Wednesday, July 11, 2018

ဘဏ်တိုက်နှင့်အမှိုက်ပုံး

               “ဘဏ်” ကို ငွေအပ်၊ ငွေစု၊ ငွေလွှဲသည့် နေရာအဖြစ်နှင့် သိထားကြပါသည်။ သို့ရာတွင် ငွေအပြင် အခြား တန်ဖိုးရှိသော အရာများကို ထိန်းသိမ်းစောင့်ရှောက်ပေးသော ဘဏ်ဝန်ဆောင်မှုမျိုး တွေလည်း ရှိပါသေးသည်။ Safe deposit box ဟုခေါ်ပါသည်။ ဘဏ်တွင်ငွေကြာကြာ စုထားလျှင် အတိုးများများရပါသည်။ မကြာခဏ ထုတ်သုံးနေလျှင်တော့ အတိုးသိပ်မရသည့်အပြင် တချို့ဘဏ်တွေက ပေးကိုမပေးပါ။ ဘဏ်သည် မိမိတန်ဖိုးထားသောအရာများကို လုံခြုံစွာ သိမ်းဆည်းထားနိုင်သော နေရာဖြစ်ပါသည်။


              “အမှိုက်ပုံး” ဆိုသည်မှာ စွန့်ပစ်လိုသော ပစ္စည်းများကို ထားသည့်နေရာ ဖြစ်ပါသည်။ သည်အထဲတွင် အညစ်အကြေးတွေလည်း ပါဝင်ပါသည်။ ထိုကြောင့် ပုံးထဲ၌ ကြာရှည်စွာ ထားလို့ မဖြစ်ပါ။ မပုပ်မသိုးမီ အပြီးအပိုင်စွန့်ပစ်လိုက်ဖို့  လိုအပ်ပါသည်။ တချို့အမှိုက်တွေကိုတော့ မီးရှို့၍ ရှင်းပစ်နိုင်ပါသည်။ 
              လူသည် ဘုရားသခင်ဖန်ဆင်းထားသည့် သတ္တ၀ါများအထဲတွင် အသိညာဏ်အကြွယ်ဝဆုံး ဖြစ်ပါသည်။ သို့ရာတွင် လူတော်တော်များများက “ဘဏ်တိုက်” နှင့် ”အမှိုက်ပုံး” ကိုမှားနေကြပါသည်။ ဘာကိုစုပြီး ဘာကိုစွန့်ရမှန်း မသိပါ။ ယနေ့လူတို့ အသေအလဲရှာဖွေ စုဆောင်းနေကြသည့် အရာများကို ကြည့်လျှင် သိနိုင်ပါ၏။ အဘယ်ကြောင့် သည်လိုဖြစ်ရပါ သနည်း။ တန်ဖိုးထားသောအရာ အကြီးအကျယ် လွဲမှားနေသည့်အတွက် ဖြစ်ပါ၏။ တစ်ဦးနှင့်တစ်ဦး အလုအယက် အပြိုင်အဆိုင် စုဆောင်းနေကြပြီး မရမကဖက်တွယ်ထားသော အရာများသည် တကယ်ပင် တန်ဖိုးရှိပါသလား။ တန်ဖိုးကို မည့်သည့် ချိန်ခွင်ဖြင့် တိုင်းတာကြမည်နည်း။ 

                    ဘယ်အခါမှ မပြောင်းမလဲ၊ မပျက်စီး မဆုံးရှုံးနိုင်ဘဲ စိတ်ချမ်းသာမှုကို အပြည့်အ၀ပေးသော အရာတို့ကသာ အဖိုးအထိုက်ဆုံးဖြစ်ပါသည်။ လောကီစည်းစိမ်ချမ်းသာသည် ဂုဏ်ပကာသန၊ အပျော်အပါး နှင့် တပ်မက်ခြင်းများသည် မတည်မြဲကြပါ။ ထင်သည်ထက်စော၍ ပျောက်ကွယ်သွားပါသည်။ ထို့အပြင် ရလေလိုလေ ဖြစ်လျက် တင်းတိမ်ရောင့်ရဲမှုကို မပေးနိုင်ပါ။ တကယ်ပင် ဘုရားကိုယုံကြည် ကိုးစားသောသူသည် ဤလောကအတွက် ဘာကိုမှ စုဆောင်းနေစရာ မလိုပါ။ နေ့စဉ်လိုအပ်သည့် အရာကို ဘုရားက ပေးပါသည်။ (မဿဲ ၆း၂၆)။ ရှင်ပေါလုကတော့ လောကနှင့်ပတ်သက်သော အရာများအား စွဲလန်းခြင်းအားလုံးကို အမှိုက်သရိုက်၊ အညစ်အကြေးတွေ အဖြစ်သာ သဘောထားပါသည်။ (ဖိ ၃း၈)
                ကျွန်ုပ်တို့သည် ရုပ်ဝတ္ထုပစ္စည်းများ သာမက အတိတ်မှ နာကြည်းချက်များကိုလည်း သိမ်းဆည်းထားကြ ပါသည်။ အာဃာတတရားသည် အကျိုးမပေးနိုင်ပါ။ အမျက်မပြေဘဲ နေမ၀င်စေနှင့်ဟု ကျမ်းစာက ပြောခြင်းသည် (ဧ ၄း၂၆) ကျူးလွန်သူထက် ခံရသူအတွက် ဖြစ်ပါသည်။ ဒေါသမီးက ကိုယ်ကိုပြန်မလောင်မီ သတ်လိုက်ဖို့ လိုပါသည်။ နေ့စဉ်ဖြစ်ပေါ်နေသော ဒေါသ၊ မောဟ၊ မာန်မာနနှင့် မနာလိုဝန်တို စိတ်များနှင့်ပင် လုံလောက်နေပါပြီ (မဿဲ ၆း၃၄)။ အတိတ်က အညစ်အကြေးတွေကို ယနေ့သို့ ယူဆောင်လာသည့်အပြင် မနက်ဖြန်ကိုပါ သယ်ယူသွားနေလျှင် အမှိုက်တွေပိပြီး သေသွားနိုင် ပါသည်။

                 မနက်ဖြန်အတွက် ရှာဖွေစုဆောင်းခြင်း မပြုရဘူးဟု မဆိုလိုပါ။ အနာဂတ်က အလွန်အရေးကြီး ပါသည်။ ဤလောက၌ နေရသောအချိန်သည် တဒင်္ဂမျှသာ ဖြစ်သည့်အတွက် မနက်ဖြန်ဆိုသည်မှာ ထာဝရကာလကို ပြောခြင်းဖြစ်သည်။ ထိုကြောင့် စုဆောင်းရမည့်အရာများသည် လောကီဘဏ္ဍာတွေ မဟုတ်ဘဲ လောကုတ္တရာနှင့် သက်ဆိုင်သောဘဏ္ဍာများ ဖြစ်ပါ၏။ (မဿဲ ၆း၁၉-၂၀)။ သည် ဘဏ္ဍာတွေကိုသာ သေသည့်အခါ ယူဆောင်သွားနိုင်ပါလိမ့်မည်။ (၁တိ ၆း၇)
                ကျွန်ုပ်တို့ ခရစ်ယာန်ယုံကြည်သူများ၏ ဘဏ်တိုက်သည် ဤကမ္ဘာပေါ်၌ မရှိပါ။ ကောင်းကင် နိုင်ငံတော်တွင် ဖြစ်ပါ၏။ ဘဏ်တိုက်စိုးက ဘုရားသခင်ဖြစ်သောကြောင့် လုံးဝစိတ်ချရပါသည်။ (၁ပေ ၁း၅)
             ထိုဘဏ်၌ ဘာတွေစုဆောင်းနိုင်ပါသနည်း။ ကောင်းကင်နိုင်ငံတွင် ငွေမလိုပါ။ ဟေရှာယ ၅၂း၁ ၌ ဘုရားသခင်ပြင်ဆင်ပေးထားသည့် တင့်တယ်လှပသော အ၀တ်တန်ဆာများ အကြောင်းကို ဖော်ပြ ထားပါသည်။ ချစ်ခြင်း၊ ၀မ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်းနှင့် ကာမဂုဏ်ချုပ်တည်းခြင်း ဆိုသော အ၀တ်လှလှလေးတွေကို သန့်ရှင်းသော ၀ိညာဉ်တော်ထံမှ တောင်းခံ၍ ရပါသည်။ (ဂလ ၅း၂၂-၂၃)
            အားလုံးတွင် ချစ်ခြင်းမေတ္တာသည် အကောင်းဆုံးဖြစ်သည်ဟု ရှင်ပေါလုက ပြောပါသည်။ (၁ကော ၁၃)။ မေတ္တာကို စုဆောင်းလို့ရပါသည်။ များများစုလေ အတိုးပိုရလေလေပါပဲ။ သို့သော် မေတ္တာဘဏ်တိုက်ထဲသို့ ထပ်မထည့်ဘဲ ထုတ်၍သာ သုံးနေမည်ဆိုလျှင်တော့ ကုန်ခမ်းသွားပါလိမ့်မည်။ မေတ္တာသည် အသက်ရှုခြင်းလိုပင် ရပ်သွားသည်နှင့် သေဆုံးသွားပါသည်။ စစ်မှန်သော မေတ္တာကို သခင်ယေရှုကသာ ပေးစွမ်းနိုင်ပါသည်။ ထိုသခင်သည် ဘယ်အခါမှ မကုန်နိုင် မခမ်းနိုင်သော မေတ္တာဘဏ်တိုက်ကြီး ဖြစ်ပါသည်။ နေ့စဉ်ထုတ်ယူလျက် သုံးစွဲကြပါ။ 
                 ဤလောကတွင် စုဆောင်းနိုင်သော အခြားကောင်းကင်ဘဏ္ဍာတွေ ရှိပါသေးသည်။ သည် ဘဏ္ဍာကိုတော့ ၀ှက်ထားသည့်အတွက် တမင်တကာရှာမှ တွေ့ပါသည်။ ဘုရားစေလွှတ်သော နေရာများ နှင့် ဘုရားခိုင်းသော အလုပ်ခွင်တို့၌သာ ထားရှိပါသည်။ မှောင်မိုက်သောဘဏ္ဍာ (ဟေရှာ ၄၅း၃) ကို အလင်းထဲတွင် မရပါ။ ဘ၀၏ မှောင်မိုက်သည့်နေရာများ၌ ခရစ်တော်နှင့်အတူ လျှောက်သောအခါ ရရှိပါသည်။ ရှင်ပေါလုပြောသည့် ပန်းဦးရစ်သရဖူ (၁ကော ၉း၂၅) သည်လည်း ဘုရားပြေးခိုင်းသောပွဲကို ဆုံးအောင်ပြေးမှသာ ရရှိပါသည်။


              ကောင်းကင်နှင့်မြေကြီး ရှိသမျှ၌ တန်ဖိုးအရှိဆုံး ဘဏ္ဍာကတော့ ယေရှုခရစ်တော်ပင် ဖြစ်သည်။ သူ့ကိုရလျှင် ဘဏ္ဍာအားလုံးကို ရပါသည်။ ထိုကြောင့် ရှင်ပေါလုက ခပ်သိမ်းသောအရာတို့ကို မစင်ကဲ့သို့ပင် ထင်မှတ်၍ စွန့်လိုက်ပြီး ခရစ်တော်ကို သိကျွမ်းရသည့် အခွင့်ကို ရလိုသည်ဟု ပြောဆိုခဲ့ပါသည်။ (ဖိ ၃း၁၁)
         မိတ်ဆွေ.........။ သင်၏ဘဏ္ဍာသည် ဘယ်အရာဖြစ်သနည်း။ လောက၌ ခေတ္တနေရစဉ် သင်ဘာတွေစုဆောင်းနေပါသနည်း။ တဒင်္ဂအတွက်လား။ ထာဝရအတွက်လား။ ဤလောကအတွက်လား ကောင်းကင်ဘုံအတွက်လား။ စာတန်ပေးသော ဘဏ္ဍာလား၊ ခရစ်တော်ပေးသော ဘဏ္ဍာလား။ သင်၏ နှလုံးသားသည် ထိုဘဏ္ဍာရှိရာသို့ အမြဲရောက်နေမည် ဖြစ်ကြောင်း သတိရပါ (မ ၆း၂၁)။ ခရစ်တော်နှင့် သက်ဆိုင်သည်ဟု ဆိုပြီး လောကီဘဏ္ဍာကိုပင် မက်မောနေသေးလျှင်တော့ ဘ၀ကိုပြန်လည် သုံးသပ်ဖို့ လိုပါလိမ့်မည်။
    
                                              ဒေါက်တာ ဖေမြတ်ဝင်း













No comments:

Post a Comment