Friday, April 3, 2015

သင်မည်သို့မျိုးစေ့မျိုး စိုက်ခဲ့ပါသနည်း။

                   အခြေပြု ကျမ်း (ဂလာတိ ၆း၇)
                 “ အလွဲမယူကြနှင့်    ဘုရားသခင်သည်     မထီမဲ့မြင်ပြုခြင်းကို    ခံတော်မမူ။ လူသည်မျိုးစေ့ ကြဲသည့်အတိုင်း   အသီးအနှံကို   ရိပ်ရလိမ့်မည်။”
                 မျိုးစေ့၏သဘောသဘာဝသည် နည်းနည်းကြဲသော်ငှားလည်း အပင်များများပေါက်တတ်သည်။ ယနေ့ယုံကြည်သူတစ်ဦး၏ အသက်တာတွင် မိမိမျိုးစေ့ကိုမည်သို့ ကြဲခဲ့နည်းဟု ကိုယ့်ကိုယ်ကိုပြန်လည် ဆန်းစစ်ဖို့လိုသည်။ ကောင်းသောမျိုးစေ့ကိုသာကြဲခဲ့မည် ဆိုလျှင် ကောင်းသောအသီးအနှံကို ရိပ်ရသကဲ့သို့ မကောင်းသောအသီးအနှံကိုကြဲခဲ့မည်ဆိုလျှင် ပုပ်ပျက်သည့်အသီးအနှံကို ရိပ်သိမ်းရမည်ဟု ကျမ်းစာက သွန်သင်ထားသည်။ တနည်းအားဖြင့် ခရစ်တော်ကိုမိမိအသက်သခင် အဖြစ်လက်ခံထားသော်လည်း ဘုရားအလိုတော်ကိုမဆောင်ဘဲ မိမိစိတ်တိုင်းကျ မိမိအလိုအတိုင်း အသက်ရှင်သူများ ကိုယ်နေ့စဉ် အသက်ရှင်ခြင်း အရာ မှာ မည်သည့် မျိုးစေ့ကို ကြဲခဲ့နည်းဟူ၍  ပြန်လည် ဆန်းစစ်ရန်  မေတ္တာဖြင့်  ဖော်ပြပါရစေ။
                 
  ၁။             အဓမ္မမျိုးစေ့။  (ယောဘ ၄း၈)
              “ငါမြင်သည့်အတိုင်း မတရားသော    လယ်ထွန်ခြင်းကိုပြုသောသူနှင့် အဓမ္မမျိုးစေ့ကို ကြဲသော သူတို့သည်   ထိုသို့နှင့်အညီ    စပါးရိတ်တတ်ကြ၏။”
                အဓမ္မမျိုးစေ့ကိုကြဲသောသူသည် မတရားသောသူတို့နှင့်တန်းတူဖြစ်ကြောင်း ကျမ်းစာကဖော်ပြ ထား ပါသည်။ တနည်းအားဖြင့်  အဓမ္မမျိုးစေ့ရှိသောသူသည်   မတရားသောသူဖြစ်သည်ဟု ဆိုလိုသည်။
           ဥပမာ = (၃ရာ ၂၁း) ၊ (၄ရာ ၁၀း၁၀)
                 ယေဇရေလမြို့သား  နာဗုတ်ပိုင်သော  စပျစ်ဥယျာဉ်ကို ရှင်ဘုရင်၏      အခွင့်အာဏာသုံးပြီး အဓမ္မသိမ်းယူလိုက်သည့် ဘုရင်အာဟပ်နှင့်မိဖုရား ယေဇဗေလကို အဓမ္မလူများဖြစ်ကြောင်း ကျမ်းစာ က မှတ်တမ်းတင်ထားသည်။   အာဟပ်မင်းနှင့် သူ၏မိဖုရား  ယေဇဗေလသည် မင်းအာဏာကို အလွဲသုံးစားပြု ပြီး   မတရားသဖြင့် ခြံပိုင်ရှင်  နာဗုတ်ကိုသတ်ပြီး  စပျစ်ဥယျာဉ်ကို သိမ်းယူခဲ့သည်။  (၃ရာ ၂၁း၁၆)

 
               ထိုအချိန်တွင် ဘုရားသခင်ကပရောဖက် ဧလိယအားဖြင့် အာဟပ်မင်းကိုသတိပေး စကားပြော ကြားရာတွင် အငယ်(၁၉) ထာဝရဘုရားသည်ကား သူ၏အသက်ကိုသတ်၍သူ့ဥစ္စာကိုသိမ်းယူပြီလော။ တဖန်မိန့်တော်မူသည်ကား နာဗုတ်အသွေးကိုလျက်သောအရပ်၌ သင့်အသွေးကိုပင်လျက်ကြလိမ့်မည်။ အငယ်(၂၁)တွင် ထာဝရဘုရားမိန့်တော်မူသည်ကား သင့်အပေါ်သို့ဘေးဥပဒ်ရောက်စေမည်။ ဘုရားသခင် ၏ ကျိန်ခြင်းဘေးသည် အမျိုးအစဉ်အဆက်အပေါ် သက်ရောက်ကြောင်း တွေ့ရသည်။ ယေဇဗေလကိုလည်း မြို့ထဲ မှာသေလျှင် ခွေးတို့သည် သူ့ကို စားလိမ့်မည်။ အာဟပ်အမျိုးသည် လည်း မြို့ထဲမှာသေလျှင်  ခွေးစားလိမ့်မည်။ မြို့ပြင်မှာသေလျှင် မိုးကောင်းကင်ငှက် စားလိမ့်မည်ဟုဆိုသည့်အတိုင်း ဘုရားစကားပြည့်စုံသည်ကိုတွေ့ရသည်။ ဆက်ပြီးကြည့်လျှင် ထာဝရဘုရား သည် အာဟပ်အမျိုး၌ မိန့်တော်မူသောစကားတော် တစ်ခွန်းမျှ မြေသို့မကျရသည် ကို တွေ့ရသည်။ 
                မိဘ၏အဓမ္မမျိုးစေ့ကြဲသည့်အပေါ် ဘုရားသခင်၏ကျိန်ခြင်း အမင်္ဂလာသည် သားစဉ်မြေးဆက် ဆွေးမျိုးသားခြင်းအပေါ်သို့ သက်ရောက်ပြီးပြန်လည် ရိပ်သိမ်းရသည်ကို တွေ့ရသည်။ (ဒေသနာ ၈း၁၃) ၌ “အဓမ္မ လူမူကား ဘုရားသခင်ရှေ့တော် ၌ မကြောက်ရွံသော  ကြောင့်  ကောင်းသောအကျိုးကို မခံရ။ အရိပ်နှင့်တူသော မိမိအသက်သည်လည်း မရှည်ရ။

၂။        ရန်မျိုးစေ့     (သုတ္တံ ၁၆း၂၇-၂၈)
              အဓမ္မ  လူသည် မကောင်းသောအမှုကို  ကြိုစား၍ ကြံစည်တတ်သည်။    သူ၏နှုတ်ခမ်း၌ ပူလောင်သော မီးကဲ့သို့ရှိ၏။ သဘောကောက်သောသူသည် ရန်မျိုးစေ့ကို ကြဲတတ်၏။ ကုန်းတိုက်သော သူသည်လည်း မိတ်ဆွေတို့ကို ကွဲစေတတ်၏။ ကြမ်းတမ်းသောသူသည် အိမ်နီးချင်းကို ချော့မော့၍ မကောင်းသောလမ်းထဲသို့ သွေးဆောင်တတ်၏
                 ယုံကြည်သူ  တစ်ယောက်ဖြစ်ပြီး   သူတပါးအကျိုးယုတ်အောင်   ကြံစည်ခြင်း၊    ရန်တိုက်ပေြး ခင်း၊ စောင်းမြောင်းပြောဆိုခြင်း၊ သူတပါးအကြောင်း အတင်းအဖျင်းပြောဆိုတတ်သော ထိုသူ ထဲ တွင် ရန်မျိုးစေ့ရှိသောသူ ဖြစ်သည်။
                (ရောမ ၂း၁) တွင် ထိုကဲ့သို့သောသူသည်   ခရစ်တော်ကို           ယုံကြည်လက်ခံ ထားသည် ဆိုသော်လည်း အကျင့်မကောင်းသော သူသည် ဇာတိပကတိနှင့် အသက်ရှင်နေသော ခရစ်ယာန် ဘာသာဝင်တစ်ယောက်သာလျှင် ဖြစ်သည်။ ထိုကဲ့သို့သောသူကို ကျမ်းစာက ပုပ်ပျက်ခြင်းအသီးအနှံကို ရိပ်သိမ်းရမည်ဟု ဆိုသည်။ (ဒေသနာ ၅း၆) “သင်၏နှုတ်သည် သင်၏ ကိုယ်ခန္ဓာ၌ အပြစ်မရောက်စေနှင့်” ဟုပြောဆိုထားသည်။

၃။             ဒုစရိုက်မျိုးစေ့           (သုတ္တံ ၂၂း၈)
             “ဒုစရိုက်မျိုးစေ့ကိုကြဲသော သူသည် ဒုက္ခမျိုးစေ့ကို ရိတ်ရမည်။“
           ဤမျိုးစေ့သည် ရန်မျိုးစေ့နှင့်မခြားနားကြောင်း တွေ့ရသည်။ ဒုစရိုက်ဟူသောစကားလုံးသည် မကောင်းမှုမှန်သမျှဟု ပြောလျှင်ပို၍ သင့်တော်ပေလိမ့်မည်။ (၁ယော ၃း၎) “ဒုစရိုက်ကိုပြုသောသူ မည်သည်ကား ပညတ်တော်ကိုလွန်ကျူး၏။ ဒုစရိုက်သည်ကား ပညတ်တော်ကို လွန်ကျူးခြင်းဖြစ်၏” ဟုပြောသည်။ 
                တနည်းအားဖြင့်       ပညတ်တော်ကို       လွန်ကျူးခြင်းဟူသည်               ဘုရားသခင်ကို မယုံကြည်  သော ကြောင့် ဘုရားစကားကို နားမထောင်ခြင်းဖြစ်သည်ဟု နားလည်ရသည်။ (ကမ္ဘာဦး ၂း၁၇) မှာ ထိုအပင်၏အသီးကိုကား မစားရ။ စားသောနေ့တွင် ဧကန်အမှန်သေရမည်ဟု လူကိုပညတ်ထား တော်မူသည်။
                 အာဒံနှင့်ဧ၀ကို ပထမဦးဆုံး ဘုရားသခင်ပေးသော ပညတ်တရားသည် တစ်ချက်ပဲရှိသည်။ ထိုအပင်၏ အသီးကိုမစားရ။ တနည်းအားဖြင့် ကောင်းမကောင်းသိကျွမ်းရာ အပင်၏အသီးကို မစားရ၊ စားသောနေ့တွင် ဧကန်အမှန်သေရမည် ဟုပညတ်တစ်ချက်တည်းသာပေးထားသော်လည်း ဘုရားစကားကို နားမထောင်ဘဲ ဘုရားသခင်ပေးသောပညတ်တစ်ချက်တည်းကို ကျူးလွန်သောကြောင့် သူတို့၏ရွေးချယ်မှုအမှားသည် ထာဝရပြုပြင်၍မရသော အမှား၊ ထာဝရနေ့ရက်တိုင်အောင် လူသားတစ်ရပ် လုံးအပေါ် သက်ရောက်ခဲ့ကြောင်း နားလည်ရပေသည်။
                 ဤအချင်းအရာကို    ကြည့်ခြင်းအားဖြင့် ကောင်းမကောင်းအသီးကိုစား၍     အပြစ်ဖြစ်သည် မဟုတ်ဘဲ ဘုရားစကားကိုနားမထောင်ဘဲ စာတန်စကားကိုနားထောင်ပြီး သူတို့ကြဲခဲ့သော ဒုစရိုက်မျိုးစေ့ကြောင့် လူသားမျိုးနွယ်တစ်ရပ်လုံး ပြန်ပြီးဒုက္ခစပါးကို ရိပ်သိမ်းနေရသည်။ ဆက်လက်ပြီး ရိတ်သိမ်းနေရဦးမည်။
                (ဒေသနာ ၉း၃(ခ)) ၌“အကယ်စင်စစ် လူသားတို့၏စိတ်နှလုံးသည် ဒုစရိုက်သဘောနှင့် ပြည့် ၏”ဟု ပြောထားပါသည်။

၎။             လေမျိုးစေ့        (ဟောရှေ ၈း၇)
           “ လေမျိုးစေ့ကိုကြဲ၍ လေဘွေစပါးကို ရိတ်ရကြလိမ့်မည်။ စပါးပင်မရှိရ။ အနှံထဲကမုန့်ညက် မထွက်ရ။ ထွက်သော်လည်း တကျွန်းတနိုင်ငံသားတို့သည် စားကြလိမ့်မည်။”
               ဣသရေလလူမျိုးတို့    သည် ရုပ်တုကို ကိုးကွယ်ခြင်းနှင့်      အပြစ်လေမျိုး         ကို စိုက်ပျိုးသောကြောင့် နောက်ဆုံးတွင်လေဘွေစပါး ဖြစ်သော အာရှုရိလူတို့၏ တိုက်ခိုက်ခြင်းကို ခံရ၍ များစွာသော ဒုက္ခဆင်းရဲခြင်း လေဘွေစပါးကို ပြန်ပြီးရိတ်သိမ်းရသည်ကို တွေ့ရသည်။ ဤလေမျိုးစေ့သည် အပင် မပေါက်သော်လည်း ရှိတတ်သည်။ အပင်ပေါက်၍ အသီးသီးခဲ့ပါလျှင်လည်း အထဲ၌ မုန့်ညက် လုပ်သော ဆန်မရှိပါ။ အသီးအနှံရှိလျှင်ပင် မစားရဘဲ တစ်ကျွန်းတနိုင်ငံသား အတွက် သာဖြစ်သည်။ 
              ဤသို့ဖြစ်ရခြင်း    မှာ ဘုရားစကားကို နားမထောင်ဘဲ        မိမိနှုတ်ခမ်း၌ မုသာသုံးပြီး ဘုရားရှိခိုး နေကြသည့် ဘာသာဝင်ခရစ်ယာန်များသာဖြစ်သည်။ အမှန်တရားကို ကိုင်စွဲပြီး ဘုရားကို လိမ်ညာနေ သည့် အမှန်တရားအပေါ်ရပ်တည်နေသောသူသည် လူစီဖာ၏အပေါင်းအဖော် ဖြစ်သည်။ အမှန်တရားတွင်အသက်မရှိပါ။
              သမ္မာတရားသည် ခရစ်တော်ဖြစ်သည်။ ထိုကြောင့် သမ္မာတရားသည် အသက်နှင့်ပြည့်စုံ သည်။ သမ္မာတရားတည်းဟူသော ဘုရားစကားကို မယုံကြည်သောသူသည် လေမျိုးစေ့ကြဲနေသော သူများဖြစ် သည်။ ထိုသူ၏ ဆုတောင်းသံလည်း ဘုရားသခင် ဆီမရောက် ဘဲ လေထဲမှာပင်  ပျောက်လွင့်သွားမည်။ သူတို့၏ စိတ်နှလုံး တည်ကြည်မှု မရှိသောကြောင့် လေတိုက်၍လွင့်သော ဖွဲနှင့် တူကြောင်း (ဆာလံ ၁)တွင်  ဖော်ပြထားသည်။
                  ကျမ်းစာတွင် ညီအစ်ကိုဖြစ်သော ဧသောနှင့်ယာကုပ် အကြောင်းကို ကြည့်လျှင် ညီဖြစ်သူယာကုပ်သည် ဖခင်နှင့်ဧသော၏ ကောင်းချီးမင်္ဂလာကို လှည့်စားပြီးယူသွားသောကြောင့် ဧသောသည် နာကျဉ်းပြီး မျက်ရည်ကျခဲ့ရသည်ကို တွေ့ရသည်။ တစ်နေ့ ယာကုပ်အလှည့်ရောက်သော အခါ ဦးလေးအရင်းဖြစ်သူ လာဗန်နှင့်သမီးလေအား၏ လှည့်စားမှုကို မခံမရပ်နိုင်သော ခါးသီးမှုကို ခုနှစ်နှစ်တိုင်ပြန်ပြီး ခံစားရသည်ကိုတွေ့ရသည်။ (က ၂၇း၃၆-၃၈၊ ၂၉း၂၅)။
                    မိမိစိုက်ခဲ့သည့်အကျိုးအပြစ်ထက် ၂ဆ ပြန်ခံစားရသည်ကို တွေ့ရသည်။ ယနေ့ယုံကြည်သူ များနားလည်ရန်လိုအပ်သည်မှာ မိမိပြုခဲ့သော အပြစ်ကို နောင်တရပြီး ဘုရားသခင်၏ခွင့်လွှတ်ခြင်း ကရုဏာ ကိုခံစားရသော်လည်း ကိုယ်ကျူးလွန်ခဲ့သည့် အကျိုးအပြစ်အား ပြန်ပြီးရိတ်သိမ်းရသည်ကို ကျမ်းစာအားဖြင့် သိရသည်။ ထိုကြောင့်ထာဝရဘုရား၏ သတိပေးချက်ကို အလွဲမယူကြပါနှင့်။ လူသည်စိုက်သည့်အတိုင်း ပြန်ပြီးရိတ်ရမည်။



၅။            နှုတ်ကပတ်တော်မျိုးစေ့
      မျိုးစေ့၏ သဘောသဘာဝသည် အနည်းငယ်ကြဲသော်လည်း များများပေါက်တတ် သည့်အတွက် ကြောင့် ယုံကြည်သူဘုရားသားတစ်ယောက် ဖြစ်လာပြီဆိုပါက ကောင်းသော မျိုးစေ့ကိုသာ များများစိုက်ရန် လိုအပ်ပေသည်။ မိမိကြဲလိုက်သည့်မျိုးစေ့သည် နောက်နောင်မိမိမျိုးဆက်သစ်တိုင်အောင် အကျိုးဆက်ခံစား နိုင်သောကြောင့် ကောင်းသောမျိုးစေ့ကိုသာ စိုက်သင့်သည်။
           (ရောမ ၈း၁၉) ၌ ဤလောကသည်ဘုရားသခင်၏သားတို့      ပေါ်ထွန်းခြင်းအရာကို အလွန် တောင့်တမျှော်လင့်လျက်နေ၏ ဟုဖော်ပြထားပါသည်။ ပြောချင်သည်မှာ ဤခေတ်ဆိုးကြီးထဲတွင် ဘုရားသားသမီးများ ပိုမိုများပြားလာစေရန် ဘုရားသခင်အလိုရှိသည်။ (၁ပေ ၁း၂၂-၂၃)
                  ဤမျိုးစေ့သည်ဘုရားသခင်ထံမှ လာသောမျိုးစေ့ ဖြစ်သောကြောင့် မဖောက်ပြန် မပျက်စီး တတ်သည်ကို တွေ့ရသည်။ စစ်မှန်သောဘုရားသားဖြစ်လျှင် အသက်ရှင်စေ၍ အစဉ်အမြဲတည်တော် မူသော ဘုရားသခင်၏နှုတ်ကပတ်တော် မျိုးစေ့ကိုသာ ကြဲရမည်။ နှုတ်ကပတ်တော် မျိုးစေ့ကိုကြဲသော အခါ မြေကောင်းမကောင်းကို  ရွေးစရာမလိုပါ။ မြေကောင်းကောင်း မကောင်းကောင်း ကြဲသာကြဲ လိုက်ပါ။  နှုတ်ကပတ်တော် မျိုးစေ့ဟာ သာမန်မျိုးစေ့နှင့်မတူပါ။ တန်ခိုးပါသောကြောင့် မကောင်းသော  မြေပေါ်မှာကြဲသော်လည်း  အပင်ပေါက်ပြီး    ကောင်းသောမြေဖြစ်လာမည်။ 

     ချစ်သောမိတ်ဆွေများ သင်ကြဲလိုက်သော ဘုရားသခင်၏နှုတ်ကပတ်တော် မျိုးစေ့မှန် လျှင် လောကသာမက ထာဝရကာလတိုင်အောင် အကျိုးဆက်ကိုခံစားရမည်။ (ယာကုပ် ၁း၁၈) “အသင့်အတင့်နေခြင်းငှာ ပြုစုတတ်သောသူတို့သည် ဖြောင့်မတ်ခြင်းတရား၏ မျိုးစေ့ကို ငြိမ်သက်စွာ ကြဲတတ်၏”။ ကျမ်းစာတစ်ချက်မှာ “ထာဝရဘုရား၏နှုတ်ကပတ်တော် မူကား အစဉ်အမြဲ တည်၏။ ထိုနှုတ်ကပတ်တော်သည် သင်တို့အား ဟောပြောသော ဧ၀ံဂေလိတရားတည်း။” 
              နှုတ်ကပတ်တော်တရားသည်    လူတိုင်းကြဲသင့်သော   မျိုးစေ့ဖြစ်သည်။ လူသည်မွေး ကတည်း က အာဒံ၏မျိုးစေ့ ပါလာသောကြောင့် ဖြောင့်မတ်ခြင်းမျိုးစေ့ မရှိပါ။ သို့သော်လည်း ဘုရားသခင်၏ ကယ်တင်ခြင်းဧ၀ံဂေလိတရားကို ကြားပြီး ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ ရောက်သောသူကို သန့်ရှင်းသောဝိညာဉ်တော်ကို တံဆိပ်ခတ်ခြင်းကို ခံရသောအခါ ဘုရားသားဖြစ်လာသည်။ ထိုကြောင့်ဖြောင့်မတ်ခြင်း၏အရှင် ဖြစ်သော ခရစ်တော်ကို ရရှိပြီးသူတိုင်းသည် ဖြောင့်မတ်သော လူသစ်အဖြစ် ဘုရားသခင်ကမှတ်ယူသည်ဟု ကျမ်းစာက ဆိုပါသည်။
            ဘုရားသခင်၏ဖြောင့်မတ်ခြင်းမျိုးစေ့ ကိုရပြီးသူတိုင်းကိုလည်း ဆက်ပြီးဤလောက၌ ဘုရားသခင် ၏ဖြောင့်မတ်ခြင်း သည် ဘုရားသခင်ထံမှ လာသောကြောင့် ကျွန်ုပ်တို့ အထဲ ၌  စေတနာဖြင့် ပြုပြင်ပေးနေသူသည် ဘုရားသခင်သာဖြစ်သည်။ သင့်စိတ်နှလုံးထဲ၌ သမ္မာတရားကို နားထောင်လျက် ကိုယ်၊စိတ်၊နှလုံးကို နှုတ်ကပတ်တော်ရေဖြင့် ဆေးကြောစင်ကြယ်စေ၍ ဘုရားသခင်ရှေ့၌ ခန္ဓာ၊စိတ်၊၀ိညာဉ် အပြစ်တင်ခြင်း ကင်းလွတ်လျက် သာဓုသစ္စာရှိသော ငယ်သားကောင်း ဟု သခင်ကချီးမွမ်းခြင်းကို ခံရမည်ဖြစ်သည်။
           ကောင်းသောမျိုးစေ့နှင့် ဖြောင့်မတ်ခြင်းမျိုးစေ့ကို အစဉ်ကြဲတတ်သော သူသည် ၀မ်းမြောက်ခြင်း အသီးအနှံကို ပြန်ပြီး ရိတ်သိမ်းရလိမ့်မည်။
           ဟေရှာယ ၅၅း၁၁ “ထိုအတူငါ၏ နှုတ်ကပတ်တော်သည် ဖြစ်လိမ့်မည်။ အကျိုးမရှိဘဲ ငါ့ထံသို့ မပြန်ရ။ ငါ့အလိုကို ပြည့်စုံစေမည်။” ဘုရားသခင်၏နှုတ်ကပတ်တော်သည် တန်ခိုးရှိသောကြောင့် ပျက်စီးခြင်း အချည်းနှီး အကျိုးမဲ့မဖြစ်ပါ။ ဘုရားသခင်၏နှုတ်ကပတ်တော် တန်ခိုးကို ခံယူသူတိုင်း ၀ိညာဉ်အသက်ကို ပေးစွမ်းနိုင်ပြီး နှုတ်ကပတ်တော်ကို ငြင်းပယ်သူအတွက် တရားစီရင်ခြင်းနှင့် မလွတ်ပါ။

        ဟေရှာယ (၅၆း၁)
                  “ထာဝရဘုရားမိန့်တော်မူသည်ကား တရားကိုစောင့်၍ ဖြောင့်မတ်စွာကျင့်ကြလော့။ ငါ၏ကယ်တင်ခြင်း ကျေးဇူးရောက်ချိန်နှင့် ငါ၏ဖြောင့်မတ်ခြင်းတရား ထင်ရှားချိန် ရောက်လုနီးပြီ”



                                                                 ဒေါ်မေရီ  (ပြင်ဦးလွင်)











No comments:

Post a Comment