Wednesday, April 29, 2015

အချစ်ဆိုတာ အသစ်အသစ်ဖြစ်နိုင်သလား

               “အချစ်ဆိုတာ တစ်သက်မှာတစ်ခါသာ ပေါ်ပေါက်လာတတ်တာမျိုး ဖြစ်တယ်။ တစ်ခါချစ်ပြီးရင် နော်ထပ် အသစ်ထပ်ချစ်လို့ မဖြစ်နိုင်တော့ဘူး။
                  “ငယ်ချစ်ဦးနဲ့ လွဲခဲ့ရကတည်းက ဘ၀မှာ အချစ်ဆိုတာ မရှိတော့ဘူး။ အကြောင်းကြောင်းကြောင့် အိမ်ထောင်ပြုခဲ့ရပေမယ့် အိမ်ထောင်ဖက်ကို ချစ်လို့မရဘူး။ ကိုယ့်ချစ်သူကိုသာ တမ်းတနေခဲ့တယ်။” 
                      ဆိုတဲ့စကားမျိုး တွေကို ၀တ္ထုတွေ၊ ကဗျာတွေမှာ တွေ့ရလေ့ ရှိတယ်။ စကားနောက် တရားပါ ဆိုသလိုပဲ အဲဒီစကားတွေကို အဟုတ်ထင်၊ အမှန်ထင်ပြီး ဘ၀ပျက်သွားရသူတွေ အများကြီး ရှိပါတယ်။ ဒီစကားတွေဟာ အဟုတ်အမှန် မဟုတ်ဘူးလား။ အချစ်ဆိုတဲ့စိတ်ဟာ ပြောင်းလဲယူလို့ ရလား။ အချစ်ဆိုတဲ့စိတ်ဟာ ပြောင်းလဲတတ်သလား။ 
                     လေးလေးနက်နက် စဉ်းစားတွေးတောကြည့်ရင် ဒီစကားတွေဟာ ကိုယ့်ကိုယ်ကို လှည့်စား တတ်တဲ့ လူ့သဘာဝအရ ပေါ်ထွက်လာတဲ့ စကားတွေသာ ဖြစ်တယ်။ အဟုတ်အမှန် မဟုတ်ဘူး ဆိုတာကို သိနိုင်ပါတယ်။ ဆရာကြီးပီမိုနင်း ရေးခဲ့တဲ့ “အချစ်ဖြတ်လမ်း” ဆိုတဲ့ စာအုပ်ထဲမှာလည်း ဆရာကြီးက....
                 “ငယ်ကအချစ် အနှစ်တစ်ရာ ဟူသောစကားသည် အခါတိုင်း မမှန်ချေ။ အကြောင်းမူကား အကောင်းအဆိုး အကျိုး အပြစ်ကို မသိသေး။ ငယ်ချစ်စိတ်က ကြီးသည့်တိုင်အောင် မြဲရိုးထုံးစံမရှိ။ ရည်းစား တစ်ထောင် လင်ကောင်တစ်ယောက် ဟူသောစကား၌ ငယ်ချစ်တို့၏မမြဲကြောင်း ပါရှိပြီး ဖြစ်လေသည်” လို့ရေးခဲ့ပါတယ်။ ဒါ့အပြင် ဆရာကြီးက......



                “ ရှေးဦးပထမ ရိုးရိုးအချစ်မှ ကိလေသာအချစ် အဖြစ်သို့ ရောက်တတ်လေ၏။ သဒ္ဓါမှ တဏှာ ထွက်ပေါ်ပုံအကြောင်းကို မည်သူမဆိုသိလေရာ အထူးဖော်ပြရန် မလိုတော့ပေ။ သဒ္ဓါနှင့် တဏှာသည် ၅၂၈ နှင့် ၁၅၀၀ ကဲ့သို့ တစ်ဦးနှင့်တစ်ဦး အကြောင်းပြု၏။ သဒ္ဓါကြောင့် တဏှာဖြစ်၏။ တဏှာကြောင့်လည်း သဒ္ဓါ ဖြစ်နိုင်ပြန်လေသည်။ ထိုအတူ ၅၂၈သည် အဖိုနှင့်အမ နီးစပ်အပ်ပြီးသောအခါ ၁၅၀၀သို့ ရောက် သည့် နည်းတူ ၁၅၀၀နှင့် ရင်းနှီးပြီး အတော်ကြာပြီးလျှင် ၅၂၈သို့ ပြန်ရောက်နိုင် လေသည်။ 
                   ၅၂၈နှင့် ၁၅၀၀ သိသိသာသာ ခြားနားပုံမှာ ၅၂၈သည် ငြီးငွေ့ခြင်းမရှိ၊၁၅၀၀မှာ ငြီးငွေ့ခြင်းကြောင့် အပြောင်းအလဲကို လိုလားတတ်ခြင်း ဖြစ်လေသည်။ သို့သော်လည်း ၅၂၈သည် အဟောင်းတလည်လည် ဟူသောစိတ်ကို ဖြစ်စေနိုင်လေသည်။ အကြင်လင်မယား ဖြစ်၍နေရာ၌ ၅၂၈ ကြောင့် ရက်စက်စွာ စွန့်နိုင်ခဲသော်လည်း ၁၅၀၀ကိစ္စကိုမူ ခေတ္တစွန့်ကာ အခြားသို့ရောက် စေနိုင်လေသည်။ ၅၂၈မှာ ထိုကဲ့သို့ စွန့်ခြင်းမရှိပေ။ အတိုးအပွါးသာ ရှိနိုင်လေသည်။
                        ၁၅၀၀သည် စွန့်လည်းစွန့်နိုင်၏။ ပြောင်းလည်း ပြောင်းလဲနိုင်၏။ တိုးလည်း တိုးနိုင်လေသည်။ အတိုးဆိုသည်မှ တစ်ယောက်အပြင် နှစ်ယောက်၊ သုံးယောက်တိုးခြင်းကို ဆိုလို၏။ ကိလေသာ အချစ်သည် စင်စစ်အားဖြင့် အချစ်မဟုတ် ကောင်းသည်ဟုထင်မှတ်ရသော အရာတစ်ခုကို တပ်မက်သော စိတ်တစ်မျိုးပင်ဖြစ်သည်။
               ............... အများအားဖြင့် ချစ်သူ ငယ်ရည်းစားတို့မှာ စိတ်မချရဆုံးဖြစ်လေသည်။ အကောင်း ကို မစားဖူးသော ပါးစပ်သည် ကြက်သားကိုသာ ဟင်းကောင်းထင်တတ်သလို ငယ်ရွယ်သူတို့သည်အချစ် လမ်း၌ အတွေ့အကြုံ နည်းကြလေရာ ပထမဦးဆုံးတွေ့သူကို အထူးဆုံး ထင်မှတ်တတ်ကြလေသည်။ ထိုပထမဦးဆုံး တွေ့သောသူတို့မှာ ကလေးအချစ်၊ လှည့်စားသော အချစ်မျှ ဖြစ်တတ်လေသည်။ ရုပ်ပုံကား ကောင်းကိုမမြင်ဖူး သူသည် သင့်ရုံမျှ ကားကို အလွန်အကြူး ထင်မှတ်တတ်လေရာ နောင် တဖြည်းဖြည်း အတွေ့အကြုံ များလာသည့်အခါ ပြောင်းလဲ တတ်ကြလေသည်။ ”
                     စသည်ဖြင့် ရေးသားပြီး လူငယ်တွေကို သတိပေးခဲ့ပါသေးသည်။ တကယ်တမ်းပြော ရရင် တစ်ယောက်ကို ချစ်မိလို့ နောက်တစ်ယောက်ကို ထပ်ချစ်လို့ မရနိုင်တော့ ဘူးဆိုတာ မှားပါတယ်။ 
                 အချစ်ဆိုတာ ပြောင်းလဲတတ် ပါတယ်။ ပြောင်းယူလို့ ရပါတယ်။ အမြဲတမ်းလည်း ပြောင်းလဲ နေပါတယ်။ 
                         လူတစ်ယောက်က အမေ့ကိုချစ်လို့ အဖေ့ကို ချစ်မရတော့ဘူး ဆိုတာ မရှိပါဘူး။ ညီအစ်ကို မောင်နှမတွေ တစ်ကျိပ်လောက် ရှိရာမှာ တစ်ယောက်ကိုသာ ချစ်ပြီး ကျန်တဲ့လူတွေကို မချစတော့ ဘူးဆိုတာ မရှိပါဘူး။ ၅၂၈နဲပ ၁၅၀၀ မတူဘူးလေလို့ ပြောနိုင်ပါတယ်။ 
                         သေချာ ဆန်းစစ်ကြည့်ပါ။ ၅၂၈ပဲဖြစ်ဖြစ်၊ ၁၅၀၀ပဲ ဖြစ်ဖြစ်၊သမုဒယစိတ်နဲ့ တွယ်တာစိတ် အပေါ်မှာ အခြေခံပြီး ပေါ်ပေါက်လာတာချည်းပါ။ ၁၅၀၀ချစ်စိတ်ကလည်း ကိလေသာပါပဲ။ ၅၂၈ချစ်စိတ်ဟာလည်း ကိလေသာပါပဲ။ ဒီကိလေသာတွေဟာ နိဝရဏတရား အားလုံးရဲ့ ရေသောက်မြစ် ဖြစ်တယ်။ အဲဒါကို ဗုဒ္ဓက ကိလေသာအားလုံး ချုပ်ငြိမ်းအောင် လုပ်ဖို့ ဟောကြား ခဲ့ပါတယ်။ ချစ်စိတ်ဆိုတာ အတူတူချည်း ပါပဲ။ 
                       အဖေကိုရော၊ အမေကိုရော ချစ်လို့ရသလို........။ ညီအစ်ကို မောင်နှမအားလုံးကို ချစ်လို့ ရသလို...............။ ချစ်သူရည်းစားတွေကိုလည်း ညီမျှစွာ ချစ်လို့ရပါတယ်။ 
                     အချစ်ဆိုတာ ဖယောင်းတိုင်နဲ့တူပါတယ်။ မူလဖယောင်းတိုင်ကနေပြီး နောက်ထပ်ဖယောင်းတိုင် ဘယ်နှစ်တိုင်ပဲ ကူးယူ၊ ကူးယူ မူလဖယောင်းတိုင်ရဲ့ အလင်းအား လျော့ကျသွားတယ်လို့ မရှိပါဘူး။ ချစ်စိတ်ဆိုတာလည်း တစ်ဦးတစ်ယောက်ကို ပုံပေးလိုက်လို့ ငြိမ်းသွားတယ်။ ကုန်သွားတယ်၊ အင်အားလော့ကျသွားတယ်လို့ မရှိဘူး။ 
                   အချစ်ဆိုတာ အကြိုက်ချင်း၊ စရိုက်ချင်း၊ ၀ါသနာချင်းအပြင် ခံယူချက်ခြင်းတူရာကနေ ဖြစ်တည် လာခဲ့ရတယ် ဆိုတဲ့အချက်ကို အထက်မှာ ပြောခဲ့ပါတယ်။ လောကမှာ ကိုယ်နဲ့ဘ၀ချင်းတူတဲ့၊ စရိုက်ချင်းတူတဲ့၊ အကြိုက်ချင်းတူတဲ့၊ ၀ါသနာချင်းတူတဲ့အပြင် ခံယူချက်ချင်းတူတဲ့ လူတွေ အနမတဂ္ဂ ပေါများလှပါတယ်။ အဲံဒီပေါများလှတဲ့သူတွေ အထဲက ကိုယ်နဲ့ ကြုံ ကြိုက် နီးစပ်တဲ့ သူတွေကို တစ်ယောက်မက နှစ်ယောက်မက ချစ်တဲ့စိတ် ဖြစ်ပေါ်လာနိုင်ပါတယ်။ 
       ချစ်တဲ့စိတ် ဖြစ်ပေါ်လာသမျှ အားလုံးကို လိုက်ချစ်မနေတာ ကတော့ သစ္စာတရား ကို  စောင့်ထိန်းခြင်း၊ သီလကိုစောင့်ထိန်းခြင်း ဆိုတဲ့ မြင့်မြတ်တဲ့ “လူ့ရဲ့ကျင့်ဝတ်သီလ” ကြောင့် ဖြစ် ပါတယ်။ “ကျင့်ဝတ် သီလ” ကြောင့် စောင့်ထိန်းခြင်းသာ ဖြစ်ပါတယ်။ ချစ်တဲ့စိတ် ဖြစ်ပေါ်မလာခြင်း မဟုတ်ပါဘူး။ 
          အချစ်ဆိုတာ ပြောင်းလဲတတ်ပါတယ်။ ပွားစီးတတ်ပါတယ်။ ချစ်သူတစ်ယောက်နဲ့ လွဲသွား ခဲ့ရင် နောက်ထပ် ချစ်သူတစ်ယောက်  ပေါ်ပေါက်လာ ဦးမှာသာ ဖြစ်ပါတယ်။ နောက်ပေါ်လာတဲ့ချစ်စိတ်
က ရှးဦးပေါ် လာတဲ့ ချစ်စိတ်လောက် အားမကောင်းဘူးလို့ မရှိပါဘူး။ “ငယ်ကချစ် အနှစ်တစ်ရာ မမေ့သာ” ဆိုတဲ့စကား အတိုင်း ငယ်က ကျွမ်းခဲ့တဲ့ ချစ်ဦးကို ဘယ်တော့မှ မမေ့တတ်ကြဘူးလို့ ပြောတတ်ကြပါတယ်။ လူတိုင်းလူတိုင်းဟာ ကိုယ်ငယ်ငယ်က ၀က်သက်ပေါက်ဖူးတာ၊ ခွေးကိုက်ခံရဖူးတာ တွေကိုလည်း မမေ့ တတ်ကြပါဘူး မဟုတ်လား။

               ဒီသဘောကို အလေးအနက် မစောကြေတဲ့အခါ ကျတော့ ၀တ္ထုတွေ ကဗျာတွေမှာ ပါတဲ့ ......

         “အချစ်ဆိုတာ တစ်သက်မှာ တစ်ခါသာ ပေါ်ပေါက်လာတာ” တို့၊ “ငယ်ချစ်ဦးနဲ့ လွဲကတည်းက ဘ၀မှာ အချစ်ဆိုတာ မရှိတော့ဘူး” တို့၊ “မင်းနဲ့လွဲခဲ့ရကတည်းက ငါ့ဘ၀မှာ အချစ်ဆိုတာ သေဆုံးသွားပြီ” တို့၊ ဆိုတာ တွေကို အဟုတ်ကြီး ထင်နေတတ်ကြပါတယ်။ အဲဒီ အဟုတ်ကြီးလို့ထင်နေတဲ့ အကျိုးဆက် ကြောင့် လူငယ်တွေ အများကြီး ဘ၀ပျက်ရတဲ့အထိ ရေစုံမျောခဲ့ရပါတယ်။ 
              အချစ်ဆိုတာ ပြောင်းလဲသွားတာ အချစ်တွေ ပွားစီးသွားတာ ဟာ ပြစ်မှုဒုစရိုက်ကြီး တစ်ခုမဟုတ် ပါဘူး။ သဘာဝပါ။ အရေးကြီးတာက အချိန်တစ်ချိန်မှာ ကြုံ ကြိုက်ရတဲ့ ချစ်သူတစ်ယောက် အပေါ်ကို ရိုးရိုးသားသား ချစ်ဖို့ သစ္စာတရားကို စောင့်ထိန်းဖို့၊ လူ့ကျင့်ဝတ် သီလမြဲမြံဖို့သာ ဖြစ်ပါတယ်။ 
             အကြောင်းကြောင်းကြောင့် ချစ်သူတစ်ယောက်နဲ့ ကွေ့ကွင်းသွားရပြီး နောက်ထပ်ချစ်သူ တစ်ယောက် တွေ့တဲ့အခါ (တွေ့လည်း တွေ့မှာပါ) အဲဒီချစ်သူကိုလည်း ရိုးရိုးသားသား ချစ်ဖို့၊ သစ္စာတရား ကို စောင့်ထိန်းဖို့၊ လူ့ကျင့်ဝတ်သိက္ခာ မြဲမြံဖို့သာ ဖြစ်ပါတယ်။ 
                    ရည်းစားတစ်ထောင် လင်ကောင်တစ်ယောက်” ဖြစ်ရတာဟာ ပြစ်မှုဒုစရိုက်ကြီး တစ်ခုအဖြစ် တရားသေ ယူဆလို့မရပါဘူး။ “ရည်းစားငါးယောက်၊ လင်ငါးယောက်” ဖြစ်ရတာလည်း ရှက်စရာလို့ တရားသေ ယူဆလို့မရပါဘူး။ ဘယ်အကြောင်းကြောင့် ဖြစ်ရတာလဲဆိုတာ ကြည့်ပြီးမှာ ဆုံးဖြတ်ရမှာပါ။ တစ်ပင်လဲလို့ တစ်ပင်ထူတဲ့ကိစ္စဆိုရင် အပြစ်လို့  မယူဆနိုင်ပါဘူး။ 
                     စောင့်ထိန်းအပ်တဲ့ သစ္စာတရားကို မစောင့်ထိန်းဘဲ ၊ လူ့ကျင့်ဝတ်သီလကို ဖောက်ဖျက်တဲ့ “လော်မာ” တဲ့ကိစ္စ မျိုးဆိုရင်တော့ ရှုတ်ချရမှာပေါ့။ အချစ်ဆိုတဲ့သဘောကို သရော်ထားတဲ့ ကဗျာလေး တစ်ပုဒ်ကို ဒီနေရာမှာ ထုတ်ပြချင်ပါတယ်။ လူငယ်တွေ စောကြောဆန်းစစ် နိုင်အောင်လို့ပါ။

The man is like the Train

At 20 years he is like the local,
it stops at every station.
At 30 years he is like the special,
it stops only at the large towns.
At 40 years he is like the express,
it stops at the big cities only.
At 50 years he is like the old locomotive,
it stop often to water.
At 60 years he doesn't leave anymore,
it remains in the yard.

ယောင်္ကျားဟာ မီးရထားနဲ့တူတယ်

၂၀အရွယ်မှာ သူဟာလော်ကယ်ရထားနဲ့တူတယ်။
ဘူတာစဉ်တိုင်းမှာ ရပ်နားတယ်။
၃၀အရွယ်မှာ သူဟာ အထူးရထားနဲ့တူတယ်။
မြို့ကြီးတွေ့မှာသာ ရပ်နားတယ်။
၄၀အရွယ်မှာ သူဟာအမြန်ရထားနဲ့ တူတယ်။
မြို့တော်ကြီးတွေမှာသာ ရပ်နားတယ်။
၅၀အရွယ်မှာ သူဟာစက်ခေါင်းအိုကြီးနဲ့တူတယ်။
ခဏခဏရပ်ပြီးရေထည့်ရတယ်။
၆၀အရွယ်မှာတော့ သူဘယ်မှ မထွက်တော့ပါဘူး။
မီရထားဝင်းထဲမှာသာ နေတော့တယ်

The Woman is like the World

At 20 years she is like Africa,
Semi explored.
At 30 years she is like India,
warm, mature and mysterious.
At 40 years she like America,
technically perfect.
At 50 years she like Europe
all in ruin.
At 60 years she is like Siberia, 
everyone knows where it is,
but .. no one wants to go.

မိန်းမဟာ ကမ္ဘာကြီးနဲ့တူတယ်

၂၀အရွယ်မှာ သူမဟာ အာဖရိကတိုက်နဲ့တူတယ်။
တစ်ပိုင်းတစ်စသာ စူးစမ်းရှာဖွေရသေးတယ်။
၃၀အရွယ်မှာ သူမဟာ အန္ဒိယနဲ့တူတယ်။
ပူနွေးတယ်။ ရင့်ကျက်တယ်။ အသိရခက်တယ်။
၄၀အရွယ်မှာ သူမဟာ အမေရိကနဲ့တူတယ်။
အတတ်ပညာ ပြည့်ဝတယ်။
၅၀အရွယ်မှာ သူမဟာ ဥရောပနဲ့တူတယ်။
အားလုံးပျက်စီးယိုယွင်းနေပါတယ်။
၆၀အရွယ်မှာ  သူမဟာ ဆိုက်ဘေးရီးယားနဲ့ တူပါတယ်။
ဘယ်နေရာမှာရှိမှန်း လူတိုင်းသိပါတယ်။
ဒါပေမယ့် ဘယ်သူမှတော့ မသွားချင်ပါဘူး။

                   “အချစ်ဆိုတာ တစ်သက်မှာ တစ်ခါသာ ပေါ်ပေါက်တာ” တို့။ “ငယ်ချစ်ဦးနဲ့ လွဲကတည်းက ဘ၀မှာ အချစ်မရှိတော့ဘူး” တို့။ “မင်းနဲ့လွဲကတည်းက ငါ့ဘ၀မှာ အချစ်ဆိုတာ သေဆုံးသွားပြီ” တို့ ။ “ငယ်ကအချစ် အနှစ်တစ်ရာ မမေ့သာ” တို့...........
                  စတဲ့  စတဲ့ ၀တ္ထု ၊ ကဗျာ ထဲက စကားလုံးတွေကို အဟုတ်ကြီး အမှန်ကြီး ထင်မှတ်ပြီး ကိုယ် ဒုက္ခကိုယ်ရှာ၊ ကိုယ်ကိုယ်ကို နှိပ်စက်ပြီး ကိုယ့်ဘ၀ ကိုယ်ဖျက်နေကြတဲ့ ”အစွဲမှားကြီး” နဲ့ လူငယ်တွေ အမှားစွဲကြီး ကျွတ်စေဖို့ “လူငယ်နဲ့အချစ်ပြဿ     နာ” ကို တင်ပြလိုက်ရပါတယ်။



                                                                            လူထု စိန်ဝင်း



No comments:

Post a Comment