Monday, May 28, 2018
ကျမ်းမာသန်စွမ်းသောအသင်းတော်ဂုဏ်အဂ်ါရှစ်ပါး
(Eight Essential Characteristics of Healthy Church
         အမေရိကန်ပြည်မှကမ္ဘာကျော်စာရေးဆရာနှင့်ခရစ်ယာန်အသင်းတော်ခေါင်းဆောင်တစ်ဦးဖြစ်သူ ရစ်(ခ)၀ါရင့် (Rick Warren) သည်သူ၏ “ရည်ရွယ်ချက်ကစေ့ဆောင်သောအသင်းတော်” (The Purpose Driving Church) စာအုပ်တွင် “၂၀ရာစု၌ခရစ်ယာန်များသည် တိုးတက်သောအသင်းတော် (growing Church) ဖြစ်ဖို့ကြိုးပမ်းကြသည်။ ၂၁ရာစုတွင်မူကား တိုးတက်သောအသင်းတော်ဖြစ်ခြင်းထက် ကျန်းမာသန်စွမ်းသော အသင်းတော် (healthy Church) ဖြစ်ဖို့ရန်ပိုမို ကြိုးပမ်းကြလိမ့်မည်” ဟု ဆိုခဲ့သည်။ အကြောင်းမှာတိုးတက်ခြင်းသည် ယုံကြည်သူအသင်းသူ၊အသင်းသားများအား လှည့်ဖြားတတ်ပါသည်။ အသင်းသူအသင်းသားများပြားခြင်း အဆောက်အဦများပြားခြင်း၊ အလှူငွေများစွာရရှိခြင်း အစရှိသော များပြားခြင်းအဖြာဖြာတို့သည် အသင်းသူ၊အသင်းသားများကို ကျေနပ်စေသည်။ ၀င့်ကြွားစေတတ်သည်။ မာန်မာနထောင်လွှားစေတတ်သည်။ ထိုသို့များပြားသောအသင်းတော်တွင် ၌ကား ကျမ်းစာကညွှန်ပြသော အသင်းတော်ဂုဏ်အင်္ဂါရပ်များမရှိဘဲ အားနည်းတတ်ပါသည်။ အသင်းတော်ကျန်းမာသန်စွမ်းပါက အထက် ဖော်ပြသောများပြားမှုများ တမဟုတ်ချင်းမရှိသော်ငြားလည်း တဖြည်းဖြည်းတစတစနှင့် တိုးတက် လာကာ ဧကန်မုချတိုးတက်လာပါလိမ့်မည်။ သို့ဖြစ်ရာ ဤဆောင်းပါးတွင်ထိုကဲ့သို့သော ကျန်းမာသန်စွမ်းသော အသင်းတော်ရှိရမည့် ဂုဏ်အင်္ဂါရပ်ရှစ်ပါးကို အကျဉ်းချုပ်တင်ပြသွားပါမည်။
၁။   သူတပါးအားတန်ဆာဆင်ပေးသောခေါင်းဆောင်မှုရှိခြင်း (Empowering Leadership)
               ကမ္ဘာအချမ်းသာဆုံးပုဂ္ဂိုလ်တစ်ဦးအဖြစ် သတ်မှတ်ခြင်း ခံရသော အမေရိကန်သူဌေးကြီး ဘီ(လ်)ဂိတ်က ၂၁ရာစုတွင် ထိရောက်သောခေါင်းဆောင်မှုသည် သူတပါးအားတန်ဆာဆင်ပေးနိုင်ခြင်း (Leadership is empowering others) ဖြစ်သည်ဟုဆိုသည်။ အသင်းတော်ရှိ သင်းအုပ်ဆရာ၊ဆရာမနှင့် အမှုတော်ဆောင်များတို့သည် သူတို့၏ခေါင်းဆောင်မှုနှင့်သာ မကျေနပ်၊မတင်းတိမ်ဘဲလျက်၊ အသင်းတော် အတွင်းရှိအသင်းသူအသင်းသားတို့အား တန်ဆာဆင်ပေးနိုင်ရမည်။ သူတပါးကိုတန်ဆာဆင်ပေးနိုင်ခြင်း (empowering) သည်ကောင်းသောခေါင်းဆောင်မှုနှင့် စစ်မှန်သောခေါင်းဆောင်မှု၏ အမှတ်အသား သင်္ကေတဖြစ်လေသည်။
၂။   ဆုကျေးဇူးကိုအခြေခံသောအမှုတော်ဆောင်ခြင်း  (Gift oriented ministry)
                   ဘုရားသခင်သည် ယုံကြည်သူတစ်ဦးစီတို့အား ၀ိညာဉ်တော်ဆုကျေးဇူး (Spiritual Gift) တစ်မျိုးစီပေးကြောင်း၊ ကျမ်းစာကအတိအလင်း ဖော်ပြသည်။(ဧ ၄း၁၁-၁၃၊၁ကော ၁၂)။ ထိုဝိညာဉ် ဆုကျေးဇူးတို့သည် ရရှိခံစားသူတို့၏ကိုယ်ကျိုးအတွက်မဟုတ်ပါ။ ထင်ပေါ်ကျော်ကြားဖို့နှင့် ဂုဏ်ပကာသန အတွက်လည်း မဟုတ်ချေ။ ခရစ်တော်၏ကိုယ်ခန္ဓာတည်းဟူသော အသင်းတော်၏ရှင်သန်ကြီးထွားဖို့နှင့် တိုးတက်ရင့်ကျက်ဖို့အတွက်သာ ဖြစ်သည်။ သို့ဖြစ်ရာ ယုံကြည်သူတိုင်း၏ ခံစားရသောဆုကျေးဇူးအားလုံး ကို အသင်းတော်၏ဦးဆောင်မှု၊ အသင်းတော်၏အစီအစဉ်အဖြစ် အသင်းတော်အတွင်း၌ အသုံးပြုကာ ထိုမှတဆင့် လိုအပ်သလို ကမ္ဘာလောကို အကျိုးဆောင်အစေခံရန်ဖြစ်သည်။ အသင်းတော်တွင် တာဝန်မဲ့သော ပွဲကြည့်ပရိသတ်မရှိရပါ။ တစ်ဦးစီတို့သည်မိမိရရှိသော အရည်အချင်း ဆုကျေးဇူးတို့ကို အသင်းတော်၌ အသုံးပြုရပါမည်။ ထိုကဲ့သို့ အသုံးပြုနိုင်ရန်လည်း အသင်းတော်ခေါင်းဆောင်များမှ ယုံကြည်သူ အသင်းသူအသင်းသား အားလုံး ပါဝင်လှုပ်ရှားနိုင်သောအစီအစဉ်နှင့် အခွင့်အရေးအရေးကို ဖန်တီးပေး ရမည်။ အသင်းသူ၊အသင်းသားတိုင်း မိမိတို့ခံစားရသော ဆုကျေးဇူးကို အသင်းတော်တွင် ပြန်လည်အသုံးပြုပါက အသင်းတော်သည်တက်ကြွကာ ရှင်သန်လာပါမည်။
၃။   တောက်လောင်သောဝိညာဉ်တော်အရှိန်အဟုန်  (Passionate Spirituality) 
                ခရစ်ယာန်အသင်းတော်နှ်င့်အခြားအဖွဲ့အစည်းများက အဓိကခြားနားခြင်းမှာ အသင်းတော် သည် ဘုရားသခင်ပိုင်သလျက် ၀ိညာဉ်တော်စောင့်ထိန်းသော အဖွဲ့အစည်းဖြစ်လေသည်။ (ဗျာ ၂၊၃)။ သန့်ရှင်းသောဝိညာဉ်တော် သည် အသင်းတော်ကို စောင့်ရှောက်သည်။ လမ်းပြသည်။ တွန်းအားပေးသည်။ နွေးေ်ထွးစေသည်။ သို့ဖြစ်ရာ ထိုဝိညာဉ်တော်မီးသည် ယုံကြည်သူတစ်ဦးစီ အသက်တာတွင် အရှိန်အဟုန်နှင့် တောက်လောင်ရပါမည်။ အလားတူပင် ယုံကြည်သူများစုပေါင်းရာ အသင်းတော်၏အစီအစဉ် အသက်ရှင်ခြင်းနှင့် သက်သေခံခြင်းတွင်လည်း ၀ိညာဉ်တော်မီး သည် တောက်လောင်ပါမည်။ 
၎။   အသုံးတည့်သောဖွဲ့စည်းအုပ်ချုပ်ပုံရှိပါမည်  (Functional Structure) 
                အထက်တွင်ဖော်ပြသော စာရေးဆရာခရစ်ယာန်ခေါင်းဆောင်ကြီး ရစ်(ခ)၀ါရင်ကပင် “အသင်းတော်သည် အဖွဲ့အစည်းတစ်ခု သက်သက်သာမဟုတ်ပါ။ အသက်ရှင်သော ကိုယ်ခန္ဓာ တစ်ခုဖြစ်သည်။ (A Church is not an organization but a living organism)}” ဟုဆိုခဲ့လေသည်။ ဤသို့ဆိုလျှင် အဖွဲ့အစည်း(organization)၊ အုပ်ချုပ်ဖွဲ့စည်းပုံ(structure)၊နှင့် အရာရှိများ(officers) မလိုတော့ဘူးလားဟု မေးစရာအကြောင်းရှိပါသည်။ ထိုကဲ့သို့ကား မဟုတ်ချေ။ အသင်းတော်သည် ဘုရားသခင်နှင့်လူသား များဖက်စပ်လျက် ဖွဲ့စည်းသောအဖွဲ့အစည်း၊ ခရစ်တော်သည်ဦးခေါင်းဖြစ်လျက် ယုံကြည်သူများသည် ကိုယ်ခန္ဓာအဖြစ်ပါဝင်ကာ ဆက်စပ်လှုပ်ရှားသော အဖွဲ့အစည်းဖြစ်သည်။(ဧ ၅း၂၃)
               သို့ဖြစ်ရာ လူသားများဖြင့် ဖွဲ့စည်းသောအသင်းတော်ဖြစ်ပါသဖြင့် အဖွဲ့အစည်း၊ ဖွဲ့စည်းပုံ၊ အရာရှိများလိုပါသည်။ လမ်းညွှန်ဖို့ရန်နှင့် လိုက်နာကျင့်သုံးရန် အခြေခံ စည်းမျဉ်းစည်းကမ်း (constitution and bylaw) လိုပါသည်။ ဤအရာများပီပီပြင်ပြင်ရှိမှသာ အသင်းတော်သည်ရှုပ်ထွေးခြင်း၊ လိုင်းပူးခြင်း မရှိပဲ သူ့တာဝန်၊ ကိုယ့်တာဝန် သဲသဲကွဲကွဲ လုပ်ကိုင်ဆောင်ရွက်နိုင်မည်ဖြစ်သည်။ အသင်းတော်သည် ရှုပ်ထွေးသော်အသင်းတော် မဖြစ်စေဘဲ၊ လှုပ်ရှားသောအသင်းတော် ဖြစ်စေရန် စနစ်တကျ ဖွဲ့စည်းဖို့ လိုပါသည်။ ဘုရားသခင်သည်ရှုပ်ထွေးသော ဘုရားသခင်မဟုတ်ပါ။(၁ကော ၁၄း၃၃)။ ဤအသုံးတည်သော ဖွဲ့စည်းအုပ်ချုပ်ပုံဆိုသည်မှာ ကမ္ဘာလောကဆိုင်ရာ အဖွဲ့အစည်းများကဲ့သို့ ဖွဲ့စည်းပုံ၊ အုပ်ချုပ်မှုကိုသာ ရှေ့တန်းတင်ကာ ခေါင်းဆောင်များ ကလည်း အာဏာပိုင် အဖွဲ့အစည်း ကဲ့သို့ မဟုတ်ကြောင်းကို ဖော်ထုတ်လိုခြင်းဖြစ်သည်။ အဖွဲ့အစည်း၊ ဖွဲ့စည်းအုပ်ချုပ်ပုံ၊ အခြေခံစည်းမျဉ်း စည်းကမ်းများနှင့် အရာရှိတို့သည် အသင်းတော်၏အမှုဆောင်ခြင်း(Ministry) နှင့် သာသနာပြုခြင်း (Mission) ကို အဟန့်အတား မဖြစ်စေဘဲ အထောက်အကူဖြစ်စေရုံသာမက အောင်မြင်ဖို့ရန် အသုံးတည့် ရမည်ဟု ဆိုလိုခြင်းသာဖြစ်သည်။
၅။   အားတက်စေသောဝတ်ပြုကိုးကွယ်ခြင်း  (Inspiring Worship Service)
                ခ၇စ်ယာန်ဘာသာဝင်အားလုံးတို့၌ ၀တ်ပြုကိုးကွယ်ခြင်းသည် အောက်ပါ အဓိကရည်ရွယ်ချက် (၄)ရပ် ရှိပါသည်။ ၎င်းတို့မှာ....
၁)  ဘုရားနှင့်လူသားတို့အားမိသဟာယဖွဲ့စေခြင်း
၂)  လူသားအချင်းချင်းမိသဟာယဖွဲ့စေခြင်း
၃)  ဘုရား၏အလိုတော်ကိုတွေ့မြင်ခံစားခြင်း
၎)  ကမ္ဘာလောကသို့ သက်သေခံရန် ဘုရား၏စေလွှတ်ခြင်းကိုလက်ခံ ဆက်ကပ်ခြင်း
             အနှစ်သာရရှိသောကိုးကွယ်ခြင်းကို (ဟော ၆း၁-၈) တွင်ပါရှိပါသည်။ ၀တ်ပြုကိုးကွယ်ခြင်းရှိ အစီအစဉ်တစ်ခုစီတို့သည် ညီတူညီမျှအရေးပါအရာရောက်ပါသဖြင့် အပ်နှံခြင်း၊ ပြင်ဆင်ခြင်းနှင့် ရိုသေစွာ ဆောင်ရွက်ရပါမည်။ ပေါ့ပေါ့တန်တန်မဆောင်ရွက်သင့်ပါ။ ယုံကြည်သူများသည် လောကအတွင်း အသက်ရှင်လျက် စာတန်၏ထိုးနှက်မှု ဒဏ်ကိုခံရာမှ ကုန်ခမ်းသွားသောမိမိတို့၏ ၀ိညာဉ်ခွန်အားကို ပြန်လည်ဖြည့်ဆည်းရာ ဖြစ်သောကြောင့် ၀တ်ပြုကိုးကွယ်ခြင်းသည် အားတက်စေလျက် အနှစ်သာရရှိသော ၀တ်ပြုကိုးကွယ်ခြင်း ဖြစ်ရပါမည်။
၆။   ဘက်စုံကယ်တင်ခြင်းကို လုပ်ဆောင်သော အဖွဲ့ငယ်များ ဖွဲ့စည်းမှု  (Holistic small groups)
               တနင်္ဂနွေနေ့တိုင်းပြုလုပ်ကျင်းပသော တစ်ပတ်တခါ ပုံမှန်ဝတ်ပြုကိုးကွယ်ခြင်းသည် အဓိက အားဖြင့် အသင်းသူ၊အသင်းသား အားလုံး ယုံကြည်သူအားလုံး တို့အတွက် ရည်ရွယ်သော ၀တ်ပြုကိုးကွယ်ခြင်း ပင်ဖြစ်သည်။ အသင်းသားတစ်ဦးစီ၏ ကိုယ်ပိုင်လိုအပ်ချက်ကို လုံလုံလောက်လောက် ဖြည့်ဆည်းပေးနိုင်မည့် မဟုတ်ချေ။ သို့ဖြစ်ရာ ကျန်းမာရှင်သန်သော အသင်းတော် ဖြစ်ဖို့ရန် အဆင်ပြေမှု(convinience) ကိုအခြေခံလျက် အဖွဲ့ငယ်များဖွဲ့စည်း ရပါမည်။ ယခုခေတ်တွင် ရေပန်းစားသော ဟုမ်းဆဲလ်(Home cell) ခေါ် ရက်ကွက်ကိုအခြေခံသော အဖွဲ့ငယ်များ ဖွဲ့စည်းပေးရမည်။ ထိုအဖွဲ့ငယ်များ၏ ဆောင်ရွက်ရမည့်အရာမှာ-
၁)  သတ်မှတ်ထားသောနေ့များတွင်အတူတကွဝတ်ပြုခြင်း
၂)  အတူတကွ သမ္မာကျမ်းစာလေ့လာခြင်း
၃)  အဖွဲ့ဝင်များ၏ သာရေး၊နာရေး၌ ပါဝင်ကူညီခြင်း
၎)  အတူတကွ သက်သေခံသောအစီအစဉ်များ ပြုလုပ်ပေးခြင်း
၅)  ဘ၀ဆိုင်ရာအကြောင်းအရာများ ဆွေးနွေးခြင်းနှင့် ကိုယ်ခန္ဓာနှင့်ဝိညာဉ်ပိုင်း  နှစ်ခုစလုံးအတွက်          လိုအပ်သော ပံ့ပိုးကူညီခြင်း
၆)  ပင်မအသင်းတော်နှင့် အမြဲဆက်သွယ်ခြင်း များကိုဆောင်ရွက်ရပါမည်။
၇။   လိုအပ်မှုကိုအခြေခံသော ဧ၀ံဂေလိလုပ်ငန်းဆောင်ရွက်ခြင်း  (Need oriented evangelism)
               ဧ၀ံဂေလိလုပ်ငန်း(Evangelism) ဆိုသည်မှာ ခရစ်တော်၏ကယ်တင်ခြင်း တရားကို ဝေငှ သက်သေခံခြင်း ဖြစ်သည်။ တစ်နည်းဆိုသော် ခရစ်တော်ကို မသိသေးသောသုများ ခရစ်တော်နှင့်တွေ့ဆုံ လျက် မိသဟာယပြုနိုင်ရန် ခရစ်တော်ထံသို့ခေါ်ဆောင်ခြင်း ပင်ဖြစ်သည်။ ထိုကဲ့သို့ ဆောင်ရွက်ရာတွင် နှုတ်အားဖြင့်ကြေညာခြင်း(proclaimation) နှင့်သာမရပါ။ လူသားများ၏ အခြေခံလိုအပ်ချက်ဖြစ်သော စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး၊ အစရှိသည့်သူတို့၏ လိုအပ်ချက်များ ကို အခြေခံလျက် ဧ၀ံဂေလိတရားကို ဝေမျှသက်သေခံရပါမည်။
                   ဤအတွေးအခေါ်၏ နောက်ကြောင်းခံကျမ်းသဘောမှာ ခရစ်တော်သည် လူသားတို့၏ ၀ိညာဉ်ကိုသာမချစ်ပဲ ရုပ်ပိုင်ဆိုင်ရာကိုယ်ခန္ဓာကိုလည်း ချစ်သောအရှင်ဖြစ်သောကြောင့် ပင်ဖြစ်သည်။ အသင်းတော်တိုင်းသည် ဤလိုအပ်မှုကို အခြေခံသော ဧ၀ံဂေလိတရားကို လုပ်ကိုင်ဆောင်ရွက်ရပါမည်။ အကြောင်းမှာ အသင်းတော်တည်ထောင်ရခြင်း ရည်ရွယ်ချက်မှာ ဧ၀ံဂေလိလုပ်ဆောင်ရန်နှင့် သက်သေခံ ရန်ပင်ဖြစ်သည်။ အသင်းတော်သည် လုပ်ရမည် မလုပ်ရမည်ဟူ၍ ဆွေးနွေးပိုင်ခွင့်မရှိပါ။ အသင်းတော် မှန်လျှင် လုပ်ကိုလုပ်ရမည့် ဘုရားပေးအဓိကလုပ်ငန်း ဖြစ်သည်။ ထိုသို့လုပ်ကိုင်ရာတွင် လူသားများ၏ လိုအပ်ချက်ကို အခြေခံလျက် လုပ်ကိုင်ရပါမည်။ 
၈။   မေတ္တာဖြင့် ပေါင်းဖော်မိသဟာယဖွဲ့ခြင်း   (Loving relationship)
               ကနဦးအသင်းတော်ကို ဝေဖန်ရှုတ်ချသူများက “ကြည့်ကြပါဦး သူတို့တတွေ မည်မျှပင် ချစ်ခြင်းမေတ္တာရှိကြသနည်။ (See those people how they love one another)” ဟူသော အချက်ပင် ဖြစ်သည်။ မေတ္တာသည် အသင်းတော်ရှိအသင်းသူ၊အသင်းသား အားလုံးတို့အား ချည်နှော်င်သော နှောင်ကြိုးပင်ဖြစ်သည်။ အေးအတူ၊ပူအမျှရှိစေသည်။ အသင်းတော်တစ်ပါး၏ ကျန်းမာ ရှင်သန်မှုသည် အသင်းတော်ရှိသင်းဝင်များ အားလုံးတို့၏ ခြားနားမှုအမျိုးမျိုးနှင့် ဟန့်တားမှုအဖုံဖုံတို့ကို ကျော်လွှားကာ ချစ်ခြင်းမေတ္တာရှိခြင်းပင်ဖြစ်သည်။ ချစ်ခြင်းမေတ္တာရှိမှသာ ကျန်းမာ သန်စွမ်းသောအသင်းတော် ဖြစ်နိုင်ပေလိမ့်မည်။ (ဗျာ ၂း၎-၆)
                     လျင်မြန်စွာပြောင်းလဲနေသောကမ္ဘာလောကတွင် ကျန်းမာသန်စွမ်းသော အသင်းတော် ဖြစ်မှသာ အသင်းတော်သည် ရှင်သန်လျက် ကမ္ဘာလောကကို အစေခံနိုင်မည်ဖြစ်သည်။ အသင်းတော်သည် ဘုရားသခင်၏ နိုင်ငံတော်ကို သဏ္ဍာန်ဆောင်လျက် ရုပ်လုံးဖော်ဖို့ဖြစ်ပါသည်။ ဘုရား သခင်နိုင်ငံတော်အတွက် မိုဒယ်(Model) ဖြစ်ရပါမည်။ ထိုသို့ဖြစ်နိုင်စေခြင်းငှာ အထင်ဖော်ပြပါ ဂုဏ်အင်္ဂါ(၈)ပါး ရှိနိုင်ဖို့ အထူးလိုအပ်ပါသည်။
                                        သိက္ခာတော်ရဆရာဒေါက်တာဆိုင်မွန်ပေါင်ခန့်အင်
No comments:
Post a Comment