Thursday, April 2, 2015

အသက်ရေထွက်ရာစမ်းရေတွင်း

အခြေခံကျမ်းချက် ။              ။ ယောဟန် ၇း၃၇-၃၉
            ငါ့ကိုယုံကြည်သောသူသည် အသက်ရေထွက်ရာစမ်းရေတွင်း ဖြစ်လိမ့်မည်။

           အထက်ဖော်ပြပါစကားသည်သကေနေပွဲတော်တွင်သခင်ယေရှုပြောခဲ့သောစကား ဖြစ်ပါသည်။ သကေနေပွဲဆိုသည်မှာ တစ်နှစ်လျှင်တစ်ကြိမ် ကျင်းပသောပွဲတော်ဖြစ်ပါသည်။ (၇)ရက်တာ ကျင်းပသော ပွဲတော်ဖြစ်ပြီး သဲကန္တရတောကြီးထဲ လှည့်လည်နေကြစဉ်  ယာယီဗိမ္မာန်တော်သဖွယ်အသုံးပြု ခဲ့သော တဲတော်(Tabernacles) ကိုအစွဲပြုပြီး ကျင်းပသောပွဲတော်ဖြစ်သည်။ တဲတော်သည်အကျယ် ၁၅ပေ၊ အရှည် ၄၅ပေနှင့်အမြင့် ၁၅ပေ(ဘော်လုံးကွင်းတစ်ကွင်းစာခန့်) ရှိမည်ဖြစ်သည်။
               အခန်းငယ်(၃၈)တွင်     ယေရှုဖော်ပြသော   ကျမ်းစာလာသည့်အတိုင်း သည် ဟေရှာယ ၁၂း၂-၃၊  ဟေရှာယ ၄၄း၃-၄၊ ဟေရှာယ၉၈-၁၁တို့ ဖြစ်နိုင်ချေရှိသည်။ အဘယ်ကြောင့် ဆိုသော် ထိုကျမ်းချက် တို့၌ “ရေတွင်း” ၊“စမ်းရေတွင်း” ၊ “ရေ”၊ “ရေလောင်းသောဥယျာဉ်” စသည့် အချက်များ ပါဝင် ဆက်စပ်နေပါသည်။


              အခန်းငယ်(၃၇)တွင် သခင်ယေရှုက “ရေငတ်သောသူရှိလျှင် ငါထံသို့လာ၍ သောက်ကြလော့” ဟုကြွေးကြော်ဟောပြောခြင်းသည် အလွန်ထိရောက်ပါသည်။  ရေခံမြေခံ၏ လိုအပ်ချက်များနှင့် အလွန် ကိုက်ညီပါသည်။ အဘယ်ကြောင့်ဆိုသော် အစ္စရေးနိုင်ငံ၏အရှေ့ဘက်တွင် သဲကန္တရ၊အနောက်ဘက် ၌မြေထဲပင်လယ်(ရေငန်)၊ တောင်ပိုင်းတွင်ရေငန်ဒေသများဖြစ်သော ပင်လယ်သေ၊ ပင်လယ်နီတို့နှင့် ၀န်းရံထားပါသည်။ မြောက်ပိုင်းရှိ ဂါလိလဲပင်လယ် တစ်ခုတည်းသာ ရေချို ဖြစ်ပြီး တိုင်းပြည်တစ်ပြည်လုံး ၏  ရေချိုလိုအပ်မှု ၆၀ရာခိုင်နှုန်းကို  ပေးပါသည်။ သခင်ယေရှုဟောပြော ကြွေး ကြော်သော ယေရုရှလင် ဗိမ္မာန်တော် သည် ရေရှားပါးသော နေရာတွင်တည်ရှိ နေပါသည်။ ယော်ဒန်မြစ်သည်လည်း ခမ်းခြောက် နီးပါးရှိနေပါပြီ။
            ဆရာကြီး ခါကားဝါက “ကျွန်ုပ်တို့ နေထိုင်သောဤကမ္ဘာကြီးသည် သဲကန္တာရနှင့်အလွန် တူပါသည်။ သဲကန္တာရတွင် ရေကိုလုံးဝမတွေ့နိုင်သလို ဤလောကကမ္ဘာတွင်လည်း ချစ်ခြင်းမေတ္တာ အလွန်ခေါင်းပါးနေပါသည်။ သို့သော်သဲကန္တာရတို့ အလယ်တွင်အိုအေစစ်ရှိပြီး ထိုအိုအေစစ်သည် ခရီးသွားများကို အလွန်ဆွဲဆောင်ပါသည်။ ယနေ့အသင်းတော်များသည် ခရစ်တော်၏မေတ္တာကို ပိုင်ဆိုင်နိုင်သော် လည်း သဲကန္တာရ အလယ်တွင် ရှိသောအိုအေစစ်များ နည်းတူ  ရေငတ်နေသော လောက ခရီးသည်များကို အလွန် ဆွဲဆောင်နိုင်မည်ဖြစ်သည်။” ဟုပြောဆိုခဲ့ပါသည်။
                 ယောဟန် (၄)တွင်ဖော်ပြသော “ရှမာရိအမျိုးသမီး”နှင့် သခင်ယေရှုတွေ့ဆုံကြသော ယာကုတ်ေ ရတွင်း အဖြစ်အပျက် တွင် သခင်ယေရှုက “ဤရေကိုသောက်သော သူသည်  နောက်တဖန် ရေငတ်ဦးမည်။ ငါပေးသောရေကိုသောက်သော သူမူကား ရေငတ်ခြင်းနှင့် အစဉ်မပြတ် ကင်းလွတ်လိမ့်မည်။ ငါပေးသောရေသည် ထိုသူ၌ထာဝရ အသက်ရှင်ခြင်းအလို့ငှာ ထွက်သောစမ်းရေတွင်း ဖြစ်လိမ့်မည်။” (ယောဟန် ၄း၁၃-၁၄)
              လူဆိုသည်မှာ ဘ၀ပြည့်စုံမှု၊ ဘ၀အဓိပ္ပါယ်၊ ပျော်ရွှင်မှု ၊ရောင့်ရဲတင်းတိမ်မှု၊ ကိုယ်စိတ်ချမ်းသာမှု၊ ဂုဏ်ပကာသနရှိမှု စသည့်အရာများကို ရှာဖွေနေကြပါသည်။ သခင်ယေရှုသည်လည်း ဤလောကသို့ ကြွလာခြင်းသည် ထိုသို့သောအသက်တာမျိုးပေးရန် ကြွလာခြင်းဖြစ်သည်။ သခင်ယေရှုက “သူခိုးသည် ခိုးခြင်း၊ သတ်ခြင်း၊ ဖျက်ဆီးခြင်းငှာ သာလာတတ်၏။ ငါမူကား သိုးတို့သည်အသက်လွတ်ရုံမျှ သာမက အထူးသဖြင့် အသက်နှင့်ပြည့်စုံခြင်းငှာ လာသတည်း။” (ယော ၁၀း၁၀) ဟုထော်ပြခဲ့သည်။
              “ငါ့ကိုယုံကြည်သောသူသည်  အသက်ရေထွက်ရာ စမ်းရေတွင်းဖြစ်လိမ့်မည်” ဟု ပြောဆိုခြင်း သည် ”ကြွယ်ဝပြည့်စုံခြင်းအသက်တာ” “မခမ်းခြောက်မညှိုးနွမ်းသောအသက်တာ” “စိမ်းလန်းစိုပြေပြီး ၀မ်းမြောက်ခြင်း ၊ငြိမ်သက်ခြင်း၊ ခွန်အားတန်ခိုးနှင့် ပြည့်ဝသော အသက်တာ” စသည့် စစ်မှန်သော ဘ၀၏ပြည့်စုံမှု ဘ၀၏စစ်မှန်သော လိုအပ်ချက် များကို ဧကန်အမှန် ပိုင်ဆိုင်ရရှိရန် ဖြစ်ပါသည်။
                အထက်ဖော်ပြပါ “အသက်ရေထွက်ရာ စမ်းရေတွင်း” ဘ၀ကဲ့သို့အသက်တာမျိုး ကျွန်ုပ်တို့ရရှိ ပိုင်ဆိုင်နိုင်ပါသနည်း။ အခန်းငယ်(၃၉)တွင် “ထိုသို့မိန့်တော်မူသော် ယုံကြည်သောသူတို့သည် ခံရလတံ့သော် ၀ိညာဉ်တော်ကို ရည်မှတ်၍ မိန့်တော်မူ၏” ။ ဤနေရာတွင် “ယုံကြည်ခြင်း” နှင့် “သန့်ရှင်းသော ၀ိညာဉ်တော်” ကိုဆိုလိုပါသည်။ ခရစ်တော်ကို အမှန်တကယ်ယုံကြည်သော သူများ၏ ကိုယ်ခန္ဓာသည် သန့်ရှင်းသောဝိညာဉ်တော် ကိန်းဝပ်ရာ ဗိမ္မာန်တော်ဖြစ်လာသည်။ (၁ကော ၃း၁၆၊ ၁ကော ၆း၁၉-၂၀၊ ဧဖက် ၄း၃)။ ဆရာကြီး ဘေးဘရိုက်က “စစ်မှန်သောခရစ်ယာန် တိုင်း၏ဘ၀အသက်ထဲတွင် သန့်ရှင်းသောဝိညာဉ်တော် ကိန်းဝပ်သော်လည်း ခရစ်ယာန်တိုင်းသည် သန့်ရှင်းသောဝိညာဉ်တော် အုပ်စိုးမှုကို မခံမယူကြ။
                ခရစ်တော်ကို အမှန်တကယ်ယုံကြည် ကိုးစားသောခရစ်ယာန်တိုင်းသည် မိမိဝိညာဉ်ရေး ဘ၀ခရီးလမ်းကို လျှောက်ရသော မိမိဇာတိသဘော၊ မိမိအသွေးအသားတပ်မက်မှု၊ မိမိအလိုဆန္ဒ အတိုင်းအသက်မရှင်တော့ဘဲ သန့်ရှင်းသောဝိညာဉ်တော်၏ အုပ်စိုးမှုကို အချိန်နာရီစက္ကန့်တိုင်း နှိမ့်ချစွာ ခံယူလိုက်လျှောက်သွားပါက သခင်ခရစ်တော်ကြွေးကြော်ခဲ့သော “အသက်ရေထွက်ရာ စမ်းရေတွင်း” အသက်တာမျိုး ဧကန်အမှန် ပိုင်ဆိုင်ရရှိမည်ဖြစ်သည်။
               “လွန်ကျူးတတ်သော စပျစ်ရည်နှင့်ယစ်မူးခြင်းကို ရှောင်၍၀ိညာဉ်တော်နှင့် ပြည့်စုံလျက် ရှိကြလော့။” (ဧဖက် ၅း၁၈)

                                                                              Rev. Dr အော်နယ်ညို





No comments:

Post a Comment