Sunday, April 5, 2015

ခရစ်ယာန်ဘာသာနှင့်ကယ်တင်ခြင်း

                  ကမ္ဘာပေါ်ရှိဘာသာတရားတိုင်း၏ ဦးတည်ရည်မှန်းချက်ကတော့ “လူသားတိုင်း မသေချာမရေရာတဲ့ ဘ၀သံသရာကနေ လွတ်မြောက်ခြင်းရရှိဖို့” ဖြစ်ပါတယ်။ ထိုဦးတည်ချက် ဆီသို့ လျှောက်လှမ်း တဲ့အခါ မတူကွဲပြားသော နည်းလမ်းအမျိုးမျိုးဖြင့် သွားကြပါသည်။ အဲဒီ နည်းလမ်းတွေကို “ဘာသာတရား” (Religion) ဆိုပြီး အမည်ပေးကင်ပွန်း တပ်ကြပါတယ်။ ခရစ်ယာန် တစ်ဦးအတွက် ကယ်တင်ခြင်းဟာ “ဘ၀အသက်တာရဲ့ လွတ်မြောက်ခြင်း” ဖြစ်ပါတယ်။
                    “ကယ်တင်ခြင်း” ခံစားရနိုင်ဖို့ ကျွန်တော်တို့ဘာလုပ်ရမှာလဲ။ ဒီမေးခွန်းကို ဖြေဖို့ဆိုရင် “ဆက်စပ်စဉ်းစားရမယ့် အကြောင်းအရာ၊ အခြေအနေ” (Context) ကိုဦးစွာပထမကြည့် ရပါလိမ့်မယ်။ ဒီအတွက် နောက်ထပ်ထွက်ပေါ်လာတဲ့ မေးခွန်းကတော့ “လူသားတစ်ဦးအဖြစ် အသက်ရှင်နေထိုင်နေခြင်း ရဲ့ခရီးပန်းတိုင် (သို့) ရည်မှန်းချက်က ဘာလဲ” ။
                     “ကယ်တင်ခြင်း” ဆိုတဲ့စကားလုံးဝေါဟာရကို ကျွန်တော်တို့ဘယ်လို အနက်ဖွင့်ဆိုကြမလဲ။ “သေလွန်ပြီးတဲ့အချိန် (သို့) နောင်ဘ၀ရောက်တဲ့အချိန် ကျိန်ခြင်းအမင်္ဂလာ (၀ါ) ငရဲ မကျစေဖို့အရေး ဟာ “ကယ်တင်ခြင်း” လား.........
                     “ကယ်တင်ခြင်းသို့ ရောက်အံ့သောငှါ      အဘယ်သို့ပြု ရပါမည်နည်း” ဆိုသောမေးခွန်းကို တမန်တော်ကြီးရှင်ပေါလုကတော့ အခုလိုပြန်ဖြေပါတယ်။ “သခင်ယေရှုကို ယုံကြည်လော့။ ယုံကြည်လျှင် သင်နှင့်သင်၏ အိမ်သူအိမ်သားတို့သည် ကယ်တင်ခြင်းသို့ရောက်လိမ့်မည်” ။ (တမန် ၁၆း၃၁)
            ဒီ အဖြေစကားကို ကျွန်တော်တို့ ဘယ်လိုနားလည် ပါသလဲ။ ဘယ်လိုနားလည် ခံယူ သင့်ပါသလဲ။ 

ကယ်တင်ခြင်းဆိုင်ရာ ဓမ္မဟောင်းအမြင် (Old Testament Concept of Salvation)
                    ကယ်တင်ခြင်း (Salvation) ဆိုတဲ့စကားလုံးနဲ့ ပတ်သက်လို့ ဓမ္မဟောင်းကျမ်းမှာ အခြေအနေ (၃)မျိုး အားဖြင့် ဖော်ပြတာတွေ့ရပါတယ်။

၁။      စစ်ပွဲဆိုင်ရာအခြေအနေမှ ကယ်တင်ခြင်း။
၂။      “ကယ်တင်ခြင်း” နှင့် “ဖြောင့်မတ်ခြင်း” ဆက်စပ်မှု
၃။      အနာဂတ်ကာလဆိုင်ရာ ကယ်တင်ခြင်း       တို့ပဲဖြစ်ပါတယ်။ 

၁။                 ဓမ္မဟောင်းကိုလေ့လာတဲ့အခါ ဟီဗရူးဝေါဟာရ Ya Sh'a (to save) ဆိုတဲ့စကားလုံးဟာ Yeshu'ah, yesha, teshu'ah ( Salvation, Security, Safety, ease ) တို့ကနေ ဆင်းသက်လာတဲ့ ဝေါဟာရ ဖြစ်ပြီး “ရန်သူတို့လက်မှ ကယ်လွှတ်ခြင်း” လို့အဓိပ္ပါယ် ရပါတယ်။ “ချည်နှောင်မှု ကင်းခြင်း” “လွတ်လတ်ခြင်း” ဆိုတဲ့အဓိပ္ပါယ် ရှိပါတယ်။ ဓမ္မဟောင်းကျမ်းကို လေ့လာတဲ့ အခါ “ကယ်တင်ခြင်း” ဆိုတဲ့သဘောတရားကို “လွတ်လပ်ခြင်း” ဆိုတဲ့သဘောတရား အယူအဆ ရှိတဲ့ ဝေါဟာရအဖြစ်သာ အဓိက အသုံးပြုတာ တွေ့ရပါတယ်။
                    ဆင်းရဲနွမ်းပါသူများ     အနေဖြင့်   သူတို့အပေါ်ဖိနှိပ်    ညှင်းဆဲနေ      သူတွေရဲ့ လက်က လွတ်မြောက် ခြင်း၊ ဣသရေလလူမျိုး များအနေဖြင့် ကျွန်ခံရာ အီဂျစ်ပြည်မှလွတ်မြောက်ခြင်း စတဲ့ ကျပ်တည်းတဲ့အခြေအနေကနေ လွတ်မြောက်ခြင်းသဘော (လွတ်လပ်ခြင်း) ကိုရည်ညွှန်း တာ တွေ့ရပါတယ်။ “အောင်မြင်ခြင်း(Victory) ၊ “ကယ်နုတ်ခြင်း” (Deliverance) ဆိုတဲ့ အဓိပ္ပာယ်လည်း ရှိပါတယ်။ ကယ်တင်ခြင်းဆိုင်ရာ ဓမ္မဟောင်းကျမ်းအမြင်ဟာ “စစ်ပွဲမှာအောင်မြင်ခြင်း” “တိုက်ပွဲအတွင်း ရန်သူလက်မှ ကယ်လွှတ်ခြင်း” စတဲ့ သဘောတရားတွေ လွှမ်းမိုးနေတာတွေ့ရပြီး ပုံဆောင် ခိုင်းနှိုင်းမှုတွေဖြစ်တဲ့ “ကယ်တင်သောရဲတိုက် (၂ရာ ၂၂း၅၁)” “ကယ်တင်ခြင်းတည်းဟူသော သံခမောက်လုံး (ဟေရှာယ ၅၉း၁၇)” “ကယ်တင်ရာမြင်းရထားတော် (ဟဗက္ကုတ် ၃း၈)” “ကယ်တင်တော် မူခြင်းဒိုင်းလွှား (၂ရာ ၂၂း၃၆) (ဆာလံ ၁၈း၃၅)” “ကယ်တင်သောဦးချို (၂ရာ ၂၂း၃) (ဆာလံ ၁၈း၂)” စသည်တို့ဟာ ဓမ္မဟောင်းကျမ်းဆိုင်ရာ ကယ်တင်ခြင်းအမြင်ကို ထင်ဟပ်စေပါသည်။
                  ဓမ္မဟောင်းအမြင်မှာ “ကယ်တင်ခြင်း” ဆိုရာတွင် တိုက်ပွဲမှာအောင်မြင်ခြင်းမက “ရန်သူများ၏ ဘေးအန္တရာယ်ပြုခြင်းမှ လုံခြုံစွာနေရခြင်း” ဆိုတဲ့လေးနက်မှု ရှိပါတယ်။ ဒီသဘော တရားကို ဟေရှာယ (၂၆း၁-၂) မှာ.......။ “ထိုကာလ၌ ယုဒပြည်မှာသီချင်းဆိုလတံ့သော စကားဟူမူကား ငါတို့၌ ခိုင်ခံ့သောမြို့ရှိ၏။ ကယ်တင်ခြင်းကျေးဇူးကို ပြအိုး၊ ရင်တားအရာ၌ စီရင်ခန့်ထား တော်မူလိမ့်မည်။ တံခါးတို့ကို ဖွင့်ကြလော့။ သစ္စာစောင့်၍ ဖြောင့်မတ်သောသူ ၀င်ပါစေ” ။
               “သင်၏ပြည်၌ အနိုင်အထက်ပြုခြင်းအသံ ကိုနောက်တစ်ဖန် မကြားရ။ သင်၏နယ်အတွင်းတွင် လုယူဖျက်ဆီးခြင်း မရှိရ။ သင်၏မြို့ရိုးကို ကယ်တင်ခြင်း ဟူ၍လည်းကောင်း၊ မြို့တံခါးတို့ကို ချီးမွမ်းခြင်း ဟူ၍လည်းကောင်း သမုတ်ရလိမ့်မည်”။ ဟေရှာယ (၆၀း၁၈) ။ ဒါကြောင့်စစ်ပွဲ ဆိုင်ရာကယ်တင်ခြင်း လို့ ပြောတဲ့အခါ ဣသရေလလူမျိုးများအနေဖြင့် ဖိနှိပ်ညှင်းဆဲသူအမျိုးမျိုးနဲ့တကွ၊ ရန်သူလက်မှ လွတ်မြောက်ခြင်း၊ တိုက်ပွဲမှာရန်သူများကို   ချေမှုန်းအောင်မြင်ခြင်း တို့အပြင် “ရန်သူများရဲ့ ဒုက္ခပေးနှောင့်ယှက်မှုမှ ဘေးကင်းလုံခြုံ စွာနေနိုင်ခြင်း” ဟူသောအဓိပ္ပာယ်ရှိပါတယ်။


၂။              တဖန် “ကယ်တင်ခြင်း (Salvation)” “ဖြောင့်မတ်ခြင်း(Righteousness)” ကိုဓမ္မဟောင်း ကျမ်းက အဆက်အစပ်ပြုထားကြောင်း အောက်ဖော်ပြပါကျမ်းပိုဒ် များအားဖြင့် တွေ့နိုင်ပါတယ်။
               “ဇိအုန်မြို့တည်းဟူသော ယေရုရှလင်မြို့၏ ဖြောင့်မတ်ခြင်းသည် ရောင်ခြည်ကဲ့သို့၎င်း၊ သူ၏ကယ်တင်ခြင်းသည် ထွန်းလင်းသောဆီမီးခွက် ကဲ့သို့၎င်း၊ မထင်ရှားမီတိုင်အောင် ထိုမြို့အတွက် ငါသည်တိတ်ဆိတ်စွာ မနေရ” (ဟေရှာယ ၆၂း၁)“ကယ်တင်ခြင်း အ၀တ်တန်ဆာနှင့် ငါ့ကို ၀တ်ဆင်စေ၍ ဖြောင့်မတ်ခြင်းဝတ်လုံနှင့် ခြုံတော်မူပြီ” (ဟေရှာယ ၆၁း၁၀)“လက်က်ျာလက်တော် နှင့် သန့်ရှင်းသောလက်ရုံးတော် သည်ကိုယ်တော်အဖို့ ကယ်တင်တော်မူခြင်းကို ပြုလေပြီ။ ထာဝရဘုရားသည် ကယ်တင်တော်မူခြင်း ကျေးဇူးကို ထင်ရှာစေ၍ ဖြောင့်မတ်ခြင်းတရား ကိုလည်း တစ်ပါးအမျိုးသား တို့အား ဖော်ပြတော်မူပြီ။” (ဆာလံ ၉၈း၂)။ (ဆာလံ ၁၁၉း၁၂၃)။
                   အထက်ပါဆာလံဆရာရဲ့ ရေးသားချက်များနဲ့ ဟေရှာယကျမ်းပါ ပရောဖက်ပြုချက်များကို ကြည့်ရင် “ကယ်တင်ခြင်း” နှင့် “ဖြောင့်မတ်ခြင်း” တရားတို့ဟာ တစ်လုံးတ၀တည်းသဘောဖြစ်တယ် ဆိုတာတွေ့ရပါတယ်။ “ကယ်တင်ခြင်း” ကိုဆောင်ကျဉ်းပေးမယ့် ဘုရားသခင်ဟာ ဖြောင့်မတ် မှန်ကန်စွာ ပြုကျင့်ခြင်းနဲ့ တရားမျှတမှုရှိခြင်း တို့ကို တပြိုင်နက်တည်း တောင်းဆိုလျက် ရှိနေပါတယ်။ “ငါလူမျိုး၊ ငါ့လူစုတို့ ငါ့စကားကို နားထောင်ကြလော့။ ................................................. ........................................... ငါ့လက်ရုံးကို ကိုးစားကြလိမ့်မည်။ (ဟေရှာယ ၅၁း၎-၅)”“ထာဝရ ဘုရားသည် ငါ့၏အစွမ်းသတ္တိ .......................................................................... ကြီးသောအမှု ကိုပြု၏။ (ဆာလံ ၁၁၈း၁၄-၁၅)”
          ဆင်းရဲနွမ်းပါးသူများ၊ ဖိနှိပ်ခံများအနေဖြင့် ချမ်းသာကြွယ်ဝပြီး သြဇာအာဏာရှိသူများရဲ့ ဖိနှိပ်အနိုင်ကျင့်မှု၊ မတရားခေါင်းပုံဖြတ်မှု တို့ကနေလွတ်မြောက်လျက် ကယ်နုတ်ခြင်း၊ကယ်တင်ခြင်း ရရှိခံစား နိုင်ကြဖို့ ထာဝရဘုရားကလုပ်ဆောင် ပါလိမ့်မယ်။ (ဆာလံ ၃၇) မှာ- “မတရားသောသူတို့သည် ........................................................................................ နှုတ်ယူ ကယ်တင် တော်မူမည်။ (ဟေရှာယ ၃၇း၁၄၊ ၃၉-၄၀)။
                   ဆင်းရဲသားများ၊ အားနည်းသူများ၊ အာဏာမဲ့နင်းပြားများကို ဥစ္စာအာဏာ အင်အားကြီးသော ဖိနှိပ်သူများ၊ ခေါင်းပုံဖြတ်သူများ စတဲ့အတွင်းအပြင် ရန်သူများအားလုံးရဲ့ လက်မှရွေးနှုတ် ကယ်တင်လျက် “လွတ်မြောက်ခြင်း” ပေးဖို့ဆိုတဲ့ကိစ္စဟာ ထာဝရဘုရားရဲ့ ”ကယ်တင်ခြင်း” ဖြစ်ပါတယ်။ ဒါကြောင့် ဓမ္မဟောင်းကျမ်း ဆိုင်ရာသဘောတရားဟာ တမလွန်ဘ၀ထက် လက်ရှိဘ၀၊ လက်တွေ့ဘ၀ ဖက်ကိုတိမ်းညွန့်တယ် ဆိုတာ တွေ့ရပါတယ်။

၃။  ဣသရေလလူမျိုးများရဲ့ ကိုးကွယ်ဝတ်ပြုခြင်း ကို လေ့လာကြည့်တဲ့ အခါ မေရှိယ သခင်ကို မျှော်လင့်ခြင်းနှင့်အတူ ထာဝရဘုရားရဲ့ ကယ်တင်ခြင်းကို မျှော်လင့်လျက်ရှိတာကို တွေ့ရပါတယ်။ ဆာလံကျမ်းကို ဖတ်ကြည့်ရင် မေရှိယသခင်ကို မျှော်လင့်ခြင်းများကို ထင်ရှားစွာ မြင်နိုင်ပါသည်။ “ဖြောင့်မတ်စွာကျင့်ခြင်း အားဖြင့် လာလတံ့သော ထာဝရဘုရားသခင်ရဲ့ ကယ်တင်တော်မူခြင်း ကို မျှော်လင့်လျက် ပြင်ဆင်ခြင်းရှိကြဖို့”  ဟေရှာယကျမ်းမှာ ဖော်ပြတာတွေ့နိုင်ပါတယ်။ “ငါနှစ်သက်သော အစာရှောင်ခြင်းဟူမူကား မတရားသော အချည်အနှောင် ........................................................ ......................................... ဘုန်းတော်သည်နောက်၌ လုံခြုံ စေလိမ့်မည်”။ (ဟေရှာယ ၅၈း၆-၈)
             ဘာကြောင့်လဲဆိုရင် တရားမျှတမှု ကင်းမဲ့ခြင်းဟာ ထာဝရဘုရားရဲ့ ကယ်တင်ခြင်းကို ရရှိနိုင်ဖို့ အနှောက်အယှက်၊ အတားအဆီး ဖြစ်စေလို့ပဲ ဖြစ်ပါတယ်။ အထက်ပါ အချက်အလက်များဟာ “ကယ်တင်ခြင်းဆိုင်ရာ ဓမ္မဟောင်းအမြင်” ပဲဖြစ်ပါတယ်။



ကယ်တင်ခြင်းဆိုင်ရာ ဓမ္မဟောင်း-ဓမ္မသစ် ကြားကာလအမြင် (The Inter-Testament Period Concept of Salvation )

                   “ကယ်တင်ခြင်းဆိုင်ရာ ဓမ္မဟောင်းအမြင်” (၃)မျိုးကိုပဲ ဓမ္မဟောင်း-ဓမ္မသစ်စပ်ကြားကာလ တွင်ဆက်လက် ခံယူနှလုံးသွင်းကြပါတယ်။ နှောင်းလူတို့ တွေ့ရှိခဲ့ကြသော သမိုင်းစာပေ အထောက်အထား များအရလည်း ဒီအချက် မှန်ကန်ကြောင်း သက်သေပြု လျက်ရှိပါတယ်။ ဘီစီ(၁၆၇) “မက္ကာဘီတော်လှန်ရေး” ပြီးနောက် ဟာစမိုနီယန် ဂျူးမင်းဆက်ကာလ ကစလို့ ယုဒလူ့ဘောင် အဖွဲ့အစည်းအတွင်း ဖာရိရှဲ၊ အက်စင်း၊ ဇဒ္ဒုကဲနဲ့ မျိုးချစ်ဝံသာနု ဇေလုတ် စတဲ့ အုပ်စုများအနက် တစ်စုဖြစ်သော အက်စင်းများဟာ ထာဝရဘုရားသခင်အပေါ် သစ္စာရှိစွာနဲ့ ဖြောင့်မတ်ခြင်းတရားကို တင်းကျပ်စွာ ဆောက်တည်ကျင့်ကြံလျက် “မေရှိယသခင်ရဲ့နေ့ရက်” ကိုမျှော်လင့်ကာ အသက်ရှင်ခဲ့ကြ သူများအဖြစ် ထင်ရှားစွာ တွေ့ရပါသည်။
                 ဓမ္မနဲ့အဓမ္မတို့ရဲ့ စစ်ပွဲအစပိုင်းမှာ ဒုစရိုက်မှောင်မိုက် တန်ခိုး အင်အားစုများက အနိုင်ယူ နိုင်မှာဖြစ်ပေမဲ့ အဆုံးတစ်နေ့မှာ သူတို့ဟာ ဘုရားသခင်ရဲ့အမျက်တော်အောက်မှာ ဆုံးရှုံးပျက်စီး လျက် သစ္စာရှိသောဖြောင့်မတ် မှန်ကန်သူလူစုသာ ကြွင်းကျန်လျက် ကယ်တင်ခြင်းကို ခံစားရမှာဖြစ်တယ်လို့ လေးနက်စွာခံယူ ထားကြပါတယ်။ ဤသို့ “ကယ်တင်ခြင်းနေ့ရက်” (The Day of Salvation) ၊ “ထာဝရဘုရား၏နေ့ရက်” (The Day of the Lord) ဆိုတဲ့ သဘောတရားကို ဆုပ်ကိုင်ပြီး အသက်ရှင်ကြပါတယ်။ ဘီစီ(၆၃) ကစလို့ ရောမအင်ပါယာရဲ့ အုပ်ချုပ်မှုအောက်မှာ ဣသရေလလူမျိုး များဟာ တစ်နေ့တခြား ဖိနှိပ်အုပ်မှုများကို တိုး၍တိုး၍သာ ခံစားကြရပါတယ်။ ဇဒ္ဒုကဲ၊ အခွန်ခံ များကိုတော့ ဖိနှိပ်အုပ်ချုပ်သူ များနဲ့ ပူးပေါင်းဆောင်ရွက်သူ ပုဆိန်ရိုးများဟု ဣသရေလလူများက ရှုမြင် သဘောထားကြပါတယ်။ ထာဝရဘုရားနေ့ရက် ရောက်တဲ့အခါ ဖိနှိပ်အုပ်ချုပ်သူများနှင့် သစ္စာဖောက် ဂျူးများကို ဖျက်ဆီးချေမှုန်း သုတ်သင်ပစ်လိမ့်မည်ဟု ယုံကြည်ကြပါတယ်။
           “ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသခင်၏ နေ့ရက်ကာလသည် ကြီးမြင့်သော အရာနှင့် မိုမောက်သောအရာ ရှိသမျှတို့ကို ဆီးတား၍ သူတို့ကို နှိပ်ချခြင်းရှိလိမ့်မည်” (ဟေရှာယ ၂း၁၂)။ “ထိုပြည်ကို ဖျက်ဆီး၍ အပြစ်ကြီသော ပြည်သူပြည်သား တို့ကို ................................................................ ........................................ လာလိမ့်မည်။” (ဟေရှာယ ၁၃း၉) ။ ထာဝရဘုရားနေ့ရက် ဆိုတာ ကယ်တင်ခြင်းနေ့ရက် ဖြစ်ပါတယ်။ ထိုမျှမက ထာဝရဘုရားအမျက်တော်နေ့ရက် (The Day of God's wrath) လည်းဖြစ်တယ်။ ပရောဖက်အာမုတ်က “ထာဝရဘုရား နေ့ရက်ကို တောင့်တသော သူတို့သည် မင်္ဂလာရှိကြ၏။ .............................................................................................................. ................................................................... အမိုက် သက်သက်ဖြစ်လိမ့်မည်။ (အာမုတ် ၅း၁၈၀၂၀)။ ပရောဖက် ယောလကလည်း “ထိုနေ့ရက်ကြောင့် အမင်္ဂလာရှိကြ၏။ ထာဝရဘုရား ၏ နေ့ရက်နီးပြီ။ အနန္တတန်ခိုးရှင် ဖျက်ဆီးခြင်းဘေး ကဲ့သို့ ရောက်လာလိမ့်မည်။” (ယောလ ၁း၁၅)။ “ထာဝရဘုရား၏ နေ့ရက်သည် လာ၍နီးပြီ မိုက်မဲသောနေ့၊ မိုးအုံ့၍ မှောင်မိုက်ထူထပ် သောနေ့ဖြစ်၏။” (ယောလ ၂း၂။ ၃း၁၈)
               သို့တိုင်အောင် ထာဝရဘုရား၏ နေ့ရက်သည် သစ္စာရှိသော ကျန်ကြွင်းသူ လူစုအတွက်တော့ ကယ်တင်ခြင်းနေ့ရက် ဖြစ်ပါလိမ့်မည်။ သို့ဖြစ်၍ ကယ်တင်ခြင်းဆိုင်ရာ ဓမ္မဟောင်းကျမ်းအမြင်နှင့် ဓမ္မဟောင်း ဓမ္မသစ်ကြားကာလ အမြင်တို့ဟာ ကွာခြင်းမှု မရှိဘဲလျက် ချိပ်ဆက်လျက်ရှိတာ တွေ့ရပါတယ်။ ဓမ္မဟောင်းကာလမှ ဓမ္မသစ်ကာလသို့ ကူးပြောင်းရောက်လာချိန်မှာတော့ ကယ်တင်ခြင်းကို ဆိုးဝါးသော အနေအထားတစ်ရပ် ကနေ လွတ်မြောက်ခြင်းထက် “မျက်မြင်မရသော ၀ိညာဉ်ရေးဆိုင်ရာ ဖိစီးမှုအောက်မှ လွတ်မြောက်ခြင်း၊ ကယ်တင်ခြင်း” ဘက်ဆီသို့ ခံယူမှုဖြစ်ထွန်းလာပါသည်။ မည်သို့ပင် ဆိုစေကာမူ ကျမ်းစာတစ်အုပ်လုံးကို ခြုံ ငုံပြီး လေ့လာမယ်ဆိုရင် ကယ်တင်ခြင်းကို အစမှအဆုံးတိုင်အောင် စီရင်သော သူဟာ သုံးပါးတစ်ဆူဖြစ်တော်မူသော ဘုရားသခင် သာလျှင်ဖြစ်ကြောင်း ထင်ရှားစွာ တွေ့ရပါမယ်


                                                                                   စောချစ်ခိုင်


                  












No comments:

Post a Comment