပြုစုရာတွင် စာရေးဆ၇ာများသည် ယုံကြည်ခြင်း ကို ရှုထောင့် တမျိုးတည်းဖြင့် လည်းကောင်း၊ ရှုထောင့်အမျိုးမျိုး မှ လည်းကောင်း  ဖော်ပြကြသည်ကို လေ့လာ နိုင်ပါသည်။ သမ္မာကျမ်းစာတွင် ယုံကြည်သူများ (အမျိုးသမီး၊ အမျိုးသား) တို့၏ သမိုင်းဖြစ်စဉ် မြောက်မြား စွာတို့ကို တွေ့ရပါသည်။ ထိုပုဂ္ဂိုလ် မေမြာက်များစွာတို့ အနက်မှ ပုဂ္ဂိုလ် အနည်းငယ်တို့ ၏  နှုတ်ကပတ်တော်ကို ယုံကြည်ခြင်းနှင့် ယုံကြည်ပုံ ယုံကြည်နည်းများ ကို ဖော်ပြအပ်ပါသည်။ 

အာဗြဟံ     (ယုံကြည်ခြင်း၏ ဖခင်)
(ဟေဗြဲ ၁၁း၈-၁၀၊ ၁၇၊ ကမ္ဘာ ၁၂၊ ရောမ ၄း၁-၃၊ ဂလာတိ ၃း၆-၉)

                  ဓမ္မဟောင်းကျမ်း၊ ဓမ္မသစ်ကျမ်းတို့တွင် အာဗြဟံ၏ ယုံကြည်ခြင်းကို ထိပ်တန်းတွင် ဖော်ပြ ထားသည်။ ရှင်ပေါလု ရေးသားပြုစုသော ကျမ်းစာစောင်များတွင်မူ အာဗြဟံသည် စစ်မှန်သော ယုံကြည်ခြင်း ကို ကိုယ်စားပြုသည် ဟု ဖော်ပြသည်။ အာဗြဟံ၏ ယုံကြည်ခြင်း ကို အောက်ပါရှုထောင့်များဖြင့် လေ့လာနိုင်ပါသည်။



(၁)     ဘုရားရှင်ပေါ်တွင် ပုဂ္ဂိုလ်ရေးယုံကြည်ခြင်းနှင့် စိတ်ချမှုရှုထောင့်
                အာဗြဟံသည် မိမိတိုင်းပြည်နှင့် လူမျိုးကို စွန့်ခွါ၍ မရောက်ဖူးသော တိုင်းနိုင်ငံတွင် သွားရောက် နေထိုင်ရန် ခိုင်းစေခြင်းခံရသောအခါ စောဒကမတက်ဘဲ သွားရောက်ခဲ့ခြင်းမှာ ဘုရားသခင် အပေါ် ယုံကြည်မှု ခိုင်မာခြင်းကြောင့်သာ ဖြစ်သည်။

(၂)      ဘုရားသခင်၏ စကားနားထောင်ခြင်း ရှုထောင့်
                       အာဗြဟံသည် ဘုရားသခင်၏ ခေါ်သံကိုနာခံ၍ မိမိသားကို ပူဇော်သက္ကာအဖြစ် အသုံးပြု ရန် ဆုံးဖြတ်နိုင် ခဲ့သည်။ (ကမ္ဘာ ၂၂း၁-၃)

(၃)      ဘုရားသခင်ကို သစ္စာရှိခြင်း
                     ဘုရားသခင် ကတိတော်ပေးထားသောပြည် သို့ အာဗြဟံရောက်ရှိ သော်လည်း မိမိကိုယ် တိုင်မြေနေရာ ပိုင်ဆိုင်နိုင်ခြင်း မရှိခဲ့ပါ။ ထိုသို့ဆိုလျှင် ဘုရားသခင်သည် အာဗြဟံအပေါ်တွင ကတိမတည် သကဲ့သို့ ဖြစ်သော်လည်း ထိုကိစ္စအတွက် အာဗြဟံသည် စိတ်နေသဘောထား ပြောင်းလဲခြင်း မရှိဘဲ ဘုရားသခင်အပေါ် တွင် သစ္စာရှိလျက် ယုံကြည်ခြင်းကို မစွန့်လွှတ်ခဲ့ကြောင်း တွေ့ရသည်။ ဖြစ်လာသမျှ အရာကို မြဲမြံသော ယုံကြည်ခြင်းဖြင့် လက်ခံသည်။

(၄)      မျှော်လင့်ခြင်းဖြင့် အသက်ရှင်ခြင်း
                  အာဗြဟံ၏ အနာဂတ်မျှော်လင်ြ့ခင်း တစ်ခုလုံးသည် ဘုရားသခင်အပေါ် ယုံကြည်ခြင်း၌ တည်မှီနေသည်။ အာဗြဟံသည် မိမိကိုယ်ကို မယုံကြည်၊ မိမိကိုယ်ကို အားမကိုးဘဲ ဘုရားသခင်ကို အရာရာ၌ အားကိုးသောသူ ဖြစ်သည်။

နောဧ            (ဖောက်ပြန်ခြင်းကင်းမဲ့သော ယုံကြည်ခြင်း)

                နောဧသည် အာဗြဟံကဲ့သို့ပင် စံနမူနာတင် လောက်အောင် ယုံကြည်ခြင်း၊ ဖြောင့်မတ်ခြင်း တရားတို့နှင့် ပြည့်ဝ သူတစ်ဦးဖြစ်သည်။ ထိုပုဂ္ဂိုလ်နှစ်ဦး တို့၏ အသက်ရှင်သောကာလသည် နှစ်ပေါင်းများ စွာကွာဟသကဲ့သို့ ပတ်ဝန်းကျင်အခြေအနေ မှာလည်း တူညီမှုမရှိပါ။ လူပုဂ္ဂိုလ်ကို ပြန်ကြည့်သော အခါတွင်လည်း တစ်ယောက်တစ်မျိုးစီ ဖြစ်သည်။


(၁)   နောဧ၏ ယုံကြည်ခြင်းအတွင်းသဘော သဘာဝ  (ကမ္ဘာ ၆း၈)
                 နောဧ၏ ဖြောင့်မတ်ခြင်းသည် ဘုရားသခင်နှင့် လူပုဂ္ဂိုလ်ရေး ဆက်သွယ်မှုမှ ရရှိသော ဆုလာဘ် ဖြစ်သည်။ သူသည် ဘုရားသခင်၏ အလိုတော်အတိုင်း လိုက်လျှောက်သည်။ ဘုရားသခင်၏ အလင်းတော်တွင် ကျင်လည်၍ ကိုယ်တော်ရှင် အလိုရှီသော ကိုယ်ကျင့်တရားကို ပိုင်ဆိုင်သည်သာမက ၀ိညာဉ်စိတ်ချမှုလည်း ရှိသည်။ 

(၂)   တည်ကြည်သော ယုံကြည်ခြင်း      (ကမ္ဘာ ၈း၉)
                    နောဧခေတ် လူသားများတို့သည် အကျင့်စာရိတ္ထ ပျက်ပြားပြီး ဖောက်လွဲဖောက်ပြန် ကြသော်လည်း နောဧမှာမူ ဘုရားသခင်၏ရှေ့တွင် မျက်နှာရခဲ့သည်။ ဘုရားသခင်အပေါ်တွင် သစ္စာရှိပြီး ရိုးသားနှိမ့်ချစွာ အသက်ရှင်သူ ဖြစ်သည်။ သူ၏ နေ့စဉ်အသက်ရှင်မှုတွင် ယုံကြည်ခြင်းဖြင့် ငြိမ်သက်ခြင်းကို ရယူနိုင်သည် သာမက ယုံကြည်ခြင်းဖြင့် သက်သေခံသူ ဖြစ်၏။

(၃)    သတ္တိပြောင်မြောက်စွာ ဘုရားစကားကို နာခံပြီး သည်းခံစိတ်ချသည်။
                     မည်သည့်အချိန်မှ ရေလွှမ်းမိုးခြင်း မခံရသောနေရာတွင် သင်္ဘောတည်ဆောက်ရန် ဘုရားသခင်၏ စေခိုင်းချက်သည် ယုံကြည်ခြင်းရှိ၍သာ ဆောင်ရွက်နိုင်သောအရာ ဖြစ်သည်။ လူတကာ၏ အပြစ်တင်ခြင်း၊ ကဲ့ရဲ့ခြင်း ခံနိုင်ရန် နောဧတွင် ရဲစွမ်းသတ္တိ အပြည့်အ၀ရှိသည်။ နောဧ၏ နက်နဲသော ယုံကြည်ခြင်း၊ ဖြောင့်မတ်စွာ အသက်ရှင်ခြင်းတို့သည် သူ၏ပတ်ဝန်းကျင်၌  တစ်ကိုယ်ကောင်းဆန်သော အတ္တသမားများအား ရှုတ်ချနေသကဲ့သို့ ဖြစ်စေပါသည်။

(၄)     အသက်တာကို ဆက်ကပ်ခြင်းနှင့် ကိုးကွယ်ဝတ်ပြုခြင်း       (ကမ္ဘာ ၈း၂၀)
                  တဲတော်ကို တည်ဆောက်၍ ယဇ်ပူဇော်ခြင်း စသောလုပ်ဆောင်ချက်များသည် ကျေးဇူးတော် ကို ချီးမွမ်းသော လက္ခဏာများ ဖြစ်ပါသည်။ သန့်ရှင်းသော သတ္တ၀ါများကို ရွေးချယ်၍ ပူဇော်ဆက်ကပ်ခြင်း အားဖြင့် အရာခပ်သိမ်းတို့သည် ဘုရားသခင်ပိုင်ဆိုင်ကြောင်း အဓိပ္ပာယ် ပေါ်လွင်စေသည်။ ယုံကြည်ခြင်း ကို ၀တ်ပြုခြင်းအားဖြင့် ဖော်ပြသကဲ့သို့ ၀တ်ပြုခြင်းပင်လျှင် ယုံကြည်ခြင်း၏ အသက်တာခွန်အားကို ဖြစ်ပေါ် စေခဲ့ပါသည်။


မောရှေ           (အရာခပ်သိမ်းကို အောင်မြင်သော ယုံကြည်ခြင်း)
(ထွက် ၃း၇-၁၂၊ ဟေဗြဲ ၁၁း၂၃-၂၉)

                    မောရှေ၏ အသက်တာကို ကြည့်ရှု လေ့လာခြင်းအားဖြင့် လူတို့တွင်မည်မျှပင် အားနည်းမှု၊ ချို့ယွင်းမှု ရှိစေကာမူ ဘုရားသခင်အလိုတော်ရှီပါက ထိုအားနည်းချက်များ ကိုပင် အောင်မြင်နိုင်ကြောင်း သက်သေဖြစ် ပါသည်။ မောရှေ၏ အောင်မြင်ခြင်းသည် ဘုရားသခင်ကြောင့်သာ ဖြစ်သည်။ ယုံကြည်ခြင်း တန်ခိုးသည် လူ့ဘ၀၏ အဟန့်အတားများ၊ အတားအဆီးများ ကြီးမားသောဘ၀ ပြဿ     နာများကို အောင်မြင် နိုင်ကြောင်း ပေါ်လွင် စေသည်။ 
                   ဟေဗြဲ (၁၁း၂၃) ကိုလေ့လာရာတွင် မောရှေ၏ မိဘများသည် ကြီးမားသော ယုံကြည်ခြင်း ကြောင့်သာ မောရှေ၏ အသက်တာကို ကာကွယ်နိုင်ခဲ့သည်။ ထိုမိဘနှစ်ပါး၏ ယုံကြည်ခြင်း နှင့် မောရှေကိုယ်တိုင် ဘုရားရှင်၏ခေါ်သံ ကို တုံ့ပြန်ခြင်းတို့သည် အောင်မြင်သော ပန်းတိုင်ကို ဆွတ်ခူးစေနိုင်သော အရာများဖြစ်ကြောင်း ထွက်မြောက်ရာကျမ်းတွင် တွေ့နိုင်ပါသည်။


(၁)       အားငယ်နေတတ်ခြင်း     (ထွက် ၃း၁၁-၁၂၊ ၄း၁၊ ၁၀)
                မောရှေသည် စကားသံအားဖြင့် မိမိကိုယ်ကို ယုံကြည်မှုအားနည်းသူ ဖြစ်သော်လည်း ဘုရားရှင် သည် ထိုအားနည်းချက်များကို ကျော်လွှားနိုင်သော ခွန်အားကို ပေးတော်မူ၏

(၂)     ဘုရင်ကို ကြောက်ရွံခြင်း       (ဟေဗြဲ ၁၁း၂၃၊၂၇)
                 ယုံကြည်ခြင်းဟူသည် ကြောက်ရွံစိုးရိမ်မှုမှ လွတ်ကင်းခြင်းမဟုတ်ဘဲ ကြောက်ရွံစိုးရိမ်မှုကို  ထိုထက်ကြီးမားသောအရာ ကို လက်ခံယုံကြည်ခြင်း အားဖြင့် အနိုင်ယူခြင်း ဖြစ်သည်။ မိမိရောက်လေရာ နေရာတိုင်း တွင်ဘုရားရှင်သည် ပါရှိသည်ဟု ယုံကြည်ခြင်းသည် ဤစိုးရိမ်ပူပန်မှုကို အနိုင်ပေးပါသည်။

(၃)       တစ်ကိုယ်ရေ ကောင်းစားရေးအတွက် တက်ကြွစွာ ဆောင်ရွက်ခြင်း
                  (ဟေဗြဲ ၁၁း၂၄-၂၆) မောရှေသည် ဖာရောဘုရင်၏ နန်းတော်တွင် လိုလေသေးမရှိ၊ နေထိုင် နိုင်သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်သော်လည်း သူသည် ထိုအရာများကို တရားမျှတမှု အတွက် စွန့်လွှတ်ခဲ့သည်။ မတရားသဖြင့် ညှင်းပန်းနှိပ်စက်မှုကို တွန်းလှန်ရန်အတွက် မိမိကိုယ်တိုင် ပါဝင်လှုပ်ရှား ခဲ့သည်။

(၄)         ဆန့်ကျင်ဖက် အင်အားကြီးမားသော အချိန်ကာလနှင့် ယုံကြည်ခြင်း      (ဟေဗြဲ ၁၁း၂၄-၂၆)
                  လူ့ဘ၀တွင် ပြဿ     နာအခက်အခဲများ ရင်ဆိုင်ရသော်လည်း ဘုရားစကားကို နားထောင်၍ ကိုယ်တော်၏ ဘုန်းတော်ကို အားကိုးခြင်းသည် ယုံကြည်ခြင်းပင် ဖြစ်သည်။ လူသားများ၏ အတွေ့အကြုံ ၊ တွေးခေါ် မြော်မြင်ခြင်းနှင့် မည်သို့ပင် ဆန့်ကျင်သော်လည်း ဘုရားရှင်သည် အကောင်းဆုံး ဖြစ်ပေါ်စေ မည် ဟု ခံယူ၍ လုပ်ဆောင်သော ယုံကြည်ခြင်း ပင်ဖြစ်သည်။
                 ဤဖော်ပြချက်များသည် သမ္မာကျမ်းစာတွင် ဖော်ပြထားသည့် မြောက်များစွာသော ယုံကြည်သူများ အနက်မှ သုံးဦးသာလျှင် ဖြစ်သည်။ ဤပုဂ္ဂိုလ်များ၏ အသက်တာအားဖြင့် ဖော်ပြသော အရာများသည် ယုံကြည်ခြင်း၏ ယေဘုယျသဘောတရားများကို ဖော်ပြသည်သာမက လူသားများ အပေါ်တွင် ထာဝစဉ် သစ္စာရှိသော ဘုရားသခင်အား မည်ကဲ့သို့ ယုံကြည်လက်ခံ သင့်ကြောင်း ဖော်ပြ ပါသည်။ ယုံကြည်ခြင်း ဆိုသည်မှာ လူသားတစ်ဦးစီမှ ဘုရားသခင်၏ ခေါ်သံကို တုံ့ပြန်၍ ဘုရားသခင်ထံမှ ကောင်းချီးမင်္ဂလာကို ခံယူကာ အသက်ရှင်ခြင်း အလိုတော်အတိုင်း လိုက်လျှောက်ခြင်း၊ မိမိအသက်ရှင်မှုဖြင့် ကိုယ်တော်ရှင်၏ ရှေ့တော်မှောက်တွင် နှစ်လိုဖွယ် အသက်ရှင်ခြင်း ပင်ဖြစ်သည်။


                                                                     ဒေါက်တာ အယ်ဝါး









No comments:

Post a Comment