Thursday, July 5, 2018

ခံစားမိသမျှဆရာကြီးယုဒဿန်ဘဝ

အခြေပြုကျမ်း ။            ။ အာဗေလသည်သေလွန်သော်လည်းယခုပင်တရားဟောသေး၏။ ဟေဗြဲ (၁၁း၎)

             မြန်မာပြည်နှစ်ခြင်းခရစ်ယာန်သာသနာသည် (၁၈၁၃) ဇူလိုင်လ(၁၃)ရက်နေ့တွင် မြန်မာပြည်သို့ ရောက်ရှိလာသော ဆရာကြီးယုဒဿန်နှင့် ဇနီးသည်ရောက်ရှိသည့်နေ့ကို အစွဲပြု၍ သတ်မှတ်ခဲ့သောကြောင့် သာသနာနှစ်(၂၀၀)ပြည့်တော့မည်ဖြစ်သည်။ မြန်မာပြည်ပေါ်တွင် ခရစ်ယာန် သာသနာမျိုးစေ့ကို ရှင်သန်ကြီးထွားအောင်စိုက်ပျိုးပေးခဲ့သော ဆရာကြီးယုဒဿန်အား ဤစာစုဖြင့် ဂုဏ်ပြု
မှတ်တမ်းတင် အပ်ပေသည်။ ဆရာကြီး၏ ဘ၀တစ်ခုလုံးကို လေ့လာရာတွင် လူသားအားလုံးကို အကျိုးပြု 
သောသစ်ပင်ကြီးတစ်ပင် နှင့် ခိုင်းနှိုင်းဖော်ပြချင်ပါသည်။။ “သစ်တစ်ပင်ကောင်း၊ငှက်တစ်သောင်းနားနိုင်” ဟူသော စကားအတိုင်း သစ်ပင်တစ်ပင်၏အရေးကြီးသော အစိတ်အပိုင်းများမှာ အောက်ပါအတိုင်းဖြစ် ပါသည်။


၁။ အမြစ် (ရေသောက်မြစ်)
               သစ်ပင်တစ်ပင်၏ အရေးကြီးသောအစိတ်အပိုင်းမှာ မမြင်ရသောရေသောက်မြစ် ပင်ဖြစ်သည်။ အပင်၏အသက်ပင် ဖြစ်သည်။ အမြစ်သည်ရေ လုံလောက်စွာမရလျှင် ပုပ်ပြီးခြောက်သွေ့သွားပါမည်။ လူတစ်ယောက်၏အသက်တာသည်လည်း သူ၏နှလုံးသားထဲ၌ ရှိနေသော သူ၏ဘုရားအပေါ် ယုံကြည် ကိုးကွယ်မှုပင် ဖြစ်သည်။ ဆရာကြီးယုဒဿန်နှင့်ဇနီးမောင်နှံသည်..... အမေရိကန်ပြည်ထောင်စုမှနေ၍ အရှေ့ပိုင်း အန္ဒိယနိုင်ငံသို့ သာသနာပြုရန် ထွက်ခွာခဲ့လေသည်။ လမ်းတစ်လျှောက်လုံးတွင် ကျမ်းစာတော် မြတ်ကိုနှိုက်နှိုက်ချွတ်ချွတ် လေ့လာခဲ့ရာမှ သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းပြမှုကြောင့် နှစ်ခြင်းဂိုဏ်း ဂဏသို့ပြောင်းလဲခဲ့ပြီး မြန်မာပြည်သို့သာသနာပြုရန် ရည်ရွယ်ချက်မရှိသော်လည်း သမိုင်း၏အရှင် ဘုရားသခင်သည် မုန်တိုင်းကိုအသုံးပြုပြီး သူတို့စီးနင်းလာသော ဂျော်ဂျီယာနာ (Georgians) သင်္ဘောကြီး ကို ရန်ကုန်မြို့သို့ ဆိုက်ရောက်စေခဲ့သည်။ (မြန်မာပြည်သို့စတင်ရောက်ရှိသော၁၈၁၃မှဘုန်းတော်ဝင်စား သော၁၈၅၀)မြန်မပြည်သာသနာပြုခဲ့သော(၃၇)တာကာလအတွင်း သမိုင်းမှတ်တိုင်အချို့မှအောက်ပါ အတိုင်းဖြစ်သည်။

(က)   ၁၈၁၉၊ဧပြီ(၄)ရက်နေ့တွင်ပထမဦးဆုံးမြန်မာဘာသာဖြင့် ၀တ်ပြုစည်းဝေး ပြုလုပ်နိုင်ခဲ့သည်။ လူကြီး (၁၅)ဦးနှင့် ကလေးအချို့ပါဝင်ခဲ့သည်။
(ခ)  ၁၉၁၉ခု၊ဇွန်လ(၂၇)တွင်ဆံတော်ကြိုလမ်းအနီး၊လိပ်ပြာကန်တွင် ဦးနောအား နှစ်ခြင်းမင်္ဂလာ ပြုခဲ့သည်။ မြန်မာပြည်ခရစ်ယာန်နှစ်ခြင်း သမိုင်းတွင် ပထမဦးဆုံးနှစ်ခြင်း မင်္ဂလာပင်ဖြစ်သည်။
(ဂ)   ၁၈၂၆ခု၊ဖေဖေါ်ဝါရီလ(၂၄)တွင် ရန္တပိုစာချုပ် ချုပ်ဆိုရာတွင် စစ်ပြေငြိမ်းရေးစကားပြန်ကိစ္စ၌ ဆရာကြီး ယုဒဿန် ပါဝင်ဆောင်ရွက်ခဲ့ရသည်။
(ဃ)   ဆရာကြီးယုဒဿန်သည် အင်္ဂလိပ်-မြန်မာ အဘိဓာန်နှင့် မြန်မာ- အင်္ဂလိပ် အဘိဓာန်ကို ရေးသား ပြုစုခဲ့သူဖြစ်ရာ မြန်မာစာပေသမိုင်းအတွက် သာမက မြန်မာနှင့်ကမ္ဘာကို ပညာပေါင်းကူး ဆက်သွယ် ပေးခဲ့သူဖြစ်သည်။
(င)   ဆရာကြီးယုဒဿန်သည် ၁၈၃၂၊ ဒီဇင်ဘာလ(၁၅)ရက်တွင်ဓမ္မသစ်ကျမ်းကို မြန်မာဘာသာဖြင့် ပြန်ဆို ရေးသားခဲ့ပြီး၊ မော်လမြိုင်သာသနာပြုအသင်းပုံနှိပ်တိုက်မှ ထုတ်ဝေခဲ့သည်။ ဓမ္မဟောင်းကျမ်းကို ၁၈၃၅၊ ဒီဇင်ဘာ(၂၉) ရက်နေ့တွင် ရေးသားပြုစုပြီး၊ မော်လမြိုင်မြို့တွင် ပုံနှိပ်ထုတ်ဝေခဲ့သည်။
(စ)   ၁၈၂၄ခု၊ဇွန်လ(၈)ရက်မှ၁၈၂၅ခု၊မေလအထိဆယ့်တစ်လအကြာ အင်းဝလက်မရွံထောင်တွင် ညှင်းပန်နှိပ်စက် ချည်နှောင်ခြင်း ခံခဲ့ရသည်။
(ဆ)   ဆရာကြီးယုဿန်သည်အိမ်ထောင်သုံးဆက်ရှိခဲ့ပြီး၊ တစ်ပင်လဲတစ်ပင်ထူခဲ့သူဖြစ်သည်။သူ၏ သာသနာခရီးတွင် ဇနီးသည်များ၊ သားသမီးများ ဆုံးရှုံးမှုများစွာ ခါးသီးစွာ ရင်ဆိုင်ခဲ့ရရုံမက သူကိုယ်တိုင် ၁၈၅၀၊ဧပြီလ(၁၂)တွင် မော်လမြိုင်မှ ပင်လယ်ခရီးထွက်ခွာစဉ် သင်္ဘောပေါ်တွင် ဘုန်းတော်ဝင်စား ခဲ့သူ ဖြစ်သည်။
           
                ယုဒဿန်သည် သာမာန်လူများမလုပ်နိုင်သော လုပ်ငန်းများစွာကို မြန်မာပြည်ရှိ ခရစ်ယာန်များ အတွက် သာမက၊မြန်မာပြည်သူပြည်သားများအတွက် တန်ဖိုးမဖြတ်နိုင်သော မြန်မာစာပေအမွေကို ပေးခဲ့သူဖြစ်သည်။ အခြားတစ်ဘက်တွက်မူ ဘ၀တစ်လျှောက်လုံး ကိုယ်ကျိုးစွန့်အနစ်နာခံကာ ပေးဆပ်ခဲ့ သူဖြစ်သည်။ သူ၏ထင်ရှားသော စကားတစ်ခုမှ “ခရစ်တော်အတွက်သာမဟုတ်ခဲ့လျှင် ထိုအရာများကို ပြုလုပ်နိုင်မည်မဟုတ်ပါ” ဟူ၍ဖြစ်သည်။ သူ့ဘ၀အသက်တာတွင် ရေသောက်မြစ်တည်းဟူသော ခရစ်တော် ဘုရားဆီမှ ခွန်အားကိုယူ၍ လုပ်ဆောင်ခဲ့ခြင်းသာဖြစ်သည်။ “ငါသည် စိုက်ပျိုးသောသူ ဖြစ်၏။ အာပေါလုသည် ရေလောင်းသောသူ ဖြစ်၏။ စိုက်ပျိုးသောသူ မတတ်နိုင်၊ ရေလောင်းသောသူ မတတ်နိုင်၊ ကြီးထွားစေတော်မူသော ဘုရားသခင်သာလျှင် တတ်နိုင်တော်မူ၏” (၁ကော ၃း၆-၇)

၂။  ပင်စည် - အတတ်ပညာ
               ယုဒဿန်သည် သူ့အမှုတော်ဆောင်ခြင်းတွင် အံ့သြဖွယ်ရာများ(miracles) ကိုသာ အားကိုးပြီး တရားမဟောပါ။ လူများ ပြောင်းလဲဖို့ရန် မျက်လှည့်ဆရာကဲ့သို့ ထူးဆန်းသောအရာများကို အားမကိုးခဲ့ပါ။ ရုပ်ဝတ္ထုပစ္စည်းများဖြင့် သွေးဆောင်ဖျားယောင်းပြီး သာသနာမပြုခဲ့ပါ။ မြန်မာပြည်အား သာသနာပြုဖို့ရန် အတွက် မြန်မာစာ၊မြန်မာစကားကို ရှေးဦးစွာ ဘုန်းကြီးလူထွက် ဦးရွှေဒေါင်းမှလည်းကောင်း၊ ဆရာ ဦးအောင်မင်းထံမှ မြန်မာစာ သာမက ပါလိဘာသာ၊မြန်မာသဒ္ဒာ တည်ဆောက်ပုံကို စနစ်တကျ သင်ကြား ခံယူပြီး မြန်မာကျမ်းစာကို မြန်မာပြည်သူပြည်သားများ ဖတ်ရှုနိုင်အောင် ဘာသာပြန်ဆိုခဲ့သည်။ သာသနာပြု ရာတွင် မြန်မာ့ယဉ်ကျေးမှုကို လေးစားကာ လူအများနေထိုင်ရာ အချက်အခြာ၌ တရားဇရပ်ဆောက် လုပ်ခြင်း၊ ခရစ်ယာန်တရားတော်ကို အပြန်အလှန်ဆွေးနွေးခြင်း၊ စာပေအားဖြင့် သာသနာပြုခြင်းတို့ကြောင့် သာသနာပြုခြင်း အတတ်ပညာ ကျွမ်းကျင်ခဲ့သူဖြစ်ရုံ သာမက ကိုယ်ကျိုးစွန့်အစေခံခြင်း တို့ကြောင့် သာသနာသမိုင်း မှတ်တိုင်ကို တည်ဆောက်နိုင်ခဲ့သူ ဖြစ်သည်။ ဆရာနန္ဒာသိန်းဇံစာအုပ်မှ အဖြစ်အပျက် တစ်ခု တင်ပြပါရစေ။
                 တစ်ခါက ဥယျာဉ်မှူးတစ်ဦးသည် တောစပ်တစ်နေရာတွင် ပန်းပင်များကိုစိုက်ပျိုးလျက် အသက်မွေးဝမ်းကြောင်းခဲ့သည်။ တောထဲရှိမျောက်များနှင့် ရင်းနှီးကာ တစ်နေ့တွင်မြို့ထဲသို့ ကိစ္စတစ်ခု ရှိသောကြောင့် ပန်းပင်များအား ရေလောင်းခြင်းအလုပ်ကို မျောက်များအား တာဝန်ပေးခဲ့ရာ ညနေပြန်လာ
 သောအခါ ပန်းပင်အားလုံး အမြစ်မှနှုတ်ထားကြောင်း တွေ့ရှိရသည်။ သို့နှင့် မျောက်များအားလုံးကို ခေါ်ပြီး မေးမြန်းလေရာ မျောက်ခေါင်းဆောင်က ကျွန်တော်တို့အားလုံး ခိုင်းထားတဲ့အတိုင်း ပန်းပင်များကို ရေလောင်းရာ အမြစ်ထဲရေရောက်မရောက် မတွေ့ရတဲ့အတွက် သေချာအောင် အပင်ကိုနှုတ်ပြီး ရေလောင်းကာ ပြန်စိုက်တဲ့အခါ မရတော့ဘဲ၊ ယခုလိုတွေ့နေရခြင်း ဖြစ်ကြောင်း ရှင်းပြခဲ့သည်။
              ထိုအဖြစ်အပျက်ကိုကြည့်ခြင်းအားဖြင့် အလုပ်တစ်ခုလုပ်ရာတွင် စေတနာကောင်းရုံနှင့် မလုံလောက်ပဲ ကိုယ်လုပ်သောအလုပ်အား ကျွမ်းကျင်ဖို့ လိုကြောင်းဖော်ပြထားသည်။ ဆရာကြီးယုဒဿန် သည် သာသနာပြုရာတွင် ဆက်ကပ်အစေခံရုံသာမက မြန်မာပြည်နှင့်ကိုက်ညီသော ယဉ်ကျေးမှု၊စာပေ တို့ကို အခြေခံ၍ သာသနာပြုခဲ့သူ ဖြစ်သည်။

၃။   အကိုင်းအခက် - အတတ်ပညာ
                   သစ်ပင်သည် အကိုင်းအခက်ဖြင့် ဝေဆာကာ လာရောက်ခိုနားသူများအတွက် အေးမြသော အရိပ်ကို ပေးလျက်ရှိသလို သမိုင်းတွင် အောင်မြင်သောသူ အားလုံးတို့၏ ဘ၀တွင် ကောင်းသောမိတ်ဆွေ အသိုင်းအ၀န်းများနှင့် ၀န်းရံထားလျက်ရှိသည်။
                 ဆရာယုဒဿန်၏ဘ၀တွင် သူ၏ဇနီးသည် မမအန်း၏အခန်းဂဏ္ဍကို ပစ်ပယ်ထား၍ မရချေ။ ခင်ပွန်းသည်၏ လုပ်ငန်းများကို တစ်ဖက်တစ်လမ်းမှ ကူညီရင်း မြန်မာပြည်တွင် ဥပုသ်စာဖြေကျောင်း (Sunday School)  ကို စတင်ဦးဆောင်ခဲ့သူ ဖြစ်သည်။ ဆရာယုဒဿန် အင်းဝလက်မရွံထောင်တွင် အကျဉ်းကျခံနေရစဉ် မိန်းမသားတန်မဲ့ ကြောက်ရွံမှုကင်းစွာ ခင်ပွန်းသည်လွတ်မြောက်ရေးအတွက် ထောင် အာဏာပိုင် တာဝန်ရှိသူများသာမက၊ စစ်သူကြီး မဟာဗန္ဒုလဆီသို့ သွားရောက်ကာတွေ့ဆုံခဲ့ကြောင်း တွေ့ရသည်။ ထိုပြင် ထောင်ပြောင်းသောအခါ ကျန်ရစ်သော ဘာသာပြန်ဆိုပြီး ကျမ်းစာကို ထိန်သိမ်း ကာကွယ်စောင့်ရှောက်ခဲ့ကြောင်း တွေ့ရသည်။ ကျိုက္ခမီတွင်နေထိုင်စဉ် မြန်မာတပည့် ကလေးများအား စာသင်ပေးခြင်း၊ နှစ်ခြင်းခံယူလိုသူများအား စုဆောင်းပေးခြင်း၊ တနင်္ဂနွေနေ့တွင် ၀တ်ပြုကိုးကွယ်ခြင်းများ ပုံမှန် ပြုလုပ်နေစဉ် အပြင်းဖျားပြီး ဘုန်းတော်ဝင်စားခဲ့ရာ နှစ်နှစ်အရွယ် လူမမယ်သမီးလေး ကျန်ရစ်ခဲ့သည်။ မိခင်ဆုံးပြီး ခြောက်လအကြာတွင် သမီးငယ်ပါ ထပ်မံဆုံးရှုံးခဲ့ရသည်။ 


                 ဆရာယုဒဿန်သည် ဆာရာဟောလ်ဘိုဒ်မန်နှင့် ဒုတိယအိမ်ထောင် ပြုခဲ့သည်။ ဆရာ ယုဒဿန်၏ မိသားစုဘ၀ စိုစိုပြေပြေ ဖြစ်လာခဲ့သည်။ ဇနီးသည် ဆာရာမှာ ဆရာယုဒဿန်၏ ပထမဇနီး အဲန်း ဟေဇယ်တိုင်းနှင့် သမီးမာရီယာတို့ မျက်စိရှေ့မျောက်မှာ သေဆုံးသွားပုံ၊ ဆရာယုဒဿန် ပူဆွေး သောကရောက်ခဲ့ပုံတို့အား တွေ့မြင်ခဲ့သူ ဖြစ်သောကြောင့် ဆရာကြီး၏ စိတ်ပိုင်းဆိုင်ရာဒုက္ခ များကို ကူညီဖြေရှင်း ပေးခဲ့သူဖြစ်သည်။ ဇနီးသည်ဆာရာသည် ဆရာယုဒဿန်အတွကင် သားသမီး(၆)ဦး မွေးဖွားပေးနိုင်ခဲ့ပြီး (၁၈၄၄)ခု၊စက်တင်ဘာ(၁)ရက်တွင် ဘုန်းတော်ဝင်စားခဲ့ပါသည်။
                 (၁၈၄၆)ခု၊ ဇွန်လ(၂)ရက်နေ့တွင်အယ်မလီချပ်ဘတ်နှင့် တတိယအိမ်ထောင် ပြုခဲ့ပြီး၊ အယ်မလီ ဖရန့်ဂျဒ်ဆင်ကို ဆရာကြီးယုဒသန်အတွက် မွေးဖွားပေးခဲ့သည်။ ဆရာကြီးတွေ့ဆုံခဲ့သော ဇနီးသည် သုံးဦး၏ ပေးဆပ်ခြင်း၊ အနစ်နာခံခြင်း၊ အစေခံခြင်းတို့ကြောင့် ဆရာကြီးသည် သာသနာပြုခြင်း တွင် သမိုင်းဝင် မှတ်တိုင်များ စိုက်ထူနိုင်ခဲ့ခြင်း ဖြစ်သည်။ အောင်မြင်သောသူများ၏ ဘ၀နောက်ကွယ်တွင် ဇနီး၊ ခင်ပွန်း၊ အုပ်ထိန်းသူ၊ မိဘနှင့် ကောင်းသောပတ်ဝန်းကျင်များဖြင့် ၀ိုင်းရံလျက်ရှိသည်။ “မိတ်ဆွေမူကား၊ ညီအစ်ကိုစွဲကပ်သည်ထက် သာ၍စွဲကပ်တတ်၏” (သုတ္တံ ၁၉း၂၄)

၎။   အရွက် - စည်းစိမ်ဥစ္စာ
              လူတစ်ယောက်၏ တန်ဖိုးကို မည်သည့်စံဖြင့် တိုင်းတာရမလဲဟူသော မေးခွန်းကို ပညာရှင် အမျိုးမျိုးဖော်ပြသော်လည်း လူတိုင်း မိမိတန်ဖိုးဖြစ်သော ကိုယ်ပိုင်အရည်အချင်း၊ ကိုယ်ပိုင်သိက္ခာကို မြှင့်တင်ရန် ကြိုးပမ်းသင့်ပေသည်။ ကိုယ်ပိုင်အရည်အချင်း သိက္ခာဆိုသည်မှာ ပညာ၊ ဥစ္စာ၊ သြဇာအာဏာ တို့ထက် ခိုင်မြဲသော ဖြောင့်မတ်တည်ကြည်ခြင်းပင် ဖြစ်သည်။ လူတစ်ဦး ဘ၀အသက်တာတစ်လျှောက်လုံး ရိုးသားဖြောင့်မတ်စွာ အသက်ရှင်သွားပါက သူ၏တန်ဖိုး မြင့်မား နေမည်သာဖြစ်သည်။ စာရေးဆရာကြီး ပါရဂူက လူတစ်ယောက်၏ တန်ဖိုးကို ဆုံးဖြတ်တော့မည်ဆိုလျှင် ဒီလူဟာ သူနေထိုင်ခဲ့သော လောကကြီးကို ဘယ်လောက်အကျိုးပြုခဲ့သလဲ ဆိုတဲ့စံသတ်မှတ်ချက်နှင့် တိုင်းတာနိုင်ပါသည်ဟု ဖော်ပြခဲ့သည်။ ဆရာကြီး ယုဒဿန် သေဆုံးသွားသောအခါ မြန်မာပြည်သူပြည်သား များအတွက် စာပေ အမွေ(အင်္ဂလိပ်-မြန်မာနှင့် မြန်မာ-အင်္ဂလိပ်အဘိဓာန်) ပညာရေးအမွေ (ယုဒသန်ကောလိပ်နှင့် တန်ဖိုးမဖြတ် နိုင်သော ကယ်တင်ခြင်းသတင်းကောင်း) ထားရှိခဲ့သူ ဖြစ်သည်။ လောကအမွေသာမက တမလွန်ဘ၀ အတွက် ကယ်တင်ခြင်းစိတ်ချမှု အမွေများပါ နောင်လာနောက်သားများအတွက် ထားခဲ့နိုင် သောသူဖြစ်သည်။
            ဆရာယုဒဿန်ကွယ်လွန်ပြီး၊ နှစ်ပေါင်း(၃၀)အကြာတွင် မြန်မာပြည်၌ ခရစ်ယာန်ဘုရားရှိကျောင်း (၆၃)ကျောင်း၊ သာသနာပြုအသင်းအဖွဲ့အစည်း(၁၆၃)ဖွဲ့နှင့် နှစ်ခြင်းခံပြီး ခရစ်ယာန်ဘာသာဝင် (၇၀၀၀) ကျော်ရှိလာခဲ့သည်။ “သံချေးပိုးရွဖျက်ဆီး၍ သူခိုးထွင်းဖောက်ခိုးယူရာ မြေကြီးဘဏ္ဍာကို မဆည်းပူးကြနှင့်။ သံချေးပိုးရွ မဖျက်ဆီး၍ သူခိုးမထွင်းဖောက် မခိုးမယူရာ ကောင်းကင်ဘုံ၌ ဘဏ္ဍာကို ဆည်းပူးကြလော့။ အကြင်အရပ်၌ သင်၏ဘဏ္ဍရှိ၏။ ထိုအရပ်၌ သင်တို့၏ စိတ်နှလုံးရောက်တတ်၏။” (မဿဲ ၆း၁၉-၂၁)

၅။   အသီးအပွင့် - အောင်မြင်မှု (အကျိုးပြုသော လုပ်ငန်း)
                  ဆရာကြီးယုဒဿန် အောင်မြင်မှု၏ အဓိကသော့ချက်မှာ လူသားတစ်ဦးအနေဖြင့် သူခံရသော ကာယဝေဒနာ၊ စိတ်ဝေဒနာတို့သည် နလံမထူနိုင်အောင် ကြီးမားသော ဖိစီးမှုများ ဖြစ်ခဲ့ပါသည်။ ရူးမတတ်ဖြစ်ခဲ့ရသော အချိန်များ ရှိခဲ့သည်။ သို့ရာတွင် စိတ်ဓာတ်မကျ၊ ဇွဲလုံ့လမလျောဘဲ ဘုရားထံတော်မှ မေတ္တာတော်ဖြင့် ခရီးဆက်ခဲ့ပြီး ထိုမေတ္တာတော်သည် သူ၏ခွန်အား၊ သူခံရသော ဆင်းရဲခြင်းများကို ရင်ဆိုင်ဖြတ်ကျော်နိုင်စေခဲ့သည်။ သောမတ်စ် အယ်ဒီဆင်က “စစ်မှန်သော အောင်မြင်မှု များသည် ရှုံးနိမ့်မှု လှေကားထစ်များမှ..... စိတ်ဓာတ်မကျဘဲ၊ ဘုရားပေးသောခွန်အားဖြင့် တက်လှမ်းခဲ့ရ တာချည်းပင် ဖြစ်သည်” ဟု ဆိုခဲ့သည်။


၆။  အရောင်အနံ့ - ကျော်ကြားမှု
              သစ်ပင်တစ်ပင်၏ကောင်းခြင်းသည် ထိုသစ်ပင်၏ အရောင်ရနံ့ပင် ဖြစ်သည်။ ပန်းသတင်း လေညှင်းဆောင်သလို၊ လူသတင်း လူချင်းဆောင်သကဲ့သို့ ပင်ဖြစ်သည်။ ရှင်ပေါလုက ကောရိနုအသင်းသူ/သားများကို “ငါတို့သည် ခရစ်တော်နှင့်အတူ အောင်ပွဲကို အစဉ်ခံစေခြင်းငှာ၎င်း၊ ထိုသခင်ကို သိခြင်း၏အမွှေးအကြိုင်သည် ငါတို့အားဖြင့် အရပ်ရပ်တို့၌ နှံ့ပြားစေခြင်းငှာ၎င်း၊ ပြုတော်မူသော ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းခြင်း ရှိစေသတည်း” (၂ကော ၂း၁၄)။ ဆရာယုဒဿန်၏ ဂုဏ်သတင်းသည် ကမ္ဘာတည်သရွေ့ မွှေးပျံ့ သင်းထုံနေမည်မှ ဧကန်မလွဲပါ။
               မြန်မာပြည်၏ မြေပေါ်မှာ ဆရာကြီးယုဒဿန် စိုက်ပျိုးခဲ့သော သာသနာသစ်ပင်ကြီးသည် ရှင်သန်ကြီးထွားခဲ့သည်မှာ နှစ်ပေါင်း(၂၀၀)ပြည့်မည် ဖြစ်ပါသည်။ ထိုသာသနာသစ်ပင်ကြီး ဆက်လက်ကြီးထွားဖို့ရန် စာဖတ်သူ ယုံကြည်သူများအားလုံး၏ တာဝန်ပင်ဖြစ်သည်။ 
               တစ်ခါက ပန်းချီဆရာကြီးတစ်ဦထံသို့ လူတစ်ယောက် အလုပ်လာအပ်သည်။ ဆရာကြီး၏ ပန်းချီပညာနှင့် ဘုရားသခင်ဖန်ဆင်းစက အပြစ်မ၀င်ရောက်မီ ဧဒင်ဥယျာဉ်ဒ အခြေအနေကို ရေးဆွဲပေးဖို့ တောင်းဆိုရာ ပန်းချီဆရာကြီးက အချိန်အကန့်အသတ်မပေးဘဲ ငါစိတ်တိုင်းကျမှ ပန်းချီကားအပ်မည်ဟု ဆိုကာ အလုပ်ကို လက်ခံလိုက်သည်။ ဆရာကြီးသည် သူ၏ တစ်ဦးတည်းသောသားနှင့် မြို့ပြင်က စမ်းချောင်းလေးတစ်ခုမှာ တစ်ရက်လျှင် နှစ်နာရီပန်းချီသွားဆွဲရာ သားက နေ့တိုင်းလိုက်ပေးကာ ကူညီ ပေးရသည်။ တစ်လကြာသောအခါ နေပူမရှောင် မိုးရွာမရှောင် သွားရောက်ရေးဆွဲသော ပန်းချီဆရာကြီး အပြင်းဖျားပြီး ကွယ်လွန်သွားခဲ့သည်။ တစ်ဦးတည်းသောသားသည် ဖခင်၏ ဈာပနအစီအစဉ်ပြီး သွားသောအခါ ဖခင်၏ နောက်ဆုံးပန်းချီကားကို ကြည့်ပြီး၊ အတွေးအမျိုးမျိုး ပေါ်လာခဲ့သည်။
               ပထမအတွေးမှာ ဖျက်ဆီးပစ်လိုက်ရန် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ပန်းချီကားကို ကြည့်ပြီး ဖခင်ကို သတိရနေ၍ ဖြစ်သည်။ ဒုတိယအတွေးကတော့ ပန်းချီကားကို ဖျက်ဆီးလျှင် ကောင်းကင်ဘုံက ဖခင်ကျေနပ်မှ မဟုတ်တဲ့အတွက် မဖျက်ဆီးတော့ဘဲ ဒီအတိုင်းသာ ထားရန်ဖြစ်သည်။ တတိယအတွေးကတော့ ငါ့အဖေရဲ့ နောက်ဆုံးပန်းချီကားဖြစ်တဲ့အတွက် အဖေပေးတဲ့ ပန်းချီပညာနဲ့ မပြီးဆုံးသောတဲ့ ပန်းချီကားကို ဆက်ဆွဲဖို့ပင်ဖြစ်သည်။ ထိုအတိုင်း လုပ်ဆောင်ရန်လည်း နောက်ဆုံး သူဆုံးဖြတ်ချက် ချခဲ့သည်။
                ဆရာကြီးယုဒဿန်သည် မြန်မာပြည်မြေပုံပေါ်တွင် သာသနာသစ်ပင် ပန်းချီကားကို ကျွန်တော်တို့အားလုံး အတွက် ချန်ထားခဲ့ပြီး ဖြစ်သည်။ ဖျက်ဆီးပစ်မှာလား။ ၀တ်ကျေတမ်းကျေ ရေလိုက် ငါးလိုက် အသက်ရှင်မှာလား။ လှပတဲ့ပန်းချီကားတစ်ချပ်ပေါ်ထွက်လာအောင် ဆက်ဆွဲမှာလား။ စာဖတ်သူ၏ ဆုံးဖြတ်ချက်သာ ဖြစ်ပါသည်။ သာသနာ သစ်ပင်ကြီး ကမ္ဘာတည်သရွေ့အဓွန့် ရှည်နိုင်ပြီး၊ ဆရာကြီးယုဒသန်ကဲ့သု့ နောင်လာနောက်သားများအား သာသနာ့အမွေ လက်ဆင့်ကမ်းပေးနိုင်သူများ ဖြစ်ပါစေလို့ ဆန္ဒပြုရင်း ဝေငှခြင်းကို နိဂုံးချုပ်လိုက်ပါသည်။



                                       Rev. စောထွန်းထွန်းလင်း (ရန်ကုန်မြို့မအသင်းတော်)
















No comments:

Post a Comment