Wednesday, June 6, 2018

သိအပ်ဖွယ်မိုမွန်ဂိုဏ်းဆွယ်

(Facts about the Mormons)

                  တမန်တော်ခေတ်မှစတင်ပေါ်ပေါက် လာသော ခရစ်ယာန်အသင်းတော်အား အေဒီ၁၀၅၄ ခုနှစ်အထိ ကမ္ဘာလုံးဆိုင်ရာ အသင်းတော်ဟု အဓိပ္ပါယ်ရှိသည့် ကာသိုလစ်အသင်းတော်(Catholic Church) ဟုခေါ်သည်။ ဒေသန္တရအသင်းတော်များက မိမိတို့၏ ကိုယ်ပိုင်အုပ်ချုပ်ပိုင်ခွင့် (autonomy) ရှိကြကာ တမန်တော်များ၏ ဓမ္မသွန်သင်ချက် (apostolic doctrine) များနှင့် သွေဖီသော သွန်သင်ချက်များ ရှိပါက အသင်းတော်အသီးသီးမှ သာသနာပိုင်ခေါင်းဆောင်ကြီးများ စုဝေးလျက် ဆုတောင်းဆွေးနွေး တိုင်ပင်ကြပြီး၊ ဆုံးဖြတ်ချက်များ ပြုလုပ်လေသည်။ အေဒီ၃၂၀လောက်တွင် ပေါ်လာသော အေရီးယန်း သွန်သင်ချက်(Arianism) ကို အေဒီ၃၂၅တွင် ကွန်စတန်တင်ဘုရင်ကို အမှုးပြုလျက် သာသနာပိုင်များ နိစိန်မြို့(Nicene) တွင်တွေ့ဆုံကာ နိစိန်ယုံကြည်ချက် (Nicene Creed) ကိုပြဌာန်း ဖြေရှင်းခဲ့ကြသည်။ ပင်မကယ်သိုလစ်အသင်းတော်ကြီးအား ရောမကယ်သိုလစ်(Roman Catholic)နှင့် အောသိုဒေါ့စ (Orthodox) ဟူ၍ အေဒီ၁၀၅၄ခုနှစ်၌ မကွဲပြားမီ၊ ထိုထိုကဲ့သို့သော မှားယွင်းသည်ဓမ္မသွန်သင်ချက်များကို ပင်မကယ်သိုလစ် အသင်းတော်က ကောင်စီအစည်းဝေးခေါ်ဖိတ်ကာ ဖြေရှင်းခဲ့ကြသည်။
                ပင်မအသင်းတော်၏ မဟာကွဲပြားမှု ၁၀၅၄ခုနှစ် နောက်ပိုင်းတွင်မူ အနယ်နယ် အရပ်ရပ်မှ ပင်တိုင်ဓမ္မသွန်သင်မှုများ (major doctrine) ကို ကွဲပြားခြားနားစွာ အဓိပ္ပါယ်ဖွင့်ခြင်းများ ပေါ်လာပါတော့သည်။ အေဒီ ၁၅၁၇ခုနှစ်တွင် တိတိပပကြီး ပေါ်လာမည်ဖြစ်သော အသင်းတော်ပြုပြင်ရေး လှုပ်ရှားမှု (Protestant Reformation) ကြီး၏ ရှေ့ပြေးအဖြစ် ခြားနားသောသွန်သင်ချက်များ ပေါ်လာခဲ့ဖူး ပေသည်။ ၁၅၂၁ခုနှစ်မှစ၍ ပြုပြင်ရေးလှုပ်ရှားမှုကြောင့် လူသရင်(Lutheran)၊ ပရီစဗီတဲရီးယန်း (Presbyterian)၊ အင်္ဂလီကန် (Anglican)၊ အစရှိသောဂိုဏ်းဂဏ (denomination) များပေါ်လာကြသည်။ တစ်ဖန် ပင်မအသင်းတော်ကြီး နိုးကြားမှုရှိစေခြင်း အလို့ငှာ နှစ်ခြင်းဂိုဏ်းဂဏ (၁၆၀၉)၊ မက်သဒစ် ဂိုဏ်းဂဏ (၁၇၄၈) ဟူ၍ ဂိုဏ်းဂဏအသီးသီးများ ပေါ်လာကြပြန်သည်။ ဤဂိုဏ်းဂဏများတို့သည် ကနဦး တမန်တော်များတို့၏ ယုံကြည်ခြင်းနှင့် ကျင့်သုံးမှု (Apostolic faith and order) များကို တမင်သက်သက် သွေဖီခြင်း မပြုကြပါ။ ပိုမိုထင်ပေါ်အောင် အနက်ဖွင့်ခြင်းနှင့် ပြည့်စုံစေခြင်းသာ ဖြစ်လေသည်။


                သို့ရာတွင် အသင်းတော်သမိုင်းကို ထဲထဲဝင်ဝင် လေ့လာသောအခါ ၁၉ရာစုတွင် ပင်မဂိုဏ်းဂဏ များ၏ယုံကြည်ခြင်းနှင့် ရပ်တည်မှုကို သိသိသာသာသွေဖီလျက် ဆန့်ကျင်ဖက်ပြုသော သွန်သင်ချက်များ ပေါ်ပေါက်လာတော့သည်။ ယုံကြည်ခြင်းနှင့် ကျင့်သုံးမှုအရာမှာ အစွန်းရောက်သွားကာ ဘယ်နည်းနှင့်မျှ ညှိုနှိုင်း၍ မရတော့ချေ။ တမန်တော်များ ခေတ်မှစ၍ ခေတ်အဆက်ဆက်က ခရစ်ယာန် အသင်းတော်များ၏ ယုံကြည်ချက်နှင့် ကျင့်သုံးမှုများကို ခြုံငုံပြီး မကြည့်ဘဲလျက် ယင်းသွန်သင်ချက်ထဲမှ မိမိတို့စိတ်ကြိုက်ဖြစ်သည့် တစ်စိတ်တစ်ဒေသကိုသာ လွန်လွန်ကျူးကျူး ထုတ်နုတ်ယုံကြည်ကြ ကျင့်သုံးသည်။ ပင်မအသင်းတော်ကို အာခံလျက်တိုက်ခိုက်ကြသည်။ ထိုကဲ့သို့သော အဖွဲ့အစည်းများအား ခရစ်ယာန်ဂိုဏ်းဆွယ်ဂိုဏ်းနွယ် (Christian Sects) ဟုခေါ်ကြလေသည်။ ၁၉ရာစုမှစ၍ ယခုတလော ရေပန်းစာနေသော ထိုသို့သောဂိုဏ်းဆွယ်တစ်ခုဖြစ်သည့် မိုမွန် (Mormons) တို့အကြောင်းကို အကျဉ်းချုပ် လျက် တင်ပြသွားပါမည်။

၁။   စတင်ဖြစ်ပေါ်လာပုံ   (The Beginning) 
                    ယနေ့ မိုမွန်(Mormons) ဟူ၍ ထင်ပေါ်နေသော ခရစ်ယာန်ဂိုဏ်းဆွယ်ကို The Church of Jesus Christ of Latter-day Saints) ဟူ၍လည်းခေါ်ကြသည်။ သူတို့ကိုယ်၌ကား ဒုတိယနာမည်ကို ပိုမိုနှစ်သက် သဘောကျဟန် ရှိလေသည်။ ၎င်းဂိုဏ်းဆွယ်အဖွဲ့၏ စတင်ပေါ်ပေါက်လာပုံမှာ အေဒီ၁၈၂၂ ခုနှစ်တွင် ကောင်းကင်တမန် မိုရိုနီ(Moroni) က အမေရိကန်ပြည်ထောင်စု၊ Vermont ပြည်နယ်၊ Sharon ဒေသ၌ ၁၈၀၅ ခုနှစ်တွင် မွေးဖွားသော Joseph Smith အား ဘုရားသခင်၏ဖွင့်ပြခြင်း (revelation) ကို ရေးထားသည့် ရွှေကျောက်ပြားမြှပ်နှံထားသည့် နေရာကို ဖော်ပြခဲ့လေသည်။ 
              Joseph Smith က ထိုကောင်းကင်တမန် ၏မြွက်ကြားသော စကားကို ၁၈၃၀ခုနှစ်တွင် စာအုပ်နှင့် ထုတ်ဝေကာ မိုမွန်၏စာအုပ်များ (The Book of Mormon) ဟုခေါ်ဝေါ်ကြလေသည်။ ထိုစာအုပ် ထုတ်ဝေသော ၁၈၃၀ခုနှစ် စ၍ Joseph Smith သည်ဘာသာပြန်သူ၊ ဗေဒင်ဆရာ၊ ပရောဖက်နှင့် တမန်တော်အဖြစ် လက်ခံကြကာ သူ၏ဘာသာပြန်ထားသော မိုမွန်စာအုပ်ကို အခြေခံလျက် ခရစ်ယာန် ဘာသာတရား၏ နဂိုမူလ၌ရှိသော သန့်ရှင်းမှုကို ပြန်လည်ဖော်ထုတ်ရန် ကြိုးပမ်းခဲ့ကြသည်။ ထိုသို့ပြုပြင် ဖို့ရန်လည်း လူအချို့ဆက်ကပ်ကြကာ သူတို့၏ စာအုပ်ကိုအစွဲပြုလျက် မိုမွန်များ (The Mormons) သို့မဟုတ် ခရစ်တော်၏အသင်းတော် (The Church of Christ) ဟုခေါ်ကြသည်။

               ခရစ်တော်၏နိုင်ငံတော်သည် အမေရိကန်ပြည်ထောင်စုသို့ စတင် တည်ထောင်မည် ဟူ၍ ယုံကြည်မျှော်လင့်လျက်၊ အခြားသောခရစ်ယာန်များကိုလည်း သူတို့၏ မိခင်အသင်းတော်များကို စွန့်လွှတ်ကာ မိုမွန်အဖွဲ့သို့ ပါဝင်ရန် တိုက်တွန်းကြသည်။ ဗတ္တိဇံမင်္ဂလာ အထူးသဖြင့် ကလေးသူငယ်များ၏ ဗတ္တိဇံ (infant baptism) နှင့် အချိန်ပြည့်အမှုတော်ဆောင်ခြင်း (professional clergy) များကို ရှုတ်ချကြလေသည်။ 
                  ၁၈၃၁ခုနှစ်တွင် ဤမိုမွန်အဖွဲ့အချို့သည် အိုဟိုင်းအိုး (Ohio) ပြည်နယ်၊ ကပ်လင်း (Kirtland) ဒေသသို့ ပြောင်းရွေ့ကာ ထိုနေရာတွင် ဧ၀ံဂေလိသင်းအုပ်ဆရာ ဆစ်(ဒ)နီရိဒွန်း (Sidney Rigdon ၁၇၉၃- ၁၈၇၆) နှင့် သူ၏အသင်းသူ၊ အသင်းသားအားလုံးက မိုမွန်အဖွဲ့ထဲသို့ ၀င်ရောက်ပေါင်းစည်း ပါသဖြင့်၊ အင်အားဖြည့်လာကြပါသည်။ ဤတွင် Joseph Smith သည် ဘုရားသခင်၏ ဖွင့်ပြခြင်းကို နောက်ထပ်ရရှိကာ ယုံကြည်သူတိုင်းသည် မိမိတို့၏ ဘဏ္ဍာငွေများနှင့် ပိုလျှံသော သူတို့၏ပိုင်ဆိုင်သည့် အရာအားလုံးအား အခြားသောယုံကြည်သူများသို့ ပေးလှူရန် ဟောပြောခဲ့လေသည်။ ထိုအချိန်မှစ၍ မိုမွန်များ ကျင့်သုံးနေသော ဘုံပိုင်ဆိုင်မှု (the order of Enochcommunitarian principles) ကို အစပြုခြင်းပင် ဖြစ်သည်။ အိုဟိုင်းအိုးပြည်နယ်မှ မစ်ဆူရီသို့ သာသနာပြုများ စေလွှတ်ကာ ၁၈၃၇ခုနှစ်တွင် ငွေရေး၊ ကြေးရေး ခက်ခဲမှုကြောင့် စမစ်သည် သူကိုယ်တိုင် မစ်ဆိုရီပြည်နယ်သို့ ပြောင်းရွေ့ပါတော့သည်။
                    သူတို့၏စုစည်းနိုင်မှုနှင့် အခြားခရစ်ယာန်များအား ရှုပ်ချနိုင်မှု၊ အမေရိကန် ပြည်ထောင်စု သည် ဇိအုံတောင် (American Zion) ဟုသွန်သင်နိုင်မှု ထိုကြောင့် ဤအဖွဲ့တွင်လူဦးရေး များပြားလာပါ တော့သည်။ နောက်တွင် အခြားသောခရစ်ယာန်များနှင့် ပဋိပက္ခဖြစ်ကာ ၁၈၃၈ခုနှစ်တွင် မိုမွန်တိုက်ပွဲ (Mormon War) ဖြစ်လာကာ စမစ်နှင့် အဖွဲ့တို့သည် အီလီနွိုက်(illinois) ပြည်နယ်၊ နောင်ဗိုး(Nauvoo) ဒေသသို့ ပြောင်းရွှေ့ကြသည်။ ၁၈၄၀ခုနှစ်တွင် ဘာသာရေးလွတ်လပ်မှုကို ရရှိကာ လွတ်လပ်သော မိုမွန်ဂိုဏ်းဆွယ်ကို ဆက်လက်ဖွဲ့စည်းခွင့် ရသည်။ အများသဘောနှင့် အုပ်ချုပ်သော ဒီမိုကရေစီအသွင် ဆောင်ဖို့ရန် စွဲလန်းခဲ့ပါသော်လည်း၊ စမစ်ကိုယ်၌က အာဏာရှင်စနစ်ကို ကျင့်သုံးလာပါသည်။ ဤနေရာတွင် နောင်ဗိုးတွင် မိုမွန်များ တဟုန်တည်းတိုးတက်လာကာ ကနေဒါနိုင်ငံ၊ အင်္ဂလန်နိုင်ငံများသို့ သာသနာပြုပြီး အောင်မြင်မှုရရှိကြသည်။
                 ၁၈၄၄ခုနှစ်တွင် စမစ်သည် သူသာလျှင် ဤအဖွဲ့၏ဥက္ကဌ ဖြစ်ကြောင်း အတိအလင်း ကြေငြာ ကာ မိုမွန်အဖွဲ့သို့ မ၀င်သောသူများအား ရန်စပါသဖြင့် အီလီနွိုက်ပြည်နယ်၊ Carthage တွင်သူနှင့် သူ၏ ခေါင်းဆောင်အချို့ ဖမ်းဆီးခြင်းခံရရာ၊ အကြမ်းဖက်သော လူတစ်စု၏ လက်ချက်ဖြင့် စမစ်သည် ၁၈၄၄ခုနှစ် ဇွန်လ(၂၇) ရက်နေ့တွင် ပစ်သတ်ခြင်း ခံခဲ့လေသည်။ ထိုသေခြင်းကြောင့် ပင်လျှင် စမစ်သည် သာမန်လူ အဖြစ်မှ မာတုရအဖြစ်သို့ အသိအမှတ်ပြုခြင်း ခံရလေသည်။ သူ၏ ခေါင်းဆောင်မှုကို ဗားမွန်(Vermont) ပြည်နယ်၊ မက်သဒစ်အသင်းတော်မှ ပြောင်းလဲလာသူ ဘိရစ်ဟမ်ယောင်း (Brigham Young ၁၈၀၁-၁၈၇၇) အပေါ်သို့ ကျရောက်လာပါသည်။
                 ၁၈၄၇ခုနှစ်တွင် ရော့ကီတောင်တန်း တစ်လျှောက်ဖြတ်ကျော်ပြီး The Great Salt Lake ခေါ် ရေအိုင်ကြီးသို့ ပြောင်းရွှေ့ကာ ထိုနေရာတွင် စိုက်ပျိုးရေးကို အင်တိုက်အားတိုက်လုပ်ခဲ့ကြပြီး အောင်မြင်မှု ရရှိကြသည်။ စက်မှုလုပ်ငန်းများကိုလည်း စတင်ဆောင်ရွက်ကာ ကြွယ်ဝချမ်းသာလာကြသည်။ ၎င်းတို့ မှီတင်းနေထိုင်ရာ ကြွယ်ဝချမ်းသာစွာ နေထိုင်ရာ ဥတ(Utah) နယ်အား ၁၈၉၅ခုနှစ်တွင် အမေရိကန် ပြည်ထောင်စု၏ ပြည်နယ်တစ်ခုအဖြစ် လက်ခံရာ၊ ထိုပြည်နယ်ရှိ ဒေသခံများဖြစ်သော မိုမွန်များကလည်း ဘာသာရေးအုပ်စု တစ်ခုအနေဖြင့် အသိအမှတ်ပြုခြင်း ခံရလေသည်။ ဤအဖွဲ့ကို စတင်တည်ထောင်သူ စမစ်သည် အမေရိကန်ဇိအုံ (American Zion) ဟူ၍ သူတို့အားဖော်ပြသောနေရာမှာ ဤစားဝတ်နေရေး လုံလောက်ပြီး ကြွယ်ဝချမ်းသာသော ဥတပြည်နယ်ပင်ဖြစ်သည်ဟု သူတို့ကဖွင့်ဆိုကြသည်။ ငွေရေး၊ ကြေးရေးနှင့် ပစ္စည်းပစယ ကြွယ်ဝချမ်းသာကြ သောကြောင့် သူတို့၏ အဖွဲ့ဝင်များကို လုံလုံလောက်လောက် ထောက်ပံ့နိုငသည်သာမက တိုင်းနိုင်ငံအသီးသီးသို့ သာသနာပြုများ စေလွှတ်ကာ မိမိတို့ အဖွဲ့ဝင်လာသူများအား ထောက်ပံ့မှု နည်းဗျူဟာကို အသုံးပြုပါသဖြင့် အသင်းဝင်သူများ တစစနှင့် ဖြစ်စေ၊ တစ်မဟုတ်ခြင်းနှင့် ဖြစ်စေ၊ တိုးတက်လာပါတော့သည်။
                မိုမွန်ဂိုဏ်းဆွယ်ကို စတင်တည်ထောင်သူ Joseph Smith အသက်ရှင်စဉ်ကပင် သူတို့၏ အဖွဲ့တွင် ပဋိပက္ခဖြစ်နေပါသည်။ ၎င်းပဋိပက္ခဖြစ်ရခြင်း အကြောင်းရင်းမှာ ယုံကြည်သူများ၏ နောက်ထပ် အိမ်ထောင်ပြုနိုင်ခြင်းစနစ် (polygamy) ပင်ဖြစ်သည်။ စမစ်သည် ယုံကြည်သူများ၏ နောက်ထပ်အိမ်ထောင် ပြုနိုင်ခြင်း (polygamy) ကိုခွင့်ပြုကာ၊ ၁၈၄၃ခုနှစ်တွင် သူရသောရုပါရုံအရ အာဗြဟံ၏အစဉ်အလာ(the order of Abraham) ဟူ၍ ခွင့်ပြုလေသည်။ Joseph Smith ခေါင်းဆောင်မှု ကို ဆက်ခံသူ ဘိရစ်ဟမ်ယောင်းသည် အနည်းဆုံး(၁၇)ကြိမ် အိမ်ထောင်ပြုပြီး သားသမီး(၄၇)ယောက် ရှိသည်ဟု မှတ်တမ်းမှတ်ရာရှိပါသည်။ ၁၈၄၃ခုနှစ်တွင် စမစ်၏ရုပါရုံမှ ရရှိသော ကျင့်သုံးမှုတစ်ခု ဖြစ်ပါသော်လည်း ၁၈၅၂ ကျမှသာ ဤအဖွဲ့၏သွန်သင်မှု (doctrine) တစ်ခုဖြစ်လာပါတော့သည်။

၂။   ယုံကြည်ခြင်းနှင့်ကျင့်သုံးမှု  (Belief and Practice)

(က)  ယုံကြည်ခြင်း (Belief)
                 အပေါ်ယံအားဖြင့် လေ့လာပါက မိုမွန်တို့၏ ယုံကြည်ခြင်းသည် ရှေးရိုးစွဲခရစ်ယာန်များ (Orthodox Christian) တို့၏ ယုံကြည်ခြင်းနှင့် မတိမ်းမယိမ်းပင် ဖြစ်သည်ဟု ယူဆနိုင်ပေသည်။ သို့ရာတွင် ထဲထဲဝင်ဝင် လေ့လာပါက သူတို့၏ယုံကြည်ခြင်းသည် အခြားသောခရစ်ယာန် ယုံကြည်ခြင်းနှင့် မတူညီပါကြောင်း ပေါ်လွင်ပေလိမ့်မည်။
                   အခြားသောခရစ်ယာန်များ နည်းတူ မိုမွန်တို့သည် လူတစ်ဦး၏ လွတ်လပ်စွာတွေးခေါ်မှု (free will)၊ နောင်တရခြင်းနှင့် ဘုရားသခင်၏ ကယ်တင်ခြင်း အကြံတော်များကို ယုံကြည်လက်ခံကြ ပါသည်။ သို့ရာတွင် စမစ်၏သွန်သင်ချက်တွင် ဘုရားသခင်သည် ရုပ်ခန္ဓာရှိပြီး သူ့ကိုယ်သူဖန်ဆင်းသော ဘုရားဖြစ်သည်။ အရာဝတ္တုသာလျှင် ထာဝရတည်မြဲသည်။ နောင်တရခြင်းနှင့် ဗတ္တိဇံမင်္ဂလာအားဖြင့် လူသားတို့သည် သူတို့၏ကိုယ်စား အခြားသောသူတစ်ယောက်က ဗတ္တိဇံခံယူခြင်းအားဖြင့် အနာဂတ်တွင် ပေါ်လာမည့် အနှစ်တစ်ထောင်အုပ်စိုးခြင်း (millenialage) တွင် စိုးစံပါလိမ့်မည်။ နိုင်ငံတော် မတည်ထောင်မီ သေလွန်သော သူများသည် မိမိတို့၏လောကတွင် ရရှိသော ရုပ်ခန္ဓာနှင့် ကောင်းကင်ဘုံတွင် စောင့်နေပါလိမ့်မည် ဟုသွန်သင်လေသည်။
                   မိုမွန်ဂိုဏ်းဆွယ်တို့သည် အမျိုးသားကို ဦးစားပေးကြသည်။ (male oriented)။ အမျိုးသမီး တို့သည် ဘုရားအတွက်အမှုဆောင် နိုင်ခြင်းတို့မှာ သူတို့၏ ခင်ပွန်းသည်များမှတစ်ဆင့် အခွင့်အရေး ရခြင်း ဖြစ်သည်။ ဗိမ္မာန်တော်ထဲ ထိမ်းမြားမင်္ဂလာပြုခြင်းသည် ထာဝရအတွက်ဖြစ်သည်ဟု ယူဆကြသည်။ သို့ဖြစ်ရာ အိမ်ထောင်ပြုရခြင်းသည် ၀ိညာဉ်ရေးရာနှင့် အဖွဲ့အစည်းအတွက် အချုပ်အခြာ (central) ပင်ဖြစ်သည်။

(ခ)  ကျမ်းစောင်များ  (The Scripture)
       မိုမွန်စာအုပ် (The Book of Mormon)
                    ဤဂိုဏ်းဆွယ်ကို စတင်တည်ထောင်သူ Joseph Smith သည် သူ၏အသက် (၁၅)နှစ် ပြည့်တွင် အမြင့်ဆုံးသော ဘုရားသခင်၏ပရောဖက်ဖြစ်ဖို့ ရူပါရုံတစ်ခုမြင်ကာ သူသည် ဘုရားသခင်၏ ပရောဖက်ဖြစ်ကြောင်း အတိအလင်း ကြေညာသည်။ ၁၈၂၂ခုနှစ်တွင် နောက်ထပ်ရုပါရုံမြင်ကာ ဘုရားသခင်သည် သူ၏နှုတ်ကပတ်တော်ကို ရွှေပြားမြှုပ်ထားသည့် နေရာကို သူ့အားဖွင့်ပြမည့် အကြောင်း ၎င်းရွှေပြားသည် တောင်ကမ်းပါးတစ်နေရာတွင် မြှုပ်ထားသည်ဖြစ်ရာ ဧ၀ံဂေလိစာစောင် (ခရစ်ဝင်လေးစောင်) တွင်ပါရှိသော ဧ၀ံဂေလိတရားတော်ထက် ပိုမိုပြည့်စုံကြောင်းကို သူ့အားဖွင့်ပြသည် ဟုဆိုသည်။ သူသည် ၎င်းဧ၀ံဂေလိတရားတော်များကို ဖွင့်ဆိုနိုင်သော အရည်အချင်းရရှိပြီး ကမ္ဘာလုံးသို့ ပြန့်နှံ့စေဖို့ အမိန့်ရသည်ဟုလည်း သူကိုယ်တိုင်က ကြေညာခဲ့သည်။

                   နောက်ထပ်လေးနှစ်အကြာ ၁၈၂၆ခုနှစ်တွင် သူသည် ကောင်းကင်တမန်တပါးထံမှ ထပ်မံအမိန့်ရရှိကာ ဘုရားသခင်၏ နှုတ်ကပတ်တော် ရေးထားသောရွှေပြား မြှုပ်နှံထားသည့် နေရာကို တိတိကျကျပြောပြသည် ဟုလည်းဆိုသည်။ ထိုရွှေပြားကို တူးဖော်ကာ ရွှေပြားပေါ်တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်အား အီဂျစ်လူမျိုးတို့၏ အရုပ်စာဖြင့် ရေးသားထားသော ဧ၀ံဂေလိသတင်းစကား အပြည့်အစုံကို Joseph Smith ကသာ နားလည်သဘောပေါက်ပြီး ဘာသာပြန်နိုင်သည်ဟု ဆိုသည်။ ၁၈၂၇ခုနှစ်တွင် အမေရိကန်နိုင်ငံ၊ Manchester မြိှု့တွင် စတင်ဘာသာပြန်ပြီး၊ ၁၈၂၉ ခုနှစတွင် New York ပြည်နယ် Fayette မြို့တွင် ဘာသာပြန်ပြီးဆုံးကာ ၁၈၃၀ခုနှစ်တွင် ပုံနှိပ်ထုတ်ဝေပြီး “မိုမွန်ကျမ်းစာအုပ် (The Book of Mormons)” အဖြစ် ဖြန့်ချီလေသည်။ ဤစာအုပ်ကား မိုမွန်ဂိုဏ်းဆွယ်၏ အဓိကထားသော ကျမ်းစာအုပ်ပင် ဖြစ်လေသည်။

ပညတ်တော်များ  (The Book of Commandment)
                Joseph Smith သည် ပရောဖက်သာမကဘဲ တရားဥပဒေ ပြုစုပြဌာန်းနိုင်ရန်လည်း ဘုရား သခင်ထံမှ အမိန့်အာဏာရရှိသည်ဟု ဆိုသည်။ ထိုကြောင့် ပညတ်တော်စာအုပ် (The Book of Commandment) ကိုလည်း ရေးသားပြုစုကာ မိုမွန်ကျမ်းစာအုပ် အပြင် ယုံကြည်ခြင်းနှင့် ကျင့်သုံးမှုအတွက် သူ၏ နောက်လိုက်များက လက်ခံကြသည်။

သွန်သင်ချက်နှင့် ပဋိညာဉ်စာအုပ်  (The Book of Doctrine and Covenants)
                    ဤ စာအုပ်သည် မကြာမီ ခရစ်တော်ဘုရား ကြွလာမည့် အကြောင်းကို အသားပေးလျက် Joseph Smith ကိုယ်တိုင် ရေးသားသော စာအုပ်ဖြစ်လေသည်။ ခရစ်တော်ပြန်ဆင်းလာတော့မည် ဖြစ်ပါ၍ ယုံကြည်သူများသည် ရှေးကနဦး အသင်းတော်များကဲ့သို့ ၀ိညာဉ်တော်ဆုကျေးဇူးများ ရရှိကာ အံ့ဖွယ်သော အရာများ (miracle) ပြုလုပ်နိုင်ခြင်း၊ အခြားသော ဘာသာစကားများရရှိခြင်း (the gift of tongues) ယုံကြည်ခြင်းနှင့် အနာရောဂါ ပျောက်ကင်းစေနိုင်ခြင်း (faith- healing) များနှင့် ပရောဖက်ပြုခြင်း (prophecies) များ ဆက်လက် လုပ်ဆောင်နိုင်မည်ဟု သွန်သင်ကာ ဤဓမ္မသွန်သင်ချက်နှင့် ပဋိညာဉ်စာအုပ်တွင် ရေးသားပြီး ပြဌာန်းခဲ့လေသည်။
                     အထက်ဖော်ပြပါ စာအုပ်သုံးမျိုးသည် မိုမွန်ဂိုဏ်းဝင်များအတွက် သြဇာအာဏာရှိသော ကျမ်းစာစောင် များပင် ဖြစ်သည်။ ဘုရားသခင်၏ ဖွင့်ပြခြင်းသည် သခင်ယေရှုခရစ်တော်၌ မပြည့်စုံသေးဘဲ ထပ်မံဖွင့်ပြခြင်း (additional revelation) ဖြစ်သည်။ Joseph Smith ရေးသားသော စာအုပ်များနှင့်သာ ပြည်စုံသည်ဟု သူသွန်သင်ခဲ့သည်။ စင်စစ်မှာ ယေရှုခရစ်တော်ကို ပရောဖက်တစ်ပါး အသွင်သာ သူလက်ခံသည်။

(ဂ)   ၀ိသေသရပ်တည်မှုများ  (Distinctive)
                 မိုမွန်ဂိုဏ်းဝင်တို့သည် ၀ိသေသရပ်တည်မှု (၂)ခု ရှိလေသည်။ ၎င်းတို့မှာ.......

သေလွန်သောသူများအတွက် ဗတ္တိဇံခံယူခြင်း  (Baptism for the dead)
                   သေလွန်ပြီးသောသူများ ကောင်းကင်ဘုံသို့ ရောက်ရှိခံစားနိုင်ရန် အသက်ရှင်သော သူများက သူတို့ကိုယ်စား ဗတ္တိဇံမင်္ဂလာ ခံယူနိုင်သည်ဟု ယုံကြည်လက်ခံကြသည်။


ကောင်းကင်ဘုံထိမ်းမြားမင်္ဂလာ  (Celestial marriage)
                   မိုမွန်တို့၏ ဒုတိယ၀ိသေသ ရပ်တည်ချက်မှာ ကောင်းကင်ဘုံထမ်းမြားခြင်း မင်္ဂလာ (Celestial marriage) ပင်ဖြစ်သည်။
                    ဤ လောကနှင့်ဆိုင်သော ထိမ်းမြားမင်္ဂလာဆောင်နှင်းခြင်း သည် သေဆုံးသည် အထိသာ ခံသည်ဟူသော ယုံကြည်ခြင်းကို ဖြည့်စွက်ကာ လောက၌ ထိမ်းမြားမင်္ဂလာပြုခြင်းသည် ကောင်းကင်ဘုံ တွင်လည်း အကျုံဝင်သည်ဟု ယုံကြည်ကြသည်။ ကောင်းကင်ဘုံတွင်လည်း သားသမီးများ ဆက်လက် ထွန်းကားနိုင်သည်ဟု ယုံကြည်လက်ခံသည်။ ဘုရားသခင်၏ သူတော်စင်၊ သူတော်ကောင်းများ ဤလောကတွင် ပြည့်စုံစေဖို့ရန် (က ၁း၂၆-၂၈)။ နောက်ထပ်အိမ်ထောင်ပြုနိုင်သည်။ ကျမ်းဟောင်း OT တွင်ရှိသော ဘုရားသခင်၏ လူများကလည်း ထိုကဲ့သို့ ပြုလုပ်ကျင့်သုံးကြသည် ဟုဆိုသည်။ ယခုအချိန် တွင်မူကား ထိုနောက်ထပ်အိမ်ထောင်ပြုခြင်း (polygamy) ကို မကျင့်သုံးတော့ပါ။ မိုမွန်ဂိုဏ်းဝင်များ ကြီးစိုးရာ ဥတ(Utah) ပြည်နယ်အား ၁၈၉၅ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုသို့ ပြည်နယ်တစ်ခုအဖြစ် လက်ခံသောအခါမှာ ထိုနယ်၊ ထိုဒေသခံအများစုဖြစ်သော မိုမွန်ဂိုဏ်းဝင်တို့ ကျင့်သုံးသည့် နောက်ထပ် အိမ်ထောင်ပြုခြင်း (polygamy) ကိုစွန့်လွှတ်ပါမည်စု သစ္စာကတိပြုမှသာ လက်ခံခြင်း ဖြစ်လေသည်။


(ဃ)   ကျင့်သုံးမှုများ  (Order Practice)
                မိုမွန်တို့သည် သူတို့၏ခေါင်းဆောင်များအား ယဇ်ပရောဟိတ်များသဖွယ် ယူဆကာ သူတို့၏ စကားကို နားမထောင်၊ အာခံခြင်းသည် ဘုရားသခင်၏ စကားကိုနားမထောင် အာခံခြင်းနှင့် ထပ်တူထပ်မျှ ပင်ဖြစ်သည်ဟု ခံယူကြသည်။ ထိုကြောင့် ခေါင်းဆောင်များသည် သြဇာအာဏာရှိသည်။ အစုလိုက်၊ အစုလိုက် (stakes) ဖွဲ့စည်းကာ အထက်ကအမိန့်ကို တသွေမတိမ်း လိုက်နာရန်ကြိုးစား ကြသည်။ Joseph Smith ကိုဆက်ခံသော ကမ္ဘာလုံးဆိုင်ရာဥက္ကဌကြီးသည် Joseph Smith ကဲ့သို့ ဘုရားသခင်ထံမှ ဖွင့်ပြခြင်းကို ဆက်လက်ရရှိနိုင်ပါသဖြင့် သူ၏စကားတော်အား ယုံကြည်သူများက ငြင်းဆိုပိုင်ခွင့် မရှိပါဟု လက်ခံ ယုံကြည်ကြသည်။ အမျိုးသမီးများထက် အမျိုးသားများ၏ ဦးဆောင်မှု ပိုမိုများပါသည်။ အမေရိကန် ပြည်ထောင်စု၊ ဥတ(Utah) ပြည်နယ်ရှိ Salt Lake City တွင် တည်ဆောက်ထားသော ဗိမ္မာန်တော်ကြီးသည် သူတို့၏ ဌာနချုပ်ပင် ဖြစ်ရာ ၁၉၇၀ခုနှစ်တွင် ၀ါရှင်တန်ဒီစီမြို့တော် (Washington D.C) တွင် နောက်ထပ် ဗိမ္မာန်တော်ကြီးတစ်ခု တည်ဆောက်ကြသည်။ မိုမွန်တို့၏ ယုံကြည်ချက်ကို ကျေပြွန်စွာ လိုက်နာစောင့်ရှောက်သောသူများ သာလျှင် ထိုအထင်ကရ ဗိမ္မာန်တော်ကြီးများသို့ ၀င်ခွင့်ရှိလေသည်။

(င)   ၀တ်ပြုခြင်း  (Worship)
                မိုမွန်တို့သည် ၀တ်ပြုကိုးကွယရာတွင် ပီပီပြင်ပြင် စီစဉ်မှုမရှိချေ။ သြမာသည် (Worship is nonliturgical) တနင်္ဂနွေနေ့ နံနက်ပိုင်းတွင် သာသာရေးသွန်သင်ချက် ရှိပြီး ညနေပိုင်းတွင် ပွဲတော်မင်္ဂလာနှင့် သာမန် အသင်းသားများ၏ တရားဟောခြင်းများ ရှိကြသည်။ ခေါင်းဆောင်များ၊ သာမန်အသင်းသူ၊ အသင်းသားများ ဟူ၍ ဂဏ္ဍအလိုက် တက်ကြွစွာ လှုပ်ရှားကြသည်။

၃။  တိုးတက်ခြင်း   (Growth)

                 မိုမွန်ဂိုဏ်းဆွယ်သည် တစတစ်နှင့် တိုးတက်လာကာ ယခုအချိန်တွင် ကမ္ဘာအနှံ့အပြားသို့ ရောက်ရှိပြီး ဖြစ်လေသည်။ ထိုသို့တိုးတက်ရခြင်း အကြောင်းရင်းနှစ်ခုမှာ .....
              မိမိတို့အတွင်းရှိအဖွဲ့ဝင်များအား လိုလေသေးမရှိအောင် ၀ိုင်းဝန်းပြီး ရိုင်းပင်းကူညီ ကြသည်။ သူတို့၏ ရှိသမျှသော အရာခပ်သိမ်းတို့သည် ဘုံဘိုင်ဖြစ်ကာ အတူတကွ ဝေမျှခံစားရမည်ဟု ခံယူကြသည်။ ယုံကြည်ခြင်းကြောင့် ၎င်းအဖွဲ့သို့ ၀င်ရခြင်းထက် မျှဝေခြင်းကို ခံစားလိုသောလူသားများ၊ အထူးသဖြင့် ဆင်းရဲနွမ်းပါးသော သူများအတွက် ထိုဝေမျှခံစားခြင်းသည် အလွန်ပင် ဆွဲဆောင်မှုအားကောင်းသော အချက်ပင်ဖြစ်သည်။
                မိုမွန်တို့၏ တိုးတက်ရခြင်း ဒုတိယအချက်မှာ ယုံကြည်သူတိုင်းသည် အဖိုးအခမယူဘဲ စေတနာဝန်ထမ်း (volunteer) သဘောဖြင့် သာသနာပြုခြင်း ဖြစ်သည်။ အသက်အရွယ်အားဖြင့် (၂၀)၀န်းကျင်ရှိ အမျိုးသားတိုင်းသည် တစ်သက်တွင် အနည်းဆုံး တစ်ကြိမ်တခါ သာသနာပြုရမည် ဟူသော အစဉ်အလာ ရှိကြသည်။ ထိုကြောင့် သာမန်ယုံကြည်သူများ၊ ကမ္ဘာအနှံ့အပြားသို့ သာသနာပြု ကြကာ ဆင်းရဲနွမ်းပါးသော သူများအား ပစ္စည်းပစယနှင့် ငွေကြေးဓနအားဖြင့်  ကူညီကြသည်။ ထိုကြောင့် လည်း မိုမွန်ဂိုဏ်းဝင်များ နေရာအနှံ့အပြားသို့ တိုးတက်လာခြင်းပင် ဖြစ်သည်။

၎။   မိုမွန်ဂိုဏ်းဆွယ်နှင့် မြန်မာပြည်အသင်းတော်  (The Mormons and Myanmar Churches)

                  မိုမွန်ဂိုဏ်းဆွယ်တို့၏ သာသနာပြုစိတ်ဓါတ် ပြင်းထန်မှု ကမ္ဘာလွှမ်းပတ်ဆက်နွယ်မှု (globalization) များတို့ကြောင့် ဤမိုမွန်အဖွဲ့သည် ကမ္ဘာအနှံ့အပြားသို့ ရောက်ရှိကာ သာသနာပြုခဲ့ပြီး ဖြစ်လေသည်။ ၂၀၀၉ခုနှစ်၊ ဇူလိုင်လအတွင်း ဒေါ်အောင်ဆန်းစုကြည် နေအိမ်သို့ တရားမ၀င် ၀င်ရောက် ခဲ့သော အမေရိကန်နိုင်ငံသား Mr. John Yettaw သည် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် အထက်က ဖော်ပြသော မိုမွန်ဂိုဏ်းဝင်တို့၏ ကျမ်းစာဖြစ်သည့် “The Mormons” စာအုပ်တစ်အုပ်ကို ထားခဲ့ကြောင်း သတင်းစာ ဖတ်ရှုသူတိုင်း သိကြမည်ဖြစ်သည်။ သူသည် အဘယ်သို့သောသဘောဖြင့် စာအုပ်ကို ထားခဲ့ကြောင်း ကျွန်ုပ်တို့ နားမလည်နိုင်ပါ။ သူ၏တရားမ၀င် လုပ်ရပ်ကြောင့် ပျာယီးပျာယာဖြစ်ကာ မေ့ခဲ့ခြင်းလား။ သို့တည်းမဟုတ် ဒေါ်အောင်ဆန်းစုကြည်အား မိုမွန်ဂိုဏ်းဝင် ဖြစ်စေလိုသောဆန္ဒဖြင့် တမင်တကာ ထားခဲ့ရော့သလားကျွန်ုပ်တို့ မသိပါ။ သို့ရာတွင် သေချာသောအချက် တစ်ခုမှာ သူသည် မိုမွန်ဂိုဏ်းဝင်ဖြစ်ပြီး၊ ဤမိုမွန်ဂိုဏ်းဆွယ်သည် မြန်မာပြည်တွင် ရောက်ရှိပြီဖြစ်ကြောင်း ကား သေချာ လှပေသည်။ ငြင်းဖွယ်ရာမရှိပါ။ မည်သည့်အတိုင်းအတာထိ ရှိနှင့်ပြီးသားအသင်းတော်များအား ထိုးဖောက်နိုင်ခဲ့ကြောင်း ကျွန်ုပ်တို့ မသိရှိနိုင်ပါ။ သို့ရာတွင် မိုမွန်ဂိုဏ်းဆွယ် အပါဝင် အခြားသော ဂိုဏ်းဆွယ်ဂိုဏ်းနွယ်များ (Sects) နှင့် တွေ့ကြုံသောအခါ သတိပြုအပ်သော အချက်အချို့ကို တင်ပြသွားပါမည်။

၁)            တွေ့ကြုံလာသော ဂိုဏ်းဆွယ်ဂိုဏ်းနွယ်များ ၏ သမိုင်းနှင့် ယုံကြည်ချက်များကို သိရှိ လေ့လာနိုင်ရန် ကြိုးစားလေ့လာပါ။ တူညီသော အချက်များရှိသကဲ့သို့ ကွဲပြားခြားနားခြင်းလည်း များစွာရှိကြောင်း တွေ့ရှိပါလိမ့်မည်။

၂)               လူမှုရေးအရ သဘောထားကြီးဟန်ဖြင့် သူတို့အား အပေးအယူ မလုပ်ပါနှင့်။ အကြောင်းမှာ ဧ၀ံဂေလိတရားသည် အမိမြန်မာပြည်၌ အနှစ်(၂၀၀)ကျော် အခြေစိုက်ခဲ့ပြီးဖြစ်သည်။ မြန်မာပြည်တွင် လိုအပ်သောအရာမှာ ဂိုဏ်းဂဏအသစ် မဟုတ်တော့ပါ။ ရှိနှင့်ပြီးသော ဂိုဏ်းဂဏများတို့နှင့် လက်တွဲကာ သာသနာပြုပြီး ရင်ကျက်မှုသို့ တိုးတက်ရန်သာ ဖြစ်သည်။ ဂိုဏ်းဆွယ်၊ဂိုဏ်းနွယ် တို့သည် မယုံကြည်သေးသော သူများထံသို့ ဧ၀ံဂေလိတရားဟောရန် စိတ်မ၀င်စားပါ။ ရှိနှင့်ပြီးသော ပင်မဂိုဏ်းများ ကိုသာ ထိုးဖောက်လိုကြသည်။ သို့ရာတွင် သူတို့နှင့် ဆက်ဆံရာတွင် အထူးသတိပြုသင့်သည်။

၃)                ဂိုဏ်းဆွယ်၊ ဂိုဏ်းနွယ်များသည် ဓနငွေကြေးနှင့်သော်လည်းကောင်း၊ ပစ္စည်းပစယနှင့် သော်လည်းကောင်း၊ သူတစ်ပါးအား စည်းရုံးဆွဲဆောင် တတ်လေသည်။ ဆင်းရဲနွမ်းပါးသော တိုင်းနိုင်ငံ များတွင် မိုမွန်ဂိုဏ်းဆွယ်များ အောင်မြင်ရခြင်းသည် ဤအချက်ကြောင့်ပင်။
              အမေရိကန်ပြည်ထောင်စုတွင် ဒုက္ခသည်အဖြစ် ခိုလှုံသောသူ မြောက်မြားစွာတို့အား ဤမိုမွန် အဖွဲ့က သူတို့၏ လိုအပ်သောအိုးအိမ် ပစ္စည်းများနှင့် ဓနငွေကြေးများဖြင့် စည်းရုံးကာ သူတို့၏ ဂိုဏ်းထဲသို့ သွပ်သွင်းခဲ့ကြသည်။ လိုအပ်သော အချိန်ကာလတွင် ထိုကဲ့သို့ စည်းရုံးခြင်းသည် ကြီးမားလှသော သွေးဆောင်မှုပင် ဖြစ်သည်မဟုတ်လော။ ခရစ်တော်ကို မသိရှိ၊ မယုံကြည်ရသေးသော သူများအတွက် ကြီးမားသော အထောက်အကူပင် ဖြစ်လင့်ကစား၊ ခရစ်တော်ကို ယုံကြည်ပြီးသောသူ မြောက်မြားစွာ အတွက်ကား ထိမိ၍လဲစရာပင် ဖြစ်သည်။

၎)              အပြစ်နွံထဲမှ လွတ်မြောက်ကာ ထာဝရအသက်ရရှိရန်အတွက် ပြီးပြည့်စုံသော ခရစ်တော် ယေရှု ဘုရားသခင်နှင့် အမှုတော်နှင့် သမ္မာကျမ်းစာတော်သည် လုံလောက်ပြီး ဖြစ်သည်။ အခြားသော ဘုရား၏ဖွင့်ပြခြင်းနှင့် စာအုပ်စာပေများ မလိုတော့ပါ။ ခေတ်ကာလ၏ ပြောင်းလခြင်းကြောင့် ဘုရားသခင်၏ တိုးတက်သောဖွင့်ပြခြင်း (progressive revelation) လိုအပ်ပါကလည်း ပြီးပြည့်စုံသော ယေရှုခရစ်တော်၏ အမှုတော် နှင့်လုံလောက်ပြီဖြစ်သော သမ္မာကျမ်းစာတော်မြတ် အပေါ်မှာ အခြေခံ ရပါမည်။ ထိုယုံကြည်ခြင်း ကျောက်ဆူးဖြင့် ခိုင်မာစွာချည်နှောင်ထားသော ခရစ်ယာန်များအတွက် မိုမွန်ဂိုဏ်းဆွယ် အပါအ၀င် အခြားသော ဂိုဏ်းဆွယ်၊ဂိုဏ်းနွယ်တို့သည် မြင့်မြတ်ပြည့်စုံသော အသက်တာနှင့် ခရစ်တော်ကို သိကျွမ်းခြင်းမှ လမ်းလွဲစေသော အရာများသာ ဖြစ်သည်။ ၎င်းတို့သည် ယုံကြည်သူများအား လှည့်စားလျက်၊ ရှုပ်ထွေးစေသော အရာများသာ ဖြစ်ရာ၊ သတိနှင့်နေလျက် ဆုတောင်းရပါမည်။ ဤမှားယွင်းသော သွန်သင်ချက်ကို နားလည်ကြကာ ထင်ယောင်ထင်မှားမဖြစ်စေဘဲ မိမိတို့၏ ယုံကြည်လက်ခံထားသော စစ်မှန်သည့် ဓမ္မသွန်သင်ချက်များအား အမှိတ်မသုန် လက်ဝယ်ပိုက်လျက် အဆုံးတိုင်အောင် တည်ကြည်စွာဖြင့် နေကြပါစို့လား။ (၁ပေ ၅း၈-၉၊ မဿဲ ၂၅း၂၁၊၂၃)



                                သိက္ခာတော်ရ ဒေါက်တာဆိုင်မွန်ပေါင်ခန့်အင်း
              












No comments:

Post a Comment