Friday, April 17, 2015

ခရူးဆိတ်စစ်ပွဲ (၃)

Fifth Crusade      (1217-1221)

                   (၁၂၁၅) မှာ ကျင်းပတဲ့ အထွေထွေညီလာခံ Fourth Council of the Lateran က Holy Land ကို ပြန်သိမ်းပိုက်ဖို့ အစီအမံချပေးတယ်။ သြစတြီးယား နဲ့ ဟန်ဂေရီ တို့က ပါဝင်ဖို့ သဘောတူတယ်။ စစ်ပွဲစတော့ ဂျေရုဆလင်နှင့် အန္တီယော့ရှိ စစ်အင်အားနှင့် ပူးပေါင်းပြီး (၁၂၁၉) မှာ အီဂျစ်ရဲ့ မြို့တစ်မြို့ ဖြစ်တဲ့ Damietta ကို သိမ်းပိုက်နိုင်ခဲ့တယ်။ ဒီအောင်မြင်မှုကြောင့် ခရစ်ယာန်တွေဘက်မှာ အားတက်လာ ကြတယ်။ ပုပ်ရဟန်းမင်းကြီးရဲ့ နိုင်ငံခြားရေးတာဝန်ခံ (Papal Legate) က ကိုင်ရိုမြို့တော် ကို ၀င်တိုက်ဖို့ ဖိအားပေးတယ်။ ဒါကြောင့် ကောင်းမွန်စွာ မပြင်ဆင်နိုင်ဘဲ (၁၂၂၁) ဇူလိုင်မှာ ကိုင်ရိုမြို့တော်ကို တိုက်ခိုက်တယ်။ အီဂျစ်ရဲ့ နာမည်ကျော် စစ်ခေါင်းဆောင် (Ayyubid Sultan Al-Kamil) ရဲ့ စစ်တတ်တွေရဲ့ တန်ပြန် တိုက်ခိုက်မှုကြောင့် ခရူးဆိတ် စစ်သည်တော်တွေ များစွာကျဆုံးရတယ်။ အချို့ လက်နက်ချရသည်အထိ ဖြစ်ရတယ်။ (Al-Kamil) နဲ့ ခရစ်ယာန်တွေ (၈)နှစ်ကြာ စစ်မဖြစ်ရေး စာချုပ်ချုပ်ဆိုကြတယ်။ 


                   ခရစ်ယာန်တွေနဲ့ စစ်ဖြစ်နေချိန်မှာ Al Kamil က ခရစ်ယာန်ခေါင်းတစ်လုံး ရွှေတစ်ပြား ဆုငွေထုတ်ထားတယ် အဲဒီလို ကာလမျိုးမှာ စိန့်ဖရန့်စစ် နဲ့ နောက်လိုက်အချို့ စစ်နယ်မြေ နယ်နိမိတ် ကိုကျော်ကာ Al Kamil နဲ့ စကားပြောဖို့ သွားခဲ့ပါတယ်။ အားလုံး အဖမ်းခံ၊ အရိုက်နှက် ထုထောင်းခံရပြီးမှ Al Kamil နဲ့ တွေ့ခွင့်ရတယ်။ စိန်ဘော်နေဗင်ချာက Sultan Al - Kamil ဟာ စိန့်ဖရန့်စစ်ကို လေးစား အထင်ကြီး တယ်လို့ ဆိုပါတယ်။
                   သူတို့နှစ်ဦး အချိန်အတော်ကြာ တွေ့ဆုံကြပြီး လက်ဆောင်ပစ္စည်းတွေ ပေးပြီး အန္တရာယ် ကင်းစွာ ပြန်စေတယ်။ ဒါပေမဲ့ စိန့်ဖရန့်စစ် ကတော့ ဘုရားရှိခိုးရင် ဘာသာတူတွေကို အချက်ပေးဖို့ ဦးချို မှုတ် တစ်ချောင်းပဲ ပြန်ယူလာပါတယ်။ အဲဒီလို တွေ့ဆုံခြင်းဟာ နောင်မှာ Holy Land ကို ဖရန့်စစ်ကင် ရသေ့တွေ ထိန်းသိမ်းရေးဌာနများ ဖွင့်ခွင့် ရစေတဲ့ အကြောင်းတရား ပဲဖြစ်ပါတယ်။

St. Francis Assisi and Ayyubid Sultan Al-Kamil


Sixth Crusade (1228-1229)
               
                   ရောမအင်ပါယာရှင် ဖရက်ဒရစ် (၂) က ဂျေရုဆလင်ကို ပြန်သိမ်းပိုက်မယ်လို့ မကြာခဏ ကြုံးဝါး ပေမဲ့ လက်တွေ့မှာ တစ်ခါမှ မလုပ်ခဲ့ပါဘူး။ သူဟာ ပုပ်ရဟန်းမင်းကြီးကိုလည်း ကတိပေးထားပုံ ရတယ်။ တစ်ချိန်မှာ ပုပ်ရဟန်းမင်းကြီး ဂရေဂေါ်ရီ (၉) ကသူ့ကို အသင်းတော်ထဲက ထုတ်ပယ်တယ်။ အဲဒီ တော့ ဖရက်ဒရစ် (၂) လည်း လှုပ်ရှားတော့တယ်။ (၁၂၂၉)မှာ အီဂျစ်ကို သွားတိုက်တယ်။ မအောင်မြင် ပါဘူး။ ဒါပေမဲ့ Al- Kamil နဲ့ ငြိမ်းချမ်းရေး စာချုပ် ချုပ်ဆိုခဲ့တယ်။ စာချုပ်အရ ခရစ်ယာန် တို့ကို ဂျေရုဆလင်၊ နာဇရက်နဲ့ ဘက်သလေဟင် တို့ကို Al- Kamil ကပေးလိုက်တယ်။ မွတ်စလင် တို့က Dome of the Rock နဲ့ Al - Aqsa Mosque ကို ထိန်းချုပ်ဖို့ သဘောတူတယ်။ ဒါကို Al-Kamil တွေက သိပ် သဘောမတူကြဘူး။ စာချုပ်အရ ခရူးဆိတ်စစ်သည်တော် တွေဟာ (၁၀)နှစ်တာမျှ အုပ်ချုပ် ခွင့်ရ ခဲ့ပါတယ်။ 

Dome of the Rock

Seventh Crusade (1248-1254)

                   (၁၂၄၃) မှာ ပုပ်ရဟန်းမင်းကြီး ကိုယ်စားလှယ်နှင့် အီဂျစ်တို့ ပြဿ     နာ ဖြစ်တယ်။ Al-Kamil ရဲ့ လိုက်လျောမှုကို မကျေနပ်တဲ့ မူစလင်များက နောက်တစ်နှစ်မှာ ယေရုရှလင် ကို ၀င်တိုက်တယ်။ ခရူးဆိတ်စစ်သည်တော် တွေက ဂါဇာဒေသကနေ ခုခံတယ်။ (၂)ရက် အတွင်း အကျအရှုံးများစွာ နှင့် အရှုံးပေးလိုက်ရတယ်။ 
                    ဒီတစ်ခါ အကျအဆုံး များမှုကို (၁၁၈၇) ကျဆုံးမှုလောက် ဥရောပက ဒေါသတစ်ကြီးနဲ့ မတုံ့ပြန်ပါဘူး။ ပြင်သစ်ဘုရင် လူးစ်ဝစ် (၉) ကခရူးဆိတ် စစ်သည်တော်တွေကို ပြန်ဦးဆောင် ဖွဲ့စည်းပြီး အီဂျစ်ကို ချီတက်တိုက်ခိုက်တာ မအောင်မြင်ဘဲ သူလဲ အဖမ်းခံလိုက်ရတယ်။ (၁၂၅၁) အလယ်လောက် မှာ သိုးထိန်းတွေရဲ့ ခရူးဆိတ်ပွဲ (Shepherd's Crusade) ဆိုပြီး ဟန်ဂေရီ ရသေ့တစ်ပါးက လယ်သမားတွေကို ဦးဆောင် စည်းရုံးတယ်။ မယ်တော် မာရိက သူ့ကို ညွှန်ကြားတယ်လို့ ဆိုတယ်။ လူ(၆၀၀၀၀) လောက် စုဆောင်းပြီး လူးဝစ် (၉) ကို ပြန်ကယ်ဖို့ Holy Land ကို ချီတက်တယ်။ လမ်းတစ်လျှောက်မှာ လယ်သမား တစ်ဖြစ်လဲ ခရူးဆိတ်စစ်သည်တော်တွေဟာ စည်းကမ်းမရှိ ရမ်းကားလို့ မြို့ရွာတွေက အမြင်မကြည်ဘူး။ သူတို့ဟာ ဂျူးတွေကို မြင်ရင်လည်း တိုက်ခိုက် တတ်သေးတယ်။ အဲဒါကို ပြောမရလို့ အသင်းတော်က သူတို့ ကို အသင်းတော်က ထုတ်ပယ်လိုက်တယ်။ 


  King Louis IX

                     (၁၃၂၀) မှာတော့ ပြင်သစ်ရှိ နော်မန်ဒီမှာ သိုးကျောင်းလူငယ်လေးက စပိန်မှာ ရှိတဲ့ မွတ်စလင်အဖွဲ့ (Moors) တွေကို တိုက်ခိုက်ရမယ်လို့ ၀ိညာဉ်တော်က ညွှန်ကြားတယ်လို့ ဆိုလာတယ်။ သူ့ရဲ့ ဦးဆောင်မှုနဲ့ ပဲရစ်ကို ချီတက်တယ်။ ပြင်သစ်ဘုရင် ဖိလစ်(၅) ကိုတွေ့ခွင့် တောင်းတယ်။ ဘုရင်က တွေ့ဆုံဖို့ ငြင်းဆန်လိုက်တယ်။ ဒါနဲ့ သူတို့ဟာ ရဲတိုက်တွေ၊ ရုံးတွေနဲ့ ဂျူးတွေကို တိုက်ခိုက် ဖျက်ဆီးကြတယ်။ 
                     ပုပ်ရဟန်းမင်းကြီး ဂျွန်(၂၂) က Avignon မှ သူတို့ကို ရပ်တန့်ဖို့ ပြောပါတယ်။ James က သူ့ရဲ့ စပိန်နယ်ထဲ ၀င်မလာဖို့ ဟန့်တားတယ်။ ဇူလိုင်၊ (၁၃၂၀) မှာ အတင်းဝင်လာကြလို့ James က ဂျူးတွေရဲ့ အသက်လုံခြုံရေးအတွက် စီစဉ်ပေး ရတယ်။ ဒီလိုနဲ့ပဲ သတ္တမ ခရူးဆိတ်ဟာ ဟိုမရောက်၊ ဒီမရောက်နဲ့ ပြီးသွားတယ်



                                                                         ဖာသာရ် မာစီအန် သက်ကျော်

                            (ကက်သလစ် အသင်းတော်သမိုင်းမှ ကောက်နှုတ်ဖော်ပြသည်)













No comments:

Post a Comment