Thursday, April 16, 2015

ခရူးဆိတ်စစ်ပွဲများ (၂)

Third Crusade (1189-1192)

                      ဂျေရုဆလင် ကျဆုံးပြီးနောက် တတိယခရူးဆိတ် စစ်ပွဲ ဖြစ်ပါတယ်။ ဒီစစ်ပွဲကို ဘုရင်တွေရဲ့ ခရူးဆိတ် (King's Crusade) လို့ လူသိများပါတယ်။ မွတ်စလင်ဘုရင် Saladin လက်ထဲကနေ Holy Land ကို ပြန်တိုက်ယူတာပါ။ အောင်မြင်မှုတွေ ရှိပေမဲ့ ဂျေရုဆလင် ကိုတော့ မသိမ်းပိုက်နိုင် ခဲ့ပါဘူး။ Saladin ရဲ့ အီဂျစ်နဲ့ ဆီးရီးယား မွတ်စလင်တွေ ခုခံနိုင်ခဲ့ကြပါတယ်။
                      (၁၁၈၉)မှာ အင်္ဂလန်ဘုရင် နတ်ရွာစံတော့ Richard the Lion Heart က စစ်တပ်ကို ဆက်ဦးဆောင်ပါတယ်။ ရောမအင်ပါယာရှင် Frederick Barbarossa စစ်တပ်က ပါဝင်ပူးပေါင်းပြီး Anatolia ကိုဖြတ်ဖို့ ကြိုးစားပါတယ်။ Holy Land ကိုရောက်အောင် သူတို့ မချီတက်နိုင်ခဲ့ကြပါဘူး။

 Richard the Lion Heart


   နောက်လိုက်စစ်သည်  တွေက စိတ်ဓါတ်တွေ ကျပြီး အိမ်ပြန်တဲ့ သူ ပြန်ပုန်ကန်ပါတယ်။ အောင်မြင်မှုတွေက သူ့နေရာနဲ့သူ တော့ ရှိပါတယ်။ Arce ကနေ့ မွတ်စလင်တွေကို မောင်းထုတ်နိုင်ခဲ့ပြီးနောက် ခရူးဆိတ်စစ်ပွဲအပေါ် လူတွေ ဝေဖန်လာကြပါတယ်။ ဘုရင်တွေရဲ့ ဦးဆောင်မှုအပေါ် စိတ်ပျက်မှုတွေ ရှိလာပါတယ်။ စစ်ပွဲဟာ ဘာသာရေး အကျိုးထက် ကိုယ်ကျိုး ဆန်လာပုံရပါတယ်။ 
                  Richard the Lion Heart ရဲ့ ထိုးစစ်ကို Saladin တပ်တွေမခံ နိုင်ပါဘူး။ နေရာအတော် များများမှာ ရှုံးနိမ့်ပါတယ်။ စက်တင်ဘာလ (၂)ရက်၊ ၁၁၉၂ မှာတော့ Richard နဲ့ Saladin သဘောတူညီချက် စာချုပ် ချုပ်ဆိုပါတယ်။ စာချုပ်ထဲမှာ ဂျေရုဆလင်ကို မွတ်စလင်တွေရဲ့ လက်ထဲမှာ ထားတာ ကို သဘောတူပြီး လက်နက်မကိုင်ဆောင်တဲ့ ခရစ်ယာန်တွေကို ဘုရားဖူးအဖြစ် ခွင့်ပြုစေတာ ဖြစ်ပါတယ်။ 
                   ရစ်ချဒ်ဟာ အောက်တိုဘာ (၉) ရက်၊ ၁၁၉၂ မှာ Holy Land ကပြန်ပါတယ်။ ယေရုဆလင် ကိုမရသော်လည်း ဆိုက်ပရပ်စ်နဲ့ ဆီးရီးယားကမ်းခြေတွေ မှာတော့ သူ့အာဏာ ထူထောင်နိုင်ခဲ့ ပါတယ်။ ဂျေရုဆလင်ကို မသိမ်းပိုက်နိုင်ခဲ့တာက နောက် (၆)နှစ် အကြာ စတုတ္ထခရူးဆိတ်ကို ဖြစ်စေတဲ့ အကြောင်းအရင်း ဖြစ်စေခဲ့ပါတယ်။ 

Fourth Crusade (1202-1204)

                      တတိယ ခရူးဆိတ်ပြီးကတည်းက လူတွေလည်းစစ်ကို ငြီးငွေ့သွားပါတယ်။ စစ်တိုက်ဖို့ စိတ်သိပ်မပါတော့ပါဘူး။ အိုးပစ်၊ အိမ်ပစ်၊ သားပစ်၊ မယားပစ် သွားရတဲ့အဖြစ်က မလွယ်မှန်း သိကြပါတယ်။ (၁၁၉၈) မှာ ပုပ်ရဟန်းမင်းကြီး အင်နိုးဆင့်(၃) ပုပ်ရဟန်းမင်းကြီး ဖြစ်လာပါတယ်။ သူ့လက်ထက်မှာ ဂျေရုဆလင်ပြန်ရဖို့ အရေး ပန်းတိုင်ထားပါတယ်။ ဒီတစ်ကြိမ်မှာတော့ ဥရောပဘုရင် တွေက စိတ်ဝင်စားမှု မပြပါဘူး။ ဂျာမနီက ပုပ်ရဟန်းမင်းကြီးနဲ့ သြဇာလွန်ဆွဲပွဲ ဖြစ်နေပါတယ်။ အင်္ဂလန်နဲ့ ပြင်သစ်ကလည်း စစ်ဖြစ်နေပါတယ်။
                   ဒါပေမဲ့ ပြင်သစ်ဘုန်းတော်ကြီး (Fulk of Neurally) ရဲ့ ဟောပြောချက်တွေကြောင့် စတုတ္ထခရူးဆိတ်စစ်ပွဲဟာ ပြန်ပြီး အသက်ဝင်လာပါတယ်။ (၁၁၉၉)မှာ ခရူးဆိတ်စစ်တပ်ကို Country of Thibaut က ဦးဆောင်ဖွဲ့စည်းပါတယ်။ (၁၂၀၀) မှာ Thibaut သေဆုံးသွားတော့ သူ့နေရာကို အီတာလျံ နယ်စား ဘော်နီဖေ့(Boniface of Montserrat) ကို အစားထိုး ခန့်ထားတယ်။ ဘော်နီဖေ့နဲ့ ခရူးဆိတ် စစ်သည်တော်တွေဟာ ဗင်းနစ်နဲ့ ဂျီနိုအာ အာဏာပိုင်တွေကို ရေကြောင်းပို့ဆောင်ရေးအတွက် အကူအညီ တောင်းခံပါတယ်။ ခရူးစစ်တပ်ကို အီဂျစ်သို့ ပို့ဆောင်ပေးရေးဖြစ်တယ်။
                      (၁၂၀၁) မှာ ဗင်းနစ်အာဏာပိုင် တွေက ခရူးဆိတ်စစ်သည်တော် (၃၃၅၀၀)ရဲ့ သယ်ယူ ပို့ဆောင်ရေးကို တာဝန်ယူပေးပါတယ်။ အလကားတော့ မဟုတ်ပါဘူး။ ကုန်ကျစာရိတ်တွေ ပေးဖို့ သဘော တူပါတယ်။ ဒီသဘောတူညီချက်မှာ သဘောင်္တွေ တစ်နှစ်အတွင်း အလုံအလောက် တည်ဆောက် ပေးဖို့နဲ့ သဘောင်္ာသားတွေ လေ့ကျင့်ပေးဖို့ပါပါတယ်။ ဗင်းနစ်မြို့သားတွေက သင်္ဘောဆောက် အတတ်ပညာ ကောင်းပုံရပါတယ်။ (၁၂၀၂)ခုမှာ ခရူးဆိတ်စစ်သား အများစုဟာ ပြင်သစ်ဆိပ်ကမ်း ကနေ ထွက်ခွါကြပါတယ်။
                ဇွန်(၂၄)ရက်၊ ၁၂၀၂မှာ ကိုင်ရိုမြို့တော်ဆီ ချီတက်ဖို့ အသင့်ဖြစ်ပါတယ်။ ပုပ်ရဟန်းမင်းကြီး ကလည်း ခွင့်ပြုလိုက်ပါတယ်။ ဒါပေမဲ့ ချီတက်ရာ လမ်းတစ်လျှောက်က ခရစ်ယာန်မြို့ရွာ တွေကို မတိုက်ခိုက်ဖို့ မဖျက်ဆီးဖို့ လေးလေးနက်နက် မှာကြားပါတယ်။ တချို့ ခရစ်ယာန်မြို့တွေဟာ မွတ်စလင် လက်ထဲကျရောက် နေတာမို့ ဒီအဖြစ်က ခွဲခြားဖို့ခက်ပါတယ်။ မွတ်စလင်တွေက သူတို့သိမ်းပိုက် ထားတဲ့ ဒေသတွေကို ဓားနဲ့ ဘာသာတရား ကြိုက်ရာရွေး ဆိုပြီး အဓမ္မပြုတာမျိုး လုပ်ပါတယ်။
                 စတုတ္ထခရူးဆိတ်ဟာ အစကတည်းက ယဉ်သကို ဆိုသလိုပါပဲ။ ကိုယ့်အထဲမှာပဲ အရှုပ်အထွေး ကရှိနေတာပါ။ သယ်ယူပို့ဆောင်ရေး စာရိတ်က ဗင်းနစ်ကို အပြည့်အ၀ မပေးနိုင်တာတွေ၊ ဘီဇင်တိုင်း တွေနဲ့ အဆင်မပြေတာတွေ၊ နိုင်ငံရေး၊ စီးပွါးရေး၊ ဘာသာရေး ပြဿ     နာတွေ ရှုပ်ထွေး  နေတာကြောင့် လိုရာ ခရီး မရောက်နိုင်တဲ့ အဖြစ်တွေပါပဲ။ စစ်သားတွေလည်း လိုသလောက် မစုဆောင်းနိုင်ခဲ့ပါဘူး။
                ပုပ်ရဟန်းမင်းကြီး အင်နိုးဆင့်(၃)က ခရူးဆိတ်စစ်သားတွေကို ခရစ်ယာန်မြို့တွေကို ရန်မရှာဖို့ အသေအချာ မှာထားပေမဲ့ သူတို့ဟာ ခရိုအေးရှားရဲ့ ဆိပ်ကမ်းမြို့ ဇာရာ ကိုတိုက်ခိုက် ဖျက်ဆီးလိုက်ပါတယ်။ ဇာရာမြို့သားတွေကလည်း သူတို့ဟာ ခရစ်ယာန်တွေဖြစ်ကြောင်း ကားတိုင်တွေ လွှင့်ထူ ပြသခဲ့ပေမဲ့ အလေးမမူခဲ့ပါဘူး။ ဒါကို ပုပ်ရဟန်းမင်းကြီး ကြားတော့ ခရူးဆိတ်စစ်သား တွေကို (Ex-communication) အသင်းတော်ထဲက ထုတ်ပယ် လိုက်ပါတယ်။ ဒီလို ပုပ်ရဟန်းမင်းကြီးရဲ့ အရေးယူ မှုတွေကြောင့် နောင်မှာ ပြဿ     နာတိုင်းကို သတင်းမပို့ တော့ပါဘူး။

 Pope Innocent III (1160-1216)

        ဘီဇင်တိုင်းမင်းသား Alexio Angelou နဲ့ နန်းကျဘုရင် Isaac II Angelou တို့ ထီးနန်းလု နေကြပါတယ်။ Alexio Angelou က Isaac Angelou ကို နန်းချပြီး ဘုရင်တက်လုပ်ပါတယ်။ Isaac II က ခရူးဆိတ်စစ်သည်တော် တွေကို အကူအညီတောင်းခံပါတယ်။ နိုင်ငံရေး၊ စီးပွါးရေး အပေးအယူ သဘောတူညီမှု တွေကြောင့်ခရူးဆိတ် စစ်သည်တော်တွေဟာ နန်းပြန်လုပေးဖို့ ကူညီပါတယ်။ လာရင်းကိစ္စတွေနဲ့ လမ်းလွဲနေပြီဆိုတော့ ဒါကို သဘောမတူတဲ့ ခရူးဆိတ် စစ်သည်တော်အချို့ပြန်ကုန် ပါတယ်။ ကျန်တဲ့ ခရူးဆိတ် စစ်သည်တော်တွေက ကွန်စတန်တီနိုပယ်ကို တိုက်ဖို့ ဆုံးဖြတ်ပါတယ်။ Alexios III ရဲ့ တပ်မ(၁၇)ခုမှာ စစ်သည် (၈၅၀၀) ရှိပေမဲ့ ခရူးဆိတ် စစ်သည်တော်ရဲ့တပ်မ (၇) ခု၊ စစ်သည် (၃၅၀၀) ကို မယှဉ်ပြိုင်ဘဲ မြို့ထဲပြန်ဝင်သွားပါတယ်။ လူထုရော၊ စစ်တပ်ရော Alexio ရဲ့ နန်းလုတာကို မထောက်ခံပါဘူး။ ဒါကြောင့် စစ်မတိုက်ရဘဲ ကွန်စတန်တီနိုပယ်ကို အောင်ပါတယ်။
                    ဒါပေမဲ့ ရုန်းရင်းဆန်ခတ် ဖြစ်ပြီး၊ မီးရှို့တာတွေကြောင့် လူပေါင်း(၂၀၀၀၀)နီးပါး အိုးအိမ် မဲ့ကုန်ပါတယ်။ Alexio III ဟာ ရွှေပေါင် (၁၀၀၀) နဲ့ ရွှေငွေရတနာကို ဘဏ္ဍာတိုက်ထဲက ထုတ်ယူပြီး ထွက်ပြေးပါတယ်။ ဘဏ္ဍာရေးအခက်အခဲဖြစ်တဲ့ နန်းတက်ဘုရင်က ဒါကို ဘယ်လိုရှင်းသလဲ ဆိုတာ ပြောပြပါမယ်။ မင်းသားငယ် Alexio ကို Alexio IV အမည်နဲ့ နန်းပြန်ရတဲ့ သူ့ရဲ့အဖေ Isaac II နဲ့ တွဲပြီး ဘုရင်မြှောက်ပါတယ်။ Isaac II က အဲဒီအချိန် မျက်စိကွယ်နေပါပြီ။ တက်လာတဲ့ ဧကရာဇ်ဘုရင် Alexio IV ကဆုံးရှုံးသွားတဲ့ ဘဏ္ဍာတွေ ပြန်ဖြည့်ဆည်းဖို့ သူ့ဥာဏ်မှီသလောက် ညွှန်ကြားပါတယ်။ အဲဒါကတော့ ဘီဇင်တိုင်းရဲ့ ရောမရုပ်ထု(Icons) တွေကို အရည်ကျို စေပြီး ရွှေ၊ ငွေ၊ သတ္တူတွေကို ပြန်ယူ စေပါတယ်။ တွေးခေါ်ရှင် ဂရိတွေအတွက် ဒါဟာအလွန်အမင်း အံ့သြစရာ ကောင်းတဲ့ လုပ်ရပ် ဖြစ်နေပါတယ်။ စဉ်းမှစဉ်းစားတတ်ပါပေ့ပေါ့။ ဒီလုပ်ရပ်ဟာ မိုက်မဲလှပြီး ဘုရားက ပြစ်ဒဏ်ခတ် လိမ့်မယ်လို့ လူတွေက ယုံကြည်ပါတယ်။ သမိုင်းပညာရှင်တွေရဲ့ သုံးသပ်ချက်ကတော့ ဒါဟာ ရောမအင်ပါယာ ပြိုလဲရခြင်းရဲ့ အစပဲလို့ သုံးသပ်ပါတယ်။ ဒီမိုက်မဲတဲ့ လုပ်ရပ်ကြောင့် လူကြိုက်မများ တော့တဲ့ Alexio IV ဟာ ခရူးဆိတ်စစ်သည်တော် တွေနဲ့ အဖေလက်ထက်က စာချုပ်ကို သက်တမ်းတိုးပြီး အကာအကွယ်တောင်းပါတယ်။
                     ကွန်စတန်တီနိုပယ်မှာ Alexio IV ကိုပုန်ကန်တဲ့သူတွေနဲ့ ၀င်ရောက်နေထိုင်တဲ့ မွတ်စလင်တွေ ပေါင်းမိသွားပါတယ်။ ဒါကိုနှိမ်နှင်းဖို့ (1203) ခု သြဂုတ်လမှာ ခရူးဆိတ် စစ်သည် တော်တွေက ဗလီတစ်ခုကို စတိုက်ပါတယ်။ တစ်ချိန်တည်းမှာ Alexio IV ဟာ ခရူးဆိတ် စစ်သည်တော်(6000) အကူအညီနဲ့ နန်းပြေး Alexio III ကို အန်ဒြီယန်နိုပယ် မှာ သွားတိုက်ပါတယ်။ Alexio IV ကို Alexio Doukas ကလုပ်ကြံပြီး နန်းလုလိုက် ပါတယ်။ သူ့ကိုယ်သူ အင်ပါယာရှင် Alexio V လို့ ကြေညာ ပါတယ်။
                Alexio V ကို ခရူးဆိတ်စစ်သည် တော်တွေက စောင့်ကြည့်ပြီး Alexio IV နဲ့ သဘောတူထားတဲ့ စာချုပ်ပါ ငွေကြေးကို ပေးဖို့ တောင်းခံပါတယ်။ ဒါပေမဲ့ သူနဲ့ သဘောတူ ချုပ်ဆိုတာ မဟုတ်တော့ Alexio V က ပေးဖို့ငြင်း ဆန်ပါယ်။ ဒါနဲ့ ခရူးဆိတ်စစ်သည် တော်တွေက ကွန်စတန်တီနိုပယ် ကိုတိုက်ဖို့ ပြင်ပါတယ်။ ငွေနဲ့ ပတ်သက်လာတော့ မိတ်ဆွေလည်း ရန်သူဖြစ် ရန်သူလည်း မိတ်ဆွေဖြစ်နိုင် ပါတယ်။ ဒီသတင်းဟာ အသင်းတော် ခေါင်းကြီးပိုင်းမှာ အငြင်းပွားဖွယ်ရာ ဖြစ်ပါတယ်။ ခရူးဆိတ် စစ်သည်တော်တွေ စည်းကမ်းပျက်နေတာကို အချို့က ပြန်တင်းကျပ်စေချင်ပါတယ်။ ဘုန်းကြီး အသိုင်းအ၀ိုင်း မှာတော့ ကွန်စတန်တီနိုပယ်ကို ၀င်တိုက်တာ သဘောတူပါတယ်။ အကြောင်းပြချက် နှစ်ချက်ရှိပါတယ်။

Constantinople

                 ပထမအချက်က ဂရိတွေဟာ သစ္စာဖောက်တွေဖြစ်တယ်။ လူသတ်သမားတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ အကြောင်းက အင်ပါယာရှင် Alexio IV ကိုသတ်လို့ပါ။ Alexio IV ရဲ့ တရားဝင်နန်းတက်မှုကို အသိအမှတ်ပြုထားတဲ့ သဘောရှိ ပါတယ်။ ဒုတိယအချက် ကတော့ မီးလောင်ရာ လေပင့်မယ့်စကား ဖြစ်တဲ့ ဂရိတွေဟာ ဂျူးတွေထက် ဆိုးတယ်ဆိုတဲ့ အချက်ပါပဲ။ ဒီအတွက် ပုပ်ရဟန်းမင်းကြီး အင်နိုးဆင့် (၃)ကို ဂရိတွေကို အပြစ်ပေးဖို့ တောင်းဆိုပါတယ်။ ပုပ်ရဟန်းမင်းကြီး အင်နိုးဆင့်(၃) ကတော့ ကွန်စတန်တီနိုပယ်မြို့ကို မတိုက်ဖို့ တားမြစ်ပါတယ်။
                   ဒါပေမဲ့ ဒီတားမြစ်စာဟာ ဘုန်းကြီးတွေရဲ့လက်ထဲကနေ ကျော်မသွားပါဘူး။ ပြန်ပြီး တဖက်လှည့်ပြီး ခရူးဆိတ်စစ်သည်တော်တွေ စစ်ပြင်တာကို ဘုန်းကြီးတွေက မီးစိမ်းပြလိုက်တယ်။ ဧပြီလ(၁၂)ရက်မှ စတဲ့ပွဲဟာ တစ်ရက်ပဲကြာပါတယ်။ (၁၃)ရက်နေ့မှာ မြို့ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ မီးလောင်မှုတွေကြောင့် လူ(၁၅၀၀၀)ကျော် အိုးအိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။ ခရူးဆိတ်စစ်သည်တော် တွေဟာ သုံးရက်လုံးလုံး မြို့ကို ကြောက်ခမန်းလိလိ ရှင်းလင်းပါတယ်။ ခေတ်အဆက်ဆက် က ရိုမန်၊ ဂရိတွေရဲ့ အနုပညာ လက်ယာတွေ အခိုးခံရတာ၊ ဖျက်ဆီးခံရတာတွေ ဖြစ်ပါတယ်။ အထင်ကရ စာကြည့်တိုက်ကြီး ဖျက်ဆီး ခံရပါတယ်။ ဘုရားကျောင်း၊ ရသေ့ကျောင်းပါမကျန် လိုချင်တာကို ဖျက်ဆီးယူကြပါတယ်။ ပုပ်ရဟန်းမင်းကြီး အင်နိုးဆင့်(၃)က ဒါတွေကို ကြားတဲ့အခါ ရှက်လည်းရှက်၊ ဒေါသလည်းထွက်ပါတယ်။ 
                     ခရူးဆိတ်စစ်သည်တော် တွေကိုပြင်းပြင်းထန်ထန် ရှုပ်ချ အပြစ်ပေးတော့တာပဲ။ ခရူးဆိတ် စစ်သည်တော်တွေကတော့ ရတာသယ်ပြီး အိမ်ပြန်ကြပါတော့တယ်။ ဘယ်သူမှ Holy Land ကို ရောက် အောင်မသွားနိုင်ကြပါဘူး။ သြသဒေါ့အသင်းတော် ကွန်စတန်တီနိုပယ် ဖျက်ဆီးခံရတာ ဘယ်တော့မှ မမေ့ပါဘူး။
                    စတုတ္ထခရူးဆိတ် စစ်ပွဲဟာ သစ္စာဖောက်မှု၊ လောဘတရားရဲ့ သားကောင်ဖြစ်မှုနဲ့ ကြုံ ရတဲ့ စစ်ပွဲပါ။ ရန်သူမတိုက်ဖြစ်ပဲ ကိုယ့်အချင်းချင်း လှည့်တိုက်ရင်း နာမည်ပျက်နဲ့ ပြီးသွားခဲ့ပါတယ်။ အရှေ့/အနောက် အသင်းတော် တွေလည်း စိတ်နာစရာတွေ ဖြစ်ပြီး (၁၂၀၄) မှာ အပြီးတိုင် လုံးလုံး ကွဲသွားပါတော့တယ်။

                                               

     ( ဖာသာရ် မာစီအန် သက်ကျော်၏ ကက်သလစ်အသင်းတော်သမိုင်းမှ ကောက်နှုတ်ဖော်ပြသည်)
















No comments:

Post a Comment