Thursday, May 7, 2015

The Teaching of Jesus

ခရစ်တော်၏ သွန်သင်ချက်များ

                   သခင်ယေရှုခရစ်တော်ကို သင်ကြားပို့ချပေးသော ပုဂ္ဂိုလ် ဆရာကြီးတစ်ပါးအဖြစ်တစ်ကမ္ဘာ လုံးက အသိအမှတ်ပြု ကြသည်။ အမှန်စင်စစ် ဆရာတစ်ပါးအဖြစ်သာမကဘဲ သူသည် တရားဟော ဆရာတစ်ပါး၊ လူနာများကို ဆေးကုသပေးသော ဆရာဝန်တစ်ဦးနှင့် နတ်ဆိုးများကို နှင်ထုတ်ပေးသော ပုဂ္ဂိုလ် တစ်ဦးလည်းဖြစ်သည်။ သူ့ကို ယုံကြည်၍ နောက်တော်သို့ လိုက်သောသူများအတွက်မူ ခရစ်တော် သည် ကယ်တင်ရှင်တစ်ပါး ဖြစ်ပါသည်။
               သင်ကြားပေးသူ ဆရာတစ်ဦးအဖြစ် ကြည်ညိုမည်ဆိုလျှင် သူသွန်သင်ပေးသော အရာများကို ကွင်းကွင်းကွက်ကွက် ပေါ်လွင်အောင် တန်ခိုးအာဏာနှင့် ဟောပြောလေ့ရှိသည်ကို တွေ့ရပါသည်။ (မာ ၁း၂၂) ထိုခေတ် ထိုအခါက  ယုဒဘာသာရေးခေါင်းဆောင်များက သခင်ယေရှုကို ဆရာတစ်ဦးအနေဖြင့် လက်ခံသည်သာမက သူ၏သြဇာအာဏာကို အံတုဖက်ပြိုင်မှု မပြု ကြပါ။ သခင်ယေရှု အမှုတော် စတင်ဆောင်ရွက်သော အချိန်တွင် သက်တော်အားဖြင့် (၃၀)နှစ် ခန့်သာ ရှိပါသေးသည်။ (လု ၃း၂၃)။ 


သခင်ယေရှု၏ သွန်သင်ခြင်း နည်းလမ်းဗျူ ဟာများ

                 သခင်ယေရှုသည် ဧ၀ံဂေလိတရားတော်ကို ဟောပြော သွန်သင်ဖို့ရန် ယုဒပြည်နှင့် ဂါလိလဲ ပြည်နယ်ကျေးလက် တောရွာများသို့ လှည့်လည်သွားသည်။ သူ၏ ဟောပြာချက်ကို ကြားနာရသော သူများက အလွန်သဘောကျ ကြပါသည်။ ယုဒဘာသာ၌ ပညာရှိ ရဗ္ဗိဆရာ များကဲ့သို့ သခင်ယေရှုသည် သာမန်ဂုဏ်အင်္ဂါရပ် များကိုသာပြသနိုင် သည်သာမက ထူးခြားသော လက္ခဏာရပ်များ ကိုလည်း ထုတ်ဖော်ပြသနိုင် ပါသည်။



(၁)     သခင်ယေရှုသည် ဆရာတစ်ပါးအဖြစ် တရားဇရပ်ကိုအသုံးပြု ပြီး သူ၏ အမှုတော်ဆောင် လုပ်ငန်း ကို အစပြု ခဲ့ပါသည်။ (မ ၉း၃၅)။ သို့သော် လည်း ယုဒဘာသာရေးခေါင်းဆောင် များနှင့် ထိပ်တိုက်အငြင်းပွား စရာဖြစ်လာခြင်းကြောင့် သခင်ယေရှုကို နောက်ထပ် တရားဇရပ်တွင် လက်မခံ တော့ပါ။ (မာ ၂း၇၊ ၃း၆)
            ထိုကြောင့် မဿဲ ၊ မာကု၊ လုကာ ခရစ်ဝင်ကျမ်း သုံးကျမ်းက တရား ဇရပ်ပြင်ပ နေရာ များဖြစ်သော အောက်ပါနေရာများ တွင် သခင်ယေရှုသည် ဟောပြောသွန်သင်လေ့ ရှိကြောင်း ဖော်ပြထား သည်။
(က)  ပင်လယ်ကမ်းနား   (မာ ၄း၁)
(ခ)  တောင်ပေါ် ဒေသ    ( မ ၅း၁)
(ဂ)  လှေပေါ်တွင်          (မ ၁၃း၁-၂)
(ဃ)  ကွင်းပြင်              (လု ၆း၁၇)
             ယုဒလူမျိုး ပညာရှိဆရာများက ထိုင်လျက်ဟောပြောလေ့ ရှိသကဲ့သို့ သခင်ယေရှုသည်လည်း ထိုင်လျက်အနေအထားနှင့် ဟောပြောသွန်သင်လေ့ ရှိသည်ဟု ယူဆရပါသည်။


(၂)      ဆုံးမသြ၀ါဒ ပေးသောအချိန်တွင် အဓိပ္ပာယ်ပိုမို ပေါ်လွင်စေရန် ယုဒဘာသာရေးခေါင်းဆောင် ရဗ္ဗိဆရာကြီးများက ဥပမာများကို အသုံးပြု သကဲ့သို့ သခင်ယေရှုသည် လည်းဥပမာများ ပေး၍ ဟောပြော ပါသည်။ ဂရိလူမျိုး များက လေးနက်ခက်ခဲသောအရာ များကို စဉ်းစားနိုင် သကဲ့သို့ ယုဒလူမျိုးများသည် မစဉ်းစားနိုင် ကြဘဲ မျက်စိဖြင့် မြင်ရသောအရာများကိုသာ ဆင်ခြင်စဉ်းစားနိုင်ကြ လေသည်။ 
              သခင်ယေရှုသည် သူဟောပြောသော တရားတော်များကို လေးနက် မှန်ကန်စွာ နားလည် သဘောပေါက်စေရန် လူ့လောကတွင် အမှန်တကယ်ဖြစ်ပျက်နေသော အကြောင်းအရာများ၊ ပုံဝတ္ထု များထဲမှ  ထုတ်နှုတ်၍ ဥပမာများကို ပေးလေ့ရှိသည်။

(၃)        သခင်ယေရှုသည် ဆုံမသွန်သင် ဖို့ရန်နှင့် သူ၏ အမှုတော်ဆောင်လုပ်ငန်းကို ဆက်လက်လုပ်ကိုင် ဆောင်ရွက်ဖို့ရန် တမန်တော်များကို အဖော်အဖြစ် ရွေးချယ်ခေါ်ယူခဲ့သည်။ (မ ၂၆း ၂၆-၂၈)

ခရစ်တော်၏ အဓိက သွန်သင်ချက်

                    သခင်ယေရှု၏ သာသနာပြုခြင်းမှာ ဘုရားသခင်၏ နိုင်ငံတော်ပင် ဖြစ်သည်။ ထိုအချက်ကို ယုဒလူမျိုးများ အကျွမ်းတ၀င် ရှိပြီးသား ဖြစ်ပါသည်။ ဘုရားသခင် နိုင်ငံတော်၏ အဓိကအကျဆုံး အချက်မှာ ဘုရားသခင်၏ အုပ်စိုးခြင်း ဖြစ်သည်။ ဘုရားသခင်၏ အုပ်စိုးခြင်း ဆိုသည်မှာ ဘုရားသခင်သည် ဘုရင်အဖြစ် အုပ်စိုးခြင်း ပင်ဖြစ်သည်။ ဘုရင်ဖြစ်ခြင်း ဆိုသည့်ဝေါဟာရကို ဓမ္မဟောင်းကျမ်းတွင် မသုံး သော်လည်း ဘုရားသခင်ဘုရင်ဖြစ်ခြင်း သဘောတရားကို ကောင်းစွာ နားလည်ကြပါသည်။ ဣသရေလလူမျိုး များကို အုပ်စိုးနေသူမှာ ဘုရားသခင်ပင်ဖြစ်၍ ဓမ္မဟောင်းကျမ်း နောက်ပိုင်းတွင် ဘုရာသခင်သည်  မြေကြီးပေါ်တွင် နိုင်ငံတော်တည်၍ အုပ်စိုးတော်မူမည် ဖြစ်ကြောင်း ယုဒလူမျိုးများ က မျှော်လင့်နေကြ ပါသည်။ 
                  ထိုကြောင့် ဘုရားသခင်၏ နိုင်ငံတော်အကြောင်းကို ကြေညာသောအချိန်တွင် ကိုယ်တော် သည် မည်သည့်အရာကို ဟောပြောကြေညာ နေကြောင်း လူအများက နားလည်သဘောပေါက် ကြသည်။ ဘုရားသခင်၏ နိုင်ငံတော်ဆိုင်ရာ သွန်သင်ချက် (၃)ချက်ကို အောက်ပါအတိုင်း လေ့လာနိုင်ပါသည်။


(၁)    ဘုရားသခင် နိုင်ငံတော်၏ သဘောတရားကို လောကတွင် လက်ငင်းတွေ့မြင် ခံစားနိုင်ကြောင်း၊ ကိုယ်တော်က ဖော်ပြသည်။ (မ ၁၁း၂-၆၊ မာ ၁း၁၅၊ လု ၁၀း၁၇-၁၈၊ ၁၁း၂၀)။ ပြီးပြည့်စုံခြင်း သဘော တရား ကို လည်း မျှော်လင့်သည်။ (မ ၆း၁၁၊ ၈း၁၁၊ ၂၅း၃၂-၃၄၊ မာ ၁၄း၂၅)

(၂)    ဘုရားသခင်၏ နိုင်ငံတော်အတွင်းသို့ ၀င်ရောက်ရန် နောင်တတရားရရန် လိုအပ်ကြောင်း ကိုယ်တော်က ဖော်ပြသည်။ (မာ ၁း၁၅)။
              ကိုယ်တော်၏ သွန်သင်ချက်သာမက သူ၏လုပ်ဆောင် သမျှသည် ဘုရားသခင်၏ နိုင်ငံတော် နှင့်စပ်ဆိုင်လျက်ရှိကြောင်း မှတ်သားရပါသည်။ တန်ခိုး၊ နိမိတ်လက္ခဏာ များသည် ဘုရားသခင်နိုင်ငံတော်၏ တန်ခိုးအာဏာ ဖြစ်ကြောင်းကို ဖော်ပြနေပါသည်။

(၃)         ကျမ်းစာထဲတွင် ဘုရားသခင်၏ နိုင်ငံတော်ဟု သုံးနှုံးထားသော်လည်း ဘုရားသခင်သည် ဘုရင်ကဲ့သို့ မဟုတ်ဘဲ ဖခင် ကဲ့သို့ဖြစ်ကြောင်း ကိုယ်တော်သည် ဦးစားပေး အသုံးပြု ထားပါသည်။ ဘုရားသခင်၏ နိုင်ငံတော်တွင် မိသားစုအဖြစ် ပေါင်းဖော်ဆက်ဆံမှုသည် အရေးကြီးကြောင်း ကိုယ်တော်က သွန်သင်ပါသည်။ ကလေးများသည် သူတို့ဖခင်၏ မေတ္တာတရားကို နားလည်ပြီး တုံ့ပြန်တတ်ဖို့ ရန် မေတ္တာတော်ရှင် ဘုရားသခင်သည် သူ၏ သားသမီးများကို ရှာဖွေလျက် စောင့်မျှော်လျက် ရှိပါသည်။ (လု ၁၅း၁-၂၄)

ဘုရားသခင်နိုင်ငံတော် သား၏ဂုဏ်အင်္ဂါရပ်များ

                    ဘုရားသခင်၏ နိုင်ငံတော်သားအဖြစ် ဖော်ပြနိုင်လောက်သော အရည်အချင်းရှိသည့် တပည့်တော်များကို သခင်ယေရှုသည် ရွေးချယ်ခေါ်ယူခဲ့သည်မှာ သံသယရှိစရာ မလိုပါ။ ထိုအသက်တာ မျိုးကို သေချာစွာ ဖော်ပြထားခြင်းမရှိ သော်လည်း ကိုယ်တော်၏ ဟောပြောသွန်သင်ချက် များမှ ထိုအသက် တာ၏ အင်္ဂါရပ်များကို လေ့လာနိုင်ပါသည်။

(၁)    စိတ်နှစ်ခွမရှိသော ဝတ်ပြုခြင်းနှင့် ဘုရားသခင်အား အကြွင်းမဲ့သစ္စာရှိခြင်း (မ ၆း၂၂-၂၄)
             နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းကို ရှေးဦးစွာ ရှာကြလော့ဟု ဆိုခြင်းကို နိုင်ငံတော်သားများက သိကျွမ်းကြပါသည်။ (မ ၆း၃၃)။ ဆင်းရဲခြင်းက ဖြစ်စေ (မ ၁၀း၂၅-၃၅)။ ချမ်းသာခြင်းကဖြစ်စေ (မ ၁၀း၂၄-၂၅)။ နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းကို ကြိုးစားရှာဖွေရာ၌ အနှောက်အယှက် အဟန့်အတား မဖြစ်စေသင့်ပါ။ 

(၂)    နိုင်ငံတော်သားတိုင်းမှာ ကလေးသူငယ်ကဲ့သို့သော စိတ်သဘောထား ရှိပါသည်။ ကလေးသူငယ် များသည် မှီခိုအားကိုး တတ်သည်။ ရိုးသားပြီး ဖြောင့်မတ်ကြသည်။ ကလေးများသည် အလွယ်တကူအပြစ် လွှတ်တတ်ပြီး ရန်ငြိုး မထားတတ်ပါ။ ဘုရားသခင်၏ နိုင်ငံတော်သားများမှာ ဖခင်တည်းဟူသော ဘုရားသခင်၏ ကူညီစောင့်ရှောက်မှုနှင့် ကောင်းမြတ်ခြင်း အပေါ်တွင် လုံးဝမှီခိုအားကိုးတတ်သော အရည်အချင်းများ ရှိရန် လိုအပ်ပါသည်။
                သခင်ယေရှုက ဂုဏ်ပြု ချီးကျူးသော နောက်ထပ်အရည်အချင်း တစ်ခုမှာ နှိမ့်ချစိတ် ပင်ဖြစ်သည်။ (မ ၁၈း၎)။ ဘုရားသခင်နိုင်ငံတော်အား ရှေးဦးစွာ ရှာခြင်းကို အနှောက်အယှက်ဖြစ်စေမည့် တစ်ကိုယ်ကောင်းဆန်သည့် စိတ်မျိုးသည် နိုင်ငံတော်သားများတွင် မရှိအပ်ပါ။ ကိုယ်တော်ရှင်နှင့် အချင်းချင်း အတွက် အစေခံသင့်ပါသည်။ (မာ ၁၀း၃၅-၄၅)

(၄)      ဘုရားသခင်နှင့် မှန်ကန်စွာ မိတ်သဟာယဖွဲ့ပါက စစ်မှန်သော ဖြောင့်မတ်ခြင်းကို ရနိုင်ပါသည်။ (မ ၅း၁၇၊ ၆း၁၈)။ ယုဒလူမျိုးတို့က ပညတ်တရားကို ရှာကြသည်။ အပေါ်ယံ အပြင်ပန်း အားဖြင့် ဖြောင့်မတ်ခြင်း မဟုတ်ဘဲ အတွင်းလက္ခဏာအားဖြင့် ဖြောင့်မတ်ကြရမည်ဟု သခင်ယေရှုက သူ၏တပည့်တော်များကို သွန်သင်ပါသည်။ ဖြောင့်မတ်ခြင်းသည် အပေါ်ယံကျင့်ဆောင် ခြင်းထက် အတွင်စိတ် သန့်ရှင်းဖြူ စင်ခြင်းနှင့် မှန်ကန်သောစိတ်ထား ပင်ဖြစ်သည်။ ပညတ် တရားဟောင်းနှင့် နှိုင်းယှဉ်ပြီး စံနမူနာထားလောက် သည့် ကျင့်ဆောင်ရန် များ ကို တောင်ပေါ်ဒေသနာ တွင် ဖော်ပြထားသည်။

ဖြောင့်မတ်ခြင်းအဟောင်းနှင့် ဖြောင့်မတ်ခြင်းအသစ် (၆)ခုတို့ နှိုင်းယှဉ်ချက်တို့မှာ..........

က။  လူအသက်မသတ်ရ                                    - စိတ်ပင်မဆိုးရ      (မ ၅း၂၁-၂၆၊ ၁၈း၂၁)
ခ။   အခြေအနေအရ လင်မယားကွာရှင်း နိုင်သည်     - လုံးဝမကွာရှင်းရ   (မ ၅း၂၇-၃၂)
ဂ။   အမှန်ဘဲအကျိန် ဆိုရ                                   - လုံးဝမကျိန်ရ        ( မ ၅း၃၃-၃၇)
ဃ။  လက်စားချေရမည်                                      - လုံးဝလက်စားမချေရ (မ ၅း၃၈-၄၂)
င။   အိမ်နီးနားချင်းကို ချစ်ပါ                                 - ရန်သူကိုပင် ချစ်ပါ   (မ ၅း၄၃-၄၈)
စ။   လူအများရှေ့တွင်ဘုရားတရားကြည်ညိုမှု ကိုပြ     - မှန်ကန်သောဘုရားကြည်ညိုမှုရှိပါ  (မ ၆း၁-၁၈)
ပေးကမ်းခြင်း၊ ဆုတောင်းခြင်း၊ အစာရှောင်ခြင်း  (လု ၁၈း၉း၁၄)


              ဘုရားသခင် နိုင်ငံတော်သားများ၏ ကောင်းသောဂုဏ်အင်္ဂါ လက္ခဏာများသည် ဘုရားသခင်နှင့် မှန်ကန်စွာ မိတ်သဟာယဖွဲ့ခြင်း သာမက မိမိအပေါင်းအဖော်များနှင့်လည်း သင့်မြတ် စွာ ပေါင်းသင်းဆက်ဆံခြင်း အားဖြင့် ပေါ်လွင်စေရမည် ဖြစ်သည်။ တစ်ကိုယ်ကောင်းဆန်၊ သြဇာ အာဏာရရှိအောင် လုပ်ကိုင်ဆောင်ရွက်ခြင်းမျိုး မဟုတ်ဘဲ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်အစေခံသည့် စိတ်ထားမျိုး ရှိရပါမည်။ (မာ ၁၀း၄၂-၄၅)။ သူတစ်ပါးကို ပြစ်တင်ဝေဖန်ခြင်း (သို့) ဟန်ဆောင်ခြင်းတို့ မရှိဘဲ မိမိ၏ ဘဝ အခြေအနေအမှန်ကို သိကျွမ်းနားလည်ရန် လိုအပ်ပါသည်။ (မ ၇း၁-၅)
       အဆိုးမြင်သည့် စိတ်ကင်းစင်ပြီး အကောင်းမြင်တတ်သည့် စိတ်ထားမျိုး သည် မြေကြီးပေါ်တွင် နိုင်ငံတော်တည်ကြောင်း သက်သေပင် ဖြစ်ပါသည်။ ထိုအကျိုးတရားများ ရရှိ ရန် နိုင်ငံတော် တည်ထောင်ပါစေသော အလိုတော်သည် ပြည့်စုံပါစေသော ဟူ၍ ဘုရားသခင် ၏ နိုင်ငံတော် သားတိုင်း စွဲမြဲစွာ ဆုတောင်းရပါမည်။


                                                                    ဒေါက်တာ အယ်ဝါး











No comments:

Post a Comment