Wednesday, April 22, 2015

ထူးခြားတဲ့ စိတ်ကူးစိတ်သန်းပိုင်ရှင်များ

               “Genius” ဆိုတဲ့စကားလုံး အဓိပ္ပာယ်ကို ဘာသာပြန်ကြည့်ရင် သူတကာထက် ထူးခြားတဲ့ စိတ်ကူး ရှိသောစွမ်းရည်၊  အမြော်အမြင်ကြီးသော ဥာဏ်ပညာတို့အပြင် အဲဒီလို ဥာဏ်ပညာနဲ့ ပြည်စုံသူ ဥာဏ်ကြီးရှင်လို့လဲ ပြောနိုင်ပါတယ်။ Oxford University က Dictionary မှာ Einstein တို့၊ Shakespeare တို့ကို Genius လို့ခေါ်ပါတဲ့။
                 အဲဒီ genius တွေနဲ့ ပတ်သက်ပြီး ကျွန်မအဘိုး၊ ဘဘကြီး ဦးခင်မောင်လတ် ရှင်းပြဖူးတာကို မှတ်မိနေတယ်။ genius တွေဟာ ဥာဏ်ပညာပြည့် စုံကြတယ်။ သူတို့ စိတ်ကူးဥာဏ်၊ စိတ်ကူးတွေဟာ ဘယ်သူနဲ့မှ မတူပါဘူး။ သူတို့စိတ်ကူး လိုက်တာဟာ ဆယ်ရာခိုင်နှုန်းလောက်ပဲ ရှိတယ်။ ဒါပေမယ့် ကျန်တဲ့ ကိုးဆယ်ရာခိုင်နှုန်း လောက်ကတော့ သူတို့ စိတ်ကူးကို အကောင်အထည်ဖော်ရတဲ့ ပင်ပန်းမှုပါပဲတဲ့။ ဘဘကြီးက အင်္ဂလိပ် အသုံးအနှုံးတွေကို ကိုးကားပြီး ရှင်းပြခဲ့ပါတယ်။
               ကျွန်မဟာ genius တွေကို စိတ်ဝင်စားမိတယ်။ သူတို့ဟာ မွေးကတည်းက ကပ်ပါလာတဲ့ သူများနဲ့ မတူတဲ့ စိတ်ကူးစိတ်သန်းတွေ ပိုင်ဆိုင်တယ်။ ဒီလိုပိုင်ဆိုင်ရုံမက သူတို့စိတ်ကူး ထားတာတွေကို အကောင်အထည် ဖော်ဖို့ အရည်အချင်းရှိတဲ့ ဖန်တီးရှင်တွေလည်းဖြစ်တယ်။ သူတို့ ဖန်တီးလိုက်တဲ့ အနုပညာတွေကို ခံစားရတဲ့ ကျွန်မတို့ တတွေဟာ ထူခြားတဲ့စိတ်ခံစားမှုကို ဖြစ်ပေါ်လာစေပါတယ်။



               ဟိုလွန်ခဲ့တဲ့ နှစ်ပေါင်း ရာပေါင်း၊ထောင်ပေါင်းများစွာ ကတည်းက genius တွေဟာ သူ့နေရာနဲ့ သူ ရှိနေခဲ့ကြတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၀၀ ကျော်လောက်က အီဂျစ်တွေ တည်ခဲ့တဲ့ ပိရမစ်တွေကို ကြည့်ရင် အဲဒီခေတ်က သူတို့တွေဟာလည်း genius တွေပဲ ဖြစ်ပါတယ်။ သူတို့ရဲ့ စိတ်ကူးစိတ်သန်းတွေနဲ့ တည်ဆောက်ခဲ့တဲ့ အဆောက်အဦတွေ၊ ပိရမစ်တွေက စလို့ ပျက်စီးယိုယွင်းသွားတဲ့ ကျောက်တုံးအပိုင်း အစတွေဟာ ယနေ့ခေတ်အထိ လူတွေ အမြတ်တနိုး ထားနေကြတယ် မဟုတ်လား။
               လေယဉ်ပျံခေတ်ကို ရောက်လာအောင် စတင်စိတ်ကူးခဲ့ ကြတဲ့ Wright Brothers တို့ဟာ ထူးခြားတဲ့ စိတ်ကူးပိုင်ရှင် genius တွေဖြစ်ပါတယ်။ အနာဂတ်ကို တိုးတက်ပြောင်း လဲ ပေးခဲ့သူတွေလို့ ခေါ်ဝေါ်နေခဲ့ကြတယ်။ ပန်းချီဆရာ၊ ပန်းပုဆရာ၊ နက္ခတ္တပညာရှင်၊ဓာတု ပညာရှင် စသည့်ဖြင့် သတ်မှတ်ခံရတဲ့ Leonardo do Vinci (1452-1519) နဲ့ ပတ်သက်လို့ ကျွန်မ စိတ်ဝင်စားတာရှိတာက The Mona Lisa ပန်းချီကားဖြစ်ပါတယ်။ ဒါ့အပြင် သူက အင်ဂျင်စက်၊ လိုဏ်ခေါင်း၊ အမြောက် ဒီဇိုင်းများကို ရေးဆွဲခဲ့သူ ဖြစ်ပြီး သူ့ဒီဇိုင်းများဟာ နောင်နှစ်ပေါင်း ရာပေါင်းများစွာ ကျမှ သိပ္ပံပညာရှင်တွေ တီထွင်နိုင်ခဲ့ကြပါသတဲ့။ 

 Leonado 

                   စက်ကိရိယာ မပေါ်ခင် သူရေးဆွဲခဲ့တဲ့ စိတ်ကူးတွေ၊ ဟယ်လီကော်ပတာဆိုတဲ့ အသုံးအနှုံး မပေါ်ခင်က သူရေးဆွဲခဲ့တဲ့ ဒီဇိုင်းတွေကို ကျွန်မတို့ လေ့လာမြင်တွေ့ ခဲ့ကြရပြန်တော့ သူ့ရဲ့ ထူးခြားလှတဲ့ စိတ်ကူးစိတ်သန်း တွေကို ကျွန်မတို့ အံ့သြ မှင်တက်ရတာ အမှန်ပဲ။ ဆယ်နှစ်ကျော်ကြာ အပင်ပန်းခံ ရေးဆွဲ ခဲ့တဲ့ “ The Last Judgement” ပန်းချီကားကြီးဟာလည်း ထူးခြားအံ့သြဖွယ် ကောင်းလှတဲ့ Leonado ရဲ့ စိတ်ကူး ဖြစ်ပါတယ်။ Milan ဘုန်းကြီးကျောင်းအတွက် ထိုပန်းချီကားကို ဆယ်နှစ်ကြာ ရေးဆွဲနေတဲ့ Leonado ကို ဘုန်းတော်ကြီးများက စိတ်မရှည် ဖြစ်ခဲ့ကြရပါသတဲ့။ 
                    သူတို့တတွေဟာ ဒီလိုလှပတဲ့ ပန်းချီကား တစ်ခု ရရှိလာဖို့ အဲဒါနဲ့ ညီမျှတဲ့ စိတ်ကူးစိတ်သန်း တွေ အကြီးအကျယ်ရှိရမယ် ဆိုတာ သဘောမပေါက်ကြဘူး ဟု Leonado က ဘုန်းတော် ကြီးများကို ဤသို့အမြင်ဖြင့် တွေးခေါ် ယူဆခဲ့ပါတယ်။ ဒါဟာ genius တစ်ယောက်ရဲ့ စိတ်ခံစားမှုလို့ ကျွန်မ ခံယူပါတယ်။ သာမန်လူတွေ ဘယ်လိုမှ နားမလည်နိုင်တဲ့ အယူအဆတွေ၊ အတွေးအခေါ် တွေနဲ့ သူတို့ ဘ၀မှာ သူတို့ တွေးတဲ့အတွေးနဲ့ သူတို့ လုပ်တဲ့ အလုပ်ရယ်နဲ့ပဲ နပန်းလုံး နေကြတယ်။

 Michaelangelo 

                  ပန်းပုပညာရှင်၊ နံရံဆေးရေး ပညာရှင် Michaelangelo Di Lodovico Buonarroti Simoni (1475-1564) ခေါ် မိုက်ကယ်အင်ဂျလို ဟာဆိုလည်း သူ့ခေတ်အခါမှာ သူဟာ genius တစ်ယောက်ပါပဲ။ မိုက်ကယ် အင်ဂျလိုက သူထွင်းထုတဲ့ ရုပ်တုတွေဟာ အကတည်းက ကျောက်တုံးထဲမှာ ရှိနေတာပါတဲ့။ အဲဒါကို သူက အဲဒီကျောက်တုံးထဲကနေ လွတ်မြောက်အောင် ရုပ်ထုတွေကို ဆွဲထုတ် လိုက်တာပါတဲ့။ ဒါဟာ သူလုပ်နေတဲ့ အလုပ်နဲ့ ပတ်သက်လို့ သူ့ရဲ့ သဘောထားဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်မတွေးမိတယ်။ အဲဒီ ကျောက်တုံးကြီးထဲမှာ ဘာရုပ်ထုရှိနေလဲ ဆိုတာကို သိတဲ့အသိဟာ genius မှသာလျှင် စဉ်းစားစိတ်ကူး တတ်မှာပါပဲလို့။ မိုက်ကယ်အင်ဂျလိုဟာ သူအလုပ်လုပ်နေတဲ့အချိန်မှာသူ့ဘ၀မှာ သူ့ရုပ်ထုရယ်၊ သူ့ဆေးခွက် ပန်းချီရယ်၊ သူ့ဝိညာဉ်ရယ်သာ ရှိပါတယ်။ အဲဒီလို ကိုယ်ဘ၀ကို ကိုယ်ဘာသာကိုယ် တည်ဆောက်ရင်း ပျော်မွေ့တတ်သူတွေဟာ genius တွေရဲ့ စရိုက်တွေပဲ  ဖြစ်ပါတယ်။ 

 Archimedes

                     ဂရိပညာရှင် Archimedes (278-212 BC) ဟာ ထိုခေတ်အခါက genius ပဲဖြစ်ပါတယ်။ သူဟာ Syracuse ဘုရင် Hieron စေခိုင်းတဲ့ ရွှေသရဖူ၊ ရွှေစစ်မစစ် သိနိုင်ဖို့ နည်းလမ်းကို ရှာပေးခဲ့သူဖြစ် ပါတယ်။ ထိုပြဿ     နာကို ဖြေရှင်းဖို့ ရှာဖွေရင်း သူရေချိုးကန်ထဲကို ၀င်လိုက်စဉ် လျှံကျသွားတဲ့ ရေတွေကို တွေ့သောအခါ သူရှာနေသောအဖြေကို ရုတ်တရက် တွေခဲ့သည်ဟု မှတ်သားခဲ့ ဖူးပါတယ်။ ထိုအဖြေကို သူဘယ်လောက်ထိ စဉ်းစာနေသည်မှာ ထိုအဖြေ ရုတ်တရက်ရခိုက် “Eureka” အဖြေတွေ့ပြီ ( I have found it) ဟု အော်ဟစ်ရင်း အ၀တ်စားမပါဘဲ ဘုရင့်ဆီ ပြေးလာခဲ့ပါတယ်။ လမ်းပေါ်က လူတွေ သူ့ကိုတွေ့တော့ သူ့နှယ် ဒီလောက်ထိအောင် ဖြစ်ရသလား ဟူသော မျက်လုံးဖြင့် ၀ိုင်းကြည့်နေကြ ပါတယ်။ 
            “အဖြေရဖို့ခက်ခဲနေတဲ့ ပြဿ     နာတစ်ခု ဖြေရှင်းရတော့မယ်။ အဲဒီအဖြေကို ရုတ်တရက် တွေ့ခဲ့ရင် စိတ်လှုပ်ရှားဖူးပါသလား။ genius တွေလို့ သတ်မှတ်ခံထားရတဲ့ သိပ္ပံပညာရှင် တွေကတော့ အဲဒီလို အဖြစ်မျိုး ဖြစ်တတ်တယ်ဆိုတာ လွယ်လွယ်ကူကူ နားလည်နိုင်ကြပါတယ်” တဲ့။ အဲဒါကတော့ Archimedes နဲ့ ပတ်သက်ပြီး ချထားတဲ့ မှတ်ချက်လေး တစ်ခုပါ။ အဲဒီလို စိတ်ခံစားမှုများကို genius တွေအချင်းချင်းသာ သဘောပေါက် နားလည်မိကြပေလိမ့်မည်။ ဒါ့အပြင် စက်ဝိုင်းရဲ့ ပတ်လည်အနားနဲ့ အချင်းဝက်အချိုးဖြစ်တဲ့  ပိုင်တန်ဖိုးကို ၂၂၃/၇၁ နဲ့ ၂၂/၇ ကြားရှိတယ်လို့ ခန့်မှန်းခဲ့ပါတယ်။ ကွန်ပြူတာခေတ်မှာ တကယ့်တန်ဖိုး အတိအကျကို ရှာကြည့်ရင် သိပ်မကွာတာတွေ့ ရပါတယ်။ Archimedes နဲ့ ပတ်သက်လို့ မှတ်သားဖူးတာက သူ့နောက်မှ ပေါ်လာတဲ့ Sir Issac Newton ( 1642-1727) နဲ့ Albert Einstein ( 1879-1955) တို့နဲ့ တန်းတူ ယှဉ်နိုင်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ လောက်က ပေါ်ခဲ့တဲ့ Archimedes နဲ့ ယနေ့ သိပ္ပံ ပညာရှင် နှစ်ယောက်တို့ကို နံပါတ်စဉ်တပ်ပီး ရေးရင် ဘယ်သူ့ကို အရင်တပ်လို့ မရနိုင် ပါဘူးတဲ့။ 
                Archimedes က သူ့ကို ကမ္ဘာ့အပြင်ဖက်မှာ မတ်တပ်ရပ်စရာ နေရာပေးပါ။ ဒါဆိုရင် သူက ကမ္ဘာကြီးကို ရွှေ့ပေးမယ်လို့ဆိုပါတယ်။ genius တွေရဲ့ စိတ်ကူးတွေကို ကျွန်မတို့ လူသားတွေ လိုက်လို့မမှီပါဘူး။ 225 BC လောက်က သင်္ချာပညာရှင် Eratosthenes ဟာ ထောင့်တိုင်း ကိရိယာတွေ မသုံးပဲ ကမ္ဘာကြီးရဲ့ ပတ်လည်အနားကို ခန့်မှန်းနိုင်ခဲ့တယ်။ ခေတ်မှီ နည်းစနစ်တွေမပါပဲ စက်ကိရိယာတွေ မထွန်းကား သေးပဲနဲ့ သူတို့ ရှာနိုင် တွက်နိုင်ခဲ့ကြတာဟာ genius တွေရဲ့ ထူးခြားတဲ့ အရည်အချင်းတွေ ကြောင့်ပဲ ဖြစ်ပါတယ်။ 
                       အားလုံးကို ခြုံ ကြည့်လိုက်ရင်တော့ genius တွေဟာ သာမန်နဲ့ မတူဘူး။ သူတကာထက် သာလွန်တဲ့ စိတ်ကူးစိတ်သန်းတွေ ရှိတယ်။ သူတို့ စိတ်ကူးရယ်၊ သူတို့ လုပ်နေတဲ့ အလုပ်ရယ်သာလျှင် သူတို့ဘ၀ ဖြစ်တယ်။ သာမန်လူတွေ ဘယ်လိုမှ နားမလည်နိုင်တဲ့ စိတ်ခံစားမှုတွေနဲ့ ကမ္ဘာကြီးပေါ်မှာ အသက်ရှင်နေထိုင်ကြတယ်။ သူတို့ကို ကျွန်မတို့ အမြဲတမ်း အမှတ်ရ နေကြရပါတယ်။ သူတို့ရဲ့ ထူးခြားတဲ့ ၀ိညာဉ်သည်လည်း ကျွန်ကတို့ ကမ္ဘာကြီးကို လွှမ်းခြုံလျက် ရှိပါတယ်။




                                                                             ဂျူ နီယာဝင်း













No comments:

Post a Comment