Saturday, July 7, 2018

ယုဒဿန်အောက်မေ့ဘွယ်စကားဝိုင်း (Talk Show) အပိုင်း- ၁

(ပါဝင်သူ - ဆရာဆိုး၊ အဃိုင်း၊ ထီးခူဘို၊ ကိုပီတိ)
အလင်းအိမ် - အတွဲ ၁၃၊ အမှတ် ၄ မှကူးယူဖော်ပြသည်။

၁။  ဆရာယုဒသန်၏ ကိုယ်ရည်ကိုယ်သွေး (Personality, character)

ဆိုး -   (၁၈)ရာစုမှာ ပေါ်လာတဲ့ယုဒသန်ကို ပုံဖော်တဲ့နေရာမှာ သူဟာ ရုပ်ရည်သန့်ပြန့်တယ်။ ကြည်ညိုစရာ ကောင်းတယ်။ ပြီးတော့ သူမျိုးရိုးက အမှုတော်ဆောင်မျိုးရိုး။ သူ့ personality ကို ကျနော် သဘောကျတယ်။ ပြီးတော့ သူဟာဥာဏ်ကောင်းတယ်တဲ့။ အချိန်တိုလေးအတွင်းမှာ ဘွဲ့တွေရယူနိုင်သလို၊ ဒေါက်တာဘွဲ့လည်း ရခဲ့တယ်။ နောက်တစ်ခု သူဟာ ဇွဲကောင်းသူလည်း ဖြစ်တယ်။ အန္ဒိယမှာ သာသနာပြု ဖို့လာခဲ့ပေမဲ့ မရဘူး။နောက်ပြီး ပီနန်ကို သွားနိုင်ဖို့ ထပ်ကြိုးစားတယ်။ မရပြန်ဘူး။ နောက်မှ မြန်မာပြည်ကို ရောက်လာတာ။ ပြောချင်တာက နောက်မဆုတ်ဘူး။ ဇွဲကောင်းတယ်။
                 မြန်မာဘာသာနဲ့ကျမ်းစာကို ပြန်ဆိုတဲ့နေရာမှာလည်း အထစ်အငေါ့ ဖြစ်ခဲ့တယ်။ သူ့ရှေ့မှာ ပြန်ဆိုခဲ့တဲ့ ဆရာကယ်ရီ တို့ဆိုလည်း လက်လှျေ့သွားကြတယ်။ ရှင်မဿဲခရစ်ဝင်ဆိုရင် သူပြန်တာထက် ရှေ့ကလူပြန်ထားတာကို သူကိုးကားထားတာတော့ ရှိတယ်။ နောက်ဆုံးတစ်ခုကတော့ သူဟာ သိပ်ကို ကြင်နာတတ် တဲ့သူဖြစ်တယ်။ သူ့ဇနီးသုံးယောက်စလုံးက သူ့ကိုရေးတဲ့ စာတွေမှာဆိုရင် ဆရာယုဒသန်ကို ချီးမွမ်းတာပဲ တွေ့ရတယ်။ တော်ရုံတန်ရုံ၊ မိန်းမတွေက ကိုယ့်င်္ယောကျားကို မချီးမွမ်းကြဘူးလေ။ ဒီ အမျိုးသမီး သုံးယောက်စလုံးက ချီးမွမ်းကြတာ သိပ်ကို ထူးဆန်းတယ်။ အားလည်းကျပါတယ်။


ထီးခူဘို - ဆရာယုဒသန်က အပြောင်းအလဲတစ်ခု လုပ်ဖို့လိုအပ်တယ်ဆိုရင် အဟောင်းကနေ ကပ်မနေဘူး။ ပြောင်းလဲပစ်လိုက်တာကို တွေ့ရတယ်။ ဥပမာ- Baptist မဟုတ်ဘူး။ ကျမ်းစာလေ့လာ တယ်။ ဒီအခါ သူ့အနေနဲ့ ပြောင်းလဲရမယ်လို့ မြင်လာ၊ လက်ခံလာတဲ့အခါ နဂို Congregational ကနေ ပြောင်းလဲပစ်လိုက်တယ်လေ။
             ပြီးတော့ မြန်မာ့လူအဖွဲ့အစည်းထဲကို ရောက်လာပြီဆိုတော့ သူဟာ မြန်မာစကား သင်ဖို့၊ ပြောဆိုဖို့ လိုအပ်လာတော့လည်း ပြောဆိုနေကျ စကားကိုမပြောတော့ဘဲ၊ မြန်မာစကားပြောဆို တတ်ဖို့ ရေးတတ်ဖို့ သင်ယူခဲ့တယ်။ ပြောင်းလဲပစ်ခဲ့တာပဲလေ။ အပြောင်းအလဲလုပ်ဖို့ လိုအပ်လာတဲ့အခါ သူဟာ ဒီအတိုင်း လုပ်ဆောင်ဖို့ ၀န်မလေးတဲ့သူ ဖြစ်တာ သတိထားမိတယ်။

အဃိုင်း - ဆရာယုဒသန်ဟာ မြန်မာစာပေကို လေ့လာလိုက်စားရာမှာ ထူးချွန်တဲ့သူဖြစ်တယ်။ ပြီးတော့ သူဟာ တစ်ခုခုကို လေ့လာတော့မယ်ဆိုရင် စနစ်တကျလေ့လာတယ်။ မြန်မာစာ လေ့လာရာမှာ ကကြီး ခကွေး ဆိုတဲ့ အခြေခံကနေ သွားတာဖြစ်တယ်။ သူ့ဇနီးနဲ့ကလေးတွေကတော့ သူမြန်မာစာသင်တဲ့ အချိန်မှာ ဇရပ်အပြင်မှာပဲ ဆော့ကစားနေကြတယ်တဲ့။ ဒါပေမဲ့ ဆရာယုဒသန်ထက်အရင် မြန်မာစကားကို တတ်တယ်တဲ့။ ဆရာယုဒသန်က စနစ်တကျနဲ့သွားတာကိုး။ သူ့ကြိုးစားမှုဟာ စနစ်တကျရှိတယ်လို့ မြင်မိပါတယ်။

ကိုပီတိ - ကျွန်တော်ကြိုက်တဲ့ ဆရာယုဒသန်ရဲ့ကိုယ်ရည်ကိုယ်သွေး ထဲကတစ်ခုပေါ့။ ဘာလဲဆိုတော့ သူဟာ မိမိကိုယ်ကို ပြန်သုံးသပ်နိုင်တဲ့သူ တစ်ယောက်ဖြစ်တယ် ဆိုတဲ့အချက်ပဲ။ လူတစ်ယောက်ဟာ ကိုယ့်ကိုကိုယ် ပြန်မသုံးသတ်တတ်ဘူးဆိုရင် သူ့အောင်မြင်မှုဟာလည်း အကန့်အသတ်ပဲ။
              ဗိုလ်မှူးမောင်မောင်ရှင်(ငြိမ်း) ဘာသာပြန်တဲ့“ရွှေပြည်တော်ကမ်းခြေသို့” (To the Golden Shore) ဆိုတဲ့ စာအုပ် စာမျက်နှာ (၁၉၀)မှာ ဆရာယုဒသန်ဟာ သူ့ကိုယ်သူ ပြန်သုံးသပ်ထားတဲ့အကြောင်း ပါပါတယ်။ ငါ့ရဲ့ ဧ၀ံဂေလိတရားက စစ်မှန်တဲ့၊ ရိုးသားတဲ့လုပ်ရပ် ဟုတ်ပါရဲ့လား ဆိုပြီး သူ့ကိုယ်သူ သံသယ ဖြစ်တယ်ဆိုတာ အဲဒီစာအုပ်မှာ ဖော်ပြထားတယ်။ ဘာကြောင့်လဲဆိုတော့ သူဟာအရင်တုန်းက စာတော်တဲ့သူ၊ သူများတွေရဲ့ ထိပ်မှနေခဲ့တဲ့သူ ဖြစ်တယ်။ သူ့စိတ်ထဲမှာ ဘာရှိနေသလဲဆိုရင် “ပထမဦးဆုံး သော ပင်လယ်ရပ်ခြား အမေရိကန်သာသနာပြု ငါဖြစ်ရမယ်။ ပြီးရင် ပထမဆုံး သော မြန်မာကျမ်းစာကို ဘာသာပြန်ဆိုနိုင်တဲ့သူ ဖြစ်ရမယ် ဆိုတဲ့ ဇော အတော်ကြီးတယ်ပေါ့ဗျာ။ 
                     အဲဒါကြောင့် သူနဲ့သု့ဇနီးတို့ အမျိုးမျိုးသော ဒုက္ခခံရပြီး လုပ်ရတဲ့အလုပ်တွေဟာ သူကျော်ဇောရေးအတွက်ပဲ ဖြစ်နေလား.....။ တကယ့်ကိုပဲ ဧ၀ံဂေလိအတွက် စစ်မှန်တဲ့ စေတနာ၊ သူတစ်ပါးအတွက် အစေခံလိုခြင်း နှလုံးသား၊ ငါ့မှာရှိရဲ့လားလို့ သံသယဖြစ်လာတယ်။ သူ့ကိုယ်သူပြန်သုံးသပ် လာတယ်။ အဲဒီအပေါ် ကျွန်တော်သူ့ကို admire ဖြစ်မိတယ်။ ကျွန်တော့်အတွက် လည်း သင်ခန်းစာပါပဲ။


၂။   ဆရာယုဒသန်၏ အခက်အခဲအကျပ်အတည်းမှ ရုန်းထွက်မှုနှင့် သူ့ဘ၀ဒဿန  (Humanity and Life Philosophy)

ဆိုး - ဆရာယုဒသန်က တကယ့်ကို ဒုက္ခရောက်တဲ့သူနော်။ ပထမဦးဆုံးမြန်မာပြည်ကို သူရောက်မလာခင် သဘောင်္ပေါ်မှာပဲ သူတို့ကလေးဆုံးသွားတယ်။ ရန်ကုန်ဆိပ်ကမ်းမရောက်ခင် မှာပဲ သူ့ရဲ့ကလေးအလောင်း ကို သင်္ဘောပေါ်ကနေ ရေထဲပစ်ချလိုက်ရတယ်။ မြန်မာကမ်းခြေ မရောက်ခင်မှာပဲ ကြေကွဲခဲ့ရတယ်။ သူ့ဇနီးလည်း သွေးနုသားနုနဲ့မို့ ဆိပ်ကမ်းရောက်တော့ သင်္ဘောပေါ်ကနေ ထမ်းချရတယ်။ အားကြိုးမာန်တက်နဲ့ မြန်မာပြည်ကို ၀င်လာတာထက် တကယ့်ကို ဒုက္ခနဲ့ဝင်ရောက်လာခဲ့တယ်လို့ ပြောလို့ရတယ်။
             ပြီးတော့ အီတာလျံ မာလိန်မှူးတစ်ယောက်က သူတို့ကို “မင်းတို့ဘာလို့ ဒီတိုင်းပြည်ကို လာရတာလဲ၊ ဒီတိုင်းပြည်ကို ဘာအကြောင်းနဲ့မှ မလာနဲ့။ ငါက နင့်အရွယ်သမီးရှိလို့ ပြောတာ” ဆိုပြီး အကောက်အခွန်ရုံးနားမှာ ဆရာယုဒသန်နဲ့ မမအဲန်းကို မောင်းထုတ်တယ်။ ဒါပေမဲ့သူတို့က မပြန်ဘူး ဆိုတော့ မင်းတို့က ငတုံးတွေပဲ ဆိုပြီး ဆဲဆိုသတဲ့။ မြန်မာပြည်ကို ဆရာယုဒသန်တို့ စရောက်ရောက်ချင်း မှာပဲ ကြားရတဲ့အသံက ဆဲဆိုပြီး မောင်ထုတ်တဲ့အသံပဲ ဖြစ်တယ်
               ဒီလိုနဲ့ ဆရာယုဒသန်ဟစာ မြန်မာပြည်မှာပဲ ဆက်နေထိုင်ခဲ့တယ်။ ဒုက္ခတွေတွေ့တဲ့ အခါတိုင်းမှာ သူဟာ တောင့်ခံနိုင်ခဲ့တယ်။ဒါလည်း သူ့ရဲ့ ထူးခြားတဲ့ ကိုယ်ရည်ကိုယ်သွေးတစ်ခုပဲ။ နောက်တော့ သူဟာ အင်းဝမှာ ထောင်ကျခဲ့တယ်။ အဲဒီမှာ ဇောက်ထိုး ပြောင်းပြန် အချုပ်ခံရတာ။ သူဟာ ရုပ်ရည်ချောမောပြီး၊ အသန့်အပြန့်ကြိုက်တဲ့သူ။ သူရောက်သွားတဲ့ထောင် မှာတော့ မစင်တွေနဲ့ ပြည့်လို့ပေါ့။ သေသွားတဲ့သူတွေရဲ့ အလောင်းကိုလည်း ထုတ်မသွားပဲ အဲဒီအခန်းထဲမှာပဲ ဒီအတိုင်း ထားသတဲ့။ ဒီလောက်ဆိုးဝါးတဲ့နေရာမှာ ဆရာယုဒသန်ဟာ နှစ်ပေါက်အောင် နေခဲ့ရတာ။ ဒီလို အခြေအနေမျိုးကိုတောင် သူဟာ ခံနိုင်ရည်ရှိခဲ့တယ်။
               နောက်ဆုံး သူ့ရဲ့လူသားဆန်မှုကို ဘယ်မှာ သွားတွေ့ရသလဲဆိုတော့ ရန္တပိုစာချုပ်ချုပ်ဆိုပြီး ပြန်လာတဲ့အခါ သူ့ဇနီးသည်မရှိတော့ဘူး။ သေသွားပြီး။ အဖော်ရှိခဲ့တုန်းကတော့ သူ့မှာ မျှော်လင့်ချက်တွေ ရှိခဲ့တာပေါ့လေ။ သူ့အဖော် မရှိတဲ့အခါမှာတော့ သူတော်တော့်ကို ဒုက္ခရောက်သွားတယ်။ အဲဒီမှာ အသင်းသူ/သား (၈)ယောက်ရဲ့ရှေ့မှာ သူငိုခဲ့တယ်။ အဲဒါနဲ့ မရှေးမနှောင်းမှာပဲ မာရီယာဆိုတဲ့ နောက်ဆုံး ကလေးလေးကလည်း သေသွားတယ်။ ဆရာယုဒသန်ဟာ သူ့ဇနီးနဲ့သမီးမိန်းကလေးကို အခုကျိုက္ခမီရဲ့ တစ်နေရာ ထန်းပင်အောက်မှာ မြေမြှပ်လိုက်သတဲ့။ သူမခံစားနိုင်တော့ဘူးလေ။ သူကိုယ်တိုင်လည်း ငါသေသွားရင်ကောင်းမယ်ဆိုပြီး သူ့မိန်းမနဲ့ ကလေးရဲ့ဘေးမှာ မြေကျင်းတူးပြီး လှဲနေခဲ့တယ်။
             ဆရာယုဒသန်ဟာ ဒီအဖြစ်အပျက်ကို မခံစားနိုင်လွန်းလို့ မော်လမြိုင်တောကြီးထဲမှာ ရက်ပေါင်း(၄၀) သွားနေတယ်။ တဲထိုးပြီးတော့ပေါ့။ လူတွေက ဆရာကြီးယုဒသန်တော့ တောထွက်ပြီလို့ ပြောဆိုကြတယ်။ အစာလည်းမစား၊ ရေလည်းမသောက်ပဲနဲ့ပေါ့။ သူ့ကိုချစ်တဲ့ သူ့တပည့်တွေကတော့ သူ့အနားမှာ စားစရာနဲ့ ရေတွေကိုတော့ သွားထားပေးပါတယ်။ ဆရာယုဒသန်ကတော့ ဘယ်သူ့ကိုမှ ဘာစကားမှ မပြောတော့ဘူး။ သူပိုင်တဲ့အရာတွေကို ပစ်ထားခဲ့ပြီး တောထဲ သူသွားနေတဲ့ အချိန်မှာ ကောလဟာလတွေကလည်း အမျိုးမျိုး ထွက်လာတာပေါ့။ အထူးသဖြင့် သူဟာ စေတီတဆူရဲ့ အောက်ခြေနားမှာ တဲထိုးပြီးတော့နေတာဆိုတော့ ဒီလူ ဗုဒ္ဒဘာသာဘက်ကို ယိမ်းသွားပြီး၊ အဲဒီအတိုင်းပဲ ကျင့်ကြံသွားပြီလို့ ဟိုခေတ်ဟိုအခါက ပြောကြတာပေါ့လေ။ ဒါပေမဲ့ ရက်(၄၀)ပြည့်တဲ့အခါ ဆရာယုဒသန် ဟာ ပြန်လာပြီး သူ့အလုပ်ကိုသူ ဆက်လုပ်ခဲ့တယ်။ ရက်(၄၀)အတွင်း ဆရာယုဒသန်ဟာ သန့်ရှင်းသော ၀ိညာဉ်တော်ရဲ့ ခွန်အားကို သွားယူတဲ့သဘောရှိတယ်။ ဇနီးနဲ့ကလေးဆုံးပါး သွားတော့မှ သူ့ရဲ့ လူသားဆန်မှုကို တွေ့ရတာပေါ့လေ။ နောက်ဆုံးတော့ သူဟာ ဘုရားသခင်ရဲ့ဝိညာဉ်တော်ခွန်အားနဲ့ ကျော်လွှားနိုင်ခဲ့ပါတယ်။ ပြီးတော့် ကျမ်းစာဘာသာပြန်တာကိုလည်း သူပြန်လုပ်ဆောင်ခဲ့တယ်။
               လေးလနဲ့(၆)ရက်အထိ သူ့စိတ်ဟာ ထိန်းသိမ်းလို့မရဖြစ်သွားခဲ့ပေမဲ့ နောက်တော့ သူဟာ စာရာဘို့ဒ်မန်နဲ့ တွေ့ပြီးလက်ထပ်လိုက်တဲ့အခါ ပြန်အဆင်ပြေသွားတယ်။ ဘုရားသခင်က သူ့အတွက် ပြင်ဆင်ပေးထားတာပါပဲ။ ဆရာဘို့ဒ်မန်နဲ့ မရခင်မှာ သူတို့ဟာ စာအဆက်အသွယ်ရှိကြတယ်။ အဲဒီ စာထဲမှာ ဆရာယုဒသန်ဟာ ဘယ်လောက်ဒုက္ခရောက်ရတယ်။ သူဘယ်လာက် ခံစာရတယ် ဆိုတဲ့ အကြောင်းတွေကို ရေးသားထားတယ်။ ကျန်တဲ့သူတွေကို ရေးပို့တဲ့အခါမှာတော့ အကောင်းချည်းပဲ ရေးသားတာပေါ့လေ။ ဒီအမျိုးသမီးကို ရေးတဲ့စာတွေမှာ သူ့ရဲ့ကြောက်စရာကောင်းတဲ့ အခြေအနေတွေ သူမှားပြီးလား ဆိုပြီးအားပျက်တဲ့ အချက်တွေပါနေပါတယ်။ အဲဒီလိုမျိုး အခြေအနေကို ဆရာဘို့ဒ်မန်လည်း ခံစားရတာပါပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ သူမရဲ့င်္ယောကျားဟာလည်း တောကြီးမျက်မဲထဲမှာ သေခဲ့ရတာကိုး။ ဒီလိုခံစာချက်ခြင်း တူလို့ သူတို့ဟာ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် စာရေးသားပြီး အားပေး ကြတာပေါ့။
              ဒုတိယတစ်ခုက သူဟာမိန်းမရှာတာ တော်တယ်လို့ပြော ရမယ်။ ပထမဇနီးက မြန်မာစာနဲ့ ပထမဆုံးဝေစာ လုပ်ခဲ့တဲ့သူ၊ ယိုးဒယားစာလည်း တတ်တယ်။ ပထမဆုံး ယိုးဒယားဝေစာကို မမအဲန်း ဂျဒ်ဆင်ကပဲ လုပ်ခဲ့တာ။ ဒုတိယယူတဲ့ ဇနီးသည်ကတော့ ဆာရာဘို့ဒ်မန်း။ သူလည်း မြန်မာပြည်မှာ သာသနာ(Mission) ကျောင်းတွေကု စတင်ခဲ့သူ။ ကျောင်းပေါင်း(၇)ကျောင်း စထောင်ခဲ့သူ။ အင်္ဂလိပ်အစိုးရက သိပ်သဘောကျလို့ သူ့ကို ထောက်ပံ့ပေးတယ်။ သူမဟာဆိုရင် Mission ကျောင်းတွေရဲ့ မိခင်ကြီး တစ်ယောက်ပါပဲ။
               နောက်ဇနီးသည်တစ်ယောက်ကလည်း တော်ပြန်ရော။ တခြားသူနဲ့စေ့စပ်ပြီး ယူခါနီးမှာမှ ဆရာယုဒသန်နဲ့ တွေ့လို့ ဟိုလူကိုမယူ ဖြစ်တော့ဘူး။ သူမဟာလည်း နာမည်ရပြီး စာရေးဆရာမ တစ်ယောက်လည်း ဖြစ်တယ်။ သူလည်း အင်မတန်တော်တဲ့ သာသနာပြုပါပဲ။ ဆရာယုဒသန်နဲ့ ပထမဇနီး၊ ဒုတိယဇနီးတို့ရဲ့ မှတ်တမ်းတွေ့ မရှိဘူး။ ဒါပေမဲ့ သူမဟာ စာရေးဆရာမဖြစ်တာမို့ မှတ်တမ်းတွေနဲ့ သေသေချာချာပြုစုတယ်။ ဆရာယုဒသန်ကွယ်လွန်ပြီးနောက် မြန်မာပြည်မှာ ခရစ်ယာန် ဘယ်နှစ်ယောက်၊ အသင်းတော်ဘယ်နှစ်ပါးရှိသလဲ ဆိုတာတွေကို တိတိကျကျနဲ့ ပြုစုရေးသားခဲ့သူ ဖြစ်တယ်။


ကိုပီတိ - ဆရာဆိုးရဲ့တွေ့ရှိချက်နဲ့ ကျွန်တော်တွေ့မိတာလေးက သွားတူနေတယ်။ ဆရာယုဒသန်ဟာ သူဇနီးနဲ့ သားသမီးတွေ ဆုံးပါးသွားတဲ့နောက်ပိုင်းမှာ ကြီးမားတဲ့စိတ်ဓါတ် ပြိုလဲမှုဖြစ်ခဲ့တယ်။ မြန်မာဘုရင် ဖမ်းဆီးထောင်ချခြင်း ခံရတုန်းကတော့ ဇနီးသည်ရှိနေလို့ သူစိတ်ဓါတ် မကျခဲ့ဘူး

ဆိုး - မိန်းမအားကိုးတဲ့သူပေါ့။ (ရယ်မောလျက်...............)

ကိုပီတိ - ဒါပေမဲ့ သူဇနီးဆုံးပြီးနှစ်နှစ်မြောက်တဲ့(၁၈၂၈)ခုနှစ်မှာ သူဟာစိတ်ဓါတ်အကြီးအကျယ် ကျခဲ့ပြီး သူဘာလုပ်ခဲ့သလဲ ဆိုတော့ ........... နံပါတ်တစ် ဆာလံအခန်းကြီး(၃၀)ကို ဘာသာပြန်နေရာကနေ သူရပ်ပစ်လိုက်တယ်။ အဲဒီအချိန်မှာ ဓမ္မသစ်ကျမ်းကို ဘာသာပြန်ဆိုတာ သူပြီးသွားပြီ။ နောက်နံပါတ်နှစ်က အမေရိကန်နိုင်ငံ Brown University မှ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ချီးမြှင့်အပ်နှင်းတာ သူလုံးဝငြင်း လိုက်တယ်။ နံပါတ်သုံးကတော့ သူပိုင်ဆိုင်တဲ့ပိုက်ဆံ၊ သူစုဆောင်းထားတဲ့ ဥစ္စာတွေ အကုန်လုံးကိုလည်း သာသာနာပြုရန်ပုံငွေထဲကို သူထည့်ပစ်လိုက်တယ်။ ပြီးတော့ ဆရာဆိုးပြောသလိုပဲ မော်လမြိုင်တောနက် ထဲမှာ သွားနေခဲ့တယ်။

ဆိုး - အဲဒီတောကလည်း ဟိုတုန်းက ကျားတွေရှိတဲ့ တောနက်ကြီးပေါ့။

ကိုပီတိ - အရင်တုန်းကတော့ တောနက်ကြီးပေါ့။ အခုတော့ ရယ်စရာဖြစ်မှာ။ ရာဘာတောတွေ ဖြစ်ကုန် ပါပြီ။ ရက်ပေါင်း(၄၀) ပြည့်တော့မှ သူအဲဒီကနေ ပြန်လာတယ်။ အဲဒီမှာ သူဝေငှချက် တစ်ခုရှိတယ်။ ရောမသြ၀ါဒစာ အခန်းကြီး(၆)ကို သူတောထဲမှာနေတုန်း တော်တော်လေးကို ဆင်ခြင်သုံးသပ်ခဲ့တယ်လို့ ယူဆရတယ်။ သူ့ရဲ့ အဲဒကျမ်းစာအပေါ် အနက်ဖွင့် သုံးသပ်ချက်တွေကို သူပြောလာတယ်။
                သူပြောတဲ့စကားက ဘုရားသခင်ရဲ့ကျေးဇူးတော်(Grace) နဲ့ အလိုတော်(Will of God) ကို ပိုပြီး ၀န်ခံရမယ်တဲ့။ကျေးဇူးတော်နှင့် အလိုတော်ကို ၀န်ခံခြင်းဖြင့် ငါလည်းခွန်အားအသစ်နဲ့ အိမ်ကို ပြန်လာခဲ့ပါပြီတဲ့။ တကယ်တော့လည်း သူဟာ သူ့ရဲ့ကျမ်းစာပြန်ဆိုခြင်းက အစ အခြားသူ့ရဲ့အလုပ်တွေကို ဆက်လုပ်သွားတယ်ဆိုတာ တွေ့ရပါတယ်။


၃။   ဆရာယုဒသန်၏ အနုပညာ

ကိုပီတိ - ဆရာယုဒသန်ရဲ့ စာပေအပေါ်မှာ ဖြစ်ဖြစ်၊ သူရေးစပ်ခဲ့တဲ့ သီချင်းတွေအပေါ်မှာပဲ ဖြစ်ဖြစ်၊ သူ့ရဲ့ အနုပညာနဲ့ ပတ်သက်ပြီး ဆရာ/မတို့ ဘယ်လိုတွေ့ရှိ ခံစားမိကြပါသေးလဲ။

ဆိုး - ကျမ်းစာအပြင် အခြားစာအုပ်တွေ အများကြီးကိုလည်း ဆရာယုဒသန်ရေးသား ခဲ့တယ်။ ပြီးတော့ သီချင်းတွေလည်း အများကြီး ရေးခဲ့တယ်။ “ရွှေပြည်တော် ကောင်းကင်စံလိုခြင်းပေ” ဆိုလည်းသူ့ဇနီး ဆုံးတဲ့အခါမှာ ရေးတာဖြစ်တယ်။ ခရစ်ယာန်တွေရဲ့ မျှော်လင့်ခြင်းကို ဖော်ပြတဲ့ပုံစံ ဖြစ်တယ်။ ဒါက ခဏလေးနဲ့ ရတဲ့သီချင်း၊ အပ်ထည်လည်းမဟုတ်ဘူးလေ။ သူ့ခံစားချက်နဲ့ သူ့ဇနီးကွယ်လွန်တော့ ရေးတာကိုး။
             နောက်တစ်ခုက ကျမ်းစာဆိုလည်း သူ့တစ်ဘ၀လုံးနဲ့ရင်းပြီး ရေးသားခဲ့တဲ့ စာအုပ်ဖြစ်တယ်။ သူ့အနုပညာမြောက်မှု ကိုကြည့်ရင် အရင်းအနှီးသိပ်များတယ်လို့ ကျွန်တော်အောက်မေ့မိတယ်။ အတော့်ကို ပေးဆပ်ပြီးမှ ရတဲ့အနုပညာပစ္စည်းဖြစ်တယ်။ အခုပေါ်လာတဲ့ ကျမ်းစာအသစ်တွေနဲ့ ဆရာယုဒသန် ပြန်ဆိုခဲ့တဲ့ ကျမ်းစာတို့ကို ယှဉ်ကြည့်ရင် ကျွန်တော်ကတော့ ဆရာယုဒသန်ရဲ့ သူ့ဘ၀နဲ့ရင်းပြီး လုပ်တဲ့ ဒီအနုပညာ(Art) က Masterpiece ပိုဖြစ်တယ်။ ပိုကောင်းတယ်လို့ မြင်မိတယ်။
              ပြီးတော့ ဆရာယုဒသန်ရဲ့ စကားလုံး(Vocabulary) ရွေးချယ်မှုကို သိပ်ကြိုက်တာပဲ။ ဒါပေမဲ့ သူများတွေကတော့ အမျိုးမျိုးကန့်ကွက်ကြတာပေါ့လေ။ “ရွှေလင်းတ” မဟုတ်ဘူး “သိမ်းငှက်” ပါ... စသည် ဖြစ်ပေါ့။ ဆရာယုဒသန်က သိမ်းငှက်ကို မသိတဲ့သူမှမဟုတ်တာ။ ကျမ်းစာတစ်အုပ်လုံးကို မူရင်းဘာသာ ကနေပြန်ဆိုထားတဲ့သူပဲ။ ဘာဖြစ်လို့သူက ဒီလိုရေးသားလဲဆိုတာကို မစဉ်းစားကြဘဲ၊ သူ့ပြန်ဆိုမှုကို ပြောင်းလိုက်တဲ့အပေါ် ကျွန်တော်ကတော့ လက်မခံနိုင်ပါဘူး။
            ဥပမာတစ်ခုပြောပြမယ်။ တစ်ခါသူကျမ်းစာကို ပြန်ဆိုတဲ့နေရာမှာ “လူဆိုးတို့၏ ကျော့ကွင်းမှ” လို့ သူသုံးနှုံးသွားတယ်။ မူရင်းမှာက မုဆိုးမတဲ့။ တကယ်သူ့အနေနဲ့ အဲဒီလို တိုက်ရိုက်အနက်ပြန်လိုက်မယ် ဆိုလို့ရှိရင် ဖတ်တဲ့သူတွေက “အေးလေ။ ဟုတ်တာပေါ့။ သူကမုဆိုးမတွေရဲ့ ကျော့ကွင်းထဲကနေ မလွတ် နိုင်ဘူး” လို့ နားလည်သွားမှာကိုး။ အဲဒီအချိန်တန်းက သူဟာ မုဆိုးမဆာရာဘို့းဒ်မန်နဲ့ လက်ထပ်တော့မယ့် အချိန်လေ။ ဒါပေမဲ့သူက လူဆိုးလို့ ပြင်လိုက်တယ်။ ဒါကိုသူလည်း ၀န်ခံခဲ့တာပါပဲ။ ဒီလိုပုဂ္ဂိုလ်မျိုးက လင်းတ(လဒ) နဲ့ သိမ်းငှက်ကို မကွဲပြားနိုင်စရာအကြောင်း ဘာမှမရှိဘူး။
              ပြီးတော့ ကျွန်တော်က ဆရာယုဒသန်ကို လေးစားတယ်။ ဥပမာအားဖြင့် “မိုဃ်းမသောက် မှောက်မိုက်ရိပ် မပြေးမီ” ဆိုတဲ့ အသုံးအနှုန်းကို ဒီနေ့ခေတ် ဘယ်သူကမှစဉ်းစား နိုင်မှာမဟုတ်ပါဘူး။ ဆိုလိုတာက မိုးလည်းမလင်းသေးဘူး မလင်းတလင်းကိုပြောတာ။ အဲဒီဟာကို “ဝေလီဝေလင်း” ဆိုပြီးတော့ ရှိနှင့်ပြီးသား မြန်မာစာစကားကို မသုံးစွဲခဲ့ဘူး။ “မိုဃ်းမသောက် မှောင်မိုက်အရိပ် မပြေးမီ” လို့သုံးနှုန်းသွားတယ်။ ကဲ .... ဘယ်လောက်ကောင်းသလဲ။ ဒီလိုမျိုး vocabulary မှာ ဆရာယုဒသန်က သိပ်ကောင်းတာ။

              ဆက်ပြောရရင် သူ့ရဲ့ ၀ါကျတည်ဆောက်ပုံတွေကိုတော့ ကျွန်တော်သိပ်မခံစားမိဘူး။ ဒါပေမဲ့ အသံဖလှယ်တာတော့ အရမ်းသဘောကျတယ်။ ဥပမာအားဖြင့် သူ့နာမည် Judson ကို ယုဒသန် ဖြစ်အောင် သူအသံဖလှယ် နိုင်ခဲ့တယ်။“ဂျဒ်ဆင်” ဆိုပြီး မဟုတ်ဘူး။ အသံဖလှယ်တယ်ဆိုတာ တော်တော့ကို မလွယ်တာ။ အခုပဲကြည့်လေ။ နိုဗယ်ဆုရတဲ့ လိုင်ဘေးရီးယားက အမျိုးသမီးသမ္မတဟာ နာမည်သိပ်ကြီးတာပဲ။ ဒီအမျိုးသမီးရဲ့နာမည်ကို မြန်မာဂျာနယ်တွေက ရေးတဲ့အခါမှာ အမျိုး(၂၀)လောက် ထွက်လာတာပဲကြည့်။ ဘယ်ဟာက အမှန်လည်း မသိတော့ဘူး။ ကိုယ့်နားထဲမှာလည်း စွဲမကျန်ခဲ့ဘူး။ ကျွန်တော်သူနဲ့ပတ်သက်လို့ မှတ်မိတာတစ်ခုပဲ ရှိတယ်။ သူက ဆန္ဒပြတဲ့နေရာမှာ သူ့အကျီင်္ကိုချွတ်ပစ် လိုက်မယ်လို့ ခြိမ်းခြောက်တော့ ..... အားလုံးက please stop လုပ်လိုက်ကြတယ် ဆိုတာပါပဲ။ ဒီ အမျိုးသမီးရဲ့ နာမည်ကို ကောင်းကောင်းအသံ မဖလှယ်နိုင်ကြဘူး။ ဆရာယုဒသန်ကတော့ Jesus ဆို ယေရှု၊ Joseph က ယောသပ်၊ John ကို ဂျွန်လို့ မဖလှယ်ဘူး။ ယောဟန် စသည်ဖြစ်ပေါ့။ ဘယ်လောက် ခေါ်လို့ကောင်းလဲ။ သူ့ရဲ့ အသံဖလှယ်တဲ့ စနစ်ကို မဖျက်ပဲနဲ့ ကျွန်တော်တို့က အတုယူရမှာ။ အထူးသဖြင့် ဘာသာပြန်တဲ့ ဆရာ/မ တွေဆိုရင် ဆရာယုဒသန်ရဲ့ အသံဖလှယ်တဲ့စနစ်ကို အတုယူသင့်ပါတယ်။
                အထူးသဖြင့် ဆရာယုဒသန်ရဲ့ vocabulary ပိုင်းရယ်၊ အသံဖလှယ်တဲ့ အပိုင်းရယ်ကို ကျွန်တော်သိပ်သဘောကျတယ်။ နောက်ဆုံးတစ်ခုက ကျွန်တော်တို့ ရေခံမြေခံနဲ့ လိုက်လျောညီထွေ အောင် သူဟာ သမ္မာကျမ်းစာကို အနက်ပြန်ဆို ခဲ့တယ်။ ဥပမာ - သဖန်းပင်။ ကျမ်းစာထဲက အပင်နဲ့ ကျွန်တော်တို့ဆီက အပင်နဲ့က မတူညီပါဘူး။ ဒီကဟာက ငပိရည်နဲ့ တို့စားမှ ကောင်းတဲ့အရာ။ ကျမ်းစာထဲ က သဖန်းသီးဟာ စားလို့ကောင်းတဲ့အသီး အလုံးကြီးကြီးနဲ့ ချိုတယ်။ ကျွန်တော်တို့ဆီက ဟာလိုမျိုး ဘယ်ဟုတ်မလဲ။ ဒါပေမဲ့ ကျွန်တော်တို့ ရေခံမြေခံနဲ့ ကိုက်ညီအောင် ခံစားလို့ရအောင် သူက သဘောင်္သဖန်းဆိုပြီး ပြန်ဆိုခဲ့တယ်။
               ဆရာယုဒသန်ရဲ့ စာပေတန်ဖိုးက အရမ်းကိုပဲ မြင့်မားပါတယ်။ ဒါကို ပြင်ဖို့ ပယ်ဖျက်ဖို့ဆိုတာ တော်ရုံတန်ရုံ ကိုယ့်ဘ၀နဲ့ ပေးဆပ်တဲ့သူ မဟုတ်ဘဲနဲ့တော့ ..... ၊ မထိုက်တန်ဘူးလို့ ကျွန်တော် အောက်မေ့မိပါတယ်။ ဆရာယုဒသန်ဟာ ဂုဏ်ပြုထိုက်တဲ့ ပုဂ္ဂိုလ်ဖြစ်တဲ့အတွက် သူ့ရဲ့ ကျမ်းစာအပေါ် တည်းဖြတ်(edit) ဖို့ အင်မတန်မှ ၀န်လေးစရာ ကောင်းတယ်လို့ ကျွန်တော်ပြောချင်ပါတယ်။
            
ထီးခူဘို - ကျွန်မကတော့ ဆရာယုဒသန်ရဲ့ အနုပညာနဲ့ပတ်သက်လို့ သတိပြုမိတာ ရှိတယ်။ အဲဒါကတော့ သူ့ရဲ့ တင်ပြမှုနဲ့ စာဖတ်ပရိသတ်အပေါ် ထားတဲ့စေတနာပေါ့။ သူရဲ့စေတနာက အရမ်းကို ကြီးမားတယ်။ ဒီလိုကြီးမားတဲ့ စေတနာသာ သူ့မှာ မရှိဘူးဆိုရင် ဓမ္မဟောင်းကျမ်းနဲ့ ဓမ္မသစ်ကျမ်းကို သူဘယ်လိုလို့ ရေးနိုင်မှာလဲ ....။ ထောင်မှတောင် ချုပ်နှောင်ခံပြီး ရေးတာမို့ တော်ရုံစေတနာမျိုး မဟုတ်ရင် ဘယ်လွယ်လိမ့်မလဲ။ သူပြုစုခဲ့တဲ့ မြန်မာ- အင်္ဂလိပ်အဘိဓာန်နဲ့ အင်္ဂလိပ်- မြန်မာ အဘိဓာန်တွေကို ကြည့်မယ်ဆိုရင် အင်္ဂလိပ်လိုလည်း အရမ်းရှင်းလင်းတယ်။ မြန်မာစာလုံးတွေ ဆိုရင်လည်း ကျွန်မတို့ မျက်စိထဲ ကွင်းကွင်းကွက်ကွက်မြင်လာအောင် ဖော်ပြနိုင်တယ်။ သူဟာ တရားကို ဟောရုံတင်မကဘူး။ သူများတွေကိုလည်း သမ္မာကျမ်းစာ ဖတ်ရှုနိုင်အောင် ဘာသာပြန်ဆိုခဲ့တယ်။ သူ့အနုပညာမှာ ကြီးမားတဲ့ စေတနာတွေ ပါဝင်တယ်လို့ ပြောလိုပါတယ်။

                         (အပိုင်း- ၂ ဆက်လက်ဖော်ပြမည်)







No comments:

Post a Comment