Wednesday, April 15, 2015

လူငယ်နှင့်ဘာသာပေါင်းစုံဆက်ဆံရေး

                ဘာသာတရားဆိုသည်မှာ လူတို့ယုံကြည်ကိုးကွယ်မှုပင်ဖြစ်သည်။ ဘာသာတရား များသည် လူ့ယဉ်ကျေးမှုနှင့် ပေါ်ပေါက်လာခဲ့ကြပြီး ယနေ့တိုင် လူ့အဖွဲ့အစည်း၏ အဓိကမဏ္ဍိုင်တစ်ခုအဖြစ် ရပ်တည် လျက်ရှိသည်။ လူ့သမိုင်းတွင် ပေါ်ပေါက်ခဲ့ကြသော ဘာသာတရား များအနက် အချို့မှာ ပျောက်ကွယ် သွားကြပြီ ဖြစ်သည်။ ယနေ့တိုင် လူအများ ကိုးကွယ်နေကြသော ဘာသာတရားများမှာ ယုဒဘာသာ၊ ခရစ် ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူ ဘာသာ၊ ဆစ်ခ် ဘာသာ၊ ဗုဒ္ဓဘာသာ၊ တာအိုဘာသာ၊ ရှင်တိုဘာသာ တို့ဖြစ်ပြီး ယင်းဘာသာတရားအားလုံးမှာ အာရှတိုက်မှ ပေါ်ပေါက်ခဲ့သော ဘာသာတရား များဖြစ်ကြ သည်။

ဘာသာတရားများ ပေါ်ပေါက်လာပုံ အဆင့်ဆင့်
                ဘာသာတရားများ၏ ဖြစ်ပေါ်တိုးတက်မှု အဆင့်ဆင့်ရှိပါသည်။ ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက် ခါစတွင် လူတို့သည် သဘာဝကို ဘုရားအဖြစ် ကိုးကွယ်ကြသည်။ ထိုမှတစ်ဆင့် ယဉ်ကျေးမှု တိုးတက်လာ သောအခါ လူတို့သည် နတ်ဘုရားအမျိုးမျိုး ကိုကိုးကွယ်ကြပြန်သည်။ သည်နောက်တွင် လူမျိုး နွယ်စုဘုရားကို ယုံကြည်ကိုးကွယ်သည့်အဆင့် ထိုမှ ယနေ့လူများ ယုံကြည်ကိုးကွယ်သည့် ဘာသာတရား အဆင့်ဆင့်သို့ ရောက်ရှိလာကြသည်။ ဤသို့ဆိုရာတွင် ဘာသာတရားများသည် အဆင့် တစ်ဆင့်မှ တစ်ဆင့်သို့ တပြို င်တည်းတက်လှမ်းကြခြင်း မဟုတ်။ မိမိတို့ပေါ်ပေါက်ရာ ရေမြေဒေသနှင့် ယဉ်ကျေးမှု  အနေအထားကို အခြေခံကာ ပေါ်ပေါက်ခဲ့ခြင်း ဖြစ် သည်။ ဘာသာတရားများ အလိုက် ပေါ်ပေါက်သည့်ဒေသနှင့် အချိန်များ မှာ အောက်ပါအတိုင်းဖြစ်သည်။


                 ၁။        ယုဒဘာသာ               အရှေ့အလယ်ပိုင်း              ၂၁၀၀ BC
                 ၂။        ခရစ်ယာနဘာသာ       အရှေ့အလယ်ပိုင်း                  ၅  BC
                 ၃။        အစ္စလာမ်ဘာသာ        အရှေ့အလယ်ပိုင်း              ၅၇၀  AD
                 ၄။        ဟိန္ဒူ ဘာသာ              ဟိန္ဒူ မြစ်ဝှမ်း                    ၁၈၀၀ BC
                 ၅။        ဆစ်ခ်ဘာသာ             ဟိန္ဒူ မြစ်ဝှမ်း                    ၁၄၆၉ AD
                 ၆။        ဗုဒ္ဓဘာသာ                ဟိန္ဒူ မြစ်ဝှမ်း                      ၅၆၀ BC
                 ၇။        တာအိုဘာသာ            မြစ်ဝါမြစ်ဝှမ်း                      ၆၀၄ BC
                 ၈။        ရှင်တိုဘာသာ             ဂျပန်ကျွန်းစု                       ၆၀၀ BC

ဘာသာတရားများ တည်ဆောက်ပုံ
                ဘာသာတရားများ၌ တူညီသော အခြေခံသဘောတရားများ ရှိပါသည်။ ယင်းတို့မှာ တမလွန် ဘ၀ရှိသည်ဟု ယုံကြည်ခြင်း၊ ၀တ်ပြု ကိုးကွယ်မှုကို အခြေခံခြင်း၊ ကိုယ်ကျင့်တရားဆိုင်ရာ ပြဠာန်းချက်များ ခိုင်မာစွာ တည်ဆောက်ထားခြင်းနှင့် လူတို့၏ဘ၀ အခက်အခဲများ ခိုင်မာစွာ တည်ဆောက်ထားခြင်း နှင့် လူတို့၏ ဘ၀အခက်အခဲ ပြဿ     နာများကို  ဖြေရှင်းပေးနိုင်မည့် ဓမ္မအတွေးအခေါ်များ စနစ်တကျရှိခြင်း တို့ ဖြစ်သည်။ ထိုသို့ တူညီသောအချက်များ ရှိသကဲ့သို့ ကွဲပြားခြားနားသော အချက်များလည်း ရှိကြ ပါသည်။ အဓိက ကွဲပြား ခြားနားမှုများမှာ ကျင့်စဉ်၊ ၀တ်ပြုကိုးကွယ်ပုံ၊ ကမ္ဘာ့အမြင်နှင့် ဓမ္မအတွေးအခေါ် ခံယူချက် တို့ဖြစ်သည်။ ထိုဂဏ္ဍများသည် သက်ဆိုင်ရာ ယဉ်ကျေးမှုဓလေ့ထုံးစံ၊ ရာသီဥတု၊ သမိုင်းဖြစ်စဉ်များနှင့် နှီးနွှယ်ပတ်သက်ကာ ကွဲပြားခြားနားခြင်း ဖြစ်သည်။ ယင်းကဲ့သို့ ကွဲပြားခြားနား မှုများ ကြောင့် ဘာသာတရား တစ်ခုအတွင်း၌ပင် ခံယူချက်နှင့် ကျင့်သုံးမှုများ ကွဲပြားခြားနားလာကာ ဂိုဏ်းဂဏအဖွဲ့အစည်း များပေါ်ပေါက်လာ စေပါသည်။

ဘာသာပေါင်းစုံဆက်ဆံရေး
                      ဘာသာတရားယုံကြည် ကိုးကွယ်မှုသည် လူတစ်ဦးချင်းစီနှင့် သက်ဆိုင်သော ကိစ္စဖြစ် သော်လည်း ဘာသာတရားတိုင်းတွင် လူအများနှင့် သက်ဆိုင်သော ဖွဲ့စည်းတည်ဆောက်မှု ပုံသဏ္ဍာန်များ ရှိကြသည်။ ထိုအပြင် ယဉ်ကျေးမှု တစ်ခုနှင့်တစ်ခု ထိတွေ့လာသောခေတ်တွင် ဘာသာ တရား တစ်ခုနှင့် တစ်ခု ထိတွေ့ဆက်ဆံမှုသည် အရေးပါသော အခန်းဂဏ္ဍ ဖြစ်လာပါသည်။ ထိုအခါ လူတစ်ဦးစီ၏ ဘာသာတရားအပေါ် ရှုမြင်ပုံသည် ဘာသာပေါင်းစုံဆက်ဆံမှု၏ အခြေခံဖြစ်လာသည်။ လူတစ်ဦးသည် မိမိယုံကြည်ရာ ဘာသာတရားကို ရှုမြင်ပုံ (၃) မျိုး ရှိနိုင်ပါသည်။

၁။               မိမိယုံကြည်ရာ ဘာသာတရားကိုသာ အမှန်ဟု ခံယူခြင်း။
                  ထိုအမြင်ကို အစွန်းရောက်အမြင်ဟု ပညာရှင်များက သတ်မှတ်ကြသည်။ ဘာသာရေး စစ်ပွဲများ၊ ပဋိပက္ခများ နှင့်အကြမ်းဖက်မှုများသည် ဤခံယူချက်ကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ 

၂။              ဘာသာတရားများ အားလုံး အတူတူပင်ဖြစ်သည်။
                 ထိုသူတို့အား ဘာသာရေး အတုအယောင်များ ဟုသတ်မှတ်ပါသည်။ အာရှယဉ်ကျေးမှုများ ပျေက်ကွယ်ကာ ပုဂ္ဂိလိကဆန်သော အတွေးအခေါ်များ ထွန်းကားလာခြင်းမှာ ဤခံယူချက်များကြောင့်ဖြစ်သည်ဟု ဆိုပါသည်။

၃။              မိမိကိုယ်ကွယ်ရာ ဘာသာတရားကို လက်ခံယုံကြည်မှု ရှိသကဲ့သို့ ကွဲပြားခြားနားသော ယုံကြည်မှုများကိုလည်း လေးစားတန်ဖိုး ထားတတ်ကြသည်။ 

                  လူငယ်များသည် အမှန်တရားကို မြတ်နိုးသူများ၊ တရားမျှတမှုကို ခုံမင်သူများ ဖြစ်ကြသည်။ သို့ဖြစ်၍မိမိယုံကြည်သည့် သခင်ယေရှု၏ လမ်းစဉ်ကို ရဲဝံ့စွာ လျှောက်လှမ်းရင်းမိမိနှင့် ယုံကြည်ခြင်း မတူသော ၀န်းကျင်မှ လူငယ်များနှင့် လက်တွဲကာ အနာဂတ်တိုင်းပြည်ကို တည်ဆောက်ကြရန်ဖြစ်သည်။


                                                                      သိက္ခာတော်ရဆရာ ဦးတင်မောင်ရွှေ


(မွန်/တနင်္သာရီတိုင်းသာသနာနယ် လူငယ်သင်တန်းမှ သင်ခန်းစာ ကောက်နှုတ်ချက်)






No comments:

Post a Comment