Tuesday, April 7, 2015

ဘယ်သူသားကို ယူမလဲ

             တစ်ခါက...... ရှားပါးတဲ့ အနုပညာလက်ရာတွေကို စုဆောင်းရတာ ၀ါသနာပါတဲ့ သူဌေးကြီး သားအဖ နှစ်ယောက်ရှိတယ်။ သူတို့ဟာ ရှေးဘုရင်များလက်ထက်မှ အင်္ဂလိပ်ခေတ်အထိ နာမည်ကြီး အနုပညာ လက်ရာများကို စုဆောင်းခဲ့ကြတယ်။ တစ်ခါတစ်ရံ သူတို့ သားအဖနှစ်ယောက် အတူထိုင်ပြီး အံ့သြဖွယ်ရာ အနုပညာလက်ရာများကို ကြည့်ရှုခံစား ကြတယ်။
               ဂျပန် တော်လှန်ရေးကာလမှာတော့ သားဖြစ်သူဟာ စစ်ပွဲထဲ ၀င်ရောက်သွားခဲ့ပါတယ်။ သူဟာ အလွန်သတ္တိရှိပြီး အခြားစစ်သားများကို ကယ်ဆယ်ရင်း ကျဆုံး သွားခဲ့ပါတယ်။ သူဌေးကြီးဟာ သူရဲ့ တစ်ဦး တည်းသော သားအတွက် အတော်လေး စိတ်ထိခိုက် ခံစားခဲ့ရတယ်။
               လအတန်ကြာပြီး ခရစ်စမတ် အချိန်မတိုင်ခင် သူဌေးကြီးဟာ အိမ်တံခါးခေါက်သံ ကြားလိုက်ရတယ်။ တံခါးရှေ့မှာ လူငယ်လေးတစ်ယောက် အိတ်ကြီးတစ်လုံး လက်မှာကိုင်ထားပြီး ရပ်နေ ပါတယ်။ လူငယ်လေးက.... “ဦးလေးက ကျွန်တော့်ကို သိမှာမဟုတ်ပါဘူး။ ကျွန်တော်ဟာ ဦးလေးသား အသက်ပေး ကယ်တင်ခဲ့လို့ အသက်ရှင်ခဲ့ရတဲ့ သူတစ်ယောက်ပါ။ အဲဒီနေ့က သူဟာ အသက်ပေါင်းများစွာ ကို ကယ်တင်ခဲ့ပါတယ်။ သူသေဆုံး ခဲ့တာကလည်း ကျွန်တော့်ကို ဘေးကင်းရာနေရာကို တွဲခေါ်သွား ချိန်မှာ သူ့နှလုံးသား တည့်တည့်နေရာ ကိုကျည်ဆံထိမှန် သေဆုံးခဲ့ရတာပါ။ သူမသေဆုံးခင် မကြာခဏ ဆိုသလို ဦးလေးအကြောင်းနဲ့ အနုပညာချစ်မြတ်နိုးတဲ့ အကြောင်း ပြောပြလေ့ရှိတယ်။” ဟုဆိုကာ လက်ထဲ က အထုတ်ကြီးကို အောက်ချလိုက် ပါတယ်။
               “ ဒီအိတ်ထဲက ပန်းချီတွေဟာ ........ ဦးလေးအတွက် မဖြစ်စလောက်လေးဖြစ်မယ် ဆိုတာ ကျွန်တော်သိပါတယ်။ ကျွန်တော်က ပန်းချီဆွဲတော်သူ တစ်ယောက်မဟုတ်ပေမဲ့  ကျွန်တော့် ပန်းချီကား တွေကို ဦးလေးသားက လိုချင်လိမ့်မယ်လို့ ထင်ပါတယ်” ။ ထိုအိတ်ကို ဖွင့်လိုက်တဲ့ အချိန် ထိုလူငယ်လေးဆွဲထားသော သူ့သား၏ ပုံတူပန်းချီကားကို သူဌေးကြီး တွေ့လိုက်ရသည်။ ပန်းချီကား ထဲမှာ သူ့သားရဲ့ စစ်သားပုံရိပ်များဟာ စူးရှစွာစိုက်ကြည့်ပြီး သူဌေးကြီး၏ မျက်ဝန်းထဲတွင် မျက်ရည်များ ပြည့်လျှံလာပါတယ်။ သူဌေးကြီးကလည်း ကျေးဇူးတင်စကား ပြောကြားပြီး ထိုပန်းချီကား အတွက် အခကြေးငွေပေးရန် ထိုလူငယ်အားပြောသောအခါ .......။
                “ ဦးလေးရဲ့သား ကျွန်တော့်ကို ကယ်ပေးနိုင်ခဲ့ပေမယ့် ကျွန်တော်ကို သူ့အတွက် ဘာမှမလုပ် နိုင်သေးဘူး။ ဒီပန်းချီကားလေး ကိုတော့ လက်ဆောင်အဖြစ် ယူထားပေးပါဗျာ” ထိုလူငယ်ဆို၏။ ဒီလိုနဲ့ သူဌေးကြီးဟာ သူ့သားပုံတူအား အခြားတန်ဖိုးကြီး ပန်းချီကားများနဲ့အတူ ချိပ်ဆွဲ လိုက်ပြီး ဧည့်သည်များလာသည့်အခါ သူစုဆောင်းထားသော နာမည်ကြီး ပန်းချီကားများအား မပြမီ သူ့သား ပုံတူအား ဦးစွာပြသလေ့ရှိတယ်။



                 လအနည်းငယ်အကြာတွင် သူဌေးကြီးသေဆုံးသွားခဲ့ပြီး၊ သူ့ရဲ့မှာကြားချက်အရ ပန်းချီကားနှင့် အနုပညာပစ္စည်းများကို လေလံပွဲ ကျင်းပကာ ရောင်းချဖို့ လုပ်ဆောင်ခဲ့ပါတယ်။ သူဌေးကြီးစုဆောင်း ထား သော ပန်းချီကားများနှင့် အနုပညာပစ္စည်းများအား ၀ယ်ယူရန်နှင့် ကြည့်ရှုရန် သြဇာအရှိန်အ၀ါကြီးမား သူများနှင့် အခြားလူပေါင်းများစွာ လာရောက်ကြည့်ရှုကြတယ်။ လေလံပွဲဦးဆောင် သူက စားပွဲကို ထုရိုက်ပြီး လေလံပွဲ စတင်ပါတော့တယ်။ 
               “ကျွန်တော်တို့ လေလံပွဲကို သူဌေးကြီးသား ပုံတူကနေ စတင်ရောင်းချမှာ ဖြစ်တယ်။ ဘယ်သူ များစတင် ကြေးခေါ်ချင်ပါသလဲ...... ခင်ဗျား။” ဟု မေးသောအခါ အားလုံးတိတ်ဆိတ်နေကြ ပါတယ်။ လေလံပွဲ၏ နောက်ဖက်မှ လူတစ်ယောက်က..... “ငါတို့က နာမည်ကြီး ပန်းချီကားတွေနဲ့ အနုပညာပစ္စည်းတွေကို တွေ့ချင်တာ။ ဒီတစ်ခုကို ကျော်လိုက်ပါ။...” ဟုထ၍ အော်ပြော ပါတယ်။ သို့သော် လေလံဦးဆောင်သူက “ဒီပန်းချီကားအတွက် ဘယ်သူစတင်၍ ကြေးခေါ်ချင်ပါသလဲ... ခင်ဗျား။ ဒေါ်လာ တစ်ရာလား.....။ ဒါမှမဟုတ် နှစ်ရာလား.......။ ” ဟု ထပ်၍ အော်ပြောတဲအခါ........ “ငါတို့က နာမည်ကြီး ပန်းချီကားနဲ့ အနုပညာပစ္စည်း အတွက် လာတာကွ။ .....။ တကယ့်လေလံ ပွဲ ဖြစ်စေမယ့် ပစ္စည်းဆီကို သွားစမ်းပါ။” ဟု အော်ဟစ်သံများ ထွက်ပေါ်လာပါတယ်။
               သို့သော် ဦးဆောင်သူက “ သူဌေးကြီးသားရဲ့ ပန်းချီကား .......။ သူဌေးကြီး သားရဲ့ ပန်းချီကား ............... ဘယ်သူယူမလဲ ........ခင်ဗျား” ဟု ဆက်မေးနေလေတယ်။ 

               “တစ်ဆယ်ပေးပါမယ်.......။” 

                 ထိုအသံက လေလံပွဲ နောက်ဆုံးနားက ထွက်ပေါ်လာသော အသံဖြစ်ပါတယ်။ အသံပိုင်ရှင်က သူဌေးကြီး၏ ခြံစောင့်တစ်ယောက်။ သူဆင်းရဲ ဖြစ်သော်လည်း ထိုလေလံပွဲ၌ သူပါဝင်ခဲ့သည်။
                “တစ်ဆယ်ပေးတဲ့လူ ရှိပါပြီ။ ဘယ်သူ နှစ်ဆယ်ပေးမလဲ ခင်ဗျား။ ပိုပေးတဲ့သူမရှိရင် တစ်ဆယ် နဲ့ပဲ ရောင်းလိုက်ပါတော့ မယ်ခင်ဗျား။” ဟု လေလံဦးဆောင်သူ ကဆိုပါတယ်။ “တစ်ဆယ်နဲ့ ၀ယ်သူ ကိုကြည့်ပါ။  ဒီပန်းချီကား ရောင်းလိုက်ပါပြီ ခင်ဗျား........။” ဟု လေလံဦးဆောင်သူက ထပ်ဆိုတဲ့ အခါ  လေလံပွဲ တက်ရောက်လာသူ လူအုပ်ကြီးက စိတ်မရှည်နိုင် ဖြစ်ကြတော့သည်။ 
                သူတို့သည် သူဌေးကြီးသား၏ ပန်းချီကားကို စိတ်မ၀င်စား။ သူတို့ စိတ်ဝင်စားသည်မှာ သူဌေးကြီး စုဆောင်းထားသည့် အနုပညာပစ္စည်းနှင့် နာမည်ကြီး ပန်းချီကားများ ပင်။ ဒါနဲ့ လေလံပွဲ ဦးဆောင် သူက “တစ်ဆယ်နဲ့ ရောင်းလိုက်ပါပြီး။........ခင်ဗျား” ဟု စားပွဲကို ထုရိုက်ကာ အတည်ပြု လိုက်လေပြီ။
                   “ကဲသူဌေးကြီး ပန်းချီကားကိစ္စ ပြီးသွားပြီဆိုရင် သူဌေးကြီးစုဆောင်ထားတဲ့ အနုပညာ ပစ္စည်းတွေဆီ ဆက်သွား လေကွာ.....။” ဟု ဒုတိယအတန်းက ထိုင်နေသူတစ်ဦး အော်လေသည်။ ထိုအခါ လေလံပွဲ ဦးဆောင်သူက ..........
                  “လေလံပွဲ ပြီးဆုံးသွား ပါပြီ ခင်ဗျား....။” ဟု ကြေဌာတဲ့အခါ အားလုံးအံ့သြတကြီး ဖြစ်ကြရသည်။ ဒါနဲ့ အခြားပန်းချီကားနဲ့ အနုပညာပစ္စည်းတွေ ကရော.....။” ဟု မေးသည့်အခါ လေလံဦးဆောင်သူက.........
                “ဒီ လေလံပွဲရဲ့ ကြိုတင်သတ်မှတ်ချက် တစ်ခုရှိပါတယ်။ အဲဒီ သတ်မှတ်ချက်ကတော့ သူဌေးကြီး ရဲ့သား ပုံတူ ပန်းချီကားကို ရောင်းချမပြီးခင် အချိန်ထိ လေလံပွဲရဲ့ လျှို့ဝှက်ချက်ကို မပြောပြ ဖို့ပဲ။ အခု သူဌေးကြီးရဲ့သား ပုံတူပန်းချီကားကို ရောင်းချပြီးပြီဆိုတော့ လေလံပွဲရဲ့ လျှို့ဝှက်ချက်ကို ပြောပြ ပါမယ်။ အဲဒီလျှို့ဝှက်ချက်က သူဌေးကြီးရဲ့သား ပုံတူပန်းချီကို ၀ယ်ယူနိုင် သူသာ  လေလံအောင်နိုင်သူ ဖြစ်ပါတယ်။ အဲဒီလူက သူဌေးသား ပန်းချီကားကို ပိုင်ဆိုင်ခွင့် ရသလို ကျန်တဲ့ ပန်းချီကားနဲ့ အနုပညာပစ္စည်း အားလုံးကိုလည်း ပိုင်ဆိုင်ခွင့်ရမှာ ဖြစ်ပါတယ်။ သူ့သားကို ပိုင်ဆိုင်ခွင့်ရသူဟာ  အားလုံးကို ပိုင်ဆိုင်ရမှာ ဖြစ်ပါတယ်..... ခင်ဗျား။” ဟု ကြေညာလေသည်။




The Story of Son အား မြန်မာမှုပြုသည်။
စောခူး









No comments:

Post a Comment