Friday, May 29, 2015

သင်းအုပ်နေအိမ်နှင့်ဧည့်သည်တည်းခိုရာအဆောက်အဦးဆောက်လုပ်ခြင်း

          ကျိုက္ခမီသာသနာမြေသည် နှစ်ခြင်းခရစ်ယာန်တို့၏ သာသနာဘူမိနက်သန်မြေတစ်ခုဖြစ်ပါသည်။ ဆရာကြီးယုဒဿ     န်နှင့် မမအဲန်းတို့အခြေချသာသနာပြုခဲ့သောနေရာတစ်ခုဖြစ်သလို၊ မမအဲန်း ခေါင်းချခဲ့ သည့် နေရာလည်းဖြစ်ပါသညါ။
             ထိုကြောင့် နှစ်ခြင်းတို့၏ သမိုင်းဝင်သာသနာမြေတစ်ခု ဖြစ်သည့်အတိုင်း အရပ်ရပ်မှ ရှိသော ပြည်တွင်း၊ ပြည်ပ ဧည်သည့်များလာရောက်လည်ပတ် တည်းခိုကြသည့်နေရာလည်း ဖြစ်ပေသည်။ သမိုင်းဝင် နေရာတစ်ခုဖြစ်သည့်အတိုင်း အခြေခံလိုအပ်ချက်များရှိသည့်အတိုင်း ယခုအခါ သင်းအုပ်နေထိုင်ဖို့ရန်နှင့် ဧည့်သည်တော်များ လာရောက်တည်းခို နေထိုင်နိုင်ရန် နှစ်ထပ်အဆောက်အဦး တစ်ခုကို စတင်ဆောက်လုပ်နေပြီ ဖြစ်သည်။
                  အဆောက်အဦးကို ယခုအခါ ခေတ္တရပ်နားထားကာ ထပ်မံတည်ဆောက်ဖို့ရန်အတွက် လိုအပ်သော အလှူတော်ငွေများကို ရှာဖွေစုဆောင်းလျက်ရှိပါသည်။ ထပ်မံလိုအပ်သော အလှူတော်ငွေမှာ ကျပ်သိန်း (၂၀၀) ခန့်ရှိပါသည်။ ထိုကြောင့် ယုံကြည်သူညီအစ်ကိုမောင်နှမများ၏ ပါဝင်ပေးလှူ မှု၊ သတိရဆုတောင်းပေခြင်းများ အထူးပင်လိုအပ်နေပါသည်။ သာသနာ့အဆောက်အဦးတစ်ခု တည်ဆောက်ရန် အထူးပင်ခက်ခဲနေချိန်တွင် ကျေးဇူးတော်ခံစားရသောအချိန်၌ အမြန်ဆုံးပြီးမြောက်ရန် လိုအပ်လျက်ရှိရာ ကျိုက္ခမီတွင် သာသနာဆက်လက်ရှင်သန်ရပ်တည်ရေးနှင့် သမိုင်းဝင်နေရာသာယာ လှပရေး အတွက် ဝိုင်းဝန်းပါဝင်ကူညီကြပါရန် နှိုးဆော်အပ်ပါသည်။


                                                                       (ကျိုက္ခမီအသင်းတော်)

စတင်ပန္နက်ရိုက်ခြင်း


အုပ်မြစ်စီခြင်း

ပထမအထပ်အတွက်တိုင်ပုံများလောင်းခြင်း

ဒုတိယအထပ်အထပ်အတွက်တိုင်ပုံထောင်ခြင်း

ဒုတိယအထပ်တိုင်ပုံလောင်းခြင်း
လက်ရှိအခြေအနေ

            လက်ရှိအခြေအနေတွင် ရပ်နားထားရပြီး၊ မိုးရာသီဝင်ရောက်လာမည်ဖြစ်သော်ကြောင့် အမိုးပြုလုပ်ရန် လိုအပ်နေပါသည်။ အမိုးအကာအကြမ်းအတွက် ကျပ်သိန်း (၁၀၀) လိုအပ်နေပါသဖြင့် ယုံကြည်သူ ဓမ္မမိတ်ဆွေများ၏ ပါဝင်ပံ့ပိုးမှုများ အထူးပင်လိုအပ်ပါကြောင်း ဖော်ပြအပ်ပါသည်။






ပေးလှူခြင်း

            ကျွန်ုပ်တို့ကိုးကွယ် ယုံကြည်သော ဘုရားသခင်သည် အလွန်ကြွယ်ဝချမ်းသာပြီး ရက်ရော စွာ ပေးကမ်းတတ်သူ တစ်ဦးဖြစ်သည်။ အကြောင်းမှာ ဘုရားသခင်သည် ကျွန်ုပ်အား အလွန် ချစ်သောကြောင့် အကောင်းဆုံးပေးခဲ့ပါသည်။ (ယော ၃း၁၆)။ ပုဂ္ဂိုလ်တစ်ဦးက “ပေးကမ်းခြင်းတိုင်း တွင် မေတ္တာမရှိသော်လည်း ချစ်ခြင်းမေတ္တာရှိလျှင် အမြဲပေးကမ်းမည်” ဟု ဆိုခဲ့သည်။
              ပေးကမ်းခြင်းသည် ဘဝအောင်မြင် တိုးတက်ခြင်း၏ လျှို့ဝှက်ချက် တစ်ခုဖြစ်ပါသည်။ ဘုရား သခင်ကို ဘယ်သောအခါမျှ သင်ပေး၍မနိုင်ပါ။ (You can never out give God ) (တ ၂၀း၃၅)။
              ဘုရားသခင်သည် ကျွန်ုပ်တို့အား အရာခပ်သိမ်းကို ပေးခဲ့ပါပြီ။ သင်သူ့ကို ဘာပြန်ပေးမည်နည်း။ (ဆာလံ ၁၁၆း၁၂)

၁။   ဆယ်ဖို့တစ်ဖို့  (Tithing) 
           ဆယ်ဖို့တစ်ဖို့ပေးလှူ ခြင်းသည် အလှူ လှူ ခြင်း မဟုတ်ပါ။ ဘုရားသခင်နှင့်ဆိုင်သော အရာကို ပြန်ပေးခြင်းသာ ဖြစ်သည်။ ဆယ်ဖို့ကိုးဖို့ထဲက ပေးလှူ မှသာလျှင် အလှူ လှူ ခြင်း ဖြစ်ပါသည်။ (ဆရာကြီးဘတူ- ပုသိမ်)

မာလခိကျမ်းကိုလေ့လာခြင်း
             ဤဓလေ့ထုံးစံကို မောရှေ၏ရှေ့အတော်ဝေးဝေးအချိန်ကပင် တွေ့ရှိနိုင်ပြီး ဗာဗုလုန်မှ ရောမ အချိန်အထိ ထိုဓလေ့ ရှိခဲ့ပါသည်။ အာဗြံဟံသည် မေလခိဇေဒက်ကို ဆယ်ဖို့တစ်ဖို့ ပေးခဲ့သည်။ )က ၁၄း၂၀၊ ဟေဗြဲ ၇း၂၊၆)။ ယာကုပ်သည် ဘုရားသခင်အား ဆယ်ဖို့တစ်ဖို့ပေးရန် ကတိပြု ခဲ့သည်။ (က ၂၈း၂၂) ။ မောရှေ၏ ပညတ်တရားသည် မြှေထွက်သော အသီးအနှံမှ ဆယ်ဖို့တစ်ဖို့ကို လေဝိအမျိုးသား များနှင့် ယဇ်ပရောဟိတ်များကို ပေးရန် တောင်းဆိုသည်။ (ဝတ် ၂၇း၃၀-၃၃၊ တောလည် ၁၈း၂၁-၃၂)။
               ဆယ်ဖို့တစ်ဖို့စနစ်ကို လက်တွေ့ကျကျ နည်းလမ်းမှန်ကန်စွာ ကျင့်သုံးခြင်းအားဖြင့် သင့်အသင်းတော်၊ သင့်အဖွဲ့အစည်း၏ ဘဏ္ဍာရေး တိုးတက်ကောင်းမွန်လာပေမည်။

ဘဝ၏ အရည်အသွေးများ

             လူ့ဘဝတွင် မည်သည့်အရာသည် အရေးကြီးဆုံးနည်းဟု တစ်ခါ အမေးခံရခဲ့ဖူးသည်။ စာဖတ်သူ များထဲမှ တစ်ချို့က အကြံအစည်ဟု အမျိုးမျိုးထင်ကြေးပေးကြမည်ဟု ကျွန်တော်မျှော်လင့်ပါသည်။ စာအုပ် စာပေနှင့် ရုပ်ရှင် ဗွီဒီယို ပေါင်းမြောက်မြားစွာ ကို ကျွန်တော်သေချာစွာ ကြည့်ရှုလေ့လာ ကြည့် သည်။ ငွေကြေး ပိုင်းဆိုင်ရာနှင့် ပတ်သက်၍ အတော်လေးဆင်းရဲခံရပြီးမှ နောင်တရကာ နောက်ဆုံးတော့ ငြိမ်းချမ်းမှုဘက်သို့ ဦးတည်သွားပုံကို ဇတ်များက ညွှန်းကြသည်။ စိတ်ထောင်းရင်ကိုယ်ကြေ ဟူသောစကား သည် လွန်စွာမှန်ကြောင်း ကျွန်တော်တစ်ယောက်အနေဖြင့် လက်ခံပါသည်။
            ဘဝ၏အရည်အသွေးများတွင် စိတ်ပညာရှင်အများစုက စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု ဤနှစ်ခုသည် ငွေထက်အရေးကြီးသည်ဟု တင်ပြကြသည်။ လူတစ်ဦးသည် ငွေကြောင့်ပျော်ရွှင်မှု ကိုရသည်မှာ အပြည့်အဝမမှန်ချေ။ ရသလောက်နှင့် ရောင့်ရဲတင်းတိမ်စွာ နေတတ်ခြင်းက စိတ်ပိုင်းဆိုင် ရာ နှင့် ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှု အပေးဆုံးဖြစ်သည်။ 


                 လူတစ်ဦးသည် စဉ်းစားတွေးခေါ်တတ်သူဟု ဆိုပါစို့။ ဥစ္စာများခြင်း၊ နည်းခြင်းသည် သူ့အတွက် အရေးမကြီးဘဲ စိတ်ချမ်းသာပြီး စိုးထိတ်မှုကင်းစွာနှင့် လောကကြီးထဲမှာ နေထိုင်သွားပါက သူသည် သေသွားသည့်တိုင်အောင် ငြိမ်းငြိမ်းချမ်းချမ်း သာရှိချေမည်။ ဥပမာ- အကြွေးရှိသော လူတစ်ဦး၏ ခံစားချက်နှင့် အကြွေးမဲ့သော သူ၏ခံစားချက်တို့သည် မတူညီနိုင်ပေ။ စိတ်ပိုင်းဆိုင်ရာကို ကြံ့ခိုင်အောင် အရင်ကြိုးစားပြီးလျှင် ကျန်သော နောက်ဆက်တွဲတို့သည် မခက်ခဲလှကြောင်း စိတ်ပညာရှင်တို့က တင်ပြထားသည်။ 
                စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုရှိရန် အဓိကလိုအပ်သော အချက် (၄)ချက်ကို တင်ပြလိုပါသည်။

Wednesday, May 27, 2015

တမန်တော် (၁၂)ပါး

 
 (၁)   ပေတရု (မ ၁၀း၂၊ ယော ၁း၄၂)
             ယောန၏သားဖြစ်သည်။ အနြေ္ဒ၏ အစ်ကိုလည်းဖြစ်သည်။ တံငါသည်ဖြစ်၍ အိမ်ထောင်သည် တစ်ဦးဖြစ်သည်။ ဂါလိလဲပြည်၊ ကပေရနောင်မြို့၌ နေထိုင်သည်။ ရှိမုန်ပေတရု (သို့) ကေဖ ဟု အမည်ရသည်။ ကေဖ၏ အ ဓိပ္ပာယ်မှာ ကျောက် ဖြစ်သည်။ တမန်တော်တို့၏ ခေါင်းဆောင်ဖြစ်သည်။ နာဇရက်မြို့သား ယေရှုသည် အဘယ်သူဖြစ်သည်ကို ပထမဦးဆုံး သိမြင်သူဖြစ်သည်။ အဂြိပ္ပမင်း ၏ မောင်းမလေးဦးနှင့် ဧကရာဇ်ဘုရာင် အယ်ဘိန မြတ်နိုးသော မိဖုရား ဇန်သစ်ပီသည် ပြောင်းလဲ၍ ခရစ်ယာန်ဖြစ်လာသည်။ ထိုကြောင့် ပေတရုကို သတ်ရန်ဆုံးဖြတ်ကြသည်။ ထိုကြောင့် ရောမမြို့မှ ထွက်ခွာ တိမ်ရှောင်ရန် လာစဉ် သခင်ယေရှု ရောမမြို့ထဲ ဝင်လာသည်ကို ရူပါရုံဖြစ်သောကြောင့် သူတိမ်ရှောင်သော ကားတိုင်ကို ထမ်းရွက်ရန် ပြန်လာခဲ့သည်။ သူ၏ ဇနီးအား သူ့ရှေ့တွင် ကွက်မျက်ခဲ့သည်။ မိမိ၏ အရှင်သခင်ကဲ့သို့ လက်ဝါးကပ်တိုင်၌ ရိုက်ခြင်းငှာ မထိုက်တန်သောကြောင့် ဇောက်ထိုးထား၍ ကွပ်မျက်ရန် တောင်းဆိုလေသည်။
 

ဘယ်သူဘုရား စစ်သလဲ

           မိုးမရွာဘဲနေတာ သုံးနှစ်ပြည့်သွားပြီ။ တစ်လကုန်သွားတယ်။ ကောင်းကင်က မိုးတစ်စက်မှ မကျ လာဘူး။  တစ်နေ့ ပြီးတစ်နေ့ အရှေ့က နေမင်းထွက်လာပြီး၊ ခြောက်သွေ့တဲ့ ရောင်ခြည်ကို ထွက်စေ တယ်။ နေ့စဉ်နှင့်အမျှ လူတွေက ကြေးဝါနဲ့တူတဲ့ မိုးကို မျှော်ကြည့်ပေမဲ့လို့ တိမ်ခိုးတိမ်ရိပ်ကိုတောင်မှ မမြင် ရကြပါဘူး။ မြစ်တွေသွေ့ခြောက်ကုန်တယ်။ လယ်မြေတွေ ပြောင်နေတယ်။ တိရစ္ဆာန်တွေစားဖို့ မြက်တစ် ရွက်ကိုတောင် မရဘူး။ စားစရာမရဘဲ ငတ်ပြတ်နေကြတယ်။ လူတွေမှာရှိတဲ့ ဆန်စပါး အနည်းငယ်လေး ဟာကုန်သွားကြပါပြီ။ အဆာငတ်လာကြတယ်။
             ရှင်ဘုရင်အာဟတ်က ပရောဖက်အဘိယကို ပြောတယ်။ နန်းတော်ကထွက်ပြီး ချောင်း၊မြောင်း ရှိရာ မြက်ပေါက်တဲ့နေရာကို သွားကြရင် တိရစ္ဆာန်တွေအားလုံးမသေဘဲ၊ အသက်ရှင်နေနိုင်ကြ လိမ့်မယ်။ တစ်တိုင်းပြည်လုံးကို နှံ့စပ်အောင် ဘုရင်မင်းနဲ့  အဘိယ လမ်းခွဲထွက်ကြတယ်။ အဲဒီအချိန်မှာ ဧလိယဟာ မုဆိုးမအိမ်မှာပဲ ရှိနေသေးတယ်။ ဘုရားသခင်က “အာဟတ်၊ မင်းသွားတော့ မြေကြီးပေါ်ကို မိုးရွာစေတော် မူလိမ့်မယ်” လို့ပြောပါတယ်။


             ဧလိယဟာ ဣသရေလတိုင်းပြည်ထဲသို့ ဝင်လာပြီး အဘိယရှိရာကို ရောက်သွားတယ်။ အဘိယ က အံ့သြမဆုံး ဖြစ်သွားတယ်။ အာဟတ်မင်းက တစ်တိုင်းတစ်နိုင်ငံလုံး လိုက်ရှာမတွေ့ဘဲနဲ့ အခုတွေ့နေ ရတယ်။ အဘိယက မြေထိအောင် ဦးချပြီး ဧလိယကို တွေ့မြင်တာ အဟုတ်ပဲလားလို့ မေးတယ်။ ဧလိယက ငါ ဧလိယဖြစ်တယ်။ ရှင်ဘုရင်ကို ပြောချေ။ ငါဒီမှာရှိတယ်လို့ ပြောချေ။
             အဘိယက ကျွန်တော်မျိုးမပြောဝံ့ပါ။ နေရာတိုင်းမှာ လိုက်ရှာနေပါတယ်။ တွေ့တဲ့လူကို ဧလိယ အိမ်မှာမရှိဘူးလို့ ကျိန်စာရွတ်ခိုင်းတယ်။ ကိုယ်တော်က ဧလိယဒီမှာရှိပါတယ်လို့ ပြောခိုင်းတဲ့ အတိုင်း ပြောနေတုန်း ဝိညာဉ်တော်က တခြားပို့ထားလို့ရှိရင် အာဟပ်မင်း မတွေ့ဘဲရှိမယ်။ ဒီတော့ ကျွန်တော်မျိုးကိုပဲ သတ်ပါလိမ့်မယ်။ ဧလိယက ငါကတိပြုပါတယ်။ ဣသရေလရဲ့ ဘုရားသခင် အသက်ရှင် တော်မူသည့်အတိုင်း ဒီနေ့ အာဟပ်မင်းနဲ့ငါ တွေ့မယ်လို့ပြောတယ်။ ဒီတော့ အဘိယက အာဟပ်မင်းထံသွားပြီး ဧလိယကို တွေ့ပါပြီလို့ ပြောတယ်။

လူသားနှင့်အလှအပ

               အလှအပကို သိရှိခံစားခြင်း ဟူသောစိတ်အာရုံခံစားမှုမှာ လူသားများတွင် သာမက တိရစ္ဆာန် များ၌ ပါရှိသည်ဟု ဆိုကြသည်။ အထူးသဖြင့် လူသားများမှာ လှပမှုကို ကြည်နူးသည်မှာ ယုံမှားဖွယရာ မရှိပေ။ လူသားတို့အနေနှင့် လှပစွာ တန်ဆာမင်မှုအား တပ်မက်ခြင်းအကြောင်းကို သမိုင်းခေတ် အဆက်ဆက်၌ တွေ့ရှိခဲ့ရသည်။ အသားအရောင်၊ လူမျိုး၊ ဒေသကိုလိုက်၍ အလှအပတတပ်မက်မှုမှာ တစ်ဦးနှစ်တစ်ဦး မတူညီနိုင်ပေ။ ခံစားချက်ခြင်းလည်း တစ်ထပ်တည်း မကျနိုင်ပေ။ ဤနေရာတွင် ဒါဝိဒ်၊ စကူကရပ်၊ လစ်ဗင်းစတုန်း၊ အော်ဂက်စတေး၊ ကွန့်စ်စိန့်ဆိုင်မွန် စသူတို့၏ ကမ္ဘာကျော်အဆိုအမိန့်များကို ကိုးကား၍ တင်ပြသွားပါမည်။


            ပထမဦးဆုံး ကမ္ဘာဦးလူသားတို့၏ အဆင်တန်ဆာတို့တွင် တိရစ္ဆာန်တို့၏ အရေများ၊ လက်သည်း များနှင့် သွားများမှာ အလွန်အရေးကြီးသော ပစ္စည်းများဖြစ်သည်။ ၎င်းပစ္စည်းများကို ရတနာတစ်ပါးအသွင် သူတို့အထင်ရှိ သည်။ ကြမ်းကြုတ်သော်လည်း အဆင်တန်ဆာ အသွင်အပြင်ရှိသည်။ ၎င်းအရာ တို့သည် ပင်လျှင် ရှေးခေတ်ဟောင်းလူသားတို့၏ ပထမဦးဆုံး လှပမှုအတွက် ကိုယ်စားပြုပစ္စည်းသက္ကာရ များ ဖြစ်တော့သည်။
              လူရိုင်းတို့၏ ကြောက်မက်ဖွယ်ရာ ကောင်းအောင် အရုပ်ဆိုးလွန်းလှသော အဆင်တန်ဆာများ၊ ဂီတသံစဉ်များကို ထောက်ရှုလျှင်ပင် ၎င်းတို့ အလှအပအာရုံ ခံစားမှုမှာ တိရစ္ဆာန်များ(ကျေးငှက်များ) ထက်ပင်လျှင် နိမ့်ကျကြောင်း တွေ့ရမည်။ အလှအပအပေါ် ထားရှိသော အမှတ်သညာ၊ သဘောတရားတို့ မှာလည်း အသားအရောင်တူသော လူမျိုးများတွင် ပင်လျှင် ကွဲပြားခြားနားမှုများစွာ ရှိလေသည်။

Monday, May 25, 2015

သခင်ယေရှု ကြွလာတော်ဦး မည့်အချိန်

           သခင်ယေရှုခရစ် ဒုတိယအကြိမ် ကြွလာတော်မူခြင်းသည် အသင်းတော်၏ မျှော်လင့်ချက်ဖြစ်၍ လူတို့၏ သမိုင်းပြဿ     နာအပေါင်း၏ အဖြေလည်းဖြစ်သည်။ ကျွန်ုပ်တို့ သိပြီးဖြစ်သော အချက်မှာ ကိုယ်တော်ရှင်သည် ပထမအကြိမ် ကြွလာပြီးဖြစ်၍ ကမ္ဘာသမိုင်း၍လည်း တကဏ္ဍ ပါဝင်ပြီးဖြစ်သည်။ ကိုယ်တော်ရှင် ကြွလာဦးမည်ဖြစ်ကြောင်း အကျွန်ုပ်တို့သိမြင်ကြသည်။ ဤသို့ဆိုရာ၌ ပရောဖက်ပြုခြင်း ကိစ္စ ဖြစ်သည်။ သခင်ယေရှုသည် ပထမအကြိမ်ကြွလာတော်မူရာ၌ လူတို့၏ဝိညာဉ်ကို ကယ်တင် ရန် ဖြစ်၍ နောက်တစ်ဖန် ကိုယ်ခန္ဓာကို ကယ်တင်ရန် ကြွလာဦးမည် ဖြစ်သည်။ ပထမအကြိမ် ၌တစ်ဦးချင်း ကို ကယ်တင်ရန် ဖြစ်၍ ဒုတိယအကြိမ် ကြွလာတော်မူခြင်း၌ အသင်းတော်အဖွဲ့အစည်းကို ကယ်တင် ရန် ဖြစ်သည်။ ခရစ်တော်သည် လက်ဝါးကာတိုင်တွင် အသေခံရန် ပထမအကြိမ် ကြွလာခြင်း၌ ဖြစ်သော် လည်း ရှင်ဘုရင်ဘိသိက် ခံခြင်းငှာ ဒုတိယကြွလာ တော်မူလိမ့်မည်။
             ပထမ၌ သစ်တိုင်သို့ ရှေ့ရှုခဲ့သော်လည်း ဒုတိယအကြိမ်၌ ရာဇပလ္လင်သို့ ကြွလာခြင်း ဖြစ်သည်။ သခင်ယေရှု ပထမအကြိမ်၌ ပိလတ်မင်းရှေ့တွင် အစီရင်ခံရသော်လည်း နောက်တစ်ဖန်ကြွ လာသောအခါ ပိလတ်မင်းကို ရှေ့တော်၌ စီရင်ရန်ဖြစ်သည်။
             ကိုယ်တော်ရှင် ဒုတိယအကြိမ် ကြွလာခြင်းသည် လူတို့၏ခွန်အား နည်းမှုကြောင့် ပေါ်ပေါက်ရမည့် အမှုကိစ္စ ဖြစ်သည်။ သတ္တဝါသည် မှီ၍သက်ရှင်ကြသည်ဖြစ်၍ မိမိအောင်မြင်သမျှတို့သည် တီထွင်ဖန်ဆင်းခြင်းဖြင့်  ဖြစ်ပေါ်ခြင်းမဟုတ်ဘဲ ပေါင်းစပ်ဖော်ထုတ်ပြသော အရာများ ဖြစ်သည်။ သခင်ယေရှုခရစ် ပထမအကြိမ် ကြွလာတော်မူရသည်မှာ လူသည် မိမိကိုယ်မိမိ ကယ်ဆယ်မြှင့်တင်ပေးရန် မစွမ်းဆောင်နိုင်သောကြောင့် ဖြစ်သည်။ လူမျိုးတစ်မျိုးလုံးသည် မိမိတို့ကိုယ်ကို ကယ်တင်ခြင်းရရန် ကြိုးစားပေါင်းများလှပြီ ဖြစ်သေည်။ အာဒံနှင့် ဧဝသည် ဧဒင်ဥယျာဉ်ထဲ၌ မိမိတို့ အဝတ်အချည်းစည်း ရှိသည်ကို သင်္ဘောသဖန်းရွက်တို့ဖြင့် ဖုံးအုပ်ရန် ဆောင်ရွက်ကြသည့် အချိန်ကပင် မိမိတို့ကိုယ်ကို ကယ်တင်ရာ ကယ်တင်ကြောင်း ကြိုးစားမှု စတင်ခဲ့လေသည်။ 

ဒေသနာကျမ်းမှ အနှစ်သာရများ

ဒေသနာကျမ်း
              ဂရိစကား “Ecclesiastes” အဓိပ္ပာယ်မှာ “အများစုရုံးသော အဖွဲ့တစ်ဖွဲ့တွင် ပါဝင်ပတ်သက်ခြင်း၊ လှုပ်ရှားခြင်း” ဟု ဆိုလိုသည်။

ဟေဗြဲစကားမှာ
             Qoheleth (Koheleth) အဖွဲ့အစည်း၏ ကိုယ်စားပြောကြားသောသူ၊ တရားဟောဆရာ၊ အဖွဲ့ အစည်း၏ အရာရှိ ကိုဆိုလိုကြောင်း သိရှိရသည်။ Qoheleth သည် စာရေးသူ၏ ကလောင် အမည်လည်း ဖြစ်ပါသည်။ စာအုပ်အမည်လည်း ဖြစ်ပါသည်။


ရေးသားသူ
             ရှောလမုန်မင်းကြီးကို ဂုဏ်ပြု သောအနေဖြင့် အမည်တပ်ထားသော်လည်း၊ ယုဒပညာရှိ တစ်ပါး ဖြစ်သည်ဟု အများက လက်ခံလာကြပြီး ဖြစ်သည်။ ယင်းသည် လူ့ဘဝကို ကောင်းမွန် စွာ လေ့လာပြီး မှတ်တမ်းတင်ပြီး လူ့အတွက် အကောင်းဆုံးသည် ဘယ်အရာဖြစ် သနည်းဟူသော အမေးကို ရှာဖွေတင်ပြခြင်း တရစ်ရပ်ဖြစ်ကြောင်း သိရပါသည်။ ကာမဂုဏ်လောကီ တင်ပြခြင်း တစ်ရပ် ဖြစ်ကြောင်းသိရပါသည်။ ကာမဂုဏ် လောကီပျော်ရွှင်မှု တစ်ခုစီကို ဖော်ပြသော်လည်း အမှားနှင့် အမှန်၊ အကောင်းနှင့်အဆိုးကို ချင့်ချိန်ပြီး ဖော်ပြခဲ့ပေသည်။

ရေးသားသောနေ့စွဲ
              BC ၂၅၀ ဂရိများ အုပ်စိုးသော ခေတ်၌ ရေးသားသည်ဟု ကျမ်းတတ်များက ခံယူကြသည်။ အကြောင်းမှာ ရေးသားသော စာသားနှင့် အသုံးအနှုံးစကားသည် ဤအချိန်နှင့် ပတ်သက်နေသောကြောင့် ဖြစ်သည်။

Sunday, May 24, 2015

ကမ္ဘာသုံးပြက္ခဒိန်အကြောင်း သိကောင်းစရာ

          ကမ္ဘာပေါ်ရှိ တိုင်းပြည်အသီးသီးမှ လူမျိုးအသီးသီးတို့သည် သူ့နည်းနှင့်သူ၊ ကိုယ့်နည်းနှင့်ကိုယ် နေ့ရက်အချိန်အခါ ပိုင်းခြားပြီး ပြက္ခဒိန်ပြုလုပ် သုံးစွဲလာကြသည်။ သခင်ယေရှုခရစ် မပေါ်ခင် နှစ်ပေါင်း(၄၆)နှစ် အလိုတွင် ရောမဘုရင် ဂျူးလီယပ်ဆီဇာက တစ်နှစ်လျှင် (၃၆၅)ရက်၊ (၆) နာရီ အတိရှိသော နှစ်တစ်နှစ် ပြက္ခဒိန်ကို အတည်ပြုလိုက်ပါသည်။ ဤပြက္ခဒိန်သည် ခရစ်ယာန်သာသနာနှင့် မည်သို့မျှ မဆိုင်ပါ။ ခရစ်တော်နှင့် မည်သို့မျှ မပတ်သက်ပါ။


                ခရစ်တော် နှစ်(၃၀၀)လောက်မှာ ကွန်စတင်တိုင် အမည်ရှိ ရောမဘုရင်ကြီးက ခရစ်ယာန်တို့ လေးစာနေကျ တစ်ပတ်၏ ပထမဆုံးတနင်္ဂနွေနေ့၊ ခရစ်တော် ထမြောက်ရှင်ပြန်နေ့ကို လူတိုင်း အနားယူရန်နေ့၊ ဆုတောင်းရာနေ့ဟူ၍ သတ်မှတ်လိုက်ပါသည်။ နောင်နှစ်ပေါင်း (၁၅၀)ကြာ သောအခါ ဒီယွန် နီးဆီးယပ်အိတ် က၊ ခရစ်တော်မပေါ်မီက နှစ်များကို (ဘီစီ) ခရစ်တော်ရှေ့၊ ခရစ်တော်ပေါ်ပြီးမှာ နှစ်များကို (အေဒီ) ခရစ်တော်နှစ် ဟူ၍ခေါ်ရန်။ ခရစ်တော် ပဋိသန္ဓေယူမည့် အကြောင်း၊ ကောင်းကင်တမန်က မာရိကို ဗျာဒိတ်ပေး ဟောပြောသောနေ့ကို မတ်လ(၂၅)ရက်၊ ခရစ်တော် မွေးဖွားသော နေ့ရက်ကို ဒီဇင်ဘာလ(၂၅)ရက် ဟူ၍ သတ်မှတ်ရန် အဆိုပြုပါသည်။

ယုံကြည်ခြင်း

           ရုရှားပြည်၌ တော်လှန်ရေးခေတ်အခါတွင် ဖြစ်ပါသည်။ ၎င်းတိုင်းပြည်ရှိ လူများစွာတို့သည် အစာငတ်မွတ် ခေါင်းပါးသဖြင့် သေဆုံးပျက်စီးကြရရှာ ပေသည်။ အလွန်ချမ်းသာကြွယ်ဝသော သူများသည် လည်း သူတောင်းစားအဖြစ်သို့ သက်ရောက်ကြပါတော့သည်။ ထိုသူတို့အဖို့ ငိုရုံမှတစ်ပါး ဘာမှမတတ်နိုင် ကြပေ။
             ထိုအခါ၌ မိသားစုတစ်ခုတွင် အလွန်ခက်ခဲသော ဘေးဒုက္ခနှင့် ရင်ဆိုင်နေရလေသည်။ ဖခင်မှာ အသတ်ခံရ၍ မိခင်ဖြစ်သူမှာ သေဆုံးပြီးနောက် ကလေးသုံးယောက်မှာ အဖွားဖြစ်သူနှင့် နေကြရရှာသည်။ ထိုအချိန်တွင် အလွန်လှပသော အိမ်ကြီးတွင် နေရလျက်ကောင်းမွန်သောအစာများမှာ စားပွဲပေါ်တွင် အစဉ်ရှိခဲ့သော်လည်း ယခုမူ၊ တဲကုပ်လေးတစ်ခုတွင် နေကြရရှာသည်။


              အဖွားဖြစ်သူမှာ ကလေးများအသက်ရှင် နိုင်ရေးအတွက် ပင်ပန်းစွာဇာထိုးခြင်း လုပ်ငန်းအားဖြင့် ကြိုးစားရရှာသည်။ တစ်နေ့တာလုပ်ငန်း ပြီးစီးသည်နှင့် မိမိတို့မည်သို့အသက်မွေးရမည်ကို မစဉ်းစားဝံ့ သလောက် ဖြစ်ရလေသည်။ အကြောင်းမှာ အစာအနည်းငယ်သာ ရှိသောကြောင့် ပင်တည်း။
             တစ်နေ့သောအခါ နောက်ဆုံးသောအစာကို စားသောက်ရလေသည်။ နေ့လည်စာအတွက် မုန့်အကြွင်းအကျန် အစအနလေး များကို စားသုံးပြီးသော်၊ ပေါင်မုန့်ဂျိုးကလေးများပင် မကျန်တော့ပေ။ အဖွား ဖြစ်သူမှာ အလွန်ဝမ်းနည်းမိလေသည်။ နောက်ဆုံး ကလေးငယ်များကို ခေါ်၍မိမိတို့ ရင်ဆိုင်နေ ရသော ဘေးဒုက္ခကို ပြောပြလေသည်။ ထိုနောက်တွင်ကား ဒူးထောက်လျက် ဆုတောင်း ကြ၏။ ဘုရား သခင် မကယ်မ ပါလျှင် မိမိတို့သည်လည်း အခြားသူများကဲ့သို့ပင် အစာငတ်မွတ်၍ သေရတော့ မည်ကို သိကြလေသည်။

Friday, May 22, 2015

တိုင်းပြု ပြည်ပြု အသင်းတော်

               ခရစ်ယာန်တို့၏ အသင်းတော်သည် ကနဦးအသင်းတော်ခေတ် အဖိနှိပ်ခံနေစဉ်ကာလ၌ ဖြူ စင်သန့်ရှင်းမှု၊ သစ္စာရှိမှု၊ စည်းလုံးမှု အစရှိသော သခင်ခရစ်တော်အား ချစ်မြတ်နိုးမှုကြောင့် တဖြည်းဖြည်း ကြီးပွားတိုးတက်ခဲ့သည်။ အသတ်ခံရသူ များသော်လည်း တိုးတက်ကြီးပွားခဲ့သည် သာဖြစ်သည်။ ဤသို့ဖြင့် နှစ်ပေါင်း(၃၀၀) ကျော်ခန့် ကြီးထွားရင့်ကျက် ခဲ့သည်။
                ကွန်စတင်တိုင်ဘုရင်လက်ထက် သို့ရောက်သောအခါ (ခသ ၃၂၅) မှစ၍ ခရစ်ယာန်ဘာသာ သည် ဘုရင်ကိုယ်တိုင် ကိုးကွယ်သော ဘာသာတရားဖြစ်လာသည်။ ထိုကြောင့် ဖိနှိပ်ညှင်းဆဲခြင်းဘေးမှ လွတ်မြောက်၍ ယုံကြည်ကိုးကွယ်သူ ဦးရေ တဟုန်ထိုး ကြီးထွားလာခဲ့သည်။ အသင်းတော်သည် ဥရောပတိုက် တစ်ခုလုံးသို့၊ တစ်ကမ္ဘာလုံးသို့ ပျံ့ နှံ့သွားခဲ့သည်။ ဘာသာတရားသည်လည်း သန့်စင်မှု၊ သစ္စာရှိမှု၊ ချစ်ခင်မြတ်နိုးမှု စသော ကောင်းမြတ်သောလက္ခဏာများ လျော့ကျခဲ့သည်နှင့်အမျှ ပြည်သူလုထု အား ဖိနှိပ်သော အင်အားစုအဖြစ်သို့ တဖြည်းဖြည်း ရောက်ရှိလာခဲ့တော့သည်။

               အသင်းတော်၏ ဖိနှိပ်မှုနှင့် မှားယွင်းမှုတို့ကို မြင်တွေ့လာကြသော ပညာတတ်များ ဘုန်းတော်ကြီးများ သည် ပြုပြင်ပြောင်းလဲမှုများကို စတင်လုပ်ဆောင်ခဲ့ကြသည်။ ဖမ်းဆီးသတ်ဖြတ်ခြင်းကို ခံကြရသော်လည်း ရှေးသန့်ရှင်းသူများကဲ့သို့ သစ္စာတရားဘက်မှ ရဲဝံ့စွာ ရပ်တည်ဆောင်ရွက် ခဲ့ကြသဖြင့် ဥရောပ လူအဖွဲ့အစည်းသည်  ပြန်လည်ဆန်းသစ်လာပြီး  ပြုပြင်ပြောင်းလဲမှုများ ဖြစ်ပေါ်လာခဲ့သည်။ ထို ပြု ပြင်ပြောင်းလဲရေးနှင့် အမျိုးသားရေးဝါဒများ သည် ဆက်နွယ်နေသည်။ ထိုကဲ့သို့ အမျိုးသားရေးဝါဒများ ဝင်လာသောကြောင့် ရောမအင်ပါယာကြီး ပြိုလဲပျက်စီးခဲ့ရပြီး ဥရောပ၌အမျိုးသား နိုင်ငံငယ်များစွာ ပေါ်ထွန်း လာခဲ့သည်။ ထိုကြောင့် အမျိုးသားရေးဝါဒသည် တိုင်းပြု ၊ ပြည်ပြု စိတ်ဓာတ်ကို ပေါက်ဖွားစေခဲ့ပေသည်။

ဘုရားသခင်၏လူ

သို့ဖြစ်၍အိုဘုရားသခင်၏လူ သင်သည်ထိုအပြစ်များကို ကြဉ်ရှောင်လော့။ ဖြောင့်မတ်စွာကျင့်ခြင်း၊ ဘုရားဝတ်၌ မွေ့လျော်ခြင်း၊ ယုံကြည်ခြင်း၊ ချစ်ခြင်း၊ သည်းခံခြင်း၊ နူးညံ့သိမ်မွေ့ခြင်း တို့ကို မှီအောင်လိုက်လော့။ (၁တိ ၆း၁၁)

              ခရစ်ယာန်ဟူသော အမည်နာမကို ဓမ္မသစ်ကျမ်းတွင် သုံးကြိမ်ဖော်ပြထားသည်။ (တမန် ၁၁း၂၆၊၂၆း၂၈၊ ၄း၁၆)။ အမည်စတင်ဖြစ်ပေါ်လာရခြင်းမှာ အန္တိအုတ်မြို့တွင် ရှင်ပေါလုနှင့်ဗာနဗတို့၏ သာသနာပြုခရီးစဉ်ကြောင့် ဖြစ်သည်။ ထိုအမည်ကို စတင်သုံးစွဲသူများမှာ ခရစ်ယာန်များအဟုတ်ဘဲ အခြား သူများက ခေါ်ဆိုခြင်း ဖြစ်သည်။ ခရစ်ယာန်ဟူသောအဓိပ္ပာယ်မှာ ခရစ်တော်၏တပည့်များ ဟူ၍သာ အနက်ရှိသည်။ 


               ခရစ်ယာန်ဖြစ်ရန် လူတစ်ဦးသည် သခင်ယေရှုခရစ်တော်ကို မိမိအသက် ကယ်တင်ပိုင်ရှင် အဖြစ် စိတ်နှလုံးနှင့် ယုံကြည်၍ နှုတ်အားဖြင့် ဝန်ခံကာနှစ်ခြင်းမင်္ဂလာကို လူရှေ့၊ ဘုရားရှေ့ ဝန်ခံကတိပြု ရမည်ဖြစ်သည်။ ထိုအပြင် မိမိယုံကြည်ထားသော ယုံကြည်ခြင်းတရားကို သေသည့်တိုင်အောင် သစ္စာ စောင့်ထိန်းမှသာ အသက်သရဖူအတွက် စိတ်ချရမည်ဖြစ်သည်။ (ဗျာဒိတ် ၂း၁၀)။ သခင်ယေရှု ကိုယ်တော်တိုင် ခရစ်ယာန်များအား သခင်..... သခင်ဟုခေါ်တိုင်း ကောင်းကင်နိုင်ငံတော်သို့ မရောက်ရ၊ ငါ့ခမည်းတော်၏ အလိုတော်ကို ဆောင်သောသူမှ ရောက်မည်ဟု သတိပေးထားသည်။ 
                 ဘုရားသခင်၏လူသည် သခင်ယေရှုကို ကယ်တင်ပိုင်ရှင်အဖြစ် ယုံကြည်လက်ခံသည် သာမက သေသည့်တိုင်အောင် သစ္စာရှိစွာ အသက်ရှင်သောသူဖြစ်သည်။ ထိုပြင် အသက်ရှင်စဉ် ကာလ တစ်လျှောက်လုံး မိမိယုံကြည်သော ဘုရားကို အခြားသူများအား မေတ္တာဖြင့် ပုံသက်သေပြသော သူများ ဖြစ်ကြပါသည်။ 

ဘုရားသခင်၏ လူတစ်ဦးတွင် ရှိရမည့်အရည်အချင်းများ   (၁တိ ၆း၁၁)

Thursday, May 21, 2015

ယေရှုသွန်သင်သော ကျင့်ဝတ်များ ၎

ကိုယ်ဝတ်   (Duty to One's Self)

(က) လောကုတ္တရာအမှုကို ရှေးဦးစွာ စောင့်ရမည်။ (Attend first to the concerns of the soul)
(မ ၆း၃၃၊ ၁၆း၂၆၊ ၇း၁၃-၁၄၊ လုကာ ၁၀း-၄၁-၄၂)

               ဘုရားသခင်၏ နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းတရားကို ရှေးဦးစွာရှာရမည်။ မိမိ၏ အသက် ဝိညာဉ် ရှုံးသောသူသည် အဘယ်ဥစ္စာနှင့်မှ မရွေးနိုင်ပါ။ ကျယ်သောတံခါးကို ဝင်သောသူတို့သည် များကြ၏။ အသက်ရှင်ခြင်းသို့ ရောက်သောလမ်းနှင့် တံခါးသည် ကျဉ်းမြောင်းသည်ဖြစ်၍ ဝင်သောသူတို့ သည်နည်းကြ၏။ ယေရှုက မာသ၊ မာသ သင်သည် များစွာသောအမှုတို့၌ စိုးရိမ်၍ အနှောက်အယှက်ခံရ၏။ လိုသောအရာ တစ်ခုတည်းရှိ၏။ မာရိမူကား ကောင်းသောအဖို့ကို ရွေးယူပြီ။ ထိုအဖို့ကို အဘယ်သူမျှ မနုတ်ယူရာ ဟု မိန့်တော်မူ၏။


(ခ)  မိမိစိတ်သဘောကို စစ်ကြောရမည်။  (Examine thyself)
(၂ကော ၁၃း၅၊ ဟဂ္ဂဲ ၁း၇၊ သု ၄း၂၆၊ ဆာလံ ၁၃၅း၂၃)

                 ယုံကြည်ခြင်း၌ တည်မတည်ကို ကိုယ့်ကိုယ်ကို စစ်ကြောရမည်။ ကိုယ့်အကျင့် တို့ကိုဆင်ခြင် ရမည်။ သွားရာလမ်းကို စူးစမ်း၍ သွားလေရာရာ၌ တည်ကြည်ခြင်း ရှိရမည်။ ဆာလံဆရာက အို... ဘုရား သခင် အကျွန်ုပ်ကို စစ်ကြော၍ အကျွန်ုပ်နှလုံးကို သိမှတ်တော်မူပါ။ စုံစမ်း၍ စိတ်အထင်များကိုလည်း သိမှတ်တော်မူပါ။ ဆိုးသောလမ်းသို့ အကျွန်ုပ်လိုက်သည် မလိုက်သည်ကို ကြည့်ရှု၍ ထာဝရလမ်း ထဲသို့ သွေးဆောင်တော်မူပါဟု ဆိုထားပါသည်။

Wednesday, May 20, 2015

ယေရှုသွန်သင်သော ကျင့်ဝတ်များ ၃

သူတစ်ပါးဝတ် (Duty to Men)

(က)  မိဘဝတ်  (Duty to parents)
(ကောလောသဲ ၃း၂၁၊ ဧဖက် ၆း၎၊ သု ၂၂း၅၊ ၁၉း၁၈။ ၂၂း၁၅။ ၁၃း၂၄)

                    မိဘတို့သည် ကိုယ့်သားသမီးကို စိတ်ဆိုးစေခြင်းငှာ မချုပ်ချယ်ရပါ။ ထိုသို့ပြု လျှင် သူတို့ သည် အားလျော့စိတ်ပျက်ခြင်း သို့ ရောက်ကြလိမ့်မည်။ သုတ္တန်ဆရာက “သခင်ဘုရား၏ အလိုတော်နဲ့အညီ ဆုံးမသွန်သင်လျက် ကျွေးမွေးရမည်။ သို့ပြုလျှင် သူသည် အိုသောအခါ ထိုလမ်းမှမလွဲ လိုက်သွားလိမ့်မည်။ သူ့အကျိုးနည်းအောင် သနားသောစိတ် မရှိစေနှင့်။ သူငယ်၏စိတ်နှလုံးထဲမှာ မိုက်သောသဘောကို ထုတ်ထားလျက်ရှိ၏။ သို့သော်လည်း ဆုံးမသော ကြိမ်လုံးသည် ထိုသဘောကို ဝေးစွာနှင်တတ်၏။ ကြိမ်လုံး ကိုမသုံးသောသူသည် မိမိသားကို မုန်းရာရောက်၏။ သားကိုချစ်သောသူမူကား ငယ်သောအရွယ်မှစ၍ ဆုံးမတတ်၏” ဟု မိန့်ဆိုထား ပါတယ်။


(ခ)  သားသမီးဝတ်   (Duty to children)
(ဧ ၆း၁၊ သု ၁း၈၊ ထွက် ၂၀း၁၂၊ တရား ၂၇း၁၆၊ ၁တိ ၅း၎)

               သခင်ဘုရား၏ အလိုတော်နဲ့အညီ မိဘစကားကို နားထောင်ရမည်။ မိဘစကားကို နားထောင် ခြင်းအမှုသည် တရားသောအမှု ဖြစ်သည်။ အဖေ ဆုံးမသောစကားကို နားထောင်ရမည်။ အမိ ပေးသောတရားကို မပယ်ရ။ မိဘကို ရိုသေစွာပြုရမည်။ မထီမဲ့မြင် မပြုရ။ သား မြေးရှိသော မုဆိုးမ ဖြစ်လျှင် ထိုသားမြေးတို့သည် ရှေးဦးစွာဘုရားဝတ်ကို ရည်မှတ်လျှက် မိမိအိမ်ကို ပြုစု၍ မိဘဘိုးဘွား ၌ ကျေးဇူးဆပ်ခြင်းငှာ သင်ကြစေ။ ထိုအမှုသည် ထိုအမှုသည် ဘုရားသခင်နှစ်သက်သော အမှုဖြစ်သည်။

ယေရှုသွန်သင်သော ကျင့်ဝတ်များ ၂

သူတစ်ပါးဝတ်  (Duty to Men)

(က)  သူတစ်ပါးကို ချစ်ရမည်။ (Love all men)
( ၁ယော ၄း၁၆၊ မာကု ၁၂း၃၁၊ ရောမ ၁၃း၈၊ ဂလာတိ ၅း၁၄၊ ၁ကော ၁၆း၁၄၊ ၁၃း၁၃)

             ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ ဖြစ်တော်မူ၏။ ချစ်ခြင်းမေတ္တာ၌ တည်သောသူသည် ဘုရားသခင်၌ တည်၏။ ဘုရားသခင်သည်လည်း ထိုသူ၌ တည်တော်မူသည်။ ကိုယ်နှင့်စပ်ဆိုင်သော သူကို ကိုယ်နှင့်အမျှ ချစ်လော့ ဟူသော ဒုတိယပညတ်သည် ပဌမပညတ်နှင့် သဘောတူ၏။ အချင်းချင်းချစ်ခြင်း မေတ္တာမှ တစ်ပါး အဘယ်အကြွေးမျှ မရှိစေနှင့်။ သူတစ်ပါးကို ချစ်သောသူသည် အကျင့် တရား၌ ပြည့်စုံပြီ။ ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်လော့ဟူသော ပညတ်တစ်ပါးကို ကျင့်လျှင် ပညတ်တရား ရှိသမျှကို အကြွင်းမဲ့ ကျင့်ရာရောက်သည်။ ခပ်သိမ်းသောအမှု တို့ကို ချစ်ခြင်းမေတ္တာ စိတ်နှင့် ဆောင်ရွက်ရမည်။ ယခုတွင် ယုံကြည်ခြင်း၊ မျှော်လင့်ခြင်း၊ ချစ်ခြင်း ဤသုံးပါး တည်လျက်ရှိ၏။ ဤ သုံးပါးတွင် ချစ်ခြင်းမေတ္တာသည် အမြတ်ဆုံးဖြစ်သည်။


(ခ)   တပည့်တော်အချင်းချင်းတို့ကို အထူးချစ်ရမည်။ (Love the brethren with peculiar affection)
(ယောဟန် ၁၃း၃၄-၃၅၊ ရောမ ၁၂း၁၀၊ ၁ပေ ၃း၈၊ ၁း၂၂၊ ၄း၈၊ ၁ယော ၃း၁၆၊ ၃း၁၄)
          
            ယေရှုက သင်တို့သည် အချင်းချင်း တစ်ယောက်ကိုတစ်ယောက် ချစ်ကြလော့။ ငါသည် သင်တို့ကို ချစ်သည့်နည်းတူ အချင်းချင်း ချစ်ကြလော့ဟု ပညတ်သစ်ကို ငါပေး၏။ သင်တို့သည် အချင်းချင်းချစ်ကြလျှင် လူအပေါင်းတို့သည် ထိုမေတ္တာကို ထောက်၍ သင်တို့သည်ငါ့တပည် ဖြစ်သည်ကို သိကြလိမ့်မည်ဟု မိန့်တော်မူ၏။ ညီအစ်ကို ချစ်ခြင်းအရာမှ ပကတိပေါက်ဖော်ကဲ့သို့ တစ်ယောက်ကိုတစ်ယောက် စုံမက်ခြင်း၊ စိတ်တစ်ညီတစ်ညွတ်တည်းရှိခြင်း၊ ညီအစ်ကိုချင်းကဲ့သို့ ချစ်ခြင်း၊ သနားစုံမက်ခြင်း၊ စိတ်နှိမ့်ချခြင်း ရှိရမည်။ ချစ်ယောင်မဆောင် အမှန်ချစ်ခြင်းအလိုငှာ စိတ်ထဲမှာ သမ္မာတရားကို နားထောင်လျက် စင်ကြယ်သော စိတ်နှင့် အချင်းချင်းချစ်ရမည်။ ချစ်ခြင်းမေတ္တာသည် များစွာသောအပြစ်တို့ကို ဖုံးအုပ်တတ်၏။ ခရစ်တော် သည်ငါတို့အတွက်ကြောင့် အသက်တော်ကို စွန့်တော်မူသော မေတ္တာကိုသတိရလျက် ငါတို့သည်လည်း ညီအစ်ကိုချင်းတို့ အဖို့အလို့ငှာ အသက်ကိုစွန့်ရမည်။ ငါတို့သည် ညီအစ်ကိုချင်းတို့ကို ချစ်သောကြောင့် သေခြင်းမှအသက်ရှင်ခြင်းသို့ ကူးပြောင်းသည်ကို သိရကြမည်။

Tuesday, May 19, 2015

ယေရှုသွန်သင်သော ကျင့်ဝတ်များ ၁

ဘုရားဝတ်  (Duty to God)

(က)   ဘုရားသခင်ကိုချစ်ရမည်  (Love Him supremely)
(လုကာ ၁၀း၂၇၊ ၁ယော ၄း၁၉၊ ၁ကော၁၆း၂၂၊ ဧဖက် ၆း၂၄၊ ၁ပေ ၁း၈-၉)

              ထာဝရဘုရားကို စိတ်နှလုံး အကြွင်းမဲ့၊ အစွမ်းသတ္တိရှိသမျှ၊ ဥာဏ်ရှိသမျှနှင့် ချစ်ရမည်။ ထို ဘုရား သခင်သည် ကျွန်ုပ်တို့ကို ဦးစွာချစ်တော်မူသောကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင်ကို ချစ်ရမည်။ အကြင်သူသည် သခင်ယေရှုခရစ်ကို မချစ်၊ ထိုသူသည် ယေရှုခရစ် တစ်ဖန်ကြွလာသောအခါ အပြစ်စီရင် ခြင်းကိုခံရမည်။ ယေရှုခရစ်ကို အမှန်ချစ်သော သူတို့သည် ကောင်းချီးမင်္ဂလာကို ခံစားရမည်။ ဘုရားသခင်ကို မမြင်ဘူး၊ မမြင်ဘဲလျက် ယုံကြည်သောအားဖြင့် စိတ်ဝိညာဉ်သည် ကယ်တင်ခြင်းတည်း ဟူသော ယုံကြည်ခြင်း၏ အကျိုးကို ခံရမည် ဖြစ်သည်။

(ခ) ဘုရားသခင်ကို ကြောက်ရွံရမည်။ (Fear Him)
(သုတ္တံ ၉း၁၀၊ ၁း၇၊ ဟေရှာယ ၈း၁၃၊ ဆာလံ ၃၃း၈၊ သုတ္တံ ၂၃း၁၇၊ ဆာလံ ၈၉း၇၊ ဟေရှာယ ၁၂း၂၈)

             ထာဝရဘုရားကို ကြောက်ရွံသော သဘော  သည် ပညာ၏မူလအမြစ်၊ ပညာ၏ အချုပ်အခြာ ဖြစ်သည်။ လောကီနိုင်ငံသား အပေါင်းအနေဖြင့် ထာဝရဘုရားကို ကြောက်ရွံရိုသေ ရမည်။ ထာဝရဘုရားသည် လူအပေါင်းတို့ထက် ရိုသေဖွယ်ရာ ဖြစ်သည်။ ထာဝရဘုရားကို ကြောက်ရွံရိုသေပါက တည်မြဲသော နိုင်ငံကို ရမည်ဖြစ်သည်။


Monday, May 11, 2015

ဆယ်ဖို့တစ်ဖို့ပေးလှူ ခြင်းနှင့် ခရစ်ယာန်အသက်တာ

               ခရစ်ယာန်တို့၏ အသက်တာတွင် ပေးလှူ ခြင်းပုံစံ အမျိုးမျိုး ရှိသည့်အနက် ဆယ်ဖို့ တစ်ဖို့ ပေးလှူ ခြင်းနှင့် စပ်လျဉ်း၍ အယူအဆ ကွဲပြားနေတတ် ပါသည်။ စာရေးသူအနေဖြင့် မိမိအတွေ့အကြုံ နှင့် လေ့လာမိသရွေ့ ဝေမျှတင်ပြ လိုပါသည်။
                  စာရေးသူ အနေဖြင့် ဆယ်ဖို့တစ်ဖို့ (TITHES) ကို အောက်ပါအတိုင်း အနက်ဖွင့်ဆို ဖော်ပြ လိုပါသည်။

T.        Thanks offering to God recognizing that the Lord God is most high.
              ဆယ်ဖို့တစ်ဖို့ ပေးလှူ ခြင်းဆိုသည်မှာ ဘုရားသခင်သည် အမြင့်ဆုံးသောဘုရား ဟု သိရှိ လျက် ကျေးဇူးတော် ချီးမွမ်းခြင်းနှင့်အတူ ၎င်းတို့ခံစားရသော ကောင်းချီးများမှ ဆယ်ဖို့တစ်ဖို့ကို ပေး လှူ ခြင်းဖြစ်သည်။ ဤပေးလှူ ခြင်းသည် ဣသရေလမျိုး နွယ်ထံသို့ ဘုရားသခင်ထံမှ ပညတ်တစ်ရပ် အနေဖြင့် မရောက်ရှိမီကပင် ပေးလှူ ခြင်းဖြစ်သည်။ အာဗြံသည် သူ၏တူလောတကို ဖမ်းဆီးခေါ်ဆောင် သွားသော ခေဒေါရလောမာမင်းနှင့် အပေါင်းအပါကို တိုက်ခိုက်အောင်မြင်၍ ပြန်လာရာလမ်း၌ ရှာလင် မင်းကြီး မေလခိဇေဒက်ကို ပေးလှူ ခဲ့သည်။ ဤမင်းကြီးသည် အာဗြံအတွက် ဘုရားသခင်ထံမှ ကောင်း ချီး တောင်းခံလျက် ကောင်းချီးပေးခြင်းနှင့်အတူ အမြင့်ဆုံးသောဘုရားသခင်ကို ချီးမွမ်းမြွက်ဆို သောကြောင့် အာဗြံသည် ရှာလင်မင်းကြီးကို တိုက်ပွဲမှ သိမ်းယူရရှိသောပစ္စည်းများမှ ဆယ်ဖို့တစ်ဖို့ကို ပေးလှူ ခဲ့သည်။ (ကမ္ဘာ  ၁၄း၁၇-၂၀)။


Sunday, May 10, 2015

စိတ်ထားလှကြသူများ (ရှမာရိစိတ်ဓါတ်)

လေ့လာရန်ကျမ်းချက် ။           ။ လုကာ (၁၀း၂၅-၃၇)

                  ဤလောကတွင် လူအချင်းချင်း တစ်ဦးနှင့်တစ်ဦး အဆင့်အတန်းချင်း ကွာခြားမှုရှိကြသည်။ ချစ်သာသောသူများ သာ၍ချမ်းသာပြီး၊ ဆင်းရဲသောသူများ ကုန်းကောက်စရာမရှိအောင် ဆင်းရဲကြသည်။ တစ်ဖက်တွင် ပညာတတ်သူများက ဘွဲ့ဒီဂရီ မရေတွက်နိုင်အောင် များပြားနေသကဲ့သို့ အခြားတစ်ဖက် တွင် သေစာ၊ ရှင်စာပင် မတတ်သူများ ဒုနဲ့ဒေးပင် ရှိပါသည်။ အချို့ မှာမူ လက်ညှိုးညွှန် ရာ ရေဖြစ်နေသူများရှိကြပြီး မိမိသောက်ရေအိုးပင် ဖြည့်တင်းနိုင်စွမ်း မရှိသူများလည်း ရှိနေသည်။ 
                 လူအချင်းချင်း ဘ၀အကျိုးပေးကြောင့် အဆင့်အတန်း ကွာခြားမှု၊ စွမ်းရည်ကွာခြားမှုများ ရှိလေရာ ပစ္စည်းရှိသူများက ပစ္စည်းမဲ့သူအပေါ်တွင် လည်းကောင်း၊ ပညာတတ်သူက ပညာမဲ့သူ အပေါ် တွင် သော်လည်းကောင်း၊ လက်ညှိုးညွှန်ရာရေဖြစ်သူက ဘာမှမရှိသူအပေါ် ကိုယ်ချင်းစာတရား မထားနိုင် ဘဲ နိုင်ထက်ပြု မည်ဆိုပါက ဤလောကသည် များစွာအကျည်းတန် နေမည်ဖြစ်သည်။ ထိုကြောင့် လောက ကြီး တစ်ခုလုံး ငြိမ်းချမ်းပြီး သာယာဖို့ဆိုလျှင် လူတိုင်း ကိုယ်ချင်းစာတရား လက်ကိုင် ထားရန် လိုအပ်သည်။ 


                    ကိုယ်ချင်းစာတရား ဆိုသည်မှာ လူတစ်ယောက်သည် အခြားသူတစ်ယောက် အပေါ် ပြုမူပြောဆို ဆက်ဆံရာတွင် ထိုသူအား အခြားသူတစ်ယောက်အပေါ် မပြုမိစေရန် စောင့်ထိန်းရန် လိုအပ်သည်။ ထိုသို့ပြုလုပ်ခြင်းသည် ကိုယ်ချင်းစာတရားအား ကျင့်သုံးရာ ရောက်ပေသည်။ လူတိုင်း ကိုယ်ချင်းစာတရား လက်ကိုင်ထားမည် ဆိုပါက ဤလောကကြီးသည် မုချပင် သာယာလှပ လာမည်ဖြစ် သည်။ သခင်ယေရှုကိုယ်တိုင် “သင်တို့သည် ကိုယ်၌ သူတစ်ပါးပြုစေလိုသည့်အတိုင်း သူတစ်ပါး ၌ ပြုကြလော့။ ဤပညတ်ကား ပညတ္တိကျမ်းနှင့် အနာဂတ္တိကျမ်း တို့၏ အချုပ်အခြာပင် ဖြစ်သတည်း” (မ ၇း၁၂) ဟု မိန့်တော်မူခဲ့သည်။

Friday, May 8, 2015

မျက်မှောက်ခေတ် လူငယ်များရင်ဆိုင်နေရသော ကိုယ်ကျင့်တရားဆိုင်ရာ စိန်ခေါ်မှုများ

               ကမ္ဘာပေါ်တွင် ခရစ်ယာန်လူငယ်များ၏ သာသနာ့ လှုပ်ရှားမှုများသည် (၁၆)ရာစု အသင်းတော် ပြုပြင်ပြောင်းလဲရေး ခေတ်မှ စတင်ခဲ့ ပါသည်။ ယင်းလှုပ်ရှားမှု များအနက် နှစ်ခြင်းလူငယ် လှုပ်ရှားမှုများ၏ အစပြုရာ ဖြစ်သော ကြိုစားခြင်းအသင်း လှုပ်ရှားမှုများကို ၁၈၈၁ခု၊ ဖေဖေါ်ဝါရီ (၂)ရက်နေ့ တွင် အမေရိကန်ပြည်ထောင်စု ပို့လင်း မိန်းနယ် ဝဲလစ်တန်အသင်းတော်မှ ပေါ်ပေါက်လာပြီး မြန်မာနိုင်ငံ သို့ နှစ်ခြင်းလူငယ် လှုပ်ရှားမှု အသွင်ဖြင့် ၁၈၈၈ခုတွင် ရောက်ရှိလာ ခဲ့ပါသည်။ ၁၉၅၅ခုနှစ်တွင် ကြိုးစားခြင်း အဖွဲ့ချုပ်ကို ဖွဲ့စည်းပြီး အဖွဲ့ချုပ်လူငယ်လုပ်ငန်းများကို အရှိန်အဟုန်တိုးမြှင့် လုပ်ဆောင် ခဲ့ပါသည်။ 
                ယခုအခါ မြန်မာနိုင်ငံ၌ နှစ်ခြင်းလူငယ်လှုပ်ရှားမှု စတင်ခဲ့သည်မှာ နှစ် (၁၀၀)ကျော် လာခဲ့သည့် အပြင် အဖွဲ့ချုပ်လူငယ် လှုပ်ရှားမှုစတင်ခဲ့သည်မှာလည်း နှစ်(၅၀) ကျော်လာခဲ့ပြီ ဖြစ်ပါသည်။ ယခုအခါ အဖွဲ့ချုပ်ဝင် အသင်းတော် အသီးသီး၌ အချို့ အသင်းတော်လူငယ်လုပ်ငန်းများသည် ကြိုးစားခြင်း အဖွဲ့အသွင်ဖြင့် ကျန်ရှိနေသေးသော်လည်း အချို့ အသင်းတော်များတွင်မူ ဌာနအသွင်အဖြစ် လည်းကောင်း၊ လူငယ်အဖွဲ့အသွင်အဖြစ် လည်ကောင်း အသွင်ပြောင်းနေကြပြီ ဖြစ်သည်။


                  မည်သည့် အသွင်သဏ္ဍာန်အဖြစ် ရှိစေကာမူ ယနေ့အသင်တော်တွင် ရှိလူငယ်လှုပ်ရှားမှုများ သည် ကျဆင်းမှုများနှင့် ရင်ဆိုင်နေရ ပါသည်။ အဖွဲ့ချုပ်ဝင် အသင်တော်များရှိ လူငယ်ဝတ်ပြုစည်းဝေး များတွင် လူငယ်များ ပါဝင်မှု နည်းပါးလာခြင်း၊ အချို့အသင်းတော်များတွင် လူငယ်လှုပ်ရှားမှုများ ပျောက် ကွယ်သွားခြင်း၊ အသင်းတော်လုပ်ငန်းများ ၌ လူငယ်များ ပါဝင်မှုအား ကျဆင်းသွားခြင်းများ တွေ့ရပါသည်။

ယောရှု၏ ခေါင်းဆောင်မှု

             ခရစ်ယာန်လူငယ်ခေါင်းဆောင် များအတွက် သိကောင်းစရာ တစ်ရပ်အဖြစ် “ယောရှု၏ ခေါင်းဆောင်မှု” ကို တင်ပြလိုပါသည်။ ဣသရေလသမိုင်း ကိုပြန်ကြည့် သောအခါ မောရှေသည် ဣသရေလ လူမျိုး များကို အဲဂုတ္ထု ပြည်မှ ကယ်ထုတ်လာခဲ့သည်။ ထိုသူတို့ထဲတွင် ယောရှုလည်း ပါဝင်ခဲ့ ပါသည်။ ယောရှု၏ ငယ်နာမည်မှာ ဟောရှေ (တော ၁၃း၈) ဖြစ်ပါသည်။ ယောရှုသည် မောရှေ အားကိုး ရ သော ငယ်ရွယ်သည့် လက်ထောက်တစ်ဦး ဖြစ်ပါသည်။ ယနေ့အသင်းတော်နဲ့ သာသနာ့ လုပ်ငန်း များအတွက်လည်း အသက်ကြီးသော ခေါင်းဆောင်များသည် ယုံကြည်စိတ်ချရသော လူငယ်ခေါင်းဆောင် များကို လိုလားမျှော်လင့် ကြပါသည်။ သို့ဖြစ်၍ မောရှေသည် မိမိတာဝန် ပြီးဆုံးလု နီးသောအခါ ယောရှုအား တာဝန်များကို လွှဲအပ်ပေး ခဲ့ပါသည်။ ယောရှုသည် လူမျိုးတော်ကို ဆက်လက် ဦးဆောင်၍ ခါနန်ပြည်ကို ဝင်ရောက်သိမ်းပိုက်ပြီး အမျိုးအနွယ် အသီးသီးတို့အား အမွေခွဲဝေ ပေးခဲ့ပါသည်။

                   ယောရှုသည် အောင်မြင်သော ခေါင်းဆောင်တစ်ယောက် ဖြစ်ခဲ့ပါသည်။ အောင်မြင်မှု ရခဲ့သည့် အကြောင်းရင်းများကို အောက်ပါအတိုင်း တင်ပြလိုပါသည်။

Thursday, May 7, 2015

The Teaching of Jesus

ခရစ်တော်၏ သွန်သင်ချက်များ

                   သခင်ယေရှုခရစ်တော်ကို သင်ကြားပို့ချပေးသော ပုဂ္ဂိုလ် ဆရာကြီးတစ်ပါးအဖြစ်တစ်ကမ္ဘာ လုံးက အသိအမှတ်ပြု ကြသည်။ အမှန်စင်စစ် ဆရာတစ်ပါးအဖြစ်သာမကဘဲ သူသည် တရားဟော ဆရာတစ်ပါး၊ လူနာများကို ဆေးကုသပေးသော ဆရာဝန်တစ်ဦးနှင့် နတ်ဆိုးများကို နှင်ထုတ်ပေးသော ပုဂ္ဂိုလ် တစ်ဦးလည်းဖြစ်သည်။ သူ့ကို ယုံကြည်၍ နောက်တော်သို့ လိုက်သောသူများအတွက်မူ ခရစ်တော် သည် ကယ်တင်ရှင်တစ်ပါး ဖြစ်ပါသည်။
               သင်ကြားပေးသူ ဆရာတစ်ဦးအဖြစ် ကြည်ညိုမည်ဆိုလျှင် သူသွန်သင်ပေးသော အရာများကို ကွင်းကွင်းကွက်ကွက် ပေါ်လွင်အောင် တန်ခိုးအာဏာနှင့် ဟောပြောလေ့ရှိသည်ကို တွေ့ရပါသည်။ (မာ ၁း၂၂) ထိုခေတ် ထိုအခါက  ယုဒဘာသာရေးခေါင်းဆောင်များက သခင်ယေရှုကို ဆရာတစ်ဦးအနေဖြင့် လက်ခံသည်သာမက သူ၏သြဇာအာဏာကို အံတုဖက်ပြိုင်မှု မပြု ကြပါ။ သခင်ယေရှု အမှုတော် စတင်ဆောင်ရွက်သော အချိန်တွင် သက်တော်အားဖြင့် (၃၀)နှစ် ခန့်သာ ရှိပါသေးသည်။ (လု ၃း၂၃)။ 


သခင်ယေရှု၏ သွန်သင်ခြင်း နည်းလမ်းဗျူ ဟာများ

                 သခင်ယေရှုသည် ဧ၀ံဂေလိတရားတော်ကို ဟောပြော သွန်သင်ဖို့ရန် ယုဒပြည်နှင့် ဂါလိလဲ ပြည်နယ်ကျေးလက် တောရွာများသို့ လှည့်လည်သွားသည်။ သူ၏ ဟောပြာချက်ကို ကြားနာရသော သူများက အလွန်သဘောကျ ကြပါသည်။ ယုဒဘာသာ၌ ပညာရှိ ရဗ္ဗိဆရာ များကဲ့သို့ သခင်ယေရှုသည် သာမန်ဂုဏ်အင်္ဂါရပ် များကိုသာပြသနိုင် သည်သာမက ထူးခြားသော လက္ခဏာရပ်များ ကိုလည်း ထုတ်ဖော်ပြသနိုင် ပါသည်။

Wednesday, May 6, 2015

ဘိုးဘေးများ၏ ယုံကြည်ခြင်း

                    “ယုံကြည်ခြင်း” ဟူသောစကားလုံးနှင့်ပတ်သက်၍ အဓိပ္ပာယ် အမျိုးမျိုးကောက် ယူ နိုင်ပါသည်။ သမ္မာကျမ်းစာကို ရေးသားပြုစုရာတွင် စာရေးဆ၇ာများသည် ယုံကြည်ခြင်း ကို ရှုထောင့် တမျိုးတည်းဖြင့် လည်းကောင်း၊ ရှုထောင့်အမျိုးမျိုး မှ လည်းကောင်း  ဖော်ပြကြသည်ကို လေ့လာ နိုင်ပါသည်။ သမ္မာကျမ်းစာတွင် ယုံကြည်သူများ (အမျိုးသမီး၊ အမျိုးသား) တို့၏ သမိုင်းဖြစ်စဉ် မြောက်မြား စွာတို့ကို တွေ့ရပါသည်။ ထိုပုဂ္ဂိုလ် မေမြာက်များစွာတို့ အနက်မှ ပုဂ္ဂိုလ် အနည်းငယ်တို့ ၏  နှုတ်ကပတ်တော်ကို ယုံကြည်ခြင်းနှင့် ယုံကြည်ပုံ ယုံကြည်နည်းများ ကို ဖော်ပြအပ်ပါသည်။ 

အာဗြဟံ     (ယုံကြည်ခြင်း၏ ဖခင်)
(ဟေဗြဲ ၁၁း၈-၁၀၊ ၁၇၊ ကမ္ဘာ ၁၂၊ ရောမ ၄း၁-၃၊ ဂလာတိ ၃း၆-၉)

                  ဓမ္မဟောင်းကျမ်း၊ ဓမ္မသစ်ကျမ်းတို့တွင် အာဗြဟံ၏ ယုံကြည်ခြင်းကို ထိပ်တန်းတွင် ဖော်ပြ ထားသည်။ ရှင်ပေါလု ရေးသားပြုစုသော ကျမ်းစာစောင်များတွင်မူ အာဗြဟံသည် စစ်မှန်သော ယုံကြည်ခြင်း ကို ကိုယ်စားပြုသည် ဟု ဖော်ပြသည်။ အာဗြဟံ၏ ယုံကြည်ခြင်း ကို အောက်ပါရှုထောင့်များဖြင့် လေ့လာနိုင်ပါသည်။

Tuesday, May 5, 2015

သခင်ယေရှု၏ ကိုယ်ရည်ကိုယ်သွေး ၅

အပေါင်းအသင်းဆန့်၍ လူကိုမြတ်နိုးတတ်သောပုဂ္ဂိုလ်
     
                 ယေရှုသည် လူအစုအဝေးကိုရှောင်၍ ရသေ့တစ်ပါးကဲ့သို့ တရားကျင့်နေသူ မဟုတ်ပါ။ သူသည် အပေါင်းအဖော်များ အပေါ်တွင် အမှီပြု ခြင်း၊ တမန်တော် များ ရွေးကောက်ခဲ့ခြင်း အပေါ်၌ ပေါ်လွင် နေသည်။ (မာကု ၃း၁၄)၊။ ကိုယ်တော်သည် ပျော်ရွှင်စွာ ပေါင်းသင်း ဆက်ဆံခြင်း ကို နှစ်သက်မြတ်နိုးသည်။ (လု ၅း၃၃၊ မသဲ ၁၁း၁၉)။ ယုဒလူမျိုးများ နည်းတူ ကိုယ်တော်သည် ကလေးသူငယ်များကို အရေးကြီးသည်ဟု ယူဆပါသည်။ ကောင်းကင်နိုင်ငံ၏ စံပြနိုင်ငံသားများအဖြစ် ချီးမြှင့်မြှောက်စားခဲ့သည်။ အဘယ်ကြောင့် ဆိုသော် ကလေးငယ်တို့သည် ငယ်ရွယ်နုနယ်ခြင်း၊ အခြားသူကို မှီခိုအားကိုးခြင်း၊ စိတ်နှိမ့်ချမှုရှိခြင်း အစရှိ သော အရည်အချင်းများကြောင့်ဖြစ်သည်။ 
                         ကိုယ်တော်သည်ကလေးများအပေါ် သဘာဝကျကျ မြင်တတ်၍ ထိုကလေးသူငယ် များကို စိတ်ဓာတ်ခိုင်မာသော ဣသရေလလူမျိုးများနှင့် နှိုင်းယှဉ်ထားသည်။ (လု ၇း၃၁-၃၅၊ မ ၁၁း၁၆-၁၉)။ အဘယ်ကြောင့်ဆိုသော် ကလေးငယ်များသည် တစ်ခါတစ်ရံ အချင်းချင်းစိတ်ကောက် တတ်၍ နားထောင်ရန်ငြင်းဆို တတ်သောကြောင့်ဖြစ်သည်။ သို့သော်လည်း ယေရှုသည် ကလေးသူငယ်များ အပေါ်၌ အလွန်ကောင်းသော စိတ်သဘောထား ရှိသည်။


Monday, May 4, 2015

လှူ ဒန်းတတ်ရန် သွန်သင်ခြင်းခံရသည့် အတိုင်း

               ကျွန်မငယ်စဉ်ကမကြာခဏ ကြားဖူးသည်မှာ ကျွန်မတို့၏ အဘိုးသည် ဆယ်ဘို့တစ်ဘို့နှင့် အဦးသီးကို ဘုရားအတွက် ပေးလှူသည်တဲ့။ ကျွန်မ အလုပ်ဝင်သည့်အခါ ကျွန်မဖခင်က ပထမဦးဆုံးရသည့် လစာကို အသင်းတော်သို့ အားလုံးပေးလှူ စေပြီး၊ ထိုလအတွက် စားသောက်ရန် ငွေပို့ပေးခဲ့ပါသည်။ ဆယ်ဘို့တစ်ဘို့ကို အမြဲပေးလှူ ရန် နှိုးဆော်ခဲ့ပါသည်။
                   တစ်နေ့ အသင်းတော်တစ်ပါး၏ ၀တ်ပြု ကိုးကွယ်ခြင်း ကြေညာချိန်တွင် ဆယ်ဘို့တစ်ဘို့ အလှူငွေကို အသင်းတော်သို့ မပေးဘဲ ဆောက်လုပ်ရေး အဆောက်အဦ သို့ ပေးလှူ ကြရန် အသင်းတော် ကောင်စီက ဆုံးဖြတ်ကြောင်း ပြောကြားလေသည်။ ကျွန်မစိတ်ထဲမှာ မကျေလည်ပါ။ အသင်းတော် အဆောက်အဦအတွက်သည် ကျန်ဆယ်ဘို့ ကိုးဘို့ထဲမှ ပေးလှူ ရမည်ဟု နားလည်ထားသော ကြောင့် ဖြစ်သည်။
                 ကျွန်မသည်လည်း အဖသင်းအုပ်ဆရာနှင့် ဆွေးနွေးပြောဆို သောအခါ ဆယ်ဘို့တစ်ဘို့ပင် မပေးလှူ ကြဘဲ အဆောက်အဦအတွက် ငွေလို၍ ဤသို့ဆုံးဖြတ်ရခြင်း ဖြစ်ကြောင်း ရှင်းပြပါသည်။ ထိုပြင် ကျမ်းကိုးစာအုပ်၌ ပါသော ဆယ်ဘို့တစ်ဘို့နှင့် ပတ်သက်သော ကျမ်းချက်များကို ထောက်ပြကာ ဆယ်ဘို့ တစ်ဘို့အလှူကို မည်သို့လှူ ဒန်းသင့်သည်ကို ရှဖွေရာ အဘအိမ်တော်၊ လေ၀ိ၊ မိဘမဲ့နှင့် မုဆိုးမများ၊ သီချင်း သည်များအတွက် ပေးလှူ ရန် ဖော်ပြထားကြောင်း သိရလေသည်။ ထိုပြင် ဆယ်ဘို့တစ်ဘို့မက လှူ ဒန်းရန် ကျမ်းစာက ပြောနေသကဲ့သို့ ခံစားရပါသည်။

Sunday, May 3, 2015

အမေ

အခြေပြု ကျမ်း ။              ။ သုတ္တံ ၃၁း၁၀၊ ဧဖက် ၆း၁-၂

                ငယ်စဉ်က ကျောင်းနေစက သီဆိုနေကျ ကဗျာတစ်ပုဒ်မှာ .......

      “သားသားကြီးလာရင်  ဘာလုပ်မယ်
မိဘကျေးဇူး ပြန်ဆပ်မယ်
မိဘကျေးဇူး ဘယ်လောက်ကြီး
မြင့်မိုရ်တောင် လောက်ကြီး
မြင့်မိုရ်တောင် ဘယ်လောက်ကြီး
 ဟောဒီလောက်  ကြီး” ဟူ၍ဖြစ်သည်။

                သားသမီးများအတွက် မိဘနှစ်ပါး၏ ကျေးဇူးမေတ္တာသည် အလွန်ကြီးမားပေသည်။ မိသားစုတွင် သားသမီးများကို ကျွေးမွေးပြုစု စောင့်ရှောက်ရန် ဘုရာသခင်သည် အလွန်အဖိုးတန်သော မိဘသများကို ပေးထားသည်။


မိခင်၏မေတ္တာ
                မိခင်၏ပြုစု ပျိုးထောင်မှုကြောင့် ကြီးထွားလာရသူ အဖို့ မိခင်၏ကောင်းမြတ်မှု၊ ချစ်စရာ၊ လေးစား ဂုဏ်ယူစရာများကို စကားအားဖြင့် ပြောပြရန်နှင့် စာဖွဲ့ရေးသားဖော်ပြလျှင် ကုန်နိုင်မည် မဟုတ်ပါ။ အခြားအကြွေးများကို ဆပ်နိုင်သူက ဆပ်နိုင်မည်။ အမေ့ကျေးဇူးများကို ဆပ်၍ကုန်နိုင်မည် မဟုတ် ပါ။ လူအမျိုးမျိုး ရှိသကဲ့သို့ မိခင်များလည်း အမျိုးမျိုး ရှိကြသည်။ အချို့မိခင်များသည် ဘ၀၏ခက်ခဲမှု အခြေအနေအရ မိမိ၏ရင်သွေး ကလေးကို မွေးပြီးသည်နှင့် စွန့်ပစ်ခဲ့သည်များကို မိခင်မပီသသူ၊ မိခင်စိတ် မရှိသူများဟု အပြစ်တင်ကြလိမ့်မည်။ မည်သို့ပင်ဖြစ်စေ မိခင်တိုင်းသည် သားသမီးများအတွက် မွေးကျေးဇူး ရှင်များ ဖြစ်သည်။

အမေ

အမေဆိုတာ သားသမီးပြောတိုင်း ယုံတတ်တဲ့သူမျိုး ပါလားနော်  (မိခင်များနေ့ကို ဂုဏ်ပြု လျက်....)


သခင်ယေရှု၏ ကိုယ်ရည်ကိုယ်သွေး ၎

သခင်ယေရှု၏ ထူးခြားသောအမှုအရာနှင့် သွင်ပြင်လက္ခဏာများ

                   လူတစ်ဦးနှင့်စပ်ဆိုင်သော အရည်အသွေးတို့မှာ ထိုသူ၏ ထူးခြားသောအမူအရာနှင့် သွင်ပြင် လက္ခဏာ များတို့ပင်ဖြစ်သည်။ ၎င်းတို့မှာ စိတ်လှုပ်ရှားခြင်းနျင့်ဆိုင်သော အမူအရာများ၊ ကျင့်ဝတ် တရားနှင့်ဆိုင်သော အကျင့်စာရိတ္ထ များ၊ ထက်မြက်သောဥာဏ်ပညာနှင့် ပေါင်းသင်းဆက်ဆံမှုများ ဖြစ် သည်။ ခရစ်တော်သည် အလွန်စိတ်အား တက်ကြွသူတစ်ဦး ဖြစ်ပြီး အလွန်ဖြတ်လတ်သူတစ်ဦးလည်း ဖြစ် သည်။ ကိုယ်တော်၏ စိတ်လှုပ်ရှားမှုများနှင့်တကွ အပြောအဆိုတို့၌ လည်းကောင်း၊ ပြန်လည်ချေပ ပြော ဆိုခြင်းများ၌ လည်းကောင်း၊ ဥာဏ်ပညာ ထက်မြက်မှုကို များစွာ တွေ့ရသည်။
                    ဧကန်စင်စစ် သူသည် အလွန်ထူးခြား၍ မြင့်မားသော အဆင့်၌ ရပ်တည်လျက်ရှိသည်။ သခင်ယေရှု၏ ကိုယ်ရည်ကိုယ်သွေး နှင့်ဆိုင်၍ ဆန်းစစ်ရာတွင် အခက်အခဲ များစွာရှိသည်။ အဘယ်ကြောင့် ဆိုသော် ခရစ်တော်၏ ကိုယ်ရည်ကိုယ်သွေးနှင့် ဆိုင်၍ သခင်ယေရှု၏ နှုတ်ထွက်တော် စကားများမှလည်း အစဦး ခရစ်ယာန်များက မိမိတို့မှတ်မိ သတိရနိုင်သမျှ တစ်ဆင့်ပြီး တစ်ဆင့် ပြောကြား ချက်များဖြစ်သည့် အတွက်ကြောင့် သခင်ယေရှု၏ ကိုယ်ရည်ကိုယ်သွေးကို ဝေဖန်သုံးသပ်ရာတွင် အခက်အခဲ ရှိခြင်းဖြစ်သည်။ 
                 ကျွန်ုပ်တို့သည် ရှေးဦးခရစ်ယာန်များ မြတ်နိုးလှစွာ မှတ်သားထားသော ကိုယ်တော်၏နှုတ်ထွက် စကားများအားဖြင့်ကိုယ်တော်၏ အကျင့်စာရိတ္ထကို မှန်းဆနိုင်သည်။ ကိုယ်တော်၏ ကျင့်ဝတ်တရားနှင့် ဆိုင်သော ခွန်အား၊သတ္တိ၊ ဘာသာရေးနှင့်ဆိုင်သော ထိုးထွင်းအသိဥာဏ် နှင့် ကိုယ်တော်၏ ပင်ကိုယ်ဥာဏ်ကို နက်နဲစွာ သိမြင်နားလည်၍ လူအပေါင်းတို့အပေါ်၌ ထားရှိသော မေတ္တာ တော်သည် ယခုထက်တိုင် ထင်ရှားပေါ်လွင်လျက်ရှိသည်။ ကိုယ်တော်၌ သွက်လက်၍ ထူးခြားပေါ်လွင်သော အရည်အချင်း ရှိသည်။


သခင်ယေရှု၏ ကိုယ်ရည်ကိုယ်သွေး ၃

သခင်ယေရှု၏ ကိုယ်ရည်ကိုယ်သွေးနှင့် လူမှုပေါင်းသင်းဆက်ဆံမှု

လူမှုပေါင်းသင်းဆက်ဆံမှု

               လူမှုပေါင်းသင်းဆက်ဆံမှုနှင့်ပတ်သက်၍ သခင်ယေရှု၏ အစအဦး အသက်တာသည် လူအမျိုးမျိုး၊ အဆင့်အတန်းအမျိုးမျိုးနှင့် ထိတွေ့ပေါင်းသင်းခြင်း ရှိနိုင်တာကို ကျွန်ုပ်တို့မငြင်း နိုင်ပါ။ သခင်ယေရှု၏ အသက်ရှင်ကြီးထွားခဲ့ရသည့် လူမှုပတ်ဝန်းကျင်တွင် နေ့စဉ်အသက်မွေးဝမ်းကျောင်း လုပ်ငန်းနှင့်ဆိုင်၍ လူမှုရေး လုပ်ငန်းတွင် လူတိုင်းနှင့် ထိတွေ့ဆက်ဆံလျက်ရှိပေမည်။ အိမ်ထောင်မိသားစု ညီအစ်ကို မောင်နှမများနှင့် သာမက နာဇရက်မြို့ ပတ်ဝန်းကျင်နေရာ များ၊ ပါလတိနပြည်အတွင်းရှိ လူမှုရေး နယ်ပယ်အထိ ကျယ်ပြန့်စွာ လူမှုရေး ပေါင်းသင်းဆက်ဆံမှု အတွေ့အကြုံကို ရရှိသူဟူ၍ တိုးချဲ့ စဉ်းစားနိုင်သည်။ 
               ထိုကြောင့် အသက်(၁၂)နှစ် နှင့် (၃၀)နျစ်အကြား နှစ်များတွင် သခင်ယေရှု မည်သို့အသက်ရှင် နေထိုင်သွားလာ လှုပ်ရှားနေသနည်း ဟူသော မေးခွန်းအပေါ်၌ ကျွန်ုပ်တို့ သတိထား ဆင်ခြင်နိုင်သည့် အချက်မှာ သခင်ယေရှု၏ လူမှုရေးအတွေ့အကြုံ သည် နာဇရက်မြို့သား ယေရှုအဖြစ် နာဇရက်မြို့ ၌သာ လူမှုရေးအတွေ့အကြုံ ရှိသူ ဟူ၍ တစ်ထစ်ချ မှတ်ယူ၍မရပေ။ ပါလတိနပြည် အတွင်းရှိ လူမှုပေါင်းသင်းဆက်ဆံရေး နယ်ပယ်အထိ ကိုယ်တော်သည် အတွေ့အကြုံ ရှိနိုင်ကြောင်း ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားရမည်။
                     အများအားဖြင့် သခင်ယေရှုကို နာဇရက်မြို့သား ယေရှုဟူ၍ ကျွန်ုပ်တို့ ခေါ်ဝေါ်ကြသည်။ ဤသို့ခေါ်ဝေါ်ရာတွင် နာဇရက်မြို့သားသည် တောတောင်များနှင့် ဖုံးကွယ်၍ တောတောင်များနောက်တွင် မထင်မရှား တည်ရှိသောနေရာ အဖြစ်သတ်မှတ်ပြီး သခင်ယေရှုကိုလည်း ထိုသို့သတ်မှတ်ထားသည့် နေရာ၌သာ တိုးတက်ကြီးထွား အသက်ရှင်သူဟူ၍ စဉ်းစားမိတတ်သည်။ အမှန်စင်စစ် နာဇရက်မြို့သည် ပတ်ဝန်းကျင်အရပ်ဒေသများနှင့် လမ်းပန်းဆက်သွယ်ရေး လွယ်ကူပြီး ပတ်ဝန်းကျင်ရှိ မြို့ရွာ များနှင့် အဆက်အသွယ်ရှိသော မြို့ဖြစ်သည် ဟူ၍ကား မစဉ်းစားမိကြပေ။ နာဇရက် မြို့သည် ဂါလိလဲပြည်နယ်တွင် အကြီးဆုံးမြို့ ဖြစ်သည်။ ရှက်ဖောရိ (Seppharis) နှင့် နာရီပိုင်းအတွင်း ခြေလျင်ခရီးဖြင့် ရောက်ရှိနိုင်ပြီး ဂါလိလဲနယ်မှ သြဒနယ်သို့ သွားရာလမ်းပေါ်၌ ရှိသော ယေဖက်မှ နာရီဝက်အတွင်း ရှက်ဖောရိမြို့သို့ ရောက်ရှိနိုင်သည်။ ထိုကြောင့် နာဇရက်မြို့သည် ပတ်ဝန်းကျင်ရှိ မြို့ရွာများသို့ လွယ်လွယ်ကူကူ သွားလာနိုင်သည်ကို တွေ့ရသည်။

Saturday, May 2, 2015

သခင်ယေရှု၏ ကိုယ်ရည်ကိုယ်သွေး ၂

သခင်ယေရှု၏ မိသားစုအသက်တာနှင့် လူမှုရေးအသိုက်အ၀န်း

                    သခင်ယေရှုသည် ဗက်လင်မြို့တွင် ဖွားမြင်၍ နာဇရက်မြို့၌ ကြီးပြင်းလာသည်ကို ရှင်မဿဲ နှင့် ရှင်လုကာ ကျမ်းများတွင်ဖော်ပြ ထားသော်လည်း ရှင်မာကု ကမူ သခင်ယေရှုရဲ့ရှေးဦးပိုင်း အသက်တာအကြောင်း ဖော်ပြထားခြင်း မရှိဘဲ အရွယ်ရောက်သည့် အချိန်မှစ၍ ဖော်ပြခဲ့သည်။ ယနေ့ လူအများ စိတ်ဝင်တစ်စား ဖြစ်နေသည့် သခင်ယေရှု၏ သဘောထား၊ ရုပ်သွင်ပြင်နှင့် ဘ၀အကြောင်း အတော် များများကို ခရစ်ဝင်ကျမ်းများက ချန်လှပ်ခဲ့ပါသည်။ သခင်ယေရှု၏ ငယ်စဉ်တောင်ကျေး ကလေးဘ၀နှင့် အိမ်နေအသက်တာကို စိတ်ဝင်စားမှုမရှိ (သို့) အနည်းအကျဉ်းမျှသာ ဖော်ပြထားသည်။ ထိုပြင် သခင်ယေရှု၏ ပတ်ဝန်းကျင် အသိုက်အ၀န်း အခြေအနေများကိုလည်း ဖော်ပြထားခြင်းမရှိပေ။ ထိုကြောင့် သခင်ယေရှုအသက်ရှင်ခဲ့ချိန် အခြေအနေများကို ပြန်၍ လေ့လာသုံးသပ်ခြင်းသည် သာလျှင် သခင်ယေရှု၏ ဘ၀အသက်တာကို ခန့်မှန်းပုံဖော်ရန် အထောက်အကူ ပြုပေမည်။ ထိုခေတ် အခါက စာပေ အထောက်အထားများနှင့် သုတေသနပြု လေ့လာသည့်အခါ ခရစ်သက္ကရာဇ် ပထမရာစု နှစ်များတွင် ယုဒလူမျိုးများ အကြောင်း ပိုမိုသိနားလည် လာရသည်။
                    ထိုအထောက်အထားများမှ လေ့လာတွေ့ရှိသော မိသားစု၊ ပညာရေး၊ နေ့စဉ်အသက်တာ နှင့် စရိုက်များ၊ ယုဒလူမျိုးများ၏ ဘာသာရေးအဖွဲ့အစည်း (အဖွဲ့အစည်း Institutions၊ ဂိုဏ်ဂဏ သင်းကွဲအုပ်စုများ Sects ) ၊ နိုင်ငံရေးနှင့် စီးပွါးရေး၊ လူမှုရေးအဖွဲ့အစည်းများ၊ အစိုးရနှင့် ဗိမ္မာန်တော်၌ ပေးရသော အခွန်ငွေ၊ စသည်တို့သည် ပါလတိနပြည်၏ အခြေအနေကို တစ်စိတ် တစ်ဒေသ ဖော်ပြခြင်း ဖြစ်၍ အထွေထွေ ဗဟုသုတ အနေဖြင့် သိနားလည်လာရသည့်အပြင် ထိုအသိ ပညာမှတစ်ဆင့် သခင်ယေရှု၏ အသက်တာနှင့် ပတ်ဝန်းကျင် အသိုက်အ၀န်းကို ဆက်စပ် လေ့လာနိုင်ပေ သည်။ သို့သော် သခင်ယေရှုအကြောင်းကို ပြည်စုံအောင်ဖော်ပြ နိုင်ရန် လုံလောက်သော အချက်အလက် များကား မဟုတ်ပေ။


သခင်ယေရှု၏ ကိုယ်ရည်ကိုယ်သွေး ၁

သခင်ယေရှု၏ ပင်ကိုယ်အရည်အသွေး

                ပင်ကိုယ်အရည်အသွေး ဟူသော ဝေါဟာရသည် အင်္ဂလိပ်စကားလုံးမှအဓိပ္ပာယ် ဖွင့်ဆိုခြင်း ဖြစ်သည်။ ပင်ကိုယ်အရည်အသွေး ဆိုသည့် အဓိပ္ပာယ်မှာ လူပုဂ္ဂိုလ် တစ်ဦး၏ ကိုယ်ပိုင်အရည် အသွေးအားလုံးကို ဆိုလိုခြင်းဖြစ်သည်။ ကိုယ်ပိုင်အရည်အသွေးဆိုရာ၌ လူတိုင်းပင်ကိုယ် အသိဥာဏ်၊ စိတ် ကူးလှုပ်ဆော်မှု၊ စိတ်လှုပ်ရှားမှု၊ အကျင့်လက္ခဏာနှင့် လူမှုပတ်ဝန်းကျင်နှင့် ပေါင်းသင်းဆက်ဆံ မှုများ အားလုံးကို ခြံငုံ၍ ဆိုလိုခြင်းဖြစ်သည်။ ထိုကြောင့် လူပုဂ္ဂိုလ် တစ်ဦးတွင် သူ၏ကိုယ်ပိုင်အရည်အသွေး များသည် အခြားပုဂ္ဂိုလ် တစ်ဦးနှင့် လုံးဝမတူ တမူထူးခြားလျက်၊ သီးခြားပိုင်ဆိုင်လျက် ရှိသည်ကို တွေ့ရသည်။
      လူပုဂ္ဂိုလ်တစ်ဦး ၏ ပင်ကိုယ် အရည်အသွေးများသည် (အထူး သဖြင့်) လူမှုပတ်ဝန်း ကျင် နှင့် ပေါင်းသင်းဆက်ဆံရတွင် ထင်ရှားစွာပြလာတတ်သည် ကို တွေ့ရသည်။ ထိုကြောင့် လူတိုင်း၏ ပင်ကိုယ်အရည်အသွေးကို ကြိုတင် ထင်ရှားစွာသိမြင်လိုလျှင် ထိုပုဂ္ဂိုလ် ကိုယ်တိုင်ပါဝင်လျက် အသက်ရှင်သော လူမှု ပေါင်းသင်းဆက်ဆံရေး အသက်တာကို ကြည့်ခြင်းအားဖြင့် သိရှိနားလည်နိုင်သည်။ ဥပမာပြောရရင် လူတစ်ဦးဦး၏ ပင်ကိုယ်အရည်အသွေးဖြစ်သည့် အသိဥာဏ်၊ စိတ်နေသဘောထား၊ အကျင့်လက္ခဏာ ရပ်များသည် လူအချင်းချင်းပေါင်းသင်း ဆက်ဆံရာတွင် ပတ်ဝန်းကျင် လူ့အဖွဲ့အစည်း၏ တုံ့ပြန်မှုများပေါ်ပေါက်လာသည်။ ထိုတုံ့ပြန်မှုများမှာ လူအချင်းချင်း စိတ်ဝင်စားမှု၊ လူအချင်းချင်း တိုက်ခိုက်မှု၊ မနှစ်သက်ဖွယ်ဖြစ်မှု၊ လူအချင်းချင်းဥပေက္ခာပြုခြင်း၊ ဂရုမစိုက်ခြင်း အစရှိသော တုံပြန်မှုများ ပင်ဖြစ်သည်။ လူပုဂ္ဂိုလ်အချို့သည် မိမိစိတ်တွင်း၌ ရှိသော သဘောထားများကို လူ့ပတ်ဝန်းကျင်နှင့် ဆက်ဆံရာတွင် ပွင့်ပွင့်လင်းလင်းပြောဆိုလျက် သက်ရှင်လှုပ်ရှားတတ်သည်။ အချို့မှာမူ အုံ့ပုံးစိတ် ဟု ခေါ်သော မိမိစိတ်တွင်း၌ရှီသော စိတ်သဘောထားကို ပွင့်ပွင့်လင်းလင်း ပြောဆိုဆက်ဆံခြင်း မရှိ။ အတွင်းစိတ်၌ မြိုသိမ့်ပြီး လူမှုပတ်ဝန်းကျင်နှင့် တတ်နိုင်သမျှ ဝေးဝေးရှောင်လျက် အသက်ရှင် နေထိုင် လှုပ်ရှားမှုပြုတတ်သည်။ အများအားဖြင့် လူသားဖြစ်သော ကျွန်ုပ်တို့၏အသက်ရှင် မှုသည် အထက်ဖော်ပြပါ ပွင့်လင်းသောစိတ်နှင့် အုံ့ပုံးစိတ် နှစ်ခုစလုံးကို ပိုင်ဆိုင်လျက် ပတ်ဝန်းကျင်နှင့် ပေါင်းသင်းဆက်ဆံ အသက် ရှင်တတ်သည်ကို တွေ့ရသည်။