Saturday, April 4, 2015

အသင်းတော်နှင့်မြန်မာ့ရေခံမြေခံအတာသင်္ကြန်

             ကျိုင်းတုံဘက်မှရွာလေးတစ်ရွာတွင် တိုင်းရင်းသားများစုကာ နေထိုင်ကြသည်။ အများစုမှာ ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်သူများ ဖြစ်သည်။ ရွာလေးဟုဆိုသော်လည်း ရွာတွင်အိမ်ခြေ (၆၀၀)ကျော်ခန့် ရှိသောရွာဖြစ်သည်။ ထိုရွာ၌ ရပ်ကွက်ပေါင်း(၁၀) ရပ်ကွက်ရှိသည်။ ရွာထိပ်မှစတင်ကာ ရပ်ကွက်(၁-၂) စသည့်ဖြင့် ရေတွက်ကာဖွဲ့စည်းထားသည်။ ထူးခြားသည်မှာ ရပ်ကွက်(၁၀) ရပ်ကွက်ရှိသည့်အနက် ရပ်ကွက်(၁)သည် ခရစ်ယာန်ရပ်ကွက် ဖြစ်သည်။ ကျန်(၉)ရပ်ကွက်မှာ ဗုဒ္ဓဘာသာ ရပ်ကွက်များဖြစ်သည်။ ထိုရွာလေးတွင်နှစ်စဉ် အတာသင်္ကြန်ကို စည်းကားစွာကျင်းပကြသည်။ 
                ယခုလည်း    သင်္ကြန်ကာလရောက်ရန်     တစ်ပတ်သာလိုတော့တဲ့    အချိန် ရွာလူကြီး များက ကြေငှာချက်တစ်ခုထုတ်ပြန်လိုက်သည်။ “ဒီနှစ်သင်္ကြန်မှာ ရပ်ကွက်အလိုက်သင်္ကြန်မဏ္ဍပ် ပြုလုပ်ကာ မည်သည့်မဏ္ဍပ်သည် အကောင်းဆုံးဖြစ်ကြောင်း ပြိုင်ပွဲပြုလုပ် မည်ဖြစ်သဖြင့် ရပ်ကွက်တိုင်း သင်္ကြန်မဏ္ဍပ်ကို မဖြစ်မနေလုပ်ရမည်။” ဟုထုတ်ပြန်ပါသည်။ ခရစ်ယာန် ရပ်ကွက်ဖြစ်သော ရပ်ကွက်(၁)က အသင်းတော်လူကြီးများ ခေါင်းကိုက်နေရပြီ။ တစ်နှစ်မှမလုပ်ဖူးသောအရာ ကိုယ့်ဘာသာတရားနှင့်လည်း မဆိုင်သောကြောင့် ဆွေးနွေးရပြီးပေါ့။ မလုပ်ပြန်ရင်လည်းဒီရွာမှာ ကိုယ်ကလူနည်းစုလေ။ ရွာလူကြီးစကား နားမထောင်ဖြစ်ဦးမယ်။ လုပ်ပြန်ရင် လည်း သင်းအုပ်ဆရာ ခေါင်းဆောင်ပြီး ရေကစားတာမျိုးက မသင့်တော်ပြန်။ တကယ်ခေါင်းကိုက်စရာပါပဲ။



                        ဒါနဲ့သင်္ကြန်ကိုရောက်တော့ ရပ်ကွက်တိုင်းလိုလို သင်္ကြန်မဏ္ဍပ်ကို အပြိုင်ဆောက်ကြပြီး ဆင်နွှဲဖို့ အဆင်သင့်ဖြစ်နေကြတယ်။ ရပ်ကွက်(၁)က ခရစ်ယာန်ရပ်ကွက်လည်း အပါအ၀င်ပေါ့။ သင်္ကြန်ရောက်ပြီဆိုတာနဲ့ မဏ္ဍာပ်တိုင်းက အပြိုင်အဆိုင် သီချင်းတွေဖွင့်ကြ၊ ကကြ၊ ဆိုကြနဲ့ ပျော်ရွှင်စွာ ဆင်နွှဲနေကြတယ်။ အချို့ မဏ္ဍပ်ဆိုရင် လူငယ်တွေ အသောက်အစားပါ ပါလာတော့ စကားတွေများကြ တဲ့အထိဖြစ်လာကြတယ်။ ဒါပေမဲ့လည်း ကောင်းမွန်စွာနဲ့ သင်္ကြန်ပွဲတော်ကို ရေတွေပက်ရင်း ကျော်ဖြတ်ခဲ့ ကြတယ်။ အဲဒီအချိန် ရပ်ကွက်(၁)ရဲ့ မဏ္ဍပ်မှာတော့ ဘာသီချင်းဖွင့်သံမှမကြားရ။ လူတွေဘာလုပ်နေကြ သလဲဆိုရင် သင်းအုပ်ဆရာခေါင်းဆောင်ပြီး ရွာမှာရှိတဲ့ သက်ကြီးရွယ်အိုတွေကို ရေချိုးပေးတဲ့သူ၊ လက်သဲ ခြေသဲညှပ်ပေးတဲ့သူ၊ အစားအသောက်ပြင်ဆင်ပေးတဲ့သူနဲ့ အလုပ်ရှုပ်နေကြတယ်။ ဒီခရစ်ယာန် ရပ်ကွက်က လူကြီး၊ လူငယ်၊ ကလေးတွေ ရေပက်ကစားတာမတွေ့ရဘဲ သက်ကြီးရွယ်အိုများရဲ့ အ၀တ်တွေ လျှော်ပေးခြင်း စတာတွေနဲ့ ပွဲတော်ကြီးပြီးဆုံးသွားစေတယ်။
                       ပွဲတော်ပြီးတဲ့အခါ ရွာလူကြီးတွေက ဒီနှစ်သင်္ကြန်ရဲ့ အကောင်းဆုံးမဏ္ဍပ်ကို ကြေငှာတဲ့ အခါမှာ ရပ်ကွက်(၁)က ဆုရသွားပါတယ်။ အားလုံးကဘာကြောင့်လဲ အံ့သြနေကြတဲ့အခါ ရွာလူကြီးက “ရပ်ကွက်(၁)က ဘာကြောင့်အကောင်းဆုံး ဆုကိုရသွားသလဲဆိုရင် သူတို့ဟာ တကယ့်အနှစ်သာရရှိတဲ့ သင်္ကြန်ကိုကျင်းပ နိုင်ခဲ့လို့ပဲဖြစ်ပါတယ်။ အမွန်မြတ်ဆုံးသော ကုသိုလ်ကိုလုပ်ခဲ့ကြလို့ ပဲဖြစ်ပါ တယ်။” လို့ ပြောပါတယ်။ 
                         မြန်မာ့ယဉ်ကျေးမှုအရ နှစ်သစ်ကူးချိန်မှာ ရဟန်သံဃာတော်တွေကို ဆွမ်းဘောဇဉ် ကပ်ခြင်း၊ စတုဒီသာကျွေးမွေးခြင်း၊ ဘုရားကျောင်းကန်များကို သန့်ရှင်းခြင်း၊ ဥပုသ်ဆောက်တည်ခြင်း စသည့် ကောင်းမှုကုသိုလ်များ ပြုကြတယ်။ မိဘ သက်ကြီးသူတွေကို ခေါင်းလျှော်ပေးခြင်း၊ လက်သည်းညှပ် ပေးခြင်း၊ အိုမင်းသောနွာများကို ဘေးမဲ့လွှတ်ပေးခြင်း၊ ရေနည်းငါးများကို မြစ်ချောင်းများ သို့လွှတ်ခြင်း စသည့်ကောင်းမှုများကို ပြုကြသည်။ သင်္ကြန်ဟာ မြန်မာလူမျိုးများအတွက် ကောင်းမြတ်တဲ့ လူမှုရေး၊ ယဉ်ကျေးမှုများသာမက မြန်မာတို့ရဲ့ဖြူ စင်တဲ့စေတနာအလှ၊ သဒ္ဒါတရားအလှ ယဉ်ကျေးမှုများကို ပြသတဲ့ပွဲတော် ဖြစ်သည်။
                        ဒီအဖြစ်အပျက်လေးက အမှန်တကယ်ဖြစ်သွားတဲ့ အကြောင်းအရာလေးပါ။ ဒီနေ့ အသင်းတော်တွေ ရင်ဆိုင်နေရတဲ့ မေးခွန်းတစ်ခုရဲ့ အဖြေတစ်ခုလို့ ဆိုနိုင်ပါတယ်။ ဒီနေ့ အသင်းတော် များဟာ နှစ်သစ်ကူးအတာသင်္ကြန်နဲ့ ဘယ်လိုဆက်စပ်နေသလဲ။ ဘယ်လိုပါဝင်နေကြသလဲ။ အထူးသဖြင့် ယနေ့ယုံကြည်သူ ခရစ်ယာန်လူငယ်များ လူကြီးများထက် ပိုမိုဆက်စပ်ကာ ပါဝင်နေကြတာတွေ့ရတယ်။ ယနေ့လူငယ်များသည် သင်္ကြန်တွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်နေကြသည်။ ဒါ့အပြင် နိုင်ငံကျော် ခရစ်ယာန် အဆိုတော်များသည်လည်း အတာသင်္ကြန်တွင် သီဆိုဖျော်ဖြေခြင်း၊ တီးခတ်ခြင်းများမှာ ပါဝင်နေကြသည်။ သို့ဆိုလျှင် ခရစ်ယာန်များသည် ယုံကြည်သူတစ်ဦးအနေဖြင့် ဘယ်လိုပုံသက်သေပြ ပါဝင်ရမည်လဲ ဆိုတဲ့ မေးခွန်းဖြစ်လာသည်။ 


                     သမ္မာကျမ်းစာဖော်ပြချက်မှာ (မဿဲ  ၅း၁၆) မှာ “ထိုနည်းတူ သူတစ်ပါးသည် သင်တို့၏ ကောင်းသောအကျင့်ကိုမြင်၍ ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘ၏ ကျေးဇူးတော်ကို ချီးမွမ်းစေခြင်းငှာ သူတစ်ပါးရှေ့ သင်တို့အလင်းကို လင်းစေကြလော့။” ဟုဖော်ပြထားပါတယ်။
                     ဒီနေ့ခရစ်ယာန်များ အနေဖြင့် မိမိရဲ့ဝတ်စားဆင်ယင်မှု၊ အသက်ရှင်မှုများဟာ သူတစ်ပါး အတွက် အလင်းဖြစ်ရဲ့လား။ သင်္ကြန်များတွင် ဖျော်ဖြေသီဆိုခြင်းအားဖြင့်  ပါဝင်နေကြသောသူများဟာ မိမိရဲ့ဝတ်စားဆင်ယင်မှုအားဖြင့် သူတပါးအတွက် ထိမိသောဝတ်စားဆင်ယင်မှုဖြစ်နေတတ်ပါတယ်။ 
                 ကျွန်တော်ကရှမ်းပြည်နယ်မြောက်ပိုင်း မှာရှိတဲ့ နယ်စပ်မြို့ကလေးတစ်မြို့မှ နေထိုင်တဲ့သူဖြစ်တယ်။ မြို့ကလေး သေးငယ်တဲ့အတွက် လူမှုရေးတစ်ခုခုကိုယ် ဆောင်ရွက်ပြီဆိုလျှင် လူမျိုး၊ဘာသာမရွေး ပါဝင်ဆောင်ရွက်တတ်ကြတယ်။ ကျွန်တော်ရဲ့ ခရစ်စမတ်ပွဲ တွေမှာလဲ အခြားဘာသာဝင်တွေ လာရောက်ပါဝင်တတ်တယ်။ အသင်းတော် မှာရှိတဲ့လူငယ်များဟာလည်း သင်္ကြန်ပွဲမှာ ပါဝင်တီးခတ်ခြင်း၊ သီဆိုခြင်း၊ ရေသဘင်မှာပါဝင်ခြင်း တွေကိုတွေ့ နေရသည်။ ၀မ်းနည်းစရာ ကောင်းတာက ကျွန်တော်တို့ ယုံကြည်သူရဲ့အသက်တာဟာ တခါတရံ အခြားသူများကြားမှာ ထိမိ၍လဲစရာဖြစ်စေသော အပြုအမူများ၊ ၀တ်စားဆင်ယင်ခြင်းများ၊ နေထိုင်မှုများကို တွေ့နေရ၊ ကြားနေရသည်။
                         အသင်းတော်များအနေဖြင့် မိမိတို့ရဲ့ကိုယ်ပိုင်ခံယူချက်၊ ယုံကြည်ချက်တွေကို သွန်သင်မှုပြု ရမည်ဖြစ်သလို  တစ်ဖက်တွင်အခြားဘာသာဝင်များ၏ ယဉ်ကျေးမှုနှင့်ရင်းနှီးအောင်ပြုပေး ရမည်ဖြစ်သည်။ ယနေ့ခေတ်တွင် မိမိတို့ဖာသာ ရပ်တည်ခြင်းလုပ်ကိုင်ခြင်းထက် လူသားများမှာ မတူညီတဲ့ အတွေးအခေါ်၊ ယဉ်ကျေးမှု၊ ခံယူချက်များကြားမှာ တူညီတဲ့အရာများကိုဖော်ထုတ်ပြီး လက်တွဲပြီးငြိမ်းချမ်းတဲ့ လူ့ဘောင်အဖွဲ့အစည်းကို တည်ထောင်ရမှာဖြစ်ပါတယ်။ 
                     နှစ်သစ်ကူးသင်္ကြန်ဟာ မြန်မာတို့ရဲ့ပျော်ရွှင်စရာကောင်းတဲ့ ဓလေ့တစ်ခုဖြစ်သလို ကောင်းမြတ်တဲ့အနှစ်သာရ ရှိတဲ့ယဉ်ကျေးမှုဓလေ့ တစ်ခုအဖြစ် နားလည်လက်ခံကာ စည်းကမ်းရှိသော ပါဝင်မှုပြုရပေမည်။ လောက၏အလင်းဟု ဆိုရာတွင် မိမိတို့၏ယုံကြည်သူများကြားတွင်သာ ထွန်းလင်းတို့မဟုတ်ပါ။ မိမိတို့အလင်းကို တစ်ပါးသူကြား ယူဆောင်ထွန်းလင်းဖို့ ခရစ်တော်မိန့်မှာထားခြင်းဖြစ်သည်။ ခရစ်တော်က လောကဆားဖြစ်ခြင်းဆိုသည်မှာ ဆားသည်ဟင်းထဲတွင် ထည့်လိုက်သောအခါ ပျော်ဝင်ပြီး၊ ပိုမိုကောင်းမွန်သောအရသာကိုပေးသည်။ အစားအစာများ ကြာရှည်ခံဖို့ ဆားနယ်ထားလိုက်ရင် အထားခံသည်။ ဆားသည်သူပါဝင်သမျှသော အရာများမှာ ပျော်ဝင်ပြီး ကောင်းမွန်သောအခြေအနေကို ဖြစ်စေသည်။ 
                        ယနေ့ယုံကြည်သူများသည် လောကထဲသို့သွားကာ လောက၏ယဉ်ကျေးမှုများ၊ လုပ်ဆောင်မှုများတွင် ပါဝင်ကာ ပိုမိုကောင်းမွန်သော အခြေအနေများဖြစ်ပေါ်စေဖို့ လောကအတွက်အလင်း၊ ပုံသက်သေများဖြစ်စေကာ အသက်ရှင်ဖို့ရန် တာဝန်ရှိကြောင်း အမြဲသတိရနေရမှာဖြစ်ပါတယ်။

            “သင်တို့သည် ဤလောက၏ဆားများဖြစ်ကြ၏”   မဿဲ (၅း၁၃)



                                                                                     ဧနောက် (ကွမ်းလုံ)












No comments:

Post a Comment