Wednesday, July 11, 2018

နှစ်ခြင်းအသင်းတော်အကြောင်းတစေ့တစောင်း

                 နှစ်ခြင်းခရစ်ယာန်အသင်းတော် ဆိုတာ မြောက်မြားလှစွာသော ခရစ်ယာန်ဂိုဏ်းဂဏများ ထဲက ဂိုဏ်းဂဏတစ်ခု၊ အသင်းတော်တစ်ပါး ဖြစ်ပါတယ်။ နှစ်ခြင်းများရဲ့ သြ၀ါဒ၊ ဓမ္မအတွေးအခေါ် အယူအဆ တစ်ခုက “ယုံကြည်သူများသာလျှင် နှစ်ခြင်းခံယူရမယ်” (Believer's Baptism) ဆိုတဲ့ အချက်နဲ့ ဗတ္တိဇံမင်္ဂလာ ခံယူပုံခံယူနည်းကလည်း“ ရေထဲသို့အကုန်အစင်နှစ်ခြင်း” (total immersion) ဖြစ်တယ်ဆိုပြီး ဖြစ်ပါတယ်။ ထိုပြင်မက နှစ်ခြင်းအသင်းတော်များရဲ့ သက်ဝင်ယုံကြည်မှုထဲမှာ “ကယ်တင်ခြင်း” ဟာ “ယုံကြည်ခြင်းအားဖြင့်သာလျှင်ရရှိတယ်”။ (Salvation through faith alone) ဆိုတဲ့ အချက်နဲ့ ယုံကြည်ခြင်းနှင့် ကျင့်သုံးမှုအတွက် သမ္မာကျမ်းစာသာလျှင် အချုပ်အခြာဖြစ်တယ်။ (Sole authority of scriptures for faith and practice) ဆိုတဲ့အချက်နဲ့ “ဒေသန္တရအသင်းတော်တိုင်းဟာ မိမိတို့ကံကြမ္မာကို ဖန်တီးနိုင်သော လွတ်လပ်မှုရှိတယ်” (the autonomy of the local congregation church) စတဲ့အချက်များ ပါဝင်ပါတယ်။
                  နှစ်ခြင်းအသင်းတော်များဟာ အမှုတော်ကိုဆောင်ရွက်ရာမှာ သင်းအုပ်များ(pastors) နဲ့ သင်းထောက်များ (Deacons) ရွေးကောက်တင်မြှောက်ထားရှိတဲ့ စနစ်နဲ့ အသင်းတော်ကို အုပ်ချုပ်ပါတယ်။ ပြောင်းရွှေ့ခြင်း(သို့) ထုတ်ပယ်ခြင်းကိုတော့ သာမန်အသင်းသူ/သား များက ဆုံးဖြတ်ပေးပါတယ်။ နှစ်ခြင်းအသင်းတော်ဟာ ပရိုတက်စတင့်အသင်းတော်များထဲက အသင်းတော်တစ်ပါး ဖြစ်ပါတယ်။

နှစ်ခြင်းဂိုဏ်းဂဏ စတင်လာပုံ

                  ကနဦး အသင်းတော်ကာလမှာ အန္တိအုတ်အသင်းတော်၊ သက်သာလောနိတ် အသင်းတော်၊ ယေရုရှလင်အသင်းတော်၊ ဧဖက်အသင်းတော် စသည်ဖြင့် ဒေသန္တရအသင်းတော်များရှိပြီး ခရစ်ယာန် အသင်းတော်များကို “ကမ္ဘာလုံးဆိုင်ရာအသင်းတော်” (Catholic Church) လို့ခေါ်ပါတယ်။ ဒေသန္တရ အသင်တော်တိုင်းဟာ ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးခွင့်နဲ့ အုပ်စိုးပိုင်ခွင့် အပြည့်အ၀ရှိပါတယ်။ ယုံကြည်ခြင်းနှင့် ကျင့်သုံးမှုဆိုင်ရာ အခက်အခဲပြဿနာ တစ်ရပ်ရပ်ပေါ်ပေါက်လာပါက ဒေသန္တရ အသင်းတော်ခေါင်းဆောင်များ စုဝေးကာ ဘာသာသာသနာရေးဆိုင်ရာ ကောင်စီအစည်းအဝေး ကျင်းပလျက် ၀ိုင်းဝန်းစဉ်းစား အဖြေရှာ ဆုံးဖြတ်ကြပါတယ်။ အဲဒီလိုစနစ်နဲ့ အုပ်ချုပ်သော ကမ္ဘာလုံးဆိုင်ရာ အသင်တော်ကြီးဟာ ခသ ၁၀၅၄ ခုနှစ်အရောက်မှာ ယုံကြည်ခြင်း၊ကျင့်သုံးမှု၊ နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာစကားနဲ့ ဓလေ့စရိုက် ကွာခြားခြင်းများကြောင့် နှစ်ခြမ်းကွဲပြားသွားပါတယ်။ 

                အရှေ့ပိုင်းအသင်းတော် (သို့) ဂရိအသင်းတော် (Eastern Church or Greek Church) နဲ့ အနောက်ပိုင်း အသင်းတော် (Western Church or Latin Church) ဆိုပြီး အသင်းတော်နှစ်ခြမ်း ကွဲသွားခဲ့ပါတယ်။ အရှေ့ပိုင်းအသင်းတော်ကို သြသိုဒေါ့စ် (orthodox Church) လို့ခေါ်ပြီး အနောက်ပိုင်း အသင်းတော်ကို ရောမကာသိုလိပ်အသင်းတော် (Roman Catholic Church) လိုလည်းခေါ်ဆိုပါတယ်။ နှစ်ခြင်းအသင်းတော် အပါအ၀င် ပင်မအသင်းတော်များ (main line churches) များဟာ ရောမကာသိုလိတ် အသင်းတော်မှ ထပ်မံကွဲပြားခဲ့တဲ့ အသင်းတော်များ ဖြစ်ပါတယ်။
              ပရိုတက်စတင့် အသင်းတော်များ လို့လည်းခေါ်ပါတယ်။ ပရိုတက်စတင့် အသင်းတော်များ ကတော့ ၁၅၂၁ခုနှစ်၊ ဂျာမနီနိုင်ငံမှာ မာတင်လူသာဦးဆောင်တဲ့ လူသာရင်အသင်းတော်၊ ၁၅၂၅ခုနှစ် ဆွစ်ဇာလန်နိုင်ငံမှာ ဂျွန်ကယ်လဗင်ဦးဆောင်တဲ့ ပရက်ဘီတေးရီးယား အသင်းတော်၊ ၁၅၃၄ခုနှစ်၊ အင်္ဂလန်နိုင်ငံမှာ အင်္ဂလီကန်အသင်းတော်တို့ ဖြစ်ကြပါတယ်။ အဲဒီလို ရောမကာသိုလိတ် အသင်းတော်နဲ့ ကွဲပြားခဲ့တဲ့ အသင်းတော်များဟာ တိုင်းပြည်အသီးသီးမှာ “နိုင်ငံတော်အသင်းတော်များ” (National or State Churches) များအဖြစ် ရပ်တည်ကြပါတယ်။
                  နှစ်ခြင်းအသင်းတော်ဟာ အင်္ဂလီကန်အသင်းတော်ကနေ ကွဲပြားလျက် ထွက်ပေါ်လာခဲ့တဲ့ အသင်းတော်ဖြစ်တယ်လို့ ယေဘုယျအားဖြင့် ဆိုနိုင်ပါတယ်။ အစောဆုံးသော၊ ပထမဆုံးသော နှစ်ခြင်းအသင်းတော်လို့ ဆိုရမယ့်အသင်းတော်ကို ခသ ၁၆၀၉ခုနှစ်၊ ဟော်လန်နိုင်ငံ၊ အမ်စတာဒမ်မြို့မှာ ဂျွန်စမစ် (John Smith) ဆိုတဲ့ အင်္ဂလန်နိုင်ငံက ရောက်ရှိလာသော အင်္ဂလီကန်အသင်းတော်မှ ခွဲထွက်ရေးသမား သင်းအုပ်တစ်ပါးက တည်ထောင်ခဲ့တယ်လို့ သမိုင်းဆရာများက ဆိုပါတယ်။

နှစ်ခြင်း၏မူလအစနှင့် ပတ်သက်၍ ကွဲပြားသောရှုမြင်မှုများ
                 နှစ်ခြင်းအသင်းတော်ရဲ့ မူလအစနဲ့ ပတ်သက်လို့ အဓိကအားဖြင့် ကွဲပြားခြားနားသော ရှုမြင်မှု (၄)မျိုး ရှိပါတယ်။ အဲဒီရှုထောင့်အမြင် သဘောထား(၄)မျိုးကတော့..........

(၁)             ခေတ်သစ်ပညာရှင်များရဲ့ စိစစ်တွေ့ရှိမှုအရ ခသ ၁၇ရာစု အင်္ဂလီကန်အသင်းတော် ကနေ ခွဲထွက်ရေးသမားရဲ့ လှုပ်ရှားမှုဟာ နှစ်ခြင်းရဲ့မူလအစ ဖြစ်တယ်။
(၂)              ကလေးသူငယ်များ ဗတ္တိဇံမင်္ဂလာ ခံယူခြင်း (Infant Baptism) ကို မခံယူဘဲ ဒုတိယအကြိမ် ဗတ္တိဇံမင်္ဂလာ ခံယူခြင်းကို “ဒုတိယအကြိမ် ဗတ္တိဇံခံယူသောသူများ” (Anabaptist) (၀ါ) ဟော်လန်နိုင်ငံက မင်နိုနိုက်ဂိုဏ်းသားများ (Dutch Mennonites) ရဲ့ အစဉ်အလာဟာ နှစ်ခြင်းများရဲ့ မူလအစ ဖြစ်တယ်။
(၃)            နှစ်ခြင်းယုံကြည်ခြင်းနှင့် ကျင့်သုံးမှုဟာ ယေရှုခရစ်တော်ရဲ့ အချိန်ကာလကပင် ရှိပြီးဖြစ်တယ် ဆိုတဲ့ “ဆက်လက် တည်တံ့မြဲမြံနေခြင်း အမြင်” (the perpetuity view)
(၄)              နှစ်ခြင်းများဟာ ယေရှုခရစ်တော်ရဲ့ အချိန်ကာလကတည်းက ရှိခဲ့ပြီး “စဉ်ဆက်မပြတ် အစဉ်အဆက် ရှိနေတယ်” ဆိုတဲ့ (successionist view) အမြင်တို့ပဲ ဖြစ်ပါတယ်။


ဂျွန်စမစ်  (ခသ ၁၅၇၀-၁၆၁၂)
              အစောဆုံးသော ပထမဆုံးသော နှစ်ခြင်းအသင်းတော်ကို ဦးစီးတည်ထောင်သူ ဖြစ်တဲ့ ဂျွန်စမစ် (John Smith) ဟာ ခသ ၁၆၀၈(သို့) ၁၆၀၉ခုနှစ်အတွင်း ဟော်လန်နိုင်ငံ အမ်စတာဒမ်မြို့မှာ အသင်းတော် ကိုဖွဲ့စည်းတည်ထောင် ခဲ့ပါတယ်။ ဂျွန်စမစ်ဟာ အင်္ဂလိပ်လူမျိုး သင်းအုပ်တစ်ဦးဖြစ်ပြီး၊ ခသ ၁၅၉၄ခုနှစ်မှာ အင်္ဂလီကန်ဘုန်းတော်ကြီး အဖြစ် သိက္ခာတင်မင်္ဂလာ ခံယူခဲ့သူဖြစ်တယ်။ ထိုပြင်မက နာမည်ကျော် ကိန်းဘရစ်ခ်ျ တက္ကသိုလ်မှာလည်း စာချပုဂ္ဂိုလ်တစ်ဦးအဖြစ် အမှုထမ်းခဲ့သူ ဖြစ်ပါတယ်။ 
            သူဟာ အသင်းတော်ပြုပြင်ပြောင်းလဲရေးကို အထူး စိတ်အားထက်သန်ခဲ့တာကြောင့် နောက်ပိုင်းမှာတော့ ရာထူးမှ အဖြုတ်ခံလိုက်ရတယ်။ အသင်းတော်အတွင်း ယိုယွင်းလာမှုတွေကို ပြုပြင်ဖို့အတွက် အင်္ဂလီကန်အသင်းတော် ထဲမှာ ပြုပြင်ရေးသမားတွေ ပေါ်ထွက်လာခဲ့ပါတယ်။ တစ်ဖွဲ့က အသင်းတော်ရဲ့ အားနည်းချက်၊ ယုံကြည်ခြင်းနှင့် ကျင့်သုံးမှု၌ .ယိုယွင်းလာမှုတွေကို အသင်းတော်ဘောင် အတွင်းကနေပဲ ပြုပြင်ပြောင်းလဲကာ သန့်ရှင်းစေဖို့ သဘောထား ရှိကြပါတယ်။ သူတို့ကို “အသင်းတော် သန့်ရှင်းဖို့ရန် လိုလားသူများ(၀ါ) ပျူရီတန်” (Puritans) လို့ခေါ်ကြတယ်။ 
                 ဒုတိယအဖွဲ့ကတော့ အသင်းတော်ဘောင်အတွင်းမှာ နေပြီး ပြုပြင်ပြောင်းလဲနိုင်ဖို့ အလား အလာနဲ့မျှော်လင့်ချက် လုံးဝမရှိဘူး။ ဒါကြောင့် အသင်းတော်ဘောင်ကနေ အပြင်ကိုခွဲထွက်ပြီး ပြုပြင်သန့်စင်ရေး လုပ်ဖို့ ဆန္ဒရှိကြသော “ခွဲထွက်သောအဖွဲ့များ” (Separatist) ဖြစ်ပါတယ်။ ဂျွန်စမစ်ဟာ ခွဲထွက်လျက် ပြုပြင်လိုသော အုပ်စုထဲမှာပါပါတယ်။ ဒီလိုနဲ့ အင်္ဂလန်မှာ အာဏာပိုင်များဟာ အသင်းတော် ပြုပြင်ရေးကြိုးပမ်းသူ  အုပ်စုအားလုံးကို ပြင်းထန်စွာ ညှင်းပန်းနှိပ်စက်လျက် အရေးယူ ခဲ့ပါတယ်။ ဂျွန်စမစ်လည်း မိမိခံယူ ယုံကြည်ချက်ကြောင့် ထောင်သွင်းအကျဉ်းကျ ခံခဲ့ရပါတယ်။ နောက်ပိုင်းမှာတော့ ညှင်းဆဲခြင်းခံရသော ခရစ်ယာန်များဟာ ဘာသာရေးညှင်းဆဲမှု လုံးဝမရှိသော နိုင်ငံဖြစ်သည့် ဟော်လန်နိုင်ငံသို့ ပြောင်းရွှေ့ တိမ်းရှောင်ကြပါတယ်။ ဂျွန်စမစ်လည်း သူ့ရဲ့အဖွဲ့နဲ့အတူ ၁၆၀၈ခုနှစ်မှာ ဟော်လန်နိုင်ငံသို့ ပြောင်းရွှေ့ထွက်ခွာ ခဲ့ပါတယ်။ ဂျွန်စမစ်ဟာ ပြောင်းရွှေ့လျက် အမ်စတာဒမ်မြို့မှာ နေထိုင်ရင်း ဟော်လန်နိုင်ငံမှာ ဒုတိယမြောက် အင်္ဂလိပ်ဘာသာစကားပြော ခရစ်ယာန်အသင်းတော်ကို တည်ထောင်ခဲ့ပါတယ်။
              ဂျွန်စမစ်နဲ့ သူ့ရဲ့အသင်းတော်ဟာ သမ္မာကျမ်းစာတော်မြတ်ကို သေချာစွာလေ့လာ ကြရာမှာ အချက်အလက်အချို့ကို တွေ့ရှိဖော်ထုတ်ခဲ့ ပါတယ်။ ကလေးသူငယ်များကို ဗတ္တိဇံမင်္ဂလာပေးခြင်း (Infant Baptism) ဟာ သမ္မာကျမ်းစာသွန်သင်ချက်နဲ့ ကိုက်ညီမှုမရှိဘူး ဆိုတဲ့ အချက်။ လူတစ်ဦးတစ်ယောက်ဟာ ဗတ္တိဇံခံယူရမယ်ဆိုရင် သူကိုယ်တိုင် သူ့ရဲ့ကိုယ်တိုင်ကိုယ်ကျ ယုံကြည်မှုကို ဖွင့်ဟပြောဆိုဖို့ လိုအပ်တယ် ဆိုတဲ့အချက်။ လူတိုင်းသည် ဘာသာတရားယုံကြည် ကိုးကွယ်မှုမှာ ကိုယ်ပိုင်လွတ်လပ်မှု အပြည့်အ၀ ရှိတယ်ဆိုတဲ့အချက်။ နိုင်ငံတော်အုပ်ချုပ်ခြင်းနဲ့ အသင်းတော်အရေးကိစ္စဟာ သီးခြားစီဖြစ်တယ်... စတဲ့ အချက်များကို တွေ့ရှိခဲ့ပါတယ်။ ဂျွန်စမစ်ဟာ အသင်းတော်စီမံအုပ်ချုပ်ပုံ စနစ်သစ်ကိုလည်း ဖော်ထုတ်ခဲ့ ပါတယ်။ ပြုပြင်ပြောင်းလဲသော အသင်းတော်များရဲ့ ခေါင်းဆောင်မှုပုံစံ (၀ါ) အုပ်ချုပ်ပုံစနစ် ဖြစ်တဲ့ “သင်းအုပ်၊ သက်ကြီးသူ အသင်းသားများနဲ့ သင်းထောက်များ သုံးခေါက်သုံးဖလှယ် ပုံစံ” (trifold leadership of pastor- elder- lay-elder, and Deacons) ကနေ “သင်းအုပ်နဲ့ သင်းထောက်များ အုပ်ချုပ်သော ပုံစံ” (a twoflod church leadership that of Pastors and Deacons) ကို ဖော်ထုတ် ခဲ့တယ်။ ဒီကနေ့ နှစ်ခြင်းအသင်းတော်များရဲ့ အသင်းတော်အုပ်ချုပ်ပုံမျိုး ဖြစ်ပါတယ်။
             ဂျွန်စမစ်နဲ့ သူ့ရဲ့အသင်းသားများဟာ ယခင်သူတို့ခံယူခဲ့သော ကလေးသူငယ် ဗတ္တိဇံကို တရားဝင်အဖြစ် လက်မခံကြတော့တဲ့အတွက် ၁၆၀၉ခုနှစ်မှာ ဂျွန်စမစ်ဟာ ရှေ့ဦးစွာ မိမိကိုယ်မိမိ နှစ်ခြင်း မင်္ဂလာပေးခဲ့ပြီးနောက် သူ့ရဲ့အသင်းသား၊ အဖွဲ့ဝင်များ အားလုံးကိုလည်း ဗတ္တိဇံမင်္ဂလာ ပေးခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီတုန်းက သူတို့ စီရင်ခံယူခဲ့သော ဗတ္တိဇံမင်္ဂလာဟာ “ရေနဲ့လောင်းခြင်းသာ” (pouring) သာ ဖြစ်ပါတယ်။ “ရေထဲသို့ အကုန်အစင်နှစ်ခြင်း” (total immersion) ကို “ဗတ္တိဇံမင်္ဂလာ ပေးပုံပေးနည်း” (Mode of Baptism) အဖြစ်၁၆၁၄ခုနှစ်ကျမှသာ တရားဝင် လက်ခံစီရင် ကျင့်သုံးလာခဲ့ခြင်း ဖြစ်ပါတယ်။ နှစ်ခြင်း ခရစ်ယာန်များအတွင်း မှာလည်း အဓိကအုပ်စုကြီး နှစ်စုရှိပါတယ်။ “သီးခြားခွဲခန့်မှုကို ယုံကြည်သော နှစ်ခြင်းများ” (Particular Baptists) (သို့) ကယ်လဗင်ဝါဒီနှစ်ခြင်းများ (Calvinistic Baptists) (သို့မဟုတ်) အာမေးနီးယန်းနှစ်ခြင်းများ (Armenian Baptists) ဆိုပြီး နှစ်ခြင်းအုပ်စု ကြီး နှစ်စုရှိပါတယ်။


နှစ်ခြင်းများ၏ ကွဲပြားသိသာသော ၀ိသေသများ
                 အခြားသော ခရစ်ယာန်ယုံကြည်သူများ နည်းတူ နိစိန်ယုံကြည်ချက် (Nicene Creed) ကို ယုံကြည်ခံယူသော်လည်း နှစ်ခြင်းအသင်းတော်များမှာ “နှစ်ခြင်းယုံကြည်ချက် ကြေညာခြင်း” (Baptist Creed) တော့ မရှိပါဘူး။ သို့တိုင်အောင် “နှစ်ခြင်းများရဲ့အခြားသော ခရစ်ယာန် ဂိုဏ်းဂဏ အသင်းတော်များနဲ့ မတူကွဲပြားသိသာသော ၀ိသေသ ရပ်တည်မှုများ” (Baptist Distinctives) ရှိပါတယ်။ နှစ်ခြင်းအသင်းတော်များရဲ့ ၀ိသေသရပ်တည်ချက် များကတော့.......

(၁)          ယုံကြည်ခြင်းနှင့် ကျင့်သုံးမှုအတွက် သမ္မာကျမ်းစာသာလျှင် အချုပ်အခြာဖြစ်သည်။ (Biblical Authority/ Sole Authority of Scriptures for Faith and Practice)
(၂)            ဒေသန္တရအသင်းတော်တိုင်းသည် မိမိတို့၏ ကံကြမ္မာကို ဖန်တီးနိုင်သော လွတ်လပ်မှု ရှိသည်။ (Autonomy of the local churches)
(၃)            ယုံကြည်သူတိုင်း ဘုရားသခင်နှင့်တိုက်ရိုက် မိတ်သဟာယဖွဲ့နိုင်သော ယဇ်ပရောဟိတ် များဖြစ်ပါသည်။ (Priesthood of the Believers)
(၄)              အသင်းတော်တွင် မင်္ဂလာဝတ်နှစ်ပါး - နှစ်ခြင်းမင်္ဂလာနှင့် ပွဲတော်မင်္ဂလာ ကျင့်သုံးပါသည်။ (Two Ordinances of the Church - Believer's Baptism by immersion and the Lord's Supper is a symbol ordinance)
(၅)              ပြောင်းလဲပြီးသော သူများသာလျှင် အသင်းတော်၏ သင်းဝင်ဖြစ်ရမည်။ (Regenarated Church Membership)
(၆)             အသင်းတော်နှင့်နိုင်ငံတော် သီးခြားစီဖြစ်သည်။ (Separation of Church and State)
(၇)            လူများစု၏ ဆန္ဒဖြင့် အသင်းတော်အား အုပ်ချုပ်ပါသည်။ (Democratic form of Church Government) 


                                          စောချစ်ခိုင်















No comments:

Post a Comment