Sunday, July 8, 2018

ပရောဖက်အတုနှင့်အစစ်

ဘုရားသခင်၏ပရောဖက်များသည်..........

*   ဘုရားသခင်နှင့်လူတို့ စပ်ကြားတွင် ရပ်တည်သော ပုဂ္ဂိုလ်များဖြစ်သည်။ (Mediators)
*   အနာဂတ်တွင် ဖြစ်ပေါ်မည့်အရာများကို ကြိုတင်သိမြင် သူများဖြစ်သည်။ (Seers)
*   ခေါင်းဆောင်များ  (Seers)
*   ပြောရေးဆိုခွင့်ရှိသူများ (Spokesman) တို့ဖြစ်ပါသည်။


             တချို့ ပရောဖက်ကြီးများသည် ဤလုပ်ငန်းတာဝန်ကို မလုပ်ဆောင်လိုသော်လည်း လုပ်ဆောင် နေကြရပါသည်။ ဥပမာအားဖြင့် ပရောဖက် ယောန၊ ပရောဖက် ယေရမိနှင့် ပရောဖက် မောရှေတို့ ဖြစ်သည်။ (ယောန ၁၊ ၁ကော ၁၄၊ ထွက် ၆၊ ယေရမိ ၆)
              သမ္မာကျမ်းစာထဲတွင်ရှိသော ဘုရားသခင်၏ စစ်မှန်သော ပရောဖက်ကြီးများ အချို့သည် ဇာတိအားဖြင့် ပျော့ညံ့သောသူများ၊ ၀ိညာဉ်ခွန်အားနည်းသော သူများ၊ ကြောက်တတ်သူများ ဖြစ်ခဲ့ကြ သော်လည်း ဘုရားသခင်၏ နှုတ်ကပတ်တော်သည် သူတို့အထဲသို့ ရောက်ရှိလာသောအခါ အံ့သြဖွယ် ကောင်းလောက်အောင် ရဲဝံ့သောသူများ၊ သတ္တိပြောင်မြောက်သောသူများ အဖြစ်သို့ ပြောင်းလဲ ခဲ့ကြပါသည်။

                ကျွန်တော့်အတွေ့အကြုံကို အနည်းငယ် ဖော်ပြလိုပါသည်။ ကျွန်တော်သည် အသက်(၁၈)နှစ် အထိ ရှက်တတ်၊ ကြောက်တတ်သူ တစ်ဦးဖြစ်ပြီး၊ ဘုရားကျောင်းအတွင်း လူအများရှေ့တွင် ကျမ်းစာတိုတို လေးတစ်ပိုဒ်ကိုပင်လျှင် အဆုံးထိ မရွတ်ဆို နိုင်ခဲ့ပေ။ ထိုကြောင့် ဆရာမများနှင့် မိဘများ၏ ဆူပူကြိမ်မောင်း ခံခြင်းကို ခံရသည့် အကြိမ် မနည်းပါ။ သို့သော် အသက်(၁၈)နှစ် ရောက်သောအခါ နှုတ်ကပတ်တော် တည်းဟူသော ယေရှုခရစ်တော်ကို လက်ခံရရှိသောအခါ နှုတ်ကပတ်တော်ကိုလည်း စိတ်နှလုံးထဲ စားသုံး ခံယူခဲ့သည့်အခါ ယခင်ကနေ့မတူတော့ပေ။ ရန်ကုန်တက္ကသိုလ်ကျောင်းဝင်ထဲမှာ သော်လည်းကောင်း၊ အခြားနေရာ အတော်များများတွင် သော်လည်းကောင်း ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဝေမျှ ဟောပြောနိုင်ခဲ့ သည့်အတွက် ကိုယ်ကို အံ့သြမိခဲ့ပါသည်။
              စစ်မှန်သော ပရောဖက်ကြီးများသည် လူအများရှေ့တွင် မျက်နှာမရဘဲ၊ လူကြိုက်နည်းသော သူများ ဖြစ်ပါသည်။ လူအကြိုက်ကို မပြောသောကြောင့် Popular မဖြစ်ကြပါ။ မောရှေကဲ့သို့ အဟောအပြော မကောင်းပါ။ သို့သော် ပရောဖက် အတုအယောင်များက လူ့အကြိုက်ကို ပြောတတ်သည်။ အဟောအပြောကောင်းသည်။ အဟောအပြော ကောင်းအောင်လည်း အထူးလေ့ကျင့်ကြသည်။ Popular ဖြစ်သည်။

           သူတို့နောက်သို့ လူများစွာလိုက်သည်။ မိစ္ဆာ ပရောဖက်၊ ဆရာအတုအယောင်တို့၏ လက္ခဏများမှာ..........
(၁)   ထူးခြားသောသီသြလော်ဂျီရှိခြင်း
(၂)   ငွေကိုတတ်မက်ခြင်း
(၃)   ၀ါကြွားမောက်မာသည့် သဘောရှိခြင်း
(၄)   သြဇာအာဏာ ညောင်းလိုသေသဘော ရှိခြင်း
(၅)   လိင်မှုကိစ္စများတွင် ရှုပ်ထွေးခြင်း တို့ဖြစ်ပါသည်။

            ယနေ့ Prosperity Theology (သို့) Health, Wealth gospel (ကျန်းမာချမ်းသာတရား) ကို ဟောပြောသွန်သင်သော ဆရာအတော်များများ ထွက်ပေါ်လာနေပါသည်။ လူများကလည်း သူတို့ပြောသည့် တရားများကို နှစ်သက်ကြသည်။ သူတို့တောင်းသည့်အလှူများကို အားတက်သရော ပေးကြသည်။ အဘယ်ကြောင့် ဤသို့ဖြစ်ရ ပါသနည်း။ အကြောင်းမှာ

(၁)   ကျန်းမာ၊ ချမ်းသာ၊ တိုးတက်အောင်မြင်လိုကြသည်။
(၂)   နာမည်ကျော်ကြားလိုကြ သောကြောင့် (သို့) ၀ါကြွားလိုကြသောကြောင့်
(၃)   သူတို့ကို မွေးထုတ်ပြီး ပြုစုပျိုးထောင်ခဲ့သော မူလအသင်းတော်များမှ ဟောပြောပို့ချသော နှုတ်ကပတ်တော်များသည် မိရိုးဖလာသတင်းစကားများ၊ လုပ်ရိုးလုပ်စဉ်၊ ထုံးတမ်းစဉ်လာ အရာများ ဖြစ်ကြောင်းနှင့် ငြီးငွေ့ဖွယ်ဖြစ်ကြောင်း တွေ့မြင်ကြသောကြောင့်
(၄)   ဧ၀ံဂေလိ/သာသနာပြုခြင်း လုပ်ငန်းသည် အလွန်ခက်ခဲပြီး အတိုက်အခံများစွာ ရှိသောကြောင့် ထိုအရာများကို မထမ်းဆောင်၊ မပါဝင်လိုတော့ဘဲ Fake /Conunterfeit gospel (ဧ၀ံဂေလိ အတုအယောင်) (သို့) လွယ်ကူချောမောသော အသက်တာ၊ တစ်ကိုယ်ကောင်းဆန်သော မိမိတစ်ဦးတည်း တိုးတက်ဖွံ့ဖြိုး ကျန်းမာချမ်းသာရေး တရားကိုသာ နှစ်သက်ကြသောကြောင့်
(၅)   ထူးဆန်းသော နိမိတ်လက္ခဏာ၊ ထူးဆန်းသော ၀ိညာဉ်အတွေ့အကြုံများကို တွေ့ကြုံလိုကြ သောကြောင့် (လဲကျခြင်း၊အခြားသော ဘာသာစကားပြောခြင်း)
(၆)   ခရစ်တော်ကို ယုံကြည်လက်ခံပြီးလျှင် အားလုံးကို ရရှိပြီးဖြစ်သောကြောင့် မည်သည့်အလုပ်ကိုမျှ လုပ်လုပ်၊ ကျေးဇူးတော်ကြောင့် နောင်တရစရာမလိုကြောင်း သွန်သင်ခြင်းခံရသူများကို နှစ်သက်ကြ သောကြောင့်
(၇)   ရှင်ပေတရု၊ ရှင်ပေါလု၊ ဓမ္မသစ်ကျမ်းနှင့် ခရစ်တော်ကိုယ်တိုင် သွန်သင်ခဲ့သော ဧ၀ံဂေလိတရားတော် အတိုင်း မဟောပြောဘဲ၊ အခြားသောဧ၀ံဂေလိတရား (other gospel) သည် လူ၏ အတ္တဇာတိနှင့် လိုက်လျောညီထွေမှု ရှိသောကြောင့် ဖြစ်ပါသည်။ (ဂလာတိ ၁း၆-၁၀)
                  ၁တိ ၄း၁-၂ “၀ိညာဉ်တော်သည် အတိအလင်း ဗျာဒိတ်ထားတော်မူ သည်ကား နောင်ကာလ၌ သြတ္တိပစိတ်တွင် သံပူနှင့်ခတ်ခြင်းကို ခံပြီးလျှင်၊ မုသာစကားကို ပြောတတ်သောသူတို့၏ လျှို့ဝှက်ခြင်းအားဖြင့် လူအချို့တို့သည် ယုံကြည်ခြင်းကို စွန့်ပယ်၍ လှည့်ဖျားတတ်သော စိတ်ဝိညာဉ်တို့၌ လည်းကောင်း နတ်ဘုရားတို့နှင့်စပ်ဆိုင်သော သြ၀ါဒတို့၌ လည်းကောင်း မှီဝဲဆည်းကပ် ကြလိမ့်မည်”။
             ၁ယော ၄း၁ “ချစ်သူတို့၊ ခပ်သိမ်းသောစိတ်ဝိညာဉ်ကို မယုံကြည်ကြနှင့်။ စိတ်ဝိညာဉ်တို့သည် ဘုရားသခင်နှင့် စပ်ဆိုင်သည် မစပ်ဆိုင်သည်ကို စုံစမ်းကြလော့။ အကြောင်းမူကား မိစ္ဆာပရောဖက် အများတို့သည် ဤလောကသို့ သွားကြပြီ”
              ဆရာကြီး John Mac Arthur က “သူတို့ဝတ်ပြုကိုးကွယ်ခြင်း များတွင် ၀ိညာဉ်လှုပ်ရှားမှု များကို တွေ့မြင်ရမည်ဖြစ်သော်လည်း ထိုဝိညာဉ်သည် သန့်ရှင်းသောဝိညာဉ်တော် မဟုတ်ကြောင်း” ပြောပါသည်။
(ဆရာကြီး John Mac Arthur ရေးသားထားသော Charismatic နှင့် Strange Fire စာအုပ်များကို ဖတ်ရန် တိုက်တွန်းပါသည်။)


               ယနေ့ သမ္မာကျမ်းစာကို အဓိကမထားရန် သမ္မာကျမ်းစာတွင်ရှိသာ ပရောဖက်များ၊ တမန်တော် များ၊ ဟောပြောသွန်သင်သော အရာများသည် ခေတ်နောက်ကျနေပြီဖြစ်ကြောင်း Dr. Peter Wagner (The New Apostolic Movement) ကို တည်ထောင်ဦးဆောင်သူက သွန်သင်ပါသည်။ ဖော်ပြခဲ့သော ယနေ့ ပရောဖက်များ၊ ကျမ်းမာချမ်းသာရေးတရားကို ဟောပြောသော ဆရာသမားတို့၏ ဟောပြောချက်များသည် သမ္မာကျမ်းစာကို အခြေမခံတော့ဘဲ လူအကြိုက်၊ လူတို့သဘောကိုသာ ဟောပြောနေသည်ကို ကိုယ်တိုင် လေ့လာသုံးသပ်နိုင်ပါသည်။
              အမေရိကန်နိုင်ငံတွင် နေထိုင်သော ကျွန်တော့်မိတ်ဆွေ Rev. Livingstone ၏ သက်သေခံချက် တစ်ခုကို ဝေမျှလိုပါသည်။ ကျန်းမာချမ်းသာတရား ဟောပြောပွဲ၊ အနာရောဂါငြိမ်းခြင်း အစီအစဉ်ကို ပြုလုပ်ရန် လာရောက်ပြင်ဆင်ကြသော လူတစ်စု မေ့ကျန်ခဲ့သော အစီအစဉ်စာရွက်ကို သူဖတ်ရသောအခါ သူအလွန်အံ့သြမိပါသည်။ ထိုအစီအစဉ်စာရွက်တွင် ဘယ်အချိန်၊ ဘယ်နာရီမှာ ဘယ်သူက ဇတ်စင်ပေါ် တက်ပြီး အနာရောဂါငြိမ်းခြင်းကို ခံယူရမည်။ ဘယ်သူကမျက်စိကန်း၊ ခြေမသန်၊ တစ်ခြမ်းသေ၊ ကင်ဆာ၊ နားမကြားအဖြစ် တက်ရောက်ရန်၊ ကြိုတင်ဇတ်တိုက်ထားသည့် အရာများကို သူကိုယ်တိုင် တွေ့ရှိခဲ့ရကြောင်း သက်သေခံခဲ့ပါသည်။ အမေရိကတွင် နေထိုင်သောကြောင့် ထိုဆရာများ၏ မကောင်း သတင်းအမျိုးမျိုးကိုလည်း ကြားသိနေရကြောင်း ပြောပါသည်။
                ပရောဖက်အစစ်နှင့် ပရောဖက်အတုများကို နှစ်ခြင်းခရစ်ယာန်များ စိစစ်ပိုင်းခြားသိမြင်နိုင်ပြီး လမ်းမမှားရလေအောင် ဤဆောင်းပါးအားဖြင့် တိုက်တွန်းလိုက်ပါသည်။


                                           Rev. Dr. အော်နယ်ညို














No comments:

Post a Comment