Friday, May 22, 2015

တိုင်းပြု ပြည်ပြု အသင်းတော်

               ခရစ်ယာန်တို့၏ အသင်းတော်သည် ကနဦးအသင်းတော်ခေတ် အဖိနှိပ်ခံနေစဉ်ကာလ၌ ဖြူ စင်သန့်ရှင်းမှု၊ သစ္စာရှိမှု၊ စည်းလုံးမှု အစရှိသော သခင်ခရစ်တော်အား ချစ်မြတ်နိုးမှုကြောင့် တဖြည်းဖြည်း ကြီးပွားတိုးတက်ခဲ့သည်။ အသတ်ခံရသူ များသော်လည်း တိုးတက်ကြီးပွားခဲ့သည် သာဖြစ်သည်။ ဤသို့ဖြင့် နှစ်ပေါင်း(၃၀၀) ကျော်ခန့် ကြီးထွားရင့်ကျက် ခဲ့သည်။
                ကွန်စတင်တိုင်ဘုရင်လက်ထက် သို့ရောက်သောအခါ (ခသ ၃၂၅) မှစ၍ ခရစ်ယာန်ဘာသာ သည် ဘုရင်ကိုယ်တိုင် ကိုးကွယ်သော ဘာသာတရားဖြစ်လာသည်။ ထိုကြောင့် ဖိနှိပ်ညှင်းဆဲခြင်းဘေးမှ လွတ်မြောက်၍ ယုံကြည်ကိုးကွယ်သူ ဦးရေ တဟုန်ထိုး ကြီးထွားလာခဲ့သည်။ အသင်းတော်သည် ဥရောပတိုက် တစ်ခုလုံးသို့၊ တစ်ကမ္ဘာလုံးသို့ ပျံ့ နှံ့သွားခဲ့သည်။ ဘာသာတရားသည်လည်း သန့်စင်မှု၊ သစ္စာရှိမှု၊ ချစ်ခင်မြတ်နိုးမှု စသော ကောင်းမြတ်သောလက္ခဏာများ လျော့ကျခဲ့သည်နှင့်အမျှ ပြည်သူလုထု အား ဖိနှိပ်သော အင်အားစုအဖြစ်သို့ တဖြည်းဖြည်း ရောက်ရှိလာခဲ့တော့သည်။

               အသင်းတော်၏ ဖိနှိပ်မှုနှင့် မှားယွင်းမှုတို့ကို မြင်တွေ့လာကြသော ပညာတတ်များ ဘုန်းတော်ကြီးများ သည် ပြုပြင်ပြောင်းလဲမှုများကို စတင်လုပ်ဆောင်ခဲ့ကြသည်။ ဖမ်းဆီးသတ်ဖြတ်ခြင်းကို ခံကြရသော်လည်း ရှေးသန့်ရှင်းသူများကဲ့သို့ သစ္စာတရားဘက်မှ ရဲဝံ့စွာ ရပ်တည်ဆောင်ရွက် ခဲ့ကြသဖြင့် ဥရောပ လူအဖွဲ့အစည်းသည်  ပြန်လည်ဆန်းသစ်လာပြီး  ပြုပြင်ပြောင်းလဲမှုများ ဖြစ်ပေါ်လာခဲ့သည်။ ထို ပြု ပြင်ပြောင်းလဲရေးနှင့် အမျိုးသားရေးဝါဒများ သည် ဆက်နွယ်နေသည်။ ထိုကဲ့သို့ အမျိုးသားရေးဝါဒများ ဝင်လာသောကြောင့် ရောမအင်ပါယာကြီး ပြိုလဲပျက်စီးခဲ့ရပြီး ဥရောပ၌အမျိုးသား နိုင်ငံငယ်များစွာ ပေါ်ထွန်း လာခဲ့သည်။ ထိုကြောင့် အမျိုးသားရေးဝါဒသည် တိုင်းပြု ၊ ပြည်ပြု စိတ်ဓာတ်ကို ပေါက်ဖွားစေခဲ့ပေသည်။

          ဘာသာရေး ပြု ပြင်ပြောင်းလဲမှုနှင့် အမျိုးသားရေးဝါဒ  တို့ကြောင့် ကွဲပြားခြားနားသော ပရိုတက်စတင့် (Protestant) ခေါ် ရောမကက်သလစ် အသင်းတော်မှ ခွဲထွက်သော ခရစ်ယာန် ဘာသာရေး အသင်းတော်များစွာ ပေါ်ထွက်လာခဲ့သည်။ ဤသို့ ပရိုတက်စတင့် အသင်းတော် များ သည် ရောမကက်သလစ်အသင်းတော်နှင့် အပြိုင်အဆိုင် သာသနာပြုကြရာမှ တစ်လောကလုံးသို့ ခရစ်ယာန်အသင်းတော်များ ပျံ့နှံ့သွားခဲ့သည်။ ဤနေရာ၌ သဘောထားကွဲပြားမှု၊ မိခင်အသင်းတော်နှင့် အဆင်မပြေ၍ ခွဲထွက်မှုတို့ကို ထောက်ပြလို၍ ရေးသားခြင်း မဟုတ်ပေ။ လူသားဆန်စွာ အမှန်တရားကို ရှာဖွေကြရာမှ မိမိမြင်တွေ့ရသော အမှန်တရားအတိုင်း ရိုးသားစွာခွဲထွက်ခြင်းသည် သာသနာတော် ကို ပြုစုရာရောက်သည်ဟု မြင်မိသဖြင့် ဖော်ပြရခြင်း ဖြစ်ပါသည်။

(က)  သာသနာပြုဆရာများခေတ်
              (၁၉)ရာစုကို ခေတ်သစ်သာသနာပြုခေတ်ဟု ပရိုတက်စတင့် အသင်းတော်များက အသိအမှတ် ပြုကြသည်။ (၁၈)ရာစုတွင် နယ်ချဲ့များနှင့် အတူ လိုက်ပါခဲ့ကြသော သာသနာပြုဆရာများသည် ကမ္ဘာအရပ်ရပ်သို့ ရောက်ခဲ့ကြသည်။ ထိုကြောင့် ဥရောပသားများ ရောက်ရှိလာခြင်းကို မြန်မာအပါအဝင် အရှေ့တိုင်းများက (3M Strategy) ဟုခေါ်ဆိုကြသည်။ ရှေးဦးစွာ ကုန်သည်များ (Merchants) ထိုနောက် ကုန်သည်များကို အကာအကွယ်ပေးရန် စစ်တပ်များ (Military) ပါလာ၏။ ထိုနောက် ကုန်သည်နှင့် စစ်တပ် များကို ဘာသာရေးဝတ် ဆောင်ရွက်ပေးရန် ဘုန်းကြီးများ (Missionaries) ရောက်လာကြသည်။ ထို အဆိုမှာ မှန်သင့်သလောက်မှန်သော်လည်း အပြည့်အစုံ မမှန်ပေ။ မြန်မာနိုင်ငံ ခရစ်ယာန် သမိုင်းကို လေ့လာပါက ဥရောပစစ်တပ်များ မရောက်မီကပင် ခရစ်ယာန်များနှင့် ကုန်သည်များက စတင်ရောက်ရှိကြကြောင်း တွေ့ရသည်။ မည်သို့ပင်ဖြစ်စေ (3M) အဆိုကား မှန်နေပေသည်။ မည်သည့် (M) စောသည် ဆိုသော အချက်သာ ကွာခြားပေသည်။
               မြန်မာပြည်တွင် ဗုဒ္ဓသာသနာသည် ပုဂံခေတ်မှစ၍ ထွန်းကားစည်ပင်လျက်ရှိ ပေသည်။ ခရစ်ယာန်နှင့် အစ္စလာမ်ဘာသာဝင်များ ရောက်လာသောအခါ ဗုဒ္ဓဘာသာမှာ မြန်မာနိုင်ငံ၌ အခြေခိုင် လျက် ရှိပေပြီ။ မြန်မာနိုင်ငံသားမှန်လျှင် ဗုဒ္ဓဘာသာဖြစ်ရမည် ဟု အမျိုးသားရေးနျင့် ဘာသာရေး တွဲ၍ မြင်ရ၊ ခံစားရသည်။ မြန်မာနိုင်ငံသား တို့၏ အမျိုးသားယဉ်ကျေးမှုသည် ဗုဒ္ဓဘာသာယဉ်ကျေးမှု ဖြစ်သည် ဟု ခံယူထားကြသည်။ (အိန္ဒိယပြည်၏ ယဉ်ကျေးမှုသည် ဟိန္ဒူ ယဉ်ကျေးမှု ဖြစ်သည်ဟု အိန္ဒိယပြည်၏ အင်အားကောင်းသော နိုင်ငံရေးပါတီကြီး(၂)ခုက ခံယူထားသည်။)
                သာသနာပြု ဆရာများသည် အများအားဖြင့် ဥရောပနှင့် အမေရိကန်မှ ရောက်လာသူများ ဖြစ်၏။ အိန္ဒိယနှင့်တကွ မြန်မာပြည်ကို ကျွန်ပြုအုပ်ချုပ်ခဲ့သော အင်္ဂလိပ် အစိုးရသည်လည်း ဥရောပသား ခရစ်ယာန်ဘာသာဝင်များ ဖြစ်ကြသည်။ ထိုကြောင့် ခရစ်ယာန် ဘာသာတရားကို နယ်ချဲ့နှင့် ပါလာသော ဘာသာတရားဟု မြင်ကြသည်။ အမြစ်တွင်၍ အခြေခိုင်နေ ပြီး ဖြစ်သော ဗုဒ္ဓဘာသာတရားတော်သာလျှင် တစ်ခုတည်းသော နိဗာန်ရောက်ကြောင်း တရားဟု ယုံကြည်နေကြသော မြန်မာလူမျိုးများအတွက် အခြားသောဘာသာ တရားများကို အယူမှားအဖြစ် မြင်ကြပေ သည်။ ပြောင်းလဲရန် မလွယ်ကူပေ။ ဗုဒ္ဓဘာသာမှ ဆင်းသက်လာသော ယဉ်ကျေးမှုသည် အမျိုးသား ယဉ်ကျေးမှုဟု ခံယူထားကြသဖြင့် အခြားသောယဉ်ကျေးမှုများကို အထင်မကြီးပေ။ 
               ထိုအခြေအနေကို နားလည်သဘောပေါက်ကြသော ပညာတတ် သာသနာပြုဆရာများသည် မြန်မာဓလေ့ထုံးစံနျင့် ယဉ်ကျေးမှုကိုပါ ထိုးဖောက်နိုင်ရန် လူနေမှုဘဝ ကို မြှင့်တင်ပေးနိုင်ရန် စာသင်ကျောင်းများ၊ ဆေးရုံများ၊ စက်မှုလက်မှုသိပ္ပံကျောင်း၊ မိဘမဲ့ကျောင်းများ၊ လူအိုရုံများ စသည်တို့ကို တည်ဆောက်ပြုစုကြသည်။ လူအများ လျစ်လျူ ရှုခြင်း၊ စွန့်ပစ်ခံရသော လူနူများ၊ မျက်မမြင်များ၊ ဆွံ့အ၊နားမကြားသူများ (ခြားနားစွမ်းသူများဟုခေါ်) အတွက် လက်မှုပညာသင်ကျောင်းများ ကိုလည်း ဖွင့်လှစ်ပြု စုကြသည်။ ဤသို့ဖြင့် ခရစ်ယာန်သာသနာသည် ပြည်သူတို့၏ လိုအပ်ချက်နျင့် ခံစားချက်တို့ကို လေ့လာ၍ အကူအညီလိုအပ်သော သူများအား ကြည့်ရှုပြုစုခဲ့သည်။ ပြည်သူလူထုနှင့် တဖြည်းဖြည်း ရင်းနှီးလာကြသည်။ သို့ရာတွင် အများပြည်သူနှင့်မရော၊ ဗုဒ္ဓဘာသာဝင်တို့၏ ပွဲလမ်းသဘင်သို့မသွား၊ ဗုဒ္ဓဘာသာတို့၏ သီချင်းကို နားမထောင်၊ မြန်မာစာပေကို ဖတ်ရကောင်းမှန်းမသိခဲ့ ကြပေ။ ရင်းနှီးကြသော်လည်း အရောမဝင်ကြရန် သာသနာပြုဆရာများက သွန်သင် ဆုံးမခဲ့ကြသည်။ (နတ်ပွဲသို့ သွားရောက်လေ့လာ လိုသော်လည်း သာသနာပြုဆရာများ၊ ဘိုးဘေးများ မကြိုက်ကြ သဖြင့် လေ့လာခွင့်မရခဲ့ကြောင်း ဆရာကြီးဒေါက်တာ ချစ်မောင်က ပြောပြခဲ့ပါသည်။) ဤသို့ဖြင့် သာသနပြုဝန်းနှင့် အပြင်လောကသည် တံတိုင်းခြားထားခြင်း ခံခဲ့ရ၏။
               သာသနာပြုကျောင်း များသည်လည်း အင်္ဂလိပ်အစိုးရဖွင့်လှစ်သော အစိုးရစာသင်ကျောင်းများ ကဲ့သို့ပင် ကိုလိုနီပညာရေးဟု ခေါ်သော အကန့်အသတ်ရှိသော ပညာကိုသာ သင်ကြားခွင့်ရကြသည်။ ထိုပညာရေးစနစ်ကို ကျွန်ပညာရေးစနစ်ဟု ခေါ်ခဲ့ကြသည်။ မြန်မာနိုင်ငံကို ရေရှည်ကျွန်ပြုရေးအတွက် အထောက်အကူပြုမည့် သစ္စာရှိဝန်ထမ်းကောင်း (ကျွန်ကောင်း) များမွေးထုတ်သည့် ပညာရေးစနစ်၊ ကိုလိုနီ စီးပွားရေးကို အကျိုးပြုမည့် ပညာရေးကိုသာ သင်ကြားခွင့်ရသော ပညာရေးစနစ်ဖြစ်သည်။ ထိုကြောင့် သာသနာပြုဆရာများသည် အင်္ဂလိပ်အစိုးရအပေါ် သစ္စာရှိရန်၊ တော်လှန်ပုန်ကန်မှု မပြုကြရန် ဦးစားပေး သင်ကြားပေးခဲ့သည်။ (သာသနာပြုဆရာများကို အင်္ဂလိပ်အစိုးရက မကြိုက်လှပေ)။ သာသနာပြု ဆရာများ သြဇာလွှမ်မိုးခြင်းခံရသဖြင့် ခရစ်ယာန်အသင်းတော်များနှင့် သာသနာပြု ကျောင်းများသည် ကိုလိုနီအစိုးရ (အင်္ဂလိပ်အစိုးရ) ကို ဘယ်သောအခါမျှ တော်လှန်ပုန်ကန်ရန် အားပေးအားမြှောက် မပြုခဲ့ကြပေ။
               ကိုလိုနီပညာရေးစနစ်ကို မကြိုက်သဖြင့် ၁၉၂၀ပြည့်နှစ်တွင် ပထမကျောင်းသားသပိတ်၊ ၁၉၃၆ခုနှစ်တွင် ဒုတိယကျောင်းသားသပိတ်နှင့် ရေနံသပိတ်ကို ထောက်ခံသော တတိယကျောင်းသား သပိတ် ၁၀၃၈ခုနှစ်တွင် ပေါ်ပေါက်ခဲ့သော်လည်း ခရစ်ယာန်ကျောင်းသူကျောင်းသားများနှင့် အသင်းတော် များသည် သပိတ်တိုက်ပွဲတွင် ပါဝင်ခြင်းမရှိကြောင်း တွေ့ရသည်။ အနည်းငယ်မျှသော ကျောင်သား အရေအတွက် ပါဝင်တိုက်ပွဲဝင်ခဲ့ကြ ပေလိမ့်မည်။ သို့ရာတွင် အင်္ဂလိပ်အစိုးရကို ဆန့်ကျင်၍ သပိတ်တိုက်ပွဲ ဝင်သောကျောင်းသားမိဘများအား ခရစ်ယာန်သာသနာပြု ဆရာများက အရေးယူမည်ဟု ခန့်မှန်းရပါသည်။ (ကယ်လီကျောင်းအုပ်ကြီး ဆရာဦးကြည်မိသားစု) အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲများ၍ ခရစ်ယာန်များ ပါဝင်မှု အလွန်နည်းသည်သာမက အသင်းတော်များကလည်း အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲများကို အားပေးကူညီမှု ပြုခဲ့သည်ဟု အထောက်အထားများ မတွေ့မိပေ။
                  တစ်ဖက်မှ ကြည့်သောအခါ တတိယကျောင်းသားသပိတ် (၁၉၄၈) နောက်ပိုင်းမှစ၍ သပိတ်အသီးသီးတွင် ရှေ့တန်းမှပါဝင် ဦးဆောင်ခဲ့ကြသော ခေါင်းဆောင်များသည် ဆိုရှယ်လစ်ဝါဒနှင့် ကွန်မြူ နစ်ဝါဒ ကို နှစ်သက်သူများ ဖြစ်ပေသည်။ (ထိုရုပ်ဝါဒများသည် လွတ်လပ်ရေးတိုက်ပွဲ ဝင်လိုသူများ အတွက် လမ်းပြကြယ်အဖြစ် အိန္ဒိယခေါင်းဆောင် နေရူးက ပြောဆိုခဲ့သည်။ ၁၉၃၆၊၁၉၃၇ ဗကသစည်းဝေး များ) နေရူး၏ စကားသည် ခေတ်နှင့်ညီညွတ်သည်ဟု တကသ နှင့် ဗကသ ခေါင်းဆောင် များက သဘောပေါက်ကြသဖြင့် အမျိုးသားတော်လှန်ရေးကို အားပေးသော နဂါးနီစာအုပ်တိုက် ပေါ်ထွက်လာ ခဲ့သည်။ ကိုလိုနီအင်္ဂလိပ်အစိုးရကို တော်လှန်ရာ၌ လက်နက်သဖွယ်ဖြစ်သော ရုပ်ဝါဒသည် ခရစ်ယာန် အသင်းတော်က လုံးဝလက်မခံနိုင်သော ဝါဒဖြစ်သည်။ ဤသို့ဖြင့် ခရစ်ယာန်အသင်းတော်နျင့် အသင်းသူ အသင်းသားများသည် အမျိုးသားရေး လှုပ်ရှားမှုနျင့် ကင်းကွာခဲ့ကြပေသည်။ 

(ခ)   စစ်ပြီးခေတ်
              ဒုတိယကမ္ဘာစစ်ကြီးသည် လူသားတို့၏ ဘဝနှင့် အတွေးအခေါ်ကို ပြောင်းလဲစေ၏။ အုပ်စိုးသူ အင်္ဂလိပ်များနှင့်အတူ သာသနာပြုဆရာများ မြန်မာပြည်မှ ထွက်ခွာပြေးကြ၏။ ရောမကက်သလစ် အသင်းတော်မှ ဘုန်းတော်ကြီးများမူကား သူတို့၏ သိုးစုနှင့်အတူ ရှိနေခဲ့ကြသည်။ တိုင်းရင်းသား ခရစ်ယာန် များသည် စစ်ဘေးကိုရှောင်တိမ်းနေကြစဉ် ဂိုဏ်ဂဏမရွေး အတူပေါင်းစည်းမိကြ၏။ ပရိုတက်စတင့် ခရစ်ယာန်များသည် သူတို့မျှော်ကြည့်နေရသော သာသနာပြုမျက်နှာဖြူ ဂိုဏ်း များကို မတွေ့ရသောအခါ အနာဂတ်အသင်းတော် အရေးကိစ္စကို စဉ်းစားမိကြပေလိမ့်မည်။ ဂိုဏ်ဂဏများ၊ အသင်းတော်များ ပူးပေါင်းဆောင်ရွက်ရေး စိတ်ဓာတ်ကို စစ်မဖြစ်မီက ၁၉၁၃ခုနှစ်တွင် ရန်ကုန်သို့ရောက်ရှိ လာသော ဂျွန်အာမော့ (John R. Mott) နှိုးဆော်ခဲ့သည်။ သို့ရာတွင် တိုင်းရင်သားခရစ်ယာန် များကြား ၌ ကောင်းစွာရှင်သန်မှု မရှိခဲ့ပေ။ ယခုစစ်ကို ရှောင်တိမ်းရင်ဆိုင်ကြရသောအခါ မှသာ အတူပူးပေါင်း ရပ်တည်ရေးကို အလေးအနက် စဉ်းစားကြခြင်းဖြစ်သည်။ 
              ထိုကြောင့် စစ်ကြီးပြီးသောအခါ မှသာ တိုင်းရင်းသား ခရစ်ယာန်များ စည်းလုံးရန် အချိန်ကျလာပြီ ဖြစ်ကြောင်း၊ အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုအရှိန် ရိုက်ခတ်မှုအားဖြင့် အမြင်မှန် ရရှိလာခဲ့ကြသည်။ ထိုသို့အားဖြင့် ပွဲဦးထွက် ပေါ်ထွက်လာသော ခရစ်ယာန်လူငယ်လှုပ်ရှားမှုမှာ ဗခလ (ဗမာ ခရစ်ယာန်လူငယ်) အသင်း ဖြစ်ပေသည်။ ဗိုလ်ချုပ်အောင်ဆန်း၏ စည်းလုံးရေးခရီး စဉ်နှင့် ဟောပြောချက်တို့သည် အမျိုးသား စည်းလုံးညီညွတ်ရေးကို အရှိန်ရလာစေပြီး ခရစ်ယာန်လူထုသို့ ရိုက်ခတ်လိုက်ခြင်း ဖြစ်သည်။ ထို (ဗခလ) လှုပ်ရှားမှု၌ တစ်လုံးတစ်ဝတည်း စိတ်ဓာတ်နှင့် အမျိုးသား ခရစ်ယာန် ခေါင်းဆောင်များ မွေးထုတ်ရေးသည် အဓိက ဦးတည်ချက်ဖြစ်ကြောင်း ဆရာကြီးဦးဘမျှင်နှင့် ဂိုဏ်းချုပ်ကြီး ဦးလှစိန် တို့ထံမှ ကြားသိရပေသည်။ 
                သို့ရာတွင် ကိုလိုနီအငွေ့အသက် သြဇာကြီးမားလွန်းခြင်း၊ မျက်နှာဖြူ သာသနာပြု ဆရာကြီး များ၏ ပုဂ္ဂိုလ်ရေးဝါဒ လွှမ်းမိုးမှုကြီးမားခြင်းတို့ကြောင့် (ဗခလ)သည် ဗမာလူမျိုး ခရစ်ယာန်များကြား၌သာ ရှင်သန်ရသဖြင့် အားကောင်းမှု မရှိ။ မျိုးဆက်နှစ်ဆက်ခန့်သာ ရှင်သန်ခဲ့ရပြီး အရှိန်သေသွားခဲ့ရ၏။ သို့ရာတွင် တိုင်းရင်းသာခရစ်ယာန် လူငယ်ခေါင်းဆောင်များ တစ်လုံးတစ်ဝတည်းစိတ်ဓာတ် ရှင်သန်နိုးကြားရေး ဟူသော စိတ်ဓာတ်ကား အနည်းငယ်ပျံ့နှံ့သွားခဲ့၏။ ထိုစိတ်ဓာတ်ကို မြန်မာနိုင်ငံ ခရစ်ယာန်အသင်းတော်များ ကောင်စီ၌ ကျောင်သားလုပ်ငန်းဌာန၊ အမျိုးသမီးဌာန၊ လူငယ်ဌာနတို့တွင် အမွေစား အမွေခံအဖြစ် ရရှိခဲ့ကြပေသည်။
              လွတ်လပ်ရေး ရရှိပြီးနောက် ပါလီမန်ဒီမိုကရေစီခေတ် ရောက်လာသောအခါ ပြည်သူတို့ ၏ မျှော်ကြည့်ရာဖြစ်သော တက္ကသိုလ်သမဂ္ဂ (တကသ)နှင့် ဗမာပြည်လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ (ဗကသ) တို့ သည် နိုင်ငံရေးပါတီများ၏ ပရောဂကြောင့် အုပ်စုများ ကွဲခဲ့သည်။ သို့ရာတွင် အင်အားကြီးသော တိုးတက်အုပ်စု ခေါ်သောအုပ်စုတွင် ခရစ်ယာန်များထဲမှ Saw William W. Lay၊ ဦးခင်မောင်ထွန်း (အရှိုချင်း)၊ ဦးနန်ဇိန်လ(ကချင်) နှင့် Andrew Mya Han (မောင်ပေါက်စည်) စသည်တို့ ပေါ်ထွက်လာခဲ့သည်။ ကဗျာဆရာ မောင်ပေါက်စည်သည် မန္တလေးကျောင်းသာသမဂ္ဂ (မတကသ) တွင် ဥက္ကဌ ဖြစ်ခဲ့သည်။ အင်္ဂလီကန်အသင်းတော် ခေါင်းဆောင်တစ်ဦးလည်း ဖြစ်ခဲ့သည်။ Saw William W. Lay သည်လည်းကောင်း၊ ဦးခင်မောင်ထွန်းသည် လည်းကောင်း၊ အသင်းတော်ခေါင်းဆောင်များ ဖြစ်ခဲ့ကြသည်။ 
                 ကျန်းမာရေး၊ ပညာရေးနှင့် လူမှုရေးနယ်ပယ်များ၌ကား အစိုးရဝန်ထမ်းကောင်းများ အဖြစ် ထင်ရှားပေး ခရစ်ယာန်အရာရှိကြီးများ ရေတွက်၍မကုန်နိုင်အောင်ပင် များပြားလှပေသည်။ မည်သည့် အစိုးရ လက်ထက်၌မဆို ခရစ်ယာန်အများစုသည် သစ္စာရှိသော ဝန်ထမ်းကောင်းများ ဖြစ်ခဲ့ကြသည်။ ဤသည်ကား ကိုလိုနီစနစ်၏ ကောင်းသော အမွေအနှစ်ဟု ဆိုနိုင်ပါသည်။ ခရစ်ယာန်များသည် သစ္စာရှိသော ငယ်သားကောင်းများဖြစ်ရမည်ဟု အသင်းတော်က သွန်သင်သည့်အတိုင်း လာဘ်စား မှု၊ ခြစားမှု နည်းပါးသည်ကို တွေ့ရပေသည်။ သို့ရာတွင် လာဘ်စားမှု၊ ခြစားမှုများသော စနစ်တွင် အသက်ရှင်ရသောအခါ များ၌မူကား ခရစ်ယာန်ဝန်ထမ်းများလည်း ကင်းနိုင်မည် မဟုတ်ပေ။ 

(ဂ)  ယခုခေတ်
            ခရစ်ယာန်အနည်းစုမျှသာရှိသော အိန္ဒိယ၊ တရုတ်၊ အင်ဒိုနီးရှား၊ ပါကစ္စတန်နျင့် မြန်မာပြည်တို့တွင် ယခုအချိန်အထိ တွေ့ကြုံ ရသော အခက်အခဲမှာ အများပြည်သူလူထုနှင့် အစိုးရတို့၏ ယုံကြည်မှုကို မရခြင်းဖြစ်သည်။ ခရစ်ယာန်တို့သည် အနောက်မျှော်သူများ ဖြစ်သည်ဟူ၍လည်းကောင်း၊ အခွင့်သာလျှင် အနောက်ဘက်သို့ ပြေးလေ့ရှိကြသည် ဟူ၍လည်းကောင်း အထင်ခံရကြသည်။ ထိုကြောင့် တိုင်းပြည် အပေါ်တွင် သစ္စာရှိရှိ အလုပ်လုပ်ကြသော်လည်း မယုံကြည်ရသောသူများ ဖြစ်သည်ဟု ထင်မှတ်ခြင်း ခံရပေသည်။ ထို ထင်မြင်ယူဆချက်များကို ပယ်ဖျက်ပစ်နိုင်သော တစ်ခုတည်းသော နည်းလမ်းမှာ မည်သည့်အခြေအနေမျိုး ရောက်သည်မဆို မိမိမွေးဖွားကြီးပြင်းလာရာ တိုင်းပြည်နှင့် လူမျိုးအပေါ် သေ သည့်တိုင်အောင် သစ္စာရှိမှသာ ဖြစ်နိုင်သည်။ ထိုစကား မည်မျှ အရေးကြီးကြောင်း စဉ်စားသောသူတိုင်း သိနိုင်ပါသည်။ အောက်တွက် ဖော်ပြမည်။
               ယခုအခါ နိုင်ငံတော်သည် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ စတင်လျှောက်လှမ်းနေပြီ ဖြစ်ပါ သည်။ ရာသီဥတုချက်ခြင်း ပြောင်းလဲသွားသဖြင့် နှာစေးချောင်းဆိုး သူများလည်း ရှိနိုင်ပါသည်။ သို့ရာတွင် ပြည်သူအများ သွားလိုသောလမ်းကို မည်သူမျှ ကာဆီး၍ ရနိုင်မည်မဟုတ်ပေ။ ဒီမိုကရေစီ ခရီးကို သွားကြရာ တွင် အောက်ပါအချက်များကို တွေ့ကြုံ ဖြတ်သန်းရမည် ဖြစ်ပါသည်။ 
            ဒီမိုကရေစီခရီးသည် ခရီးရှည်ချီတက်ပွဲ ဖြစ်သဖြင့်လည်းကောင်း၊ ရေရှည်ဆင်နွှဲရသော အခက်အခဲ ဖြတ်ကျော်ရေး ခရီး ဖြစ်သဖြင့် လည်းကောင်း၊ တရားမျှတမှုကို အခြေခံ၍အလွန်စိတ်ရှည် သီးခံရမည် အပြင် စည်းလုံးညီညွတ်စွာ ဖေးမလက်တွဲသွား ရသောချီတက်ပွဲဖြစ်၏။ ခရီးသွားချင်းအတူတူ မိမိက နှာတစ်ဖျားသာချင်သော အခွင့်အရေးသမားများ၊ အမျိုးသားသစ္စာဖောက်များကိုလည်း စိတ်ရှည် စွာဖြင့် အမြင်မှန်ရလာသည်အထိ သွန်သင်ပေးရန်လည်း လိုပါသည်။ 
               အမျိုးသားသစ္စာဖောက်များ၏ လက်ယပ်ခေါ်မှု၊ လက်ကမ်းမှုတို့ကြောင့် အရှေ့မြောက်တံခါးနှင့် အနောက်တောင်တံခါးများ၌ လုံခြုံမှု ကင်းမဲ့လာသည်ကို တွေ့ရသည်။ အမျိုးသားလုံခြုံရေးသည် ကြီးမားသော စိတ်ခေါ်မှုနှင့် ယခုရင်ဆိုင်နေကြရပြီးဖြစ်သည်။ အမျိုးသားလုံခြုံရေးဟု ဆို၍ လက်နက်ကိုင် အင်အားစုကို အားကိုးရသောခေတ် မဟုတ်တော့ပေ။ ပြည်သူတို့၏ မျိုးချစ်စိတ်ဓာတ်နှင့် တိုင်းပြည်နှင့် လူမျိုးကို ကာကွယ်စောင့်ရှောက် လိုသော စိတ်ဓာတ်မှ ပေါ်ထွက်လာသည့် သတိဝီရိယဖြင့်သာ လုံခြုံသော ခေတ်ဖြစ်သည်။ ခရစ်ယာန်ဝန်ထမ်းကောင်းတို့ အလွန်လိုအပ်လျက်ရှိလေပြီ။
                  ပြည်တွင်းငြိမ်းချမ်းရေးသည် မရှိမဖြစ် လိုအပ်သဖြင့် တရားမျှတမှုကို အခြေခံသော ပြည်သူတို့၏ အားထုတ်မှုအားဖြင့်သာလျှင် ရရှိပေလိမ့်မည်။ လက်နက်ဆိုသည်မှာ အမှန် စင်စစ် ပြည်သူတို့က တပ်ဆင်ပေးသော အရာဖြစ်သည်။ ပြည်သူတို့၏ ဆန္ဒကိုကျော်လွန်၍ မည်သူမျှ စစ်တိုက်ရဲမည် မဟုတ်ပါ။ ပြည်သူအလိုမရှိသော၊ ပြည်သူမထောက်ခံသော စစ်ပွဲသည် ရှုံးနိမ့်မည် သာ ဖြစ်သည်။ ဤအချက်ကို ပြင်းထန်စွာ၊ ရှင်းလင်းစွာ မြင်ရမည်ဖြစ်သည်။ ထိုကြောင့် ပြည်တွင်းစစ် ချုပ်ငြိမ်းအောင် ကျွန်တော်တို့အားလုံး ပြည်သူကို ယုံရမည်ဖြစ်သည်။
                     ထိုကြောင့် ခရစ်ယာန်များသည် အသင်းတော်ရေးထက် အမျိုးသားရေးတည်း ဟူသော တိုင်းပြည်အရေးကို ဦးစားပေးရန် လိုအပ်နေပြီဖြစ်သည်။ တိုင်းပြည်အရေးနှင့် အမျိုးသားအကျိုးစီးပွားရေး ကိုဦးစားပေးသော ခရစ်ယာန်များနှင့် ခရစ်ယာန်အသင်းတော်အား ပြည်သူများက ပစ်ပယ်ထားမည် မဟုတ်ပေ။ ဤအချက်ကို အမှိတ်မသုန် ယုံကြည်ရဲရမည် ဖြစ်သည်။ ကျွန်ုပ်တို့၏ ဖြူ စင်မှု၊ သန့်ရှင်းမှု၊ သစ္စာရှိမှု တို့သည် အလဟဿ      မဖြစ်နိုင်။


                                                                                      ကျော်ညွန့်


No comments:

Post a Comment