Friday, August 31, 2018
သမ္မာကျမ်းစာသမိုင်း
ဓမ္မဟောင်းကျမ်း
                  သမ္မာကျမ်းစာထဲမှာ ပထမဆုံး ၃၉ကျမ်းကို ဓမ္မဟောင်းကျမ်းလို့ သိထားကြသည်။ ဓမ္မဟောင်း ကျမ်းကို ဟေဗြဲလို ရေးသားခဲ့တာ ဖြစ်ပြီး ကျမ်းပိုဒ်အနည်းငယ်လောက်ကိုသာ အာရေမစ်နဲ့ ရေးသား ခဲ့ပါတယ်။ ဓမ္မဟောင်းကျမ်းကို အောက်ပါအတိုင်း ကျမ်းဝင်အဖြစ် သတ်မှတ်ထားတာကို တွေ့နိုင်ပါတယ်။
၁။   ယုဒကျမ်းဝင် တနခကျမ်း
   ၁။   ကမ္ဘာဦးကျမ်း
   ၂။.   ထွက်မြောက်ရာကျမ်း            (ပညတ္တိကျမ်း)
   ၃။   ၀တ်ပြုရာကျမ်း                           တိုရာ
   ၄။   တောလည်ရာကျမ်း
   ၅။   တရားဟောရာကျမ်း
   ၆။   ယောရှုမှတ်စာ
   ၇။   တရားသူကြီးမှတ်စာ                  ( ကနဦးပရောဖက်ကျမ်းများ)
   ၈။   ဓမ္မရာဇ၀င်ပထမနှင့်ဒုတိယစောင်              နာဗီအင်း
   ၉။   ဓမ္မရာဇ၀င်တတိယနှင့်စတုတ္ထစောင်
   ၁၀။   ဟေရှာယအနာဂတ္တိကျမ်း
   ၁၁။   ယေရမိအနာဂတ္တိကျမ်း
   ၁၂။   ယေဇကျေလအနာဂတ္တိကျမ်း
   ၁၃။   ပရောဖက် ၁၂ပါး          ( နောက်ပိုင်းပရောဖက်ကျမ်းများ)
           ဟောရှေ                                     နာဗီအင်း
           ယောလ
          အာမုတ်
           သြဗတိ
           ယောန
           မိက္ခာ
           နာဟုံ
           ဟဗက္ကုတ်
           ဇေဖနိ 
           ဟဂ္ဂဲ
           ဇာခရိ
           မာလခိ
   ၁၄။   ဆာလံကျမ်း
   ၁၅။   ယောဘ၀တ္ထု
   ၁၆။   သုတ္တံကျမ်း                            ကဗျာ၊အင်္လကာကျမ်းများ
   ၁၇။   ရုသ၀တ္ထု                                     (ခါတုဗင်း)
   ၁၈။   ရှောလမုန်သီချင်း
   ၁၉။  ဒေသနာကျမ်း
   ၂၀။   ယေရမိမြည်တမ်းစကား
   ၂၁။   ဧသတာဝတ္ထု
   ၂၂။   ဒံယေလအနာဂတ္တိကျမ်း
   ၂၃။   ဧဇရ- နေဟမိမှတ်စာ
   ၂၄။   ရာဇ၀င်ချုပ်  ပထမနှင့်ဒုတိယစောင်
Wednesday, August 22, 2018
မြဲတည်ကျောက်၊ ကျွန်ုဖို့ကွဲ........
မြဲတည်ကျောက်ကျူး - Rock of Ages Cleft for me
သီချင်းနံပါတ်-   ၁၆၇
             ဓမ္မသီချင်းစာအုပ်သစ်၌ ပုဒ်ရေ ၁၆၇မြောက် သောသီချင်းသည် “မြဲတည်ကျောက်ကျူး” ဖြစ်ပါသည်။ မြောက်မြားလှစွာသော တပည့်တော်တို့သည် ဤသီချင်းအား လွန်စွာနှစ်သက်၍ ခွန်အား တည်ဆောက်ရန်အတွက် သီဆိုခဲ့ကြသည်။ စုံစမ်းခြင်းရောက်သောကာလများ၌........
                   “မြဲတည်ကျောက် ကျွန်ုပ်ဖို့ကွဲ
                   ခိုပါစေကိုယ်တော် အထဲ...........
                   နံတော်ထဲက စီးရေ... သွေး
                   ပြစ်အနာကိုငြိမ်းစေရေ....
                  ပြစ်ဖြေရှင်း နှလုံးဆေးကြော
                  ကုန်စင် ကယ်တင်ပါစေသော....”
                  ဤဓမ္မတေးသည် လဲမသွားစေရန် တိုးညှင်းစွာ အားပေးသော သီချင်းကောင်းတစ်ပုဒ် ဖြစ်ကြောင်း သက်သေခံချက် များစွာရရှိခဲ့ပါသည်။ အရက်သမားတစ်ယောက်ကို ပြောင်းလဲစေခဲ့ဖူးပါသည်။ ရေနစ်သူကို လွတ်မြောက်စေခဲ့ဖူးသည်...... စသည်ဖြင့် ရာဇ၀င်သမိုင်း ရှိခဲ့သည်။
               ဤဓမ္မတေး၏ မူလကား ၁၇၇၆ခုနှစ်တွင် ဖြစ်သည်။ နှစ်ပေါင်း ၂၂၀ကြာ ခဲ့ပြီး၊ ဆရာ သြဂတ်စတက်တော့ ပလေဒီ Rev. A. Toplady  1746-1778 ရေးသားခဲ့ပါသည်။ ဆရာသည် ၁၂နှစ်သား မှစ၍ တရားဟောကာ ၁၄နှစ်တွင် ဓမ္မသီချင်းများ စတင်ရေးစပ်သည်။ သူသည် သခင်ယေရှုနှင့် တွေ့၍ လက်တော်နှင့် တို့ခြင်းခံရပြီးလျှင် အပြစ်ကိုပယ်လျက် ၀မ်းမြောက်ဖွယ်သော ဧ၀ံဂေလိတရာကို ဆင်းရဲ ချမ်းသာမရွေး ဟောကြားခြင်းသည် အရေးကြီးသော သာသနာ့တာဝန် ဖြစ်သည်ဟု ယုံကြည်သူ တစ်ဦး ဖြစ်သည်။
            တော့ပလေဒီသည် ဤသီချင်း၌ လူသည် ဘုရားသခင်ကို ကနဦးကပင် လိုအပ်ခဲ့ကြောင်း၊ အသက်တာ တစ်လျှောက်လုံးတွင်သာမက ကောင်းကင်နိုင်ငံသို့ ၀င်စား၍ တရားစီရင်တော်မူသည်အထိ လိုအပ်ကြောင်းဖော်ပြ၍ ဆုတောင်းသံဖြင့် အဆုံးသတ်ခဲ့သည်။
တပည့်တော်ချစ်ခြင်းသည်.....
တပည့်တော်အချင်းချင်း ချစ်ခြင်းကျူး -    Blest Be the Tie that Binds
သီချင်းနံပါတ်-   ၃၆၆
           စည်းဝေးကြီးများ၏နိဂုံးတွင် ဤဓမ္မသီချင်းကို အသုံးများ ခဲ့ပါသည်။ ဓမ္မသဘင်များ ပြီးဆုံးခါနီးတွင် မခွဲမခွာကြမီ ဤဓမ္မသီချင်းကို သီဆိုကြသောအခါ စိတ်နှလုံးတွင် မမြင်ရသော တွယ်တာမှု တစ်ခုခုက အမှန်တကယ်ပင် ချည်နှောင်ခြင်း သံယောဇဉ်ကို ဖြစ်စေပါသည်။
             တပည့်တော်ချစ်ခြင်းသည်
            ညီအစ်ကိုချင်း၌တည်
           ထက်ဘုံ၌ကဲ့သို့တည်း........
         ဂျွန်ဖောဆက် John Fawsett 1740-1817 ၏ လက်ယာဖြစ်သော ဤသီချင်းကို ဓမ္မသီချင်း၏ ပုဒ်ရေ ၃၆၆အဖြစ် တွေ့မြင်ရပါသည်။ အင်္ဂလိပ်ဓမ္မသီချင်းစာအုပ်၌ ပုဒ်ရေ ၄၇၆တွင် Blest be the Tic that Binds ဟု ဖော်ပြပါသည်။ ဆယ့်ရှစ်ရာစုတွင် ဆရာဂျွန်ဖောဆက်သည် အင်္ဂလန်ပြည်၏ ကျေးလက်ဖြစ်သော ရောက်ရှားရွာ၏ သင်းအုပ်ဖြစ်ခဲ့သည်။
          ဂျွန်ဖောဆက်၏ မွေးသက္ကရာဇ်ကို ၁၇၃၉ဟူ၍ မူကွဲလည်းတွေ့ရပါသည်။ သူသည်ဆင်းရဲသော မိသားစုမှ မွေးဖွားလာသူဖြစ်ပြီး ၀ှိုက်ဖီးလ်၏ တရားကြောင့် စိတ်ပြောင်းလဲလာခဲ့သူ ဖြစ်ပါသည်။ အသက်၁၆နှစ်တွင် ပြောင်းလဲ၍ ၂၆နှစ်တွင် အမှုတော်ဆောင်ဖြစ်လာကာ ရောက်ရှားရွာတွင် သင်းအုပ် လုပ်ခဲ့ပါသည်။
           သူသင်းအုပ်လုပ်သော အသင်းတော်တွင် ဆင်းရဲသောသူများ ပါဝင်ဖွဲ့စည်းထားသဖြင့် ဆရာ့ကို လစာ ကောင်းကောင်းမထောက်ပံ့နိုင်ပေ။ ပေါင် ၅၀ခန့်မျှသော လစာနှင့်ကြိုးစား အမှုထမ်းရာ သင်းဝင်သူ များစွာ၏ ချစ်ခင်မှုကို ရရှိပေသည်။
အို...ငါဝိညာဉ်နောက်နောက်မမေ့..........
မေတ္တာတော်အောက်မေ့ကျူး-    O thou my Soul forget me more
သီချင်းနံပါတ်.......... ၂၆၃
          ဤသီချင်းကို မူလက ဟိန္ဒူစာနှင့် ကရစ်ရှနပ် အမည်ရှိသော ဟိန္ဒူတစ်ပည့်တော် တစ်ယောက် ရေးသည်။ ကရစ်ရှနပ် တပည့်တော်ဖြစ်ရသည့် အကြောင်းမှာ တစ်နေ့သ၌ လက်သမားလုပ်၍ လက်မောင်း ကျိုးသဖြင့် ဓမ္မဆရာကယ်ရီ၏ လက်ထောက် ဆရာသောမကို ခေါ်ယူ၍ကုသလျှင် ဆရာသောမသည် အခွင့် အားလျော်စွာ ဧ၀ံဂေလိတရားတော်ကို သူ့အား ဟောပြောလေသည်။ ကရစ်ရှနပ်စိတ်တွင် ထိုဆရာ တရားတော် အမြစ်စွဲ၍ စဉ်းစားလေလေဖြစ်သည်။
         မယား၊သမီးပေါင်း သုံးယောက်တို့လည်း ထိုအတူသဘောကျ သောကြောင့် ၁၈၀၀ပြည့်၊ ဒီဇင်ဘာ ၂၂ရက်နေ့တွင် ဆရာကယ်ရီထံမှာ နှစ်ခြင်းမင်္ဂလာကို တောင်းလေသည်။
          ကရစ်ရှနပ်၊ညီ၊ မယားနှင့် သမီးတို့ ဟိန္ဒူဇတ်ကိုစွန့်၍ ခရစ်ယာန် ရေနှစ်ခြင်းမင်္ဂလာ ခံမည်ကို ဆီရင်ပူမြို့သူ၊မြို့သား လူအများတို့ ကြားသိကြလျှင် လူနှစ်ထောင် ထကြွသောင်းကျန်း၍ ကရစ်ရှနပ် အိမ်သို့သွားရောက်လျက်သူနှင့်သူ့ညီအစ်ကိုတို့ကို ဆွဲထုတ်ပြီးလျှင် ရာဇ၀တ်တရားသူကြီးမင်းရှေ့ အပ်ကြသော်လည်းချက်ချင်းလွှတ်ခွင့် ရကြလေသည်။
ငြိမ်သက်ခြင်းမြစ်လို......
ကောင်းပေသည်ကျူး-   It is well in my soul
သီချင်းနံပါတ်-   ၂၉၉
           ဤသီချင်းကို ကျွန်တော့်၏ အဖွားဖြစ်သူ ဒေါ်အုန်းစိန်(ဖဒိုမြို့နေသူ) အလွန်နှစ်သက်သဖြင့် ငယ်စဉ်မှ သီဆိုခဲ့သည်ကို ကြားဖူးခဲ့သည်။ သူ့အသက် ၉၀ခန့်တွင် သူငယ်ပြန်၍ အရာရာမေ့လျော့ကာ သတိလက်လွတ် ရှိခဲ့သော်လည်း ဤသီချင်းကိုမူ မမေ့၊ ဆိုမြဲရှိသည်။ အသက်တာတစ်လျှောက်လုံး သူမ မက်မောစွာ သီဆိုခဲ့ပါသည်။ အရာရာကို မေ့သော်မှ.... ဤသီချင်းကို မမေ့နိုင်။ နှလုံးသားတွင် ကိန်းဝပ် နေဆဲဖြစ်သည်။ ဤသီချင်းကို သူမနည်းတူ ခရစ်ယာန်အများသည်လည်း ခွန်အားယူရန် သီဆိုကြသည်။
            မူရင်းတေးပြုစာဆိုမှာ..... မစ္စတာ အိပ်၊ ဂျီ စပက်ဖော် ဖြစ်သည်။ ၁၈၇၆ခုနှစ်တွင် ရေးသား ခဲ့သည်။ သူ၏ ခါးသီးသောအတွေ့အကြုံမှ ဖြစ်ပေါ်လာသော ခံစားချက်လည်း ဟုတ်မှန်ပါသည်။ ၁၈၇၄ခုနှစ်တွင် ပြင်သစ်သင်္ဘော စီဒီဟေ၀ါသည် အမေရိကန်မှအပြန် အတ္တလန်တိတ် သမုဒ္ဒရာ၌ ရွက်သဘောင်္တစ်စီးနှင့် တိုက်မိပျက်စီး၍ နစ်မြုပ် သွားခဲ့သည်။ သင်္ဘောတွင်ပါလာသော ခရီးသည် အများအပြား ရေနစ်သေဆုံးကြစဉ်..... စပက်ဖော် မိသားစုလည်း ပါဝင်ပါသည်။
ကိုယ်တော်နှင့်နီးစေပါ
ကိုယ်တော်နှင့်နီးစေပါကျုး- Nearer my God to thee
ဓမ္မသီချင်းနံပါတ်-  ၁၉၈
                     “ကိုယ်တော်နှင့်နီးစေပါ၊ ကျွန်ုပ်ဘုရား၊ ကားတိုင်ဖြင့်မြောက်သော်လည်း၊ ဤပတ္ထနာ” အစချီသော ဓမ္မသီချင်းကို ခရစ်ယာန်တို့သည် ကြေကွဲသောအချိန်တွင် တပ်မက်ခုံမင်စွာ အားယူသီဆို ကြပါသည်။
        ဓမ္မသီချင်းကျွမ်းကျင်သူများက...........
        အမျိုးသမီးစာဆိုများ ရေးသည့် ဓမ္မသီချင်းများအနက် အကောင်းဆုံး ဂန္တ၀င်သီချင်းဟု မှတ်ချက်ပြု ပါသည်။ စာရာဖလားဝါး၏ လက်ယာဖြစ်၍ ဖခင်ဖြစ်သူ တီဖလားဝါး၏ အမွေကို ရသောသူ ဖြစ်ပါသည်။ ကမ္ဘာဦးကျမ်း ၂၈း၁၁-၁၇ ကိုအခြေပြု၍ စပ်ဆိုသော သီချင်းဖြစ်လေသည်။ ၁၈၄၁ခုနှစ်တွင် ဤသီချင်းကို ရေးခဲ့ပြီး၊ ၁၈၄၃ခုနှစ်တွင် မစ္စတာအာဒံနှင့် လက်ထပ်သည်။ သူတို့နှစ်ယောက်သည် သီချင်းအများအပြားကို ရေးခဲ့သူများ ဖြစ်ကြပါသည်။
           မြန်မာဘာသာသို့ ဆရာကြီး စတီဗင်က ၁၈၆၅ခု ဇူလိုင်လတွင် ပြန်ဆိုရေးသား ခဲ့ပါသည်။ ဤသီချင်းနှင့် ပတ်သက်သော အဖြစ်အပျက် သက်သေခံမှု အများအပြားရရှိ လေသည်။
ငါတို့ပြစ်နှင့်ဝမ်းနည်းခြင်းများ
မိတ်ဆွေယေရှုကျူး-    What a Friend We Have in Jesus
             ဂျိုးဇက်စကရီဗင်(၁၈၂၀-၁၈၈၆) ၏ လက်ယာမွန် သီချင်းလေးဖြစ်ပါသည်။ ခရစ်ယာန် အများအပြား နှစ်သက်သော သီချင်းဖြစ်၍ ခွန်အားယူသီဆိုကြသည်။ ဤဂန္တ၀င်သီချင်းသည် နှစ်ပေါင်းရာချီ၍ ကြသော်လည်း မဟောင်းမနွမ်းဘဲအမြဲအသုံးပြုခဲ့သော သီချင်းဖြစ်သည်။ ဆရာအဆောင်း၏ မြန်မာလက်ယာ အကောင်းဆုံးလည်းဖြစ်သည်။
             ဤသီချင်း၏မူရင်းစာဆို ဂျိုးဇက်စကရီဗင်သည် လက်ထပ်ရန်ပြင်ဆင်ထားသောနေ့၌ ... လက်မထပ်မီမှာပင် သတို့သမီးသည် ရေနစ်၍သေဆုံးလေသည်။ အထီးကျန်သောသူ့ဘ၀ကို အသစ်မမရှာဘဲ အမှုတော်ဆောင်ဖို့ရန် သိန္နိဋ္ဌာန်ချလေသည်။ ထရီနတီကောလိပ်မှ ဘွဲ့ရပြီးရုပ်ရည် ချောမောသော်လည်း မာန်မာနမရှိ။ အလုပ်ကြမ်းသမားတစ်ယောက် ကဲ့သို့ပင် သွားလားနေထိုင်၍ နေထိုင်၍ နေလေသည်။
               တစ်ခါက အိမ်ရှင်မတစ်ယောက်က သူ့အားထင်းခွဲရန် မှားယွင်း၍ ငှားရမ်းဖူးသည်ကို မာန်မာန မရှိ ၀င်၍ခွဲပေးလေသည်။ ထိုမှစ၍ လူအို၊လူနာတို့၏ ထင်းများကို အခမဲ့ လိုက်လံခွဲခြမ်းပေးလေသည်။ ရှင့်နာမည်ဘယ်လိုလဲလို့ မေးလျှင် .......
             “ဒုက္ခိတနှင့် ဆင်းရဲသားမုဆိုးမ တို့၏ထင်းကို အခမယူဘဲ ဖြတ်ပေးတတ်သော မစ္စတာ စကင်ရီဗင်...... ” ဟုဖြေတတ်သည်။
Tuesday, August 21, 2018
မြန်မာဓမ္မသီချင်းများ၏ရာဇ၀င်
                 နှစ်ခြင်းသာသနာ မြန်မာပြည်သို့ရောက်လာခါစတွင် ဓမ္မသီချင်းများကို အသုံးမပြုကြပေ။ ဆရာ ယုဒသန်ဦးဆောင်သော သာသနာပြုသူတို့၏ လက်ထဲတွင် မြန်မာဘာသာ ဓမ္မသီချင်းများမရှိနိုင် သည့်အပြင် ဆရာယုဒသန်သည် ကိုယ်တိုင်ကလည်း သီချင်းကို အသံအနေအသံထားနှင့် သီဆိုသင်ကြားပေးဖို့ အားနည်းနေသောကြောင့်ဟု ဆိုပါသည်။
               တချို့ကတော့ ဆရာယုဒသန်သည် အသံမတည့်၊ သီချင်းမဆိုတတ်ဟု ပြောကြပါသည်။ မြန်မာ လူမျိုးကလည်း ဘုရားရှိခိုးရာတွင် သီချင်းမဆိုသင့် ....... ဟု အယူသည်း အစွဲကြီးကျန်နေတာကိုလည်း ဖြစ်နိုင်ပါသည်။ ထိုအယူသည်းမှုသည် မြန်မာပြည်မှာသာမက အင်္ဂလန်မှာလည်း ရှိခဲ့ဖူးသဖြင့် အင်္ဂလိပ်တို့ သည် ဆာလံသီချင်းကိုသာ အချိန်ကြာမြင့်စွာ သီဆိုခဲ့ကြရသည်ဟု ဆိုပါသည်။
                ၁၈၆၉ခုနှစ် မှတ်တမ်းတစ်စောင်တွင် ဆရာကြီးမေဆင် Rev. Francis Mason မော်လမြို့သို့ ဆိုက်ရောက်လာခါစ အချိန်တွင် ခရစ်ယာန်တပည့်တော်များ၊ မြန်မာ၊ ကရင်တို့သည် ဓမ္မသီချင်းမဆိုဘဲ ဘုရားရှိခိုးလျှင် အစတွင်ပင် ........ “သုံးပါးပေါင်း တစ်ဆူတည်းဖြစ်တော်မူ သော ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ၀ိညာဉ်တော် ဘုရားကို ရှိခိုးပါ၏”  ဟူ၍ ရွတ်ဆိုကြသည်ဟု ဆိုသည်။ ဤအစီအစဉ်ကို ဆရာယုဒသန်က စီမံခဲ့ပြီးနောက် တဖြည်းဖြည်းဓမ္မသီချင်းဆိုသော အလေ့အကျင့်ကို တည်ဆောက်ယူ ခဲ့ရသည်ဟု ဆိုပါသည်။
              ဓမ္မသီချင်းကို သီဆိုခြင်းအမှုသည် ဆရာကတ္တားနှင့် ဆရာဟင်းကောက်တို့၏ မိသားစုများ ရောက်လာမှ ပို၍ဖွံ့ဖြိုး လာသည်။ ထိုဆရာတို့၏ ဇနီးသည်တို့သည် အလွန်သီချင်းဆိုတတ်၍ အသံလည်း ကောင်းသည်။ ၀ါသနာပါ၍ သူတပါးကိုလည်း သင်ကြားပေးဖို့ စေတနာရှိသည်။ သူတို့၏ ကြိုးစားမှုဖြင့် မြန်မာဓမ္မသီချင်း၏ သြဇာသည် ယုံကြည်သူများအပေါ်လွှမ်းမိုး၍ သီချင်းအားဖြင့် ဂုဏ်တော်ချီးမွမ်းဖို့ရန် အတွက် ပျော်မွေ့နှစ်သက်လာကြသည်။