Monday, April 20, 2015

ခရစ်ယာန်များသည် ယဇ်ပူဇော်သည့် အရာဝတ္ထု ကိုစားနိုင်ပါသလား

(၁ကော   ၈၊ ၁၀း၂၁-၃၃)
                        ကောရိနု မြို့သည် ရုပ်တုဆင်းတု ပေါများသည့်မြို့ ဖြစ်သည်။ ခရစ်ယာန်မဟုတ် သော သူတို့သည် ယဇ်ပူဇော်သည့် ကျောင်းကန်၌ ပွဲခင်းလေ့ရှိသည်။ ယုံကြည်သူ ခရစ်ယာန်များကိုလည်း ထိုပွဲသို့ လာရန် ဖိတ်ကြားလေ့ရှိသည်။ ခရစ်ယာန်များ ထိုပွဲသို့ သွားရန် ငြင်းပယ်ကြသည်။ သို့သော် မိတ်ဆွေများ ခင်မင်သည့်အတွက် ဖိတ်ကြားသည့်ကို လူမှုရေးအရ သွားကြသည်လည်း ရှိသည်။ ထိုပွဲမှ ပူဇော်ထားသည့် အစားအစာ များကို အိမ်သို့ ယူပြန်၍ အိမ်သားနှင့်အတူ စားကြသည်။ ထိုကြောင့် လူအချို့က ဤကိစ္စရပ်ကို ရှင်ပေါလုအား တင်ပြ၍ မည်ကဲ့သို့ ဖြေရှင်းရန် အကြံတောင်းခဲ့သည်။
                     ရှင်ပေါလုက အခန်းကြီး (၈)နှင့် (၁၀) တွင်ဤကိစ္စနှင့် ပတ်သက်၍ မူဝါဒကို ရှင်းလင်းစွာ ညွှန်ကြားခဲ့ပါသည်။



(၁)           ရုပ်တုဆင်းတုသည် ဘုရားမဟုတ်၊ ခရစ်ယာန်အသည် ရုပ်တုဆင်းတုကို အမှုထားစရာမလိုပါ။ ထိုကြောင့် ရုပ်တုဆင်းတုတွင် ပူဇော်ထားသော ယဇ်သက္ကာကို ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ခရစ်ယာန်တို့ကို မထိခိုက်နိုင်ပေ။ (၈း၄၈)။ ထိုအစာများကို စား၍ရသည်။

(၂)           ဈေးတွင်ရောင်းသည့် အစားအစာများကို ခရစ်ယာန်တို့သည် သြတ္တပစိတ် ကင်းစွာ စားသုံးနိုင် သည်။ (၁၀း၂၅-၂၇)။ ယုံကြည်ခြင်း ခိုင်မာသောသူသည် သာလျှင် မကြောက်မရွံ စားနိုင်သည်။

(၃)             ခရစ်ယာန်တို့သည် ကျေးဇူးတော်ချီးမွမ်းပြီးနောက် မည်သည့်အစားအစာ ကို ဖြစ်စေ စားသုံး နိုင်သည်။ (၁၀း၃၀၊ ၁တိ ၄း၎)။ စိတ်စနိုး စနောင့်ဖြစ်စရာ မလိုပါ။

(၄)                သို့သော် ယုံကြည်ခြင်း အားနည်းသူတို့ကို စာနာထောက်ထား၍ ရုပ်တု၊ ဆင်းတု ပူဇော်သော သက္ကာအတွက် မစားပဲနေလျှင် သာ၍ကောင်းသည်။ (၈း၇၊ ၁၁-၁၃။ ၁၀း၂၆-၂၉)။ အစား အတွက်ကြောင့် ယုံကြည်ခြင်းအားနည်းသူများ မလဲစေရန် ရှင်ပေါလုသည် “ကိုယ်အကျိုးမရှာဘဲ၊ သူ့အကျိုးကို ရှာ၍.......” ဟု ဖြည့်စွက်ပြောထားသည်။

(၅)                  ယုံကြည်ခြင်း အားနည်းသူသည် ရုပ်တု၊ ဆင်းတု ပူဇော်သောယဇ်သက္ကာအပေါ် ၌သတိထားစိတ်၊ သံသယစိတ် ရှိသည်နှင့် မစားဘဲနေလျှင် အကောင်းဆုံးဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် ယုံကြည်ခြင်းနှင့်မစားလျှင် အပြစ်ရှိသည်။ (ရောမ ၁၄း၂၃)
                     အကယ်၍ ကျွန်ုပ်တို့၏ ယုံကြည်ခံယူချက်၏ အခြေခံအုတ်မြစ် ခိုင်ခံ့လျှင် ရုပ်တု၊ ဆင်းတု သည် ဘုရားမဟုတ်သောကြောင့် ဆင်းတု၊ ရုပ်တု ပူဇော်သော ပူဇော်သက္ကာသည် အရာဝတ္ထု ၏ အရည်အသွေးကို မထိခိုက်ပေ။ ယုံကြည်ခြင်း ခိုင်မာသော ခရစ်ယာန်တို့သည် ကျေးဇူးတော် ချီးမွမ်းပြီး နောက် ထိုပူဇော်သက္ကာကို စိတ်ရှင်းရှင်းနှင့် စားနိုင်သည်။
                   သခင်ယေရှုသည် အစားအစာနှင့် ပတ်သက်၍ စည်းမျဉ်းနှစ်ရပ် ဖော်ပြထားသည်။ 
၁။              “ခံတွင်းသို့ ၀င်သောအရာ လူကိုညစ်ညူးစေသည်မဟုတ်၊ ခံတွင်းမှ ထွက်သောအရာသည် ညစ်ညူးစေသောအရာဖြစ်သည်။” (မဿဲ  ၁၅း၁၁)။ 

၂။                  သခင်ယေရှုကောင်းကင်သို့ ၀င်သည့်အချိန်တွင် “သေစေတတ်သော အဆိပ်အတောက် ကိုစားသောက်လျှင် ဘေးဥပဒ်နှင့် ကင်းလွတ်ကြလတံ့။ (မာကု ၁၆း၈)။ ယုံကြည်ခြင်းဖြင့် အဆိပ်အတောက် များ စားသောက်သော်လည်း ဘေးဥပဒ်နှင့် ကင်းလွတ်နိုင်လျှင် မည်သည့်အရာမျှ မဟုတ်သည့် ရုပ်တု၊ဆင်းတု အားပူဇော်သည့် သက္ကာကို အဘယ်ကြောင့် မစားသုံးရဲ သနည်း။
                   သို့သော် ရှင်ပေါလုက “သင်သည် ပိုင်းခြားတတ်သော ဥာဏ်ရှိလျက်ပင်၊ ရုပ်တုစင်ထဲ၌ စားပွဲနားမှာ လျောင်းသည်ကို သူတစ်ပါးမြင်လျှင်......................” ရုပ်တုစင်တွင် ပူဇော် သကာ ကို ရှောင်ရန် သတိပေးထားသည်။ (၁ကော ၁၀း၈)။ အဘယ်ကြောင့်ဆိုသော် “နတ်ဆိုးနှင့် ဆက်ဆံသည့်” သဘော သက်ရောက်သောကြောင့် ဖြစ်သည်။ (၁၀း၂၀-၂၁)။ သာသနာပ လူတို့ ၏ ကျောင်းကန်မှ အစာများက ကျွန်ုပ်တို့အတွက် ဘေးဥပဒ်ဖြစ်ခြင်းမဟုတ်။ အစာ တည်ရှိသော ကျောင်းကန်က ကျွန်ုပ်တို့အား ညစ်ညူးစေသည်။









No comments:

Post a Comment