Thursday, May 31, 2018

သာမန်ယုံကြည်သူများ၏သီသြလော်ဂျီ

(Theology of the laity)

             ယုံကြည်သူများဖြင့်ဖွဲ့စည်းပြီး၊ ခရစ်တော်၏ကိုယ်ခန္ဓာဟူ၍သော်လည်းကောင်း၊ ခေါ်ဝေါ်သော ခရစ်ယာန်အသင်းတော်များတွင် အချိန်ပြည့်အမှုတော်ဆောင်များ(ministers) နှင့်သာမန်အသင်းသူ၊ အသင်းသားများ(lay people-laity) ဟူ၍ရှိပါသည်။ မိမိတို့၏ဆောင်ရွက်ရမည့် အခန်းဂဏ္ဍရှိကြသည် ဖြစ်ရာ ထိုအခန်းဂဏ္ဍအသီးသီးတို့ကို ကျေပြွန်ထိရောက်စွာဆောင်ရွက်နိုင်ပါက အသင်းတော်သည် ကျန်းမာသန်စွမ်းပြီး ရှင်သန်တိုးတက်နိုင်ပါလိမ့်မည်။ ထိုကဲ့သို့ ဖြစ်နိုင်စေခြင်း အလို့ငှါ သာမန်ယုံကြည်သူများ၊ သာမန်အသင်းသူ၊ အသင်းသားများ၏ အခန်းဂဏ္ဍကို ဤဆောင်းပါးတွင် အကျဉ်းချုပ်လျက် တင်ပြသွားပါမည်။

၁။   ဝေါဟာရအသုံးအနှုံး  (Terminology)
                  လုပ်ငန်းဂဏ္ဍအသီးသီးကို လေ့လာကြည့်ရှုပါက ထိုလုပ်ငန်းများ ကျွမ်းကျင်ဆောင်ရွက်နိုင်ရန် အထူးလေ့လာသင်ကြားသောပုဂ္ဂိုလ်များရှိရာ သူတို့၏ အထူးကျွမ်းကျင်သော ကြေးစာပုဂ္ဂိုလ်များ (specialists professionals) ဖြစ်ပါသည်။ ဆရာဝန်များ၊ အင်ဂျင်နီယာများ၊ သိပ္ပံပညာရှင်များ၊ ဥပဒေပညာ ရှင်များ အစရှိသောနယ်ပယ် အသီးသီးမှ ကျွမ်းကျင်လေ့လာသောသူများရှိပြီး အားလုံးတို့သည် သာမန်လူ (lay man- lay people) ဖြစ်ကြသည်။ နားလည်အောင် လွယ်ကူပြီး သဘာဝလည်းကျပေသည်။ ကျွမ်းကျင် မှုမရှိသော သာမန်လူသားပီပီ သူတို့သည်သက်ဆိုင်ရာ လုပ်ငန်းဂဏ္ဍတွင် ဘာမှလုပ်ပိုင်ခွင့် မရှိဘဲ လက်ပိုက်ကြည့်ရှုရုံသာ ရှိသည်။ တာဝန်ပေးပါက ပေးအပ်သော အလုပ်တာဝန်ကိုသာ လုပ်နိုင်သည်။ အလားတူပင် ခရစ်ယာန်အသင်းတော်တွင် ခရစ်ယာန်ဘာသာအကြောင်းနှင့် အမှုတော်ဆောင်ခြင်းကို ဓမ္မတက္ကသိုလ်နှင့် ကျမ်းစာကျောင်းများမှကျွမ်းကျွမ်းကျင်ကျင်လေ့လာသော အမှုတော်ဆောင်များ (ministers) ရှိကြသည်။ ထိုကဲ့သို့ မလေ့လာပဲ အသင်းတော်တွင် ယုံကြည်သူများအဖြစ် ပါဝင်သော သာမန်ယုံကြည်သူများ သာမန်အသင်းသူ၊ အသင်းသားများ (laity) လည်းရှိကြပေသည်။


                  ဤတွင်အခြားလုပ်ငန်း ဂဏ္ဍများနှင့် ခရစ်ယာန်အသင်းတော်များ မတူညီဘဲ ခြားနားမှု ရှိလောသည်။ အကြောင်းမှာ ယခုခေတ် သာမန်အသင်းသူ၊ အသင်းသားများ (lay man -laity) ဟုခေါ် သော အယူအဆနှင့် ဝေါဟာရ အသုံးအနှုံးသည် ဘုရားသခင်၏လူစုများဟု ဆိုလိုသော လက်တင် စကား လာအို(စ) laos မှ ဆင်းသက်လာခြင်းဖြစ်သည်။ ဘုရားသခင်၏ လူစုများဟု ရည်ညွှန်းသော ယင်း (laos) စကားလုံးမှ (laity- lay people) ဟူသောသာမာန်ယုံကြည်သူများ ဟူသော စကားလုံး ထွက်ပေါ် လာခဲ့သည်။ ထိုစကားလုံး၏ ထိခိုက်မှုကြောင့် အသင်းတော်တိုင်းတွင် အမှုတော်ဆောင်များ (ministers) နှင့် သာမန်အသင်းသူ၊ အသင်းသားများ (lay people) ဟူ၍ အဆင့်နှစ်ခု ခွဲခြားမှု အယူအဆ ပေါ်လာပါသည်။ သံဃာတော်များ (clergies) နှင့် လူဝတ်ကြောင်များ (lay man) အဆင့် ခွဲခြားမှုပေါ်လာရခြင်း ဖြစ်သည်။ နဂိုမူလတွင် (laos) ဟုခေါ်သော ဘုရားသခင်၏လူစု (the people of God) ထဲတွင် အဆင့်အတန်းခွဲခြားမှုမရှိဘဲ အမှုတော်ဆောင်များနှင့် ယုံကြည်သူများအားလုံးကို ထိုခြားနားမှု ကင်းမဲ့စွာ အတူတကွ ပါဝင်ကြသည်။

၂။   အသင်းတော်၏အမှုဆောင်ခြင်း  (Ministry in the Church)
              (ဧ ၄း၁၁) ဖော်ပြသည့်အတိုင်း အသင်းတော်သည် တာဝန်အသီးသီး ခွဲဝေခြင်း ရှိပါသည်။ အသင်းတော်ကြီးထွားမှု၊ ရင့်ကျက်ခြင်းသို့ တိုးတက်မှုရရှိစေရန် တာဝန်ပေးအပ်မှု ရှိလေသည်။ ပထမ ရာတစုတွင် ထိုမျှလော်သာ ဖော်ပြခြင်းဖြစ်ရာ၊ အချိန်ကာလ၏ပြောင်းလဲမှု၊ လူသားများ၏ ရိုးရာယဉ်ကျေးမှု နှင့် အခြေအနေများ၏ ပြောင်းလဲမှုကြောင့် ယနေ့တွင် အသင်းတော်၌ ထိုအမှုတော်ခြင်း သာမကဘဲ လူဦးရေ များပြားလာသည်နှင့်သမျှ အမှုတော်ဆောင်ခြင်းလာ်း များပြားလာပါတော့သည်။ အကြောင်းမှာ သန့်ရှင်းသောဝိညာဉ်တော် ဘုရားသခင်သည် ယုံကြည်သူတစ်ဦးစီ၊ တစ်ဦးစီတို့အား အသင်းတော် (ခရစ်တော်၏ကိုယ်ခန္ဓာ) တိုးတက်စေဖို့အတွက် ဆုကျေးဇူး (gift) တစ်ပါးစီ ပေးလေသည်။ (၁ကော ၁၂) ။ ထိုဆုကျေးဇူးများကို အသုံးပြုလျက်  အမှုတော်ဆောင်များသည် ကျွမ်းကျင်သူများ၊ ဖြစ်သော ကြောင့် သူတို့ကသာ အမှုတော်ဆောင်ပြီး ကျန်ယုံကြည်သူများသည် လက်ပိုက်ကာ ပါဝင်မှုမရှိဘဲ၊ အေးဆေးစွာနေရမည် ဟူသော သဘောမဟုတ်ပါ။ ထိုသဘောကိုဆောင်လျက် အမှုတော်ဆောင်များ(ministers)နှင့် သာမန်အသင်းသားများ (laity) ဟူ၍ ခွဲခြားပါက ကျမ်းစာသွန်သင်မှုမှ လွဲချော်မည်ဖြစ်သည်။ အသင်းတော်တွင် လှုပ်ရှားသူ၊ ကစားသူနှင့် ပွဲကြည့် ပရိတ်သတ်ဟူ၍ မရှိပါ။ အားလုံးတို့သည် ၀ိညာဉ်တော်ဘုရားသခင် ချပေးထားသော ၀ိညာဉ်ဆုကျေးဇူး အလိုက် မိမိတို့၏ဂဏ္ဍအသီးသီးတွင် တက်တက်ကြွကြွပါဝင်ကစားလျက် လှုပ်ရှားကြရန် ဖြစ်လေသည်။ အမှုတော်ဆောင်များ၊ သာမန်ယုံကြည်သူ အသင်းသူ၊ အသင်းသားများ၏  ခြားနားခြင်း သည် ဒေါင်လိုက် ခြားနားခြင်း (vertical difference) မဟုတ်ပါ။ အလျားလိုက်ခြားနားခြင်း (horizontal difference) သာလျှင်ဖြစ်သည်။ ဘုရားသခင်ရှေ့တွင် ရပ်တည်မှု (equal status) တူညီပါသည်။

ပုံစံ (က)
              အမှုတော်ဆောင်များ (Ministers)
              သာမန်ယုံကြည်သူများ                         ဤကဲ့သို့ကားမဟုတ်ချေ။

ပုံစံ (ခ)

             အမှုတော်ဆောင်များ            သာမန်ယုံကြည်သူများ
             ဘုရားသခင်၏လူစုများ (Laos - laity)
             ကြားခံမလိုဘဲ ထာဝရဘုရားနှင့် တိုက်ရိုက်                     ဤကဲ့သို့ဖြစ်သည်။
             ဆက်သွယ်နိုင်သူများဖြစ်သည်။
            (ယုံကြည်သူတိုင်းယဇ်ပရောဟိတ်ဖြစ်သည်)

              သို့ဖြစ်ရာ အသင်းတော်တွင် အမှုတော်ဆောင်များ (Ministers) နှင့် သာမန်ယုံကြည်သူများ တို့သည် ဘုရားသခင်၏လူစုများ (the people of God - Laos) ဟူသော တူညီသောဘုံရပ်တည်မှု (equal status) ရှိသည်ဟူ၍ ခံယူချက်သည် သာမန်ယုံကြည်သူများ၏ သီသြလော်ဂျီ (lay theology) တွင် အဓိက ကျသောအချက်၊ အခြေခံကျမ်းသဘော (biblical basis) ပင်ဖြစ်သည်။
                အဆိုပါ ကျမ်းသဘောကို အခြေခံလျက် အသင်းတော်တွင် အမှုတော်ဆောင်များ နှင့် သာမာန် ယုံကြည်သူများ တို့သည် ဂဏ္ဍအသီးသီးရှိကြသည်ဖြစ်ရာ ထိုဂဏ္ဍအသီးသီးတို့သည်တစ်ခုနှင့်တစ်ခု ထပ်ဆင့်မှု (duplication) ဆန့်ကျင်မှု (antagonism) နှင့် လိုင်းပူးမှု (complication) အစရှိသော ရှုပ်ထွေးမှု မရှိဘဲ တစ်ခုနှင်တစ်ခု အမှီသဟဲပြုလျက် လိုက်လျောညီထွေမှု ရှိဖို့ရန်လိုအပ်ပါသည်။ ထိုကဲ့သို့ ဖြစ်ရန်လည်း သမ္မာကျမ်းစာတော်မြတ်က လမ်းညွှန်ပေးလျက်ရှိသည်။ (၁ကော ၁၂)။ စင်စစ်မှာ အသင်းတော်အတွင်းရှိ သာမန်ယုံကြည်သူများသည် အသင်းတော်အား သက်ရှင်တိုးတက်စေမည့် အသင်းတော်၏ အင်အား၊ အသင်းတော်၏စွမ်းအား(power) ပင်ဖြစ်သည်။ အရံအင်အား(reserved force) မဟုတ်ပါ။ ဤအချက်သည် သာမာန်ယုံကြည်သူများ၏ သီသြလော်ဂျီတွင် အဓိကကျသော အချက် တစ်ခုပင်ဖြစ်သည်။

၃။   သာမန်ယုံကြည်သူများ၏အခန်းဂဏ္ဍ  (The function of lay people)
                  အသင်းတော်၏ပင်မအင်အားဖြစ်သော သာမာန်ယုံကြည်သူ အသင်းသူ၊အသင်းသား များသည် အသင်းတော်ရှင်သန်ကြီးထွားရေးအတွက် တက်ကြွစွာ ပါဝင်လှုပ်ရှားနိုင်ဖို့ရန် အောက်ပါအချက် များ လိုအပ်ပါသည်။



(က)  သမ္မာကျမ်းစာကိုကောင်းစွာနားလည်ခြင်း  (Understanding the Bible)
                 သမ္မာကျမ်းစာ၏သွန်သင်ချက်အရ ယုံကြည်သူတိုင်းသည် ဘုရားသခင်နှင့် တိုက်ရိုက် ဆက်သွယ် မိတ်သဟာရဖွဲ့နိုင်သော ယဇ်ပရောဟိတ်ဖြစ်သည်။ ကြားခံလူမလိုပါ။ သို့ဖြစ်သောကြောင့် အသင်းတော်ရှိ သာမန်ယုံကြည်သူ အမျိုသား၊အမျိုးသမီး အားလုံး တို့သည် သမ္မာကျမ်းစာကို ဂဃနဏ သေချာနားလည်ရပါမည်။ သဘောပေါက်ရပါမည်။ သမ္မာကျမ်းစာသည် အချိန်ပြည့် အမှုတော်ဆောင် များကသာ နားလည်ရမည့် စာအုပ်မဟုတ်ပါ။ ယုံကြည်သူများ နားလည်သဘောပေါက် ရမည့် စာအုပ်သာလျှင်ဖြစ်သည်။ သမ္မာကျမ်းစာကို နားလည်အောင်ဖတ်ရပါမည်။ (Reading the Bible)။ သိကျွမ်းအောင် လေ့လာရမည်။(Studying the Bible)။ ယနေ့ခရစ်ယာန်အသင်းတော်များ၊ အင်အားမရှိ၊ အမှုတော်မဆောင်နိုင်ခြင်း၊သက်သေခံလျက် သာသနာမပြုနိုင်ခြင်းမှာ ပြင်ပရန်သူများ၏ တိုက်ခိုက်မှုကြောင့် မဟုတ်ပါ။ အသင်းတော်ရှိ သာမန်ယုံကြည်သူများ၏ မလေ့လာ၊ နားမလည်သော ကြောင့်သာ ဖြစ်သည်။
                     အချိန်ပြည့်  အမှုတော်ဆောင်များ ၏ လုပ်ငန်းတစ်ခုအဖြစ်သာ ခံယူသောကြောင့် လည်း ဖြစ်သည်။ သို့ဖြစ်ရာ အသင်းတော်အတွင်းရှိ သာမန်ယုံကြည်သူ အားလုံးတို့၏ သမ္မာကျမ်းစာ လေ့လာခြင်း၊ နားလည်သဘောပေါက်ခြင်းနှင့် လက်တွေ့ကျင့်သုံး အသက်ရှင်ခြင်းသည် အဓိကဖြစ်ပါသည်။ ထိုကဲ့သို့ ဖြစ်စေခြင်းငှာ အချိန်ပြည့်အမှုတော်ဆောင်များသည် လိုအပ်သော လေ့လာရေးဆိုင်ရာ သင်တန်းအစီအစဉ်များနှင့် စာပေထုတ်လုပ်မှုများ ပြုလုပ် ရပါမည်။ နှစ်စဉ် နှစ်တိုင်း ဤသင်ကြားမှု အစီအစဉ်များကို စီစဉ်သကဲ့သို့၊ သူတို့ဘာသာ သူတို့ လေ့လာ နိုင်ရန် စာပေများကိုလည်း ထုတ်လုပ်ပေးရမည်။ လိုအပ်သလို အပတ်တိုင်းအစီအစဉ် များကိုလည်း စီစဉ်ပေးရပါမည်။ အဘယ်ကြောင့်ဆိုသော် အသင်းတော်၏အင်အားသည် ဤလူစုပင် ဖြစ်ရာ အရွယ်အလိုက် ဤလူစုကိုပြုစုပျိုးထောင်ခြင်းသည် အသင်းတော်၏ အဓိကလုပ်ငန်းပင်ဖြစ်သည်။

(ခ)   အခြေခံခရစ်ယာန်ယုံကြည်ချက်ကို နားလည်ခြင်း  (Knowing Basic Christian Beliefs)
                  အသင်းတော်ရှိ သာမန်ယုံကြည်သူများသည် သမ္မာကျမ်းစာကို လေ့လာနားလည် သကဲ့သို့ အခြေခံခရစ်ယာန် ယုံချက်များ ကိုလည်းနားလည်ရပါမည်။ အခြေခံခရစ်ယာန် ယုံကြည်ချက်သည် ခေတ်ကာလအမျိုးမျိုး၌ မှားယွင်းသောသွန်သင်မှု အဖုံဖုံတို့ကို ဖြတ်ကျော်လျက် ရှင်သန်ခဲ့သည်ဖြစ်ရာ၊ ယနေ့အသင်းတော်ရှိ သာမန်ယုံကြည်သူများသည် ထိုအြေ့ခခံခရစ်ယာန် ယုံကြည်ချက်များနှင့်တကွ ၎င်းနှင့်ဆက်နွယ်နေသော အကြောင်းအရာများတို့ကို နားလည်ရပါမည်။ အလားတူပင် ၎င်းအခြေခံခရစ်ယာန် ယုံကြည်ချက်များကို မည်နည်း မည်ပုံ သက်သေခံလျက် သက်ရှင် လှုပ်ရှားရမည့် အကြောင်းများကိုလည်း လေ့လာရပါမည်။ အချုပ်ဆိုသော် သမ္မာကျမ်းစာတော်ကိုလည်း နားလည်သဘောပေါက် သည်သာမက အခြေခံယုံချက်နှင့်တကွ ဆက်နွယ်နေသော အကြောင်းအရာ များကိုကိုလည်း နားလည်သဘောပေါက်ရပါမည်။




(ဂ)   ကျစ်လစ်သော မိတ်သဟာရဖွဲ့ခြင်း  (Fellowship)
               အသင်းတော်ရှိသာမန်ယုံကြည်သူများသည် မိမိတို့၏အရွယ် အလိုက်ဖြစ်စေ၊ အမျိုးသား၊ အမျိုးသမီးအလိုက် ဖြစ်စေ၊ စုစည်းလျက်မိတ်သဟာရဖွဲ့ခြင်း၊ ရှိကြပါသည်။ အမျိုးသမီးများ မိတ်သဟာရ အဖွဲ့ရှိသည်။ အမျိုးသားမိတ်သဟာရအဖွဲ့လည်း ရှိသည်။ မိမိတို့၏ပါဝင်ရာ မိတ်သဟာရများတွင် တက်တက်ကြွကြွ ပါဝင် လှုပ်ရှားရပါမည်။

(ဃ)  အမှုတော်လုပ်ငန်းတွင် ပါဝင်ခြင်း  (Participation)
               အထက်တွင်ဆိုခဲ့သည့်အတိုင်း အသင်းတော်အတွင်းရှိ ယုံကြည်သူတိုင်းအား သန့်ရှင်းသော ၀ိညာဉ်တော်ဘုရားသခင်က ဆုကျေးဇူး(gift) တစ်မျိုးစီပေးပါသည်။ တူညီသောဆုကျေးဇူးရရှိသူများလည်း ရှိမည်ဖြစ်ပါသည်။ ထို ဘုရားပေးသော ဆုကျေးဇူးများအား အမှုမဲ့၊အမှတ်မဲ့ ထားရန်မဟုတ်ပါ။ ထိုကဲ့သို့ ထားခြင်းကို ဘုရားသခင်က အလိုတော်မရှိပါ။ အပ်နှင်းထားသော ဆုကျေးဇူးများ မည်ကဲ့သို့အသုံးပြုကြောင်း တိုးပွါးအောင်ပြု၊ မပြုကို ဘုရားသခင်က တစ်နေ့သောအခါ မှာ ပြန်လည် မေးမြန်းစစ်ဆေးမည်ဖြစ်လေသည်။(မ ၂၅း၁၄-၃၀)။ သို့ဖြစ်ရာ အသင်းတော်တွင် ထိုဘုရားပေး ဆုကျေးဇူးများကိုဖော်ပြလျက် မည်ကဲ့သို့အသုံးပြုရမည်ကို နက်နက်နဲနဲ စဉ်းစားရပါမည်။ ဖော်ထုတ်လျက် စတင် အသုံးပြုရပါမည်။ အသင်းတော်တွင် အမှုဆောင်ခြင်း(ministry) တွင် အသုံးပြုရပါမည်။ အလားတူ အသင်းတော်အပြ် ကမ္ဘာလောကကြီးထဲသို့ သာသနာပြုခြင်း(mission) တွင်လည်း အသုံးပြုရပါမည်။ ၂၁ရာစုတွင် ရှင်သန်ကြီးထွားလျက် ကျန်းမာသောအသင်းတော်များတွင် ဆုကျေးဇူးကိုအခြေခံသော အမှုတော်ဆောင်ခြင်း (gift oriented ministry) သည်အဓိက ကျလျှပေသည်။ စက်ပြင်၊ လက်သမား၊ ကျန်းမာရေး၊ သင်ကြားမှု၊ ပ့တ်ဝန်းကျင်ထိန်းသိမ်းမှု၊ မွေးမြူရေး အစရှိသော ဆုကျေးဇူးများကို အသင်းတော်အတွင်းနှင့် အပြင်လောကတွင် အသုံးပြု အသုံးချရပါမည်။ ဤကား ၂၁ရာစုက တောင်းဆိုသော သာမန်ယုံကြည်သူများ၏ အမှုတော်ဆောင်ခြင်း(lay ministry for 21st century) ပင်ဖြစ်လေသည်။
               အထက်ဖော်ပြပါ သာမန်ယုံကြည်သူများ၏ အခန်းဂဏ္ဍနှင့် လုပ်ငန်းဆောင်တာများ တို့ကို များပြားစွာသော လုပ်ငန်းများထဲံမှ နမူနာအဖြစ် အနည်းငယ်ရွေးနှုတ်တင်ပြခြင်း ဖြစ်သည်။ မဖော်ပြသော လုပ်ငန်းများ မြောက်မြားစွာရှိပါဦးမည်ဖြစ်သည်။ အချိန်ကာလနှင့်နေရာ ဒေသကိုကြည့်လျက် လုပ်ငန်းများစွာ ရှိပါသည်။ အသင်းတော်ရှိ အမှုတော်ဆောင်များသည် သာမန်ယုံကြည်သူ များနှင့် တွေ့ဆုံ ဆွေးနွေးကာ ဘာကိုဆောင်ရွက်မည့်အကြော်ငး ဆွေးနွေးတိုင်ပင်ဖို့ လိုအပ်ပါလိမ့်မည်။



၎။  မြန်မာပြည်အသင်းတော်များရှိ သာမန်ယုံကြည်သူများနှင့် ယနေ့အခြေအနေ  (Theology of the laity for the Churches in Myanmar Today)

                  21 ရာစုအသင်းတော်များသည် ၎င်းအသင်းတော်များကို ဖွဲ့စည်းသော သာမန်ယုံကြည်သူ များ၏အသင်းတော်များ (the churches of the laity) ဖြစ်ရပါမည်။ သူတို့က အသင်းတော်၏ အသက်ရှင်မှု၊ နှင့် ရှင်သန်ကြီးထွားမှုအတွက် တာဝန်ယူဆောင်ရွက်ရပါမည်။ ထိုကဲ့သို့ ဆောင်ရွက်နိုင်ရန် အသင်းတော်ရှိ အမှုတော်ဆောင်များက စည်းရုံးပေးခြင်း(organize)၊ ပညာပေးခြင်း(education)၊ တန်ဆာဆင်ခြင်း(equip)၊ နှင့် ခွန်အားပေးခြင်း(empower) များပြုလုပ်ပေးရမည်။ အကြောင်းမှာ အသင်းတော်သည် သူတို့၏ အသင်းတော်သာဖြစ်သည်။ အသင်းတော်ရှိ သာမန်ယုံကြည်သူများ ကို အားမပေး ရှေ့တန်းမပို့သော အသင်းတော်များသည် နောက်ကျကျန်ရစ်သောအသင်းတော်များ ဖြစ်မည်မှာ ဧကန်မလွဲပေ။
                ၂၁ရာစုတွင် အမှုတော်ဆောင်များ  သည် ရှေ့တန်းမှ နောက် ဆုတ်လက်  နောက်တန်း တွင်နေပြီး သာမန်ယုံကြည်သူများ(laity) များကို ရှေ့တန်းပို့ရပါမည်။ ဤကား၂၁ရာစုက တောင်းဆိုသော အသွင်းပြောင်း အမှုတော်ဆောင်ခြင်း(paradigm shift in ministry) ပင်ဖြစ်သည်။ အကြောင်းမှာ သာမန်ယုံကြည်သူ များသည် ယုံကြည်သူတစ်ဦး အနေဖြင့် ကမ္ဘာလောကို ရင်ဆိုင်သော သူများ ဖြစ်ကြသည်။ နိုင်ငံရေးလောက၊ စီးပွါးရေးလောက၊ လူမှုရေးလောက၊ ကျန်းမာရေးလောက၊ အစရှိ သောလောကနယ်ပယ်အသီးသီးကို သူတို့က နေ့စဉ်ရင်ဆိုင် ကြသည်။ တတ်အားသရွေ့ သက်သေခံလျက် သာသနာပြုကြသည်။ အောင်မြင်သောအချိန် ရှိသကဲ့သို့ ဆုံးရှုံးသော အချိန်လည်း မနည်းပါ။ ၀ိုင်းပယ်ခြင်း ခံကြသည်။ လောက၏ အနိဌာရုံမျိုးစုံတွင် သူတို့က လက်ဝါးကပ်တိုင်ထမ်းလျက် သက်သေခံကြသည်။ ခံခဲ့ကြသည်။ ခံရဦးမည်ဖြစ်သည်။
                      သို့ဆိုလျှင် သူတို့ကို အစွမ်းသတ္တိပေးမည့် သာမန်ယုံကြည်သူများအတွက် အသုံး တည်သော သီသြလော်ဂျီ (Lay theology) လိုအပ်သည်။ သူတို့ကို ထိရောက်သော တန်ဆာဆင်ပေး မည့် သီသြလော်ဂျီ အထူးလိုအပ်လှပါသည်။ ဤကားမြန်မာပြည်ရှိ အသင်းတော်များအတွက်ါ အရေးတကြီး အလျက်လိုအပ်သော သာမန်ယုံကြည်သူများအတွက် သီသြလော်ဂျီပင်ဖြစ်သည်။ ခရစ်ယာန်ဘာသာ တရား၏ အနှစ်သာရသည် ဘုရားသခင်၏ လူဇာတိခံယူခြင်း(incarnation) ပင်ဖြစ်သည်။ ခရစ်ယာန် ယုံကြည်ခြင်း(faith)၊ ခရစ်ယာန်အသက်တာ(life)၊ နှင့်သာသနပြုခြင်း(mission)  အားလုံးတို့တွင် ဇာတိခံယူခြင်းသည် အခြေခံဖြစ်ရပါမည်။ အလားတူပင် အသင်းတော်အတွင်းရှိ ယုံကြည်သူများ(laity)၊ တို့သည် မိမိ၏ရပ်တည်ရာ အသင်းတော်မှ ကမ္ဘာလောကသို့ ဆားနှင့်အလင်းသဖွယ် ဇာတိခံယူပြီး ပါဝင်ရောယှက် ရပါမည်။ ထိရောက်စွာ သက်သေခံရပါမည်။ ဤကား ၂၁ရာစု မြန်မာပြည်ရှိ အသင်းတော် များအတွက် သာမန်ယုံကြည်သူများ၏ သီသြလော်ဂျီ(theology of the laity) ပင်ဖြစ်သည်။
                    အထက်ဖော်ပြသော သာမန်ယုံကြည်သူများ၏ သီသြလော်ဂျီကို ချုပ်လိုက်သော ၎င်းမှာ အသင်းတော်သည် သာမန်ယုံကြည်သူများ၏ အသင်းတော်သာဖြစ်သည်။(the church is the church of the laity) နှင့် အသင်းတော်၏ အမှုတော်ဆောင်ခြင်းသည် ယုံကြည်သူသာမန်အသင်းသားများအား တန်ဆာဆင်ပေးခြင်းသည် (Church ministry is to equip the laity) ဟူသော အချက်ပင် ဖြစ်သတည်း။



                                         သိက္ခာတော်ရဒေါက်တာဆိုင်မွန်ပေါင်ခန့်အင်း











No comments:

Post a Comment