Wednesday, August 22, 2018
တပည့်တော်ချစ်ခြင်းသည်.....
တပည့်တော်အချင်းချင်း ချစ်ခြင်းကျူး -    Blest Be the Tie that Binds
သီချင်းနံပါတ်-   ၃၆၆
           စည်းဝေးကြီးများ၏နိဂုံးတွင် ဤဓမ္မသီချင်းကို အသုံးများ ခဲ့ပါသည်။ ဓမ္မသဘင်များ ပြီးဆုံးခါနီးတွင် မခွဲမခွာကြမီ ဤဓမ္မသီချင်းကို သီဆိုကြသောအခါ စိတ်နှလုံးတွင် မမြင်ရသော တွယ်တာမှု တစ်ခုခုက အမှန်တကယ်ပင် ချည်နှောင်ခြင်း သံယောဇဉ်ကို ဖြစ်စေပါသည်။
             တပည့်တော်ချစ်ခြင်းသည်
            ညီအစ်ကိုချင်း၌တည်
           ထက်ဘုံ၌ကဲ့သို့တည်း........
         ဂျွန်ဖောဆက် John Fawsett 1740-1817 ၏ လက်ယာဖြစ်သော ဤသီချင်းကို ဓမ္မသီချင်း၏ ပုဒ်ရေ ၃၆၆အဖြစ် တွေ့မြင်ရပါသည်။ အင်္ဂလိပ်ဓမ္မသီချင်းစာအုပ်၌ ပုဒ်ရေ ၄၇၆တွင် Blest be the Tic that Binds ဟု ဖော်ပြပါသည်။ ဆယ့်ရှစ်ရာစုတွင် ဆရာဂျွန်ဖောဆက်သည် အင်္ဂလန်ပြည်၏ ကျေးလက်ဖြစ်သော ရောက်ရှားရွာ၏ သင်းအုပ်ဖြစ်ခဲ့သည်။
          ဂျွန်ဖောဆက်၏ မွေးသက္ကရာဇ်ကို ၁၇၃၉ဟူ၍ မူကွဲလည်းတွေ့ရပါသည်။ သူသည်ဆင်းရဲသော မိသားစုမှ မွေးဖွားလာသူဖြစ်ပြီး ၀ှိုက်ဖီးလ်၏ တရားကြောင့် စိတ်ပြောင်းလဲလာခဲ့သူ ဖြစ်ပါသည်။ အသက်၁၆နှစ်တွင် ပြောင်းလဲ၍ ၂၆နှစ်တွင် အမှုတော်ဆောင်ဖြစ်လာကာ ရောက်ရှားရွာတွင် သင်းအုပ် လုပ်ခဲ့ပါသည်။
           သူသင်းအုပ်လုပ်သော အသင်းတော်တွင် ဆင်းရဲသောသူများ ပါဝင်ဖွဲ့စည်းထားသဖြင့် ဆရာ့ကို လစာ ကောင်းကောင်းမထောက်ပံ့နိုင်ပေ။ ပေါင် ၅၀ခန့်မျှသော လစာနှင့်ကြိုးစား အမှုထမ်းရာ သင်းဝင်သူ များစွာ၏ ချစ်ခင်မှုကို ရရှိပေသည်။
          တစ်နေ့တွင် လန်ဒန်မြို့တော်မှ ဒေါက်တာ ဂီးလီး၏ နေရာအတွက် ရွေးချယ်ခန့်ခြင်း ခံရရာ ဂျွန်ဖောဆက်သည် အသင်းတော်မှ နှုတ်ထွက်၍ ပြောင်းရွှေ့ရန် စီမံေ်လသည်။ ဆင်းရဲသော အသက်တာမှ ကြီးကျယ်မြင့်မြတ်သော ဘ၀အသက်တာသို့ ပြောင်းလဲရန် လမ်းစဖြစ်သည်။ တစ်သက်လုံး ချို့တဲ့ခဲ့သော ဆရာ့အတွက် အောင်မြင်ရေးလမ်းစ ဖွင့်ခဲ့လေပြီ။ အသင်းသားတို့သည် သူတို့တတ်နိုင်သမျှ ဆရာ့ကို နှုတ်ဆက်ကြသည်။ ကြေကွဲသောစိတ်နှလုံးနှင့် ဆရာ့ပစ္စည်းကို ၀ိုင်းဝန်းသိမ်းဆည်း ပေးကြလေသည်။
            ဆရာ့ကို နှုတ်ဆက်သူများစွာ၏ မျက်ရည်နှင့် ကြေကွဲမှုကို ဆရာကတော်က မခံစားနိုင်တော့၊ မကြည့်ရက်တော့......၊ အသင်းသား၏ ဖက်ရမ်းနှုတ်ဆက်မှုကြားမှာ မျက်ရည်တသွင်သွင် စီးကာ......
            “ဂျွန်........ ကျွန်မဖြင့် မခံနိုင်တော့ပါ။ ဒီခရီးကို မသွားလိုတော့ပါ။ ကျွန်မတို့ တစ်သက်လုံး မျှော်မှန်းခဲ့တဲ့ ကြွယ်ဝမှုကို အသင်းသားတွေရဲ့ မျက်ရည်နဲ့ မလဲလိုတော့ဘူး....... ဂျွန်” 
                 ဆရာလည်း မျက်ရည်ကို အနိုင်နိုင်ထိန်းရင်းက......
            “တကယ်လို့ လန်ဒန်ကို ငါတို့ မသွားဘဲနေရင်...... အချစ်က..... ငါ့ကို အပြစ်တင်နေဦးမှာလား.. ကွယ်....” ဟု တိုးသက်စွာ ညည်းတွားလေသည်။ ဆရာကတော်သည်....ခေါင်းခါရမ်းကာ...
           “ကျွန်မဟာ..... သင်းအုပ်ဆရာကတော် စစ်စစ်သာ ဖြစ်လိုပါတယ်..... ဂျွန်”
           ဆရာတို့ဇနီးမောင်နှံသည် ကြေကွဲနေသော သိုးစု၏ မျက်ရည်များကို လျစ်လျူမရှု၊ ဥပေက္ခာမပြု မြို့ကြီးမှ သြဇာအာဏာ ပြည့်ဝသော အလုပ်ကို မျက်နှာလွှဲလျက် မျက်နှာမွဲ သင်းအုပ်အလုပ်ဖြင့် အရိုးထုတ်ရန် ဆုံးဖြတ် ခဲ့ပါသည်။ ရှောက်ရှားရွာ၊ ၀င်းဂိတ်သင်းအုပ်ဆရာသည် ရက်အနည်းငယ်အတွင်း ဤသီချင်းကိုရေးလေသည်။
                 တပည့်တော်တို့သည်ကား.....
                အချင်းချင်းဖို့ ကြိမ်ဖန်များစွာ
               ကြင်နာသော မျက်ရည်ထွက်.........
             အသင်းတော်တစ်ခုလုံးသည် ဆရာ၏ ကိုယ်ကျိုးစွန့်မှု အတွက် အားရဂုဏ်ယူလျက် နိုးကြားလာ ခဲ့သည်။ ငယ်ပင်ငယ်ငြားသော်လည်း ဤအသင်းတော်ကို အထင်သေး၍မရ၊ နောင်သောအခါ သာသနာ့သမိုင်း၌ ထင်ရှားလေသည်။ မည်သူမဆို မိမိအခွင့်အရေးကို စွန့်စား၍ အမှုတော်ကို ဆက်ကပ်နိုင်သူအား ဘုရားသည်ကောင်းချီးမင်္ဂလာကို စီစဉ်ပေးမြဲဖြစ်သည်။
          ကိုယ်ကျိုးစွန့်ဝန်ထမ်း၍ အသက်တာ တစ်ခုလုံး သူဆင်းရဲအသင်းတော်အတွက် ပေးလျှူဆက်ကပ် ထားသော မျက်နှာမွဲ သင်းအုပ်ဆရာ ဂျွန်ဖောဆက်ကို လူပရိသတ်တို့က ပြည့်ပြည့်၀၀ ကြည်ညို ကြလေသည်။ ထိုအကြောင်းကို ကြားသိရသော ဘရောင်း သိပ္ပံကျောင်းတော်က ဂျွန်ဖောဆက်ကို “ဓမ္မ ပါရဂူဘွဲ့” ကို ဂုဏ်ပြု အပ်နှင်းခဲ့လေသည်။
              “ချစ်မိတ်ဆွေနှင့် ကွာလျှင်.....
               နောက်နောင် ပြန်တွေ့မည်ဟု မျှော်လင့်
              ထိုကြောင့် နှစ်သိမ့်နိုင်၏.......”
                                                        ဆရာဆိုး
No comments:
Post a Comment