Monday, May 4, 2015

လှူ ဒန်းတတ်ရန် သွန်သင်ခြင်းခံရသည့် အတိုင်း

               ကျွန်မငယ်စဉ်ကမကြာခဏ ကြားဖူးသည်မှာ ကျွန်မတို့၏ အဘိုးသည် ဆယ်ဘို့တစ်ဘို့နှင့် အဦးသီးကို ဘုရားအတွက် ပေးလှူသည်တဲ့။ ကျွန်မ အလုပ်ဝင်သည့်အခါ ကျွန်မဖခင်က ပထမဦးဆုံးရသည့် လစာကို အသင်းတော်သို့ အားလုံးပေးလှူ စေပြီး၊ ထိုလအတွက် စားသောက်ရန် ငွေပို့ပေးခဲ့ပါသည်။ ဆယ်ဘို့တစ်ဘို့ကို အမြဲပေးလှူ ရန် နှိုးဆော်ခဲ့ပါသည်။
                   တစ်နေ့ အသင်းတော်တစ်ပါး၏ ၀တ်ပြု ကိုးကွယ်ခြင်း ကြေညာချိန်တွင် ဆယ်ဘို့တစ်ဘို့ အလှူငွေကို အသင်းတော်သို့ မပေးဘဲ ဆောက်လုပ်ရေး အဆောက်အဦ သို့ ပေးလှူ ကြရန် အသင်းတော် ကောင်စီက ဆုံးဖြတ်ကြောင်း ပြောကြားလေသည်။ ကျွန်မစိတ်ထဲမှာ မကျေလည်ပါ။ အသင်းတော် အဆောက်အဦအတွက်သည် ကျန်ဆယ်ဘို့ ကိုးဘို့ထဲမှ ပေးလှူ ရမည်ဟု နားလည်ထားသော ကြောင့် ဖြစ်သည်။
                 ကျွန်မသည်လည်း အဖသင်းအုပ်ဆရာနှင့် ဆွေးနွေးပြောဆို သောအခါ ဆယ်ဘို့တစ်ဘို့ပင် မပေးလှူ ကြဘဲ အဆောက်အဦအတွက် ငွေလို၍ ဤသို့ဆုံးဖြတ်ရခြင်း ဖြစ်ကြောင်း ရှင်းပြပါသည်။ ထိုပြင် ကျမ်းကိုးစာအုပ်၌ ပါသော ဆယ်ဘို့တစ်ဘို့နှင့် ပတ်သက်သော ကျမ်းချက်များကို ထောက်ပြကာ ဆယ်ဘို့ တစ်ဘို့အလှူကို မည်သို့လှူ ဒန်းသင့်သည်ကို ရှဖွေရာ အဘအိမ်တော်၊ လေ၀ိ၊ မိဘမဲ့နှင့် မုဆိုးမများ၊ သီချင်း သည်များအတွက် ပေးလှူ ရန် ဖော်ပြထားကြောင်း သိရလေသည်။ ထိုပြင် ဆယ်ဘို့တစ်ဘို့မက လှူ ဒန်းရန် ကျမ်းစာက ပြောနေသကဲ့သို့ ခံစားရပါသည်။


                       အိမ်သို့ပြန်ရောက်သောအခါ လှူ ဒန်းခြင်းနှင့် ပတ်သက်၍ ဆုတောင်း၍ နှုတ်ကပတ် တော်ကိုလေ့လာရာ ဓမ္မဟောင်းကျမ်းနှင့် ဓမ္မသစ်မှ ပေးလှူ ခြင်းနှင့် ပတ်သက်၍ ကျမ်းချက်များကို မှတ်စုစာအုပ် တစ်အုပ်တွင်ရေးချ စဉ် (တရား ၁၄း၂၂-၂၇) ကို ဖတ်ရင်းအခန်းငယ် (၂၆) ၌ “စားချင်သောစိတ် အလိုရှိသည်အတိုင်း နွား၊ သိုး၊ စပျစ်ရည်၊ သေရည် အစရှိသော စားချင်သမျှကို ၀ယ်၍ ဘုရားသခင်ထာဝရဘုရား ရှေ့တော်မှာ အိမ်သူအိမ်သား များနှင့်တကွ စားသောက်လျက် ရွှင်လန်းခြင်းကို ပြု ကြရမည်” ဟု ဖတ်ရသည့်ခဏ သေရည်ပါလာသောကြောင့် စိတ်ထဲမှာ ဘ၀င်မကျ ဖြစ်မိရသည်။ 
                  (ဟေရှာယ ၁း၁၁-၁၄) ကိုဖတ်ရခြင်းဖြင့် လှူ ဒန်းခြင်းကို လွဲမှားစွာပြု ခြင်းနှင့် ပတ်သက်၍ သွန်သင်ခြင်းကို ခံရပြန်သည်။ ဓမ္မသစ်တွင် ဆယ်ဘို့တစ်ဘို့ ပေးခြင်းသည် လှည့်ဖျားမှုဖြစ်လာခြင်းနှင့် ဆယ်ဘို့တစ်ဘို့ ပေးလှူ သူသည် ဖြောင့်မတ်သူဖြစ်နေသည့် သဘောရှိလာခြင်းကို (မဿဲ  ၂၃း၂၃၊ လု ၁၁း၄၂၊ လု ၁၈း၉-၁၂) တွင် ဖတ်ရှု ခဲ့ရပြန်သည်။ ထိုပြင် ပေးလှူ ရာတွင် - စေတနာစိတ်နှင့် လှူ ဒန်းရန် (မဿဲ ၁၀း၈)၊ ၀မ်းမြောက်စွာ လှူ ဒန်းရန် (၂ကော ၉း၇)၊ ၀င်ငွေ အချိုး အစားအလိုက်ပေးလှူ ရန် (တရား ၁၆း၁၇၊ သုတ္တံ ၃း၉-၁၀၊ ၁ကော ၁၆း၂)၊ ရက်ရောစွာ လှူ ဒန်းရန် (ဆာလံ ၃၇း၂၆၊ ၂ကော ၉း၅-၆၊ ၁တိ ၆း၁၈)၊ သွန်သင်ခြင်းကိုလည်း ခံရသည်။
                     ကျွန်မသည် အဆောက်အအုံနှင့် ကား စသည်တို့အတွက် လှူ ဒန်းရန်စိတ်စေတနာ သိပ်မရှိပါ။ အသင်တော်သည် လူတို့ နှလုံးသားထဲ၌ ရှိပါသည်။ ကျွန်ုပ်တို့ ကိုယ်ခန္ဓာသည် ဘုရားရှင်၏ သန့်ရှင်းသောဝိညာဉ်တော် ကိန်းအောင်းရာ ဗိမာန်ဖြစ်သည်ဟု ခံယူထားသောကြောင့် ဧ၀ံဂေလိလုပ်ငန်း များအတွက် ပို၍ လှူလိုစိတ်ရှိပေရာ ယခုအဆောက်အအုံအတွက် ငွေလိုအပ်နေသည်ကို သိသောအခါ မည်သို့လှူ ဒန်းရမည်နည်းဟု ဘုရားရှင်ထံ တောင်းလျှောက်မေးမြန်းပြီး ကျမ်းစာ၌ အဖြေရှာသောအခါ ဧဇရ (၂း၁၆) ၌ - “အဆွေအမျိုး သူကြီးအချို့ တို့သည် ယေရုရှလင်မြို့ ဗိမာန်တော်သို့ ရောက်သောအခါ မိဗာန်တော်ကို မိမိနေရာ၌ တည်စေခြင်းငှာ တတ်နိုင်သမျှအတိုင်း အလိုလိုလှူ ၍ ရွှေဒင်္ဂါ ခြောက်သောင်း တစ်ထောင်၊ ငွေအခွက် ငါးသောင်း၊ ယဇ်ပရောဟိတ် အ၀တ်အစုံ တစ်ရာကို ဘဏ္ဍာတော်ထဲသို့ သွင်းကြ၏” ဟု ဖတ်လိုက်ရပါသည်။ ထို့အပြင် (ထွက် ၁၅း၁-၇၊ ၅ရာ ၂၉း၆-၉၊ ၆ရာ ၂၄း၈-၁၀) တို့တွင် လည်း စေတနာထက်သန် စွာဖြင့် ရွှေငွေများကို လှူ ဒန်းသည့်အကြောင်း ဖတ်လိုက်ရသည့်အတွက် ဆွဲကြိုး တစ်ကုံးရောင်းကာ ဗိမာန်တော်နျင့် Sunday School အဆောက်အအုံ ဆောက်ရန် အသင်းတော်နှစ်ပါးကို မျှဝေလှူ ဒန်းလိုက်သည်။
                    တစ်ဖန် မာကု (၁၂း၄၁-၄၄) ကိုဖတ်၍ ဆင်ခြင်ပြန်သောအခါ ဆင်းရဲသားမုတ်ဆိုးမ လှူ ဒန်းသော တစ်ပဲလောက်တန်သော ကြေးနီဒင်္ဂါး နှစ်ပြားသည် သူမအသက်မွေးစရာ ဥစ္စာရှိသမျှကို လှူဒန်း ခြင်းဖြစ်ကြောင်း တွေ့ရသည်။ ကျွန်မအနေဖြင့် ထိုမုတ်ဆိုးမကဲ့သို့ မလှူ ဒန်းနိုင်ကြောင်း မိမိကိုယ်မိမိ ဆင်ခြင်မိသည်။


                      ဓမ္မသစ်ပိုင်းတွင်ဥစ္စာရှိသမျှကို လှူဒန်းသော မုတ်ဆိုးမအကြောင်း ပါသကဲ့သို့ ဓမ္မဟောင်း ပိုင်းတွင်လည်း (၁ရာ ၁၇း၁-၁၆) ၌ ပရာဖက်ကြီး ဧလိယအတွက် နောက်ဆုံးကျန်ရှိသော မုန့်ညက်လက် တစ်ဆုပ်နှင့် ဆီအနည်းငယ်ဖြင့် ကျွေးမွေးပြု စုခြင်းဖြင့် ထာဝရဘုရားသည် ဧလိယအားဖြင့် မိန့်တော်မူ သည့်စကားအတိုင်း အိုး၌ရှိသောမုန့်ညက်မကုန်၊ ဘူး၌ရှိသောဆီ မလျော့ကြောင်း သက်သေ  တွေ့ရပါသည်။ 
                ထိုသို့ လေ့လာဆင်ခြင်ရင်း ကျွန်မဖခင်အကြောင်းကို သတိရပါသည်။ ကျွန်မဖခင်သည် သူတစ်ပါးအား အလွန်သနားတတ်သူ တစ်ဦးဖြစ်သည်။ အိမ်ရှေ့တွင် ထမင်းဖိုးလေးမစပါ ဟု အသံကြား လျှင် သူကိုယ်တိုင်ထွက်ပေးလျှင်ပေး၊ ထိုသို့မဟုတ် သားသမီးတစ်ဦးဦး ကိုခိုင်းတတ်သည်။ အရေးအခင်း ကာလ ဆန်ဝယ်ရန် မလွယ်ကူသည့်အချိန် တစ်ညနေတွင် ထမင်းမစားရသည်မှာ နှစ်ရက်ရှိပါပြီ၊ မစကြပါ ဟု အော်သံကြားသောအခါ ကျွန်မဖခင်က ဆန်သွားပေးခိုင်းပါသည်။ ထိုနေ့က အိမ်တွင် ဆန်နို့ဆီဗူး နှစ်ဗူးသာ ကျန်နေရာ ဖခင်အား အခြေအနေကို ပြောပြမိသည်။ ဖခင်က သွားပေးလိုက်ပါဟု ပြောသည့်အတွက် ရှိသည့် ဆန်နို့ဆီဗူး နှစ်ဗူးကို အိတ်တစ်လုံးတွင် ထည့်ကာ သွားပေးလိုက်သည်။
                  နောက်တစ်နေ့ နံနက်တွင် မောင်အငယ်ဆုံး ပုသိမ်မှပြန်လာရာ ဖခင်၏တပည့်ဟောင်း တစ်ဦးမှ ဆန်တစ်အိတ်ပေးလိုက်ကြောင်း ပြောပါသည်။ ထိုသူကား ကျွန်မဖခင် မှော်ဘီ ဆေးတပ်ရင်းမှူး အဖြစ် တာဝန်ထမ်းဆောင်စဉ်က မိုင်းဆတ်မှ ပြောင်းလာသူဖြစ်သည်။ သူတို့မိသားစု ရောက်သည့်နေ့၌ ကျွန်မမိခင်က နို့နှင့် စားစရာများ၊ သွားပေးကာ ကူညီပေးခဲ့သည်ကို အစဉ်သတိရ လျက် ကျေးဇူးတင် ကြောင်းကြုံ တိုင်း ပြောပြတတ်သူဖြစ်သည်။ ကြုံ သည့်အခါတိုင်း စားသောက်ဖွယ်ရာနှင့် လက်ဆောင်များပေးတတ်သော ကျေးဇူးတင်တတ်သည့် ဇနီးမောင်နှံဖြစ်သည်။

        အထက်ပါ အဖြစ်အပျက်တွေ ကို သတိရလာ    ၍ “သူ တစ်ပါး အား ပေးကြလော့။ ပေးလျှင်သူတစ်ပါးသည် သင်တို့အား ပေးလိမ့်မည်။ အမှန်ခြင်ရုံမျှမ က သိပ်နှက် လျက်၊ လှုပ်လျက်၊ လျှံလျက် ရှိခြင်းနှင့် သင်တို့ရင်ခွင်၌ ပေးကြလိမ့်မည်။ အကြောင်းမူကား အကြင်ချိန်တင်း ပမာဏနှင့် သင်တို့သည် သူတစ်ပါးအားပေး၏။ ထိုပမာဏအတိုင်း ကိုယ်ခံရမည်” ဆိုသော လုကာ(၆း၃၈) ကျမ်းချက်လည်း ခေါင်းထဲဝင်လာ ပါသည်။ “သင်သည် ကိုယ်ဥစ္စာနှင့် အဦးသီးသော သီးနှံရှိ သမျှကို ထာဝရဘုရားအား ပူဇော်လော့။ သို့ပြု လျှင် သင်၏စားပါးကျီတို့သည် ကြွယ်ဝ၍ စပျစ်သီးနယ်ရာ တန်ဆာတို့ကို အသစ်သော စပျစ်ရည်လျှံ လိမ့်မည်” ဟု (သုတ္တံ ၃း၉-၁၀) မှာလည်း ဖော်ပြထားသည်။ ထိုကျမ်းချက်ကြောင့် ကောင်းချီးရလို၍ လှူ ဒန်းခြင်းမျိုး မဖြစ်ရန် ၂ကော ၉း၇ ကစေတနာစိတ်နှင့် လှူ သော သူကိုသာ ဘုရားသခင် နှစ်သက်ကြောင်း သတိပေးထားပြန်သည်။
                            ကျွန်မအသက်တာတွင် မှတ်မှတ်ရရ ပထမတန်းအတန်းပိုင် ဆရာမကြီး မျက်စိအလင်း မရဘဲ ဆင်းရဲစွာ နေရသည်ကို မြင်ရသောအခါ အိတ်ထဲ၌ရှိသော တန်ဖိုးအမြင့်ဆုံး (၄၅)ကျပ်တန်ကို ပေးလှူ ခဲ့ပါသည်။ ထိုနေ့က ဆိုက်ကားခမရှိ၍ ခရီးဝေးကို လမ်းလျှောက်ပြန်ခဲ့ပြီးနောက် ကျွန်မတစ်ပည့်ဟောင်း တစ်ဦးထံမှ (၄၅၀)ကျပ်ထက်မက တန်ဖိုးရှိသော ကျွန်မလိုအပ်နေသည့် စာအုပ် နှစ်အုပ် လက်ဆောင်ရခဲ့ခြင်းကို သက်သေခ့ခဲ့ဖူးသည်။ အပြန်ဝတ်ရန် ၀တ်စုံတစ်စုံသာ ချန်၍ “၀” နယ်စည်းဝေးကြီးတွင် ပါသွားသော အင်္ကျီ ၊ လုံချည်နှင့် စောင်များကို လှူ ဒန်းခဲ့ပြီး အပြန်လုံချည်၊ အင်္ကျီ လက်ဆောင်ပြန်ရခဲ့သည့် သက်သေလည်းရှိပါသည်။ သို့သော် ယခုတိုင် ဥစ္စာရှိသမျှကို လှူ ဒန်းသော မုတ်ဆိုးမ၏ စံချိန်ကို မမှီနိုင်သေးကြောင်း ၀န်ခံရင်း လှူ ဒန်းခြင်းနှင့် ပတ်သက်၍ သွန်သင်လေ့လာ ဆင်ခြင် မိသမျှ ဝေငှ အပ်ပါသည်။

                                                                              မပန်းချ စ် (ပညာရေး)



No comments:

Post a Comment