Wednesday, May 20, 2015

ယေရှုသွန်သင်သော ကျင့်ဝတ်များ ၂

သူတစ်ပါးဝတ်  (Duty to Men)

(က)  သူတစ်ပါးကို ချစ်ရမည်။ (Love all men)
( ၁ယော ၄း၁၆၊ မာကု ၁၂း၃၁၊ ရောမ ၁၃း၈၊ ဂလာတိ ၅း၁၄၊ ၁ကော ၁၆း၁၄၊ ၁၃း၁၃)

             ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ ဖြစ်တော်မူ၏။ ချစ်ခြင်းမေတ္တာ၌ တည်သောသူသည် ဘုရားသခင်၌ တည်၏။ ဘုရားသခင်သည်လည်း ထိုသူ၌ တည်တော်မူသည်။ ကိုယ်နှင့်စပ်ဆိုင်သော သူကို ကိုယ်နှင့်အမျှ ချစ်လော့ ဟူသော ဒုတိယပညတ်သည် ပဌမပညတ်နှင့် သဘောတူ၏။ အချင်းချင်းချစ်ခြင်း မေတ္တာမှ တစ်ပါး အဘယ်အကြွေးမျှ မရှိစေနှင့်။ သူတစ်ပါးကို ချစ်သောသူသည် အကျင့် တရား၌ ပြည့်စုံပြီ။ ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်လော့ဟူသော ပညတ်တစ်ပါးကို ကျင့်လျှင် ပညတ်တရား ရှိသမျှကို အကြွင်းမဲ့ ကျင့်ရာရောက်သည်။ ခပ်သိမ်းသောအမှု တို့ကို ချစ်ခြင်းမေတ္တာ စိတ်နှင့် ဆောင်ရွက်ရမည်။ ယခုတွင် ယုံကြည်ခြင်း၊ မျှော်လင့်ခြင်း၊ ချစ်ခြင်း ဤသုံးပါး တည်လျက်ရှိ၏။ ဤ သုံးပါးတွင် ချစ်ခြင်းမေတ္တာသည် အမြတ်ဆုံးဖြစ်သည်။


(ခ)   တပည့်တော်အချင်းချင်းတို့ကို အထူးချစ်ရမည်။ (Love the brethren with peculiar affection)
(ယောဟန် ၁၃း၃၄-၃၅၊ ရောမ ၁၂း၁၀၊ ၁ပေ ၃း၈၊ ၁း၂၂၊ ၄း၈၊ ၁ယော ၃း၁၆၊ ၃း၁၄)
          
            ယေရှုက သင်တို့သည် အချင်းချင်း တစ်ယောက်ကိုတစ်ယောက် ချစ်ကြလော့။ ငါသည် သင်တို့ကို ချစ်သည့်နည်းတူ အချင်းချင်း ချစ်ကြလော့ဟု ပညတ်သစ်ကို ငါပေး၏။ သင်တို့သည် အချင်းချင်းချစ်ကြလျှင် လူအပေါင်းတို့သည် ထိုမေတ္တာကို ထောက်၍ သင်တို့သည်ငါ့တပည် ဖြစ်သည်ကို သိကြလိမ့်မည်ဟု မိန့်တော်မူ၏။ ညီအစ်ကို ချစ်ခြင်းအရာမှ ပကတိပေါက်ဖော်ကဲ့သို့ တစ်ယောက်ကိုတစ်ယောက် စုံမက်ခြင်း၊ စိတ်တစ်ညီတစ်ညွတ်တည်းရှိခြင်း၊ ညီအစ်ကိုချင်းကဲ့သို့ ချစ်ခြင်း၊ သနားစုံမက်ခြင်း၊ စိတ်နှိမ့်ချခြင်း ရှိရမည်။ ချစ်ယောင်မဆောင် အမှန်ချစ်ခြင်းအလိုငှာ စိတ်ထဲမှာ သမ္မာတရားကို နားထောင်လျက် စင်ကြယ်သော စိတ်နှင့် အချင်းချင်းချစ်ရမည်။ ချစ်ခြင်းမေတ္တာသည် များစွာသောအပြစ်တို့ကို ဖုံးအုပ်တတ်၏။ ခရစ်တော် သည်ငါတို့အတွက်ကြောင့် အသက်တော်ကို စွန့်တော်မူသော မေတ္တာကိုသတိရလျက် ငါတို့သည်လည်း ညီအစ်ကိုချင်းတို့ အဖို့အလို့ငှာ အသက်ကိုစွန့်ရမည်။ ငါတို့သည် ညီအစ်ကိုချင်းတို့ကို ချစ်သောကြောင့် သေခြင်းမှအသက်ရှင်ခြင်းသို့ ကူးပြောင်းသည်ကို သိရကြမည်။


(ဂ)   လူခပ်သိမ်းတို့အား ကျေးဇူးပြုရမည်။  (Do good to all)
(၂ကော ၈း၉၊ ၁တိ ၆း၁၈-၁၉၊ ဟေရှာယ ၁၃း၁၆၊ ဂလာတိ ၆း၁၀၊ ၁ယော ၃း၁၈)

               ခရစ်တော်သည် ကျွန်ုပ်တို့အတွက်ကြောင့် ဆင်းရဲဒုက္ခ ခံခဲ့သည်။ ထိုနည်းတူ ကျွန်ုပ်တို့သည် လည်း သူတစ်ပါးအား ကျေးဇူးပြုခြင်း၊  ကောင်းသော အကျင့်၌ ကြွယ်ဝပြည့်စုံခြင်း၊ စွန့်ကြဲ ချင်သော စေတနာစိတ်ရှိခြင်း၊ အချင်းချင်း ဆက်ဆံခြင်း၊ မှန်သောအသက်ကို ၀င်စားလိုသောငှာ နောင်ဘ၀၌ ကောင်းသောဘဏ္ဍာကို မိမိတို့အဖို့ ဆည်းပူးခြင်းတို့ကို ပြု ရမည်။ ထိုသို့ ပြုခြင်းကို ဘုရားသခင် အားရနှစ်သက်သည်။ ထိုကြောင့် ကျွန်ုပ်တို့သည် မိမိအိမ်သူအိမ်သား တစ်ပါး သူများအား ကျေးဇူးပြု ရမည်။ စကားပြောကာမျှနှင့် မချစ်ဘဲ စိတ်ပါကိုယ်ရောက် ဧကန်အမှန်ချစ်ရမည်။

(ဃ)   စွန့်ကြဲပေးကမ်းခြင်းကို ပြု ရမည်။  (Be charitable to the poor)
(မဿဲ ၄း၁၀၊ တမန် ၂၀း၃၅၊ သုတ္တံ ၁၁း၂၅၊ ၂ကော ၉း၇၊ ဆာလံ ၁၄း၁၊ သုတ္တံ ၂၁း၁၃၊ မဿဲ ၆း၂-၃)

                     သနားစုံမက်တတ်သော သူတို့သည် သနားစုံမက်ခြင်းကို ခံရလိမ့်မည်။ အစွန့်အကြဲခံခြင်း အရာထက် စွန့်ကြဲခြင်းအရာသည် သာ၍ မင်္ဂလာရှိသည်။ စွန့်ကြဲတတ်သော သူသည် ကြွယ်ဝလိမ့်မည်။ လူတိုင်း ကိုယ့်အလိုအလျောက် လှူရ၏။ နှမြောသောစိတ်နှင့် မလှူ ရ။ မလှူ ဘဲမနေရဟု စိတ်အထင်နှင့် မလှူ ရ။ စေတနာစိတ်နှင့် လှူ သောအလှူ ကိုသာဘုရားသခင် နှစ်သက်တော်မူ၏။ ဆင်းရဲသော သူကို အောက်မေ့သောသူသည် မင်္ဂလာရှိ၏။ ခဲယဉ်းသောကာလ၌ ထိုသူတို့ကို ထာဝရဘုရား ကယ်နှုတ်တော် မူမည်။ ကဲ့ရဲ့သောသူသည် အော်ဟစ်သံကို မကြားလို၍ နားကိုပိတ်သောသူသည် ကိုယ်တိုင်အော်ဟစ်၍ အဘယ်သူမျှ မကြားရ။ သင်သည် အလှူ ဒါနကို ပေးသောအခါ အချီးအမွမ်းကို ခံလို၍ မပြုနှင့်၊ အလှူ ဒါနကိုပေးကြောင်း မထင်ရှားစေနှင့်။ လက်ယာလက်ပြု သည့်အမှုကို လက်ဝဲလက် မသိစေနှင့်။ မထင်မရှားသောအရာကို မြင်တော်မူသော သင်၏အဖသည် အကျိုးကို ထင်ရှားစွာ ပေးတော် မူလတ္တံ့။

(င)   ဒေါသစိတ်ကို ချုပ်တည်း၍ သူတစ်ပါးအပြစ်ကို သည်းခံလျက် ရန်သူတို့ကို ရန်တုံ့မမှု၊ ကျေးဇူးပြု ရမည်။
      (Be slow to Anger- Patient kind to Enemies)
  (မဿဲ  ၅း၅၊ တိတု ၃း၂၊ ဧဖက် ၄း၂၆၊၂ရ၊ ကောလောသဲ ၃း၁၃၊ ဧဖက် ၄း၃၂၊ ၁ပေ ၂း၂၃၊ လုကာ ၂၃း၃၄၊ ရောမ ၁၂း၂၁၊ မဿဲ ၅း၄၄-၄၅)

               စိတ်နှလုံး နူးညံ့သိမ်မွေ့သောသူတို့သည် မင်္ဂလာရှိ၏။ အကြောင်းမူကား ထိုသူတို့သည် ပြည်တော်ကို အမွေခံကြ ရလတ္တံ့။ အဘယ်သူကိုမျှ  မကဲ့ရဲ့။ ရန်တွေ့ခြင်းကို မပြု ။ ဖြေးညင်း သော သဘောရှိ၍ ခပ်သိမ်းသောသူတို့၌ အလွန်နူးညံ့သိမ်မွေ့စွာ ပြု ရမည်။ အမျက်ထွက် ရာတွင် အပြစ်မရှိစေနှင့်။ အမျက်မပြေဘဲ နေမဝင်စေနှင့်။ မာရ်နတ်ကို အခွင့်မပေးကြနှင့်။ ခရစ်တော်သည် ကျွန်ုပ်တို့၏ အပြစ်ကိုလွှတ်ဘိသကဲ့သို့ အချင်းချင်း အပြစ်လွှတ်ကြရမည်။ ခရစ်တော်သည် ကဲ့ရဲ့ခြင်းကို ခံရသောအခါ ပြန်၍မကဲ့ရဲ့။ အသေးခံရသောအခါ ခြိမ်းခြောက်ခြင်းကို မပြု ။ ထိုကြောင့် ကျွန်ုပ်တို့ အချင်းချင်း ရန်တုံ့မမူ။ ပြန်၍မကဲ့ရဲ့။ မေတ္တာပို့ခြင်းကိုသာ ပြုရမည်။ အဆိုးအားဖြင့် အရှုံးမခံနှင့်။ အကောင်း အားဖြင့် အဆိုးကို နိုင်လော့။ အကြောင်းမူကား ကောင်းကင်ဘုံ၌ ရှိတော်မူသော အဖသည် ကောင်းသော သူ၊ မကောင်းသောသူ တို့အပေါ်၌ ကိုယ်တော်၏ နေကို ထွက်စေတော်မူ၏။ ဖြောင့်မတ်သောသူ၊ မဖြောင့် မတ်သောသူ တို့အပေါ်၌ မိုးကို ရွာစေတော်မူ၏။

(စ)   ရန်သူကိုမကြောက်၊ ရဲရင့်ခြင်း သတ္တိရှိရမည်။ (Be courageous-fearless of foes)
(၂တိ ၁း၇၊ ဖိ ၁း၂၇၊ ဆာလံ ၃၁း၂၄၊ ဟေရှာယ ၅၁း၇၊ ဆာ ၂၇း၁၊ ၁ပေ ၃း၁၄-၁၅)

              ဘုရားသခင်သည် ကြောက်တတ်သောစိတ်သဘောကို ကျွန်ုပ်တို့အား ပေးတော်မမူ။ ရန်သူ များ ကြောင့်အလျှင်း မကြောက်ရွံမတုန်လှုပ်ဘဲ အားယူ၍ ရဲရင့်သော စိတ်နှလုံးရှိကြရမည်။ လူတို့သည် အပြစ်တင်မည်ကို မစိုးရိမ်ကြနှင့်။ လူတို့၏ ကဲ့ရဲ့ခြင်းကို မကြောက်ကြနှင့်။ ထာဝရဘုရားသည် ကျွန်ုပ်တို့၏ အသက်ခိုလှုံရာဖြစ်သည်။ အကျွန်ုပ်တို့သည် အဘယ်ကိုမှ မကြောက်ရပါ။ သင်တို့သည် သူတို့ ခြိမ်းခြောက် ခြင်းကို မကြောက် မထိတ်လန့်နှင့်။ စိတ်နှလုံးထဲ၌ ထာဝရအရှင် ဘုရားသခင်ကို ရိုသခြင်း ရှိရမည်။ 

(ဆ)  သူ့ဥစ္စာကို လိုချင်တတ်မက်သောစိတ် မရှိရ။ မတရားသဖြင့် မယူရ။ (Cover not the property of other-take nothing unlawfully)
(ထွက်မြောက် ၂၁း၁၇၊ ၂၀း၁၅၊ ကောလောသဲ ၆း၁၀၊ ယေရမိ ၂၂း၁၃၊ တရားဟော ၂၅း၁၅)

               ကိုယ်နှင့်စပ်ဆိုင်သောသူ၏ အိမ်၊ မယား၊ ကျွန်ယောင်္ကျား၊ မိန်းမ၊ နွား၊ မြည်းမှစ၍ ဥစ္စာတစ်စုံ တစ်ခုကိုမျှ တပ်မက်လိုချင်သော စိတ်မရှိစေရပါ။ သူ့ဥစ္စာကို မခိုးနှင့်။ ခိုးတတ်သောသူသည် နောက်တစ်ဖန် မခိုးဘဲနေ၍ ဆင်းရဲသောသူအား ပေးကမ်းဝေငှရန် ရှိစေခြင်းငှာ မိမိလက်နှင့် ကောင်းသောအလုပ်ကို လုပ်ဆောင် အားထုတ်စေရမည်။ သူ့ဥစ္စာကို ခိုးသောသူ၊ လောဘလွန်ကျူးသောသူ၊ အနိုင်အထက် လုယူ သောသူတို့သည် ဘုရားသခင်၏ နိုင်ငံတော်ကို အမွေမခံရကြ။ မတရားသောအမှုအားဖြင့် မိမိအိမ် ကိုလည်းကောင်း၊ အဓမ္မပြု၍ အထက်ခန်းတို့ကို လည်းကောင်း၊ ဆောက်သောသူ၊ အိမ်နီးချင်းကို အခမပေးဘဲ စေစား၍ အလုပ်လုပ်သည့်အတွက် ဆုမချသောသူသည် အမင်္ဂလာရှိ၏။ မှန်ကန်သော အလေး၊ မှန်ကန်ချစ်စရာ တန်ဆာများကိုသာ သုံးရမည်။

(ဇ) သူတစ်ပါးတို့၌ စစ်ကြောစီရင်ခြင်းကို မပြု ရ။ (Refrain from judging other)
(မဿဲ ၇း၁၊ ၅၊ ရောမ ၁၄း၎၊ ၄း၁၃၊ ၁ကော ၄း၅)
                သင်တို့သည် စစ်ကြောဆုံးဖြတ်ခြင်းနှင့် ကင်းလွတ်ရမည့်အကြောင်း သူတစ်ပါး၏ အမှု၌ စစ်ကြောဆုံးဖြတ်ခြင်းကို မပြုရပါ။ သူတစ်ပါးကို စစ်ကြောစီရင်တတ်သော သူသည် ကိုယ်အပြစ်ရှိကြောင်းကို စီရင်ဆုံးဖြတ်တတ်၏။ သူတစ်ပါးပိုင်သော လူကို စစ်ကြောစီရင်သောသင်သည် အဘယ်သူနည်း။ သူသည်မိမိသခင် စီရင်သောအားဖြင့်သာ အပြစ်လွှတ်ခြင်း၊ အပြစ်ခံခြင်းသို့ ရောက်ရ၏။ ထိုကြော့် ကျွန်ုပ်တို့သည် ယခုမှစ၍ အချင်းချင်း မစစ်ကြောမစီရင်ဘဲ မနေကြကုန်အံ့။ ညီအစ်ကိုချင်း ထိမိ၍ လဲစရာအခွင့်၊ စိတ်ပျက်စရာအခွင့် မရှိစေမည့် အကြောင်းသာ၍ စီရင်ကြကုန်အံ့။ မှောင်မိုက်၍ ဝှက်ထား သော အရာတို့ကို ပွင့်လင်းစေ၍ စိတ်နှလုံးအကြံအစည်များကို ထင်ရှားစေတတ်လတ္တံ့သော သခင်ဘုရားကြွလာတော်မမူမီ တိုင်အောင် အဘယ်အမှုကိုမျှ အဆုံးအဖြတ် မစီရင်ဘဲ နေရမည်။

(ဈ)  သူ့အသရေ ပျက်အောင်ပြောဆိုခြင်း၊ ကုန်းတိုက်ခြင်း၊ မမှန်သော သက်သေခံခြင်းကို မပြု ရ။
(Avoid defamation, peace-breaking and bearing false witness)
(ယော ၄း၁၁၊ ဧ ၄း၃၁၊ သု ၁၁း၁၃၊၁၆း၂၈၊ ၁၆း၂၂၊ ၆း၁၆၊၁၉၊ ထွက် ၂၀း၁၆၊ ၂၀း၇၊ ယာကုပ် ၃း၂-၂၀)

             အချင်းချင်း တစ်ယောက်ကိုတစ်ယောက် ကဲ့ရဲ့ခြင်း၊ သူ့အသရေပျက်အောင် ပြောဆိုခြင်း၊ သူ့အကျိုးကို မနာလိုသော စိတ်တို့ကို ပယ်ရှားရမည်။ လည်၍ စကားများစွာပြော တတ်သောသူသည် လျှို့ဝှက်အပ်သော အရာကို ဖော်ပြတတ်၏။ သစ္စာစောင့်သော သူမူကား ဝှက်ထားတတ်၏။ ကုန်းတိုက်သော သူမူကား မိတ်ဆွေတို့ကို ကွဲပြားစေတတ်၏။ သူ၏စကားသည် မြိန်သောခဲဖွယ်ကဲ့သို့ ဖြစ်၍ ၀မ်းအတွင်းသို့ ၀င်တတ်၏။ ထာဝရဘုရား စက်ဆုတ်ရွံရှာတော်မူသော အရာမှာ မုသားစကားကို ပြော၍ မမှန်သောသက်သေခံခြင်း၊ အပေါင်းအဖော်ချင်း ရန်တွေ့စေခြင်းငှာ ပြုခြင်းတို့ ဖြစ်သည်။ ထိုကြောင့် ကိုယ်နှင့်စပ်ဆိုင်သော သူတစ်ဖက်၌ မမှန်သော သက်သေကို မခံနှင့်။ သင်၏ဘုရားသခင် ထာဝရဘုရား၏ နာမတော်ကို မုသားနှင့်ဆိုင်၍ မမြွက်ဆိုနှင့်။ လျှာသည် ငယ်သောအင်္ဂါဖြစ်သော်လည်း အလွန်ဝါကြွားတတ်၏။ နှုတ်တစ်ပါးတည်း အထဲက ထောမနာ ချီးမွမ်းခြင်းနှင့် ကျိန်ဆဲခြင်း ထွက်တတ်ပါသည်။ ထိုသို့ မဖြစ်စေရန် သတိပြု ရမည်။

(ည)  ကျိန်ဆိုခြင်းကို မပြု ရ။  (Avoid swearing)     (မဿဲ ၅း၃၃-၄၇)
                   မဟုတ်မမှန်ဘဲလျက် ကျိန်ဆိုခြင်းကို မပြုရ။ ကောင်းကင်ဘုံကို တိုင်တည်၍ မကျိန်ရ။ မြေကြီးကို တိုင်တည်၍ မကျိန်ရ။ ယေရုရှလင်မြို့ကို တိုင်တည်၍ မကျိန်ရ။ ဆံခြည်တစ်ပင်ကိုမျှ ဖြူစေခြင်း၊ မည်းစေခြင်းငှာ မတတ်နိုင်။ သင်၏ စကားမှာ ဟုတ်သည်ကို အဟုတ်၊ မဟုတ်သည်ကို မဟုတ်ဖြစ်စေလော့။ ဤထက် လွန်သော စကားသည် မကောင်းသောအရာနှင့် စပ်ဆိုင်သည်။ 

(ဋ)  မုသားစကားနှင့် အကျိုးမဲ့သောစကားကို မပြောရ။  (Avoid false and idle words)
(သုတ္တံ ၁၂း၂၂၊ ဗျာ ၂၁း၈၊ ယာ ၁း၂၆၊ ဧ ၄း၂၉၊ ၂တိ ၂း၁၆)
                 မုသားပြောသော နှုတ်ခမ်းကို ထာဝရဘုရား စက်ဆုတ်ရွံရှာတော်မူသည်။ မုသားစကား ကို ပြောသော သူအပေါင်းတို့သည် ဒုတိယသေခြင်း တည်းဟူသော ကန့်နှင့် လောင်သောမီးကန်ထဲ၌ မိမိတို့အဖို့ကို ရကြလိမ့်မည်။ အကြင်သူသည် သီလဆောက်တည်ဟန် ပြုသော်လည်း မိမိနှုတ်ကို မချုပ်တည်း။ ထိုသူ၏ သီလသည် အချည်းနှီးဖြစ်၏။ ညစ်ညူးသော စကားတစ်ခွန်းကိုမျှ သင်တို့နှုတ်ထဲက မထွက်ရ။ ကြားနာသောသူ တည်ဆောက်စရာဖို့ ကောင်းသောစကားကိုသာ ပြောရမည်။ တရားမဲ့သော အချည်းနှီး စကားကို ရှောင်ရမည်။ ထိုစကားသည် မတရားသော အမှုကို ပွားများစေ တတ်သောကြောင့် ဖြစ်သည်။

(ဌ)  ဆိုးသွမ်းသော သူတို့နှင့် မပေါင်းဖော်ရ။  (Avoid bad company)
(သု ၁း၁၀၊ ၁၅၊ ၁ကော ၁၅း၃၃၊ ထွက် ၂၃း၂၊ ယာ ၄း၎၊ ဆာလံ ၁း၁၊၂)
                 လူဆိုးတို့သွေးဆောင်လျှင် သူတို့နှင့် အတူမလိုက်ရ။ သူတို့ သွားသောလမ်းကို ရှောင်ရမည်။ မကောင်းသော သူတို့နှင့် ပေါင်းဖော်ခြင်းအားဖြင့် ကောင်းသောအကျင့်ဓလေ့ ယိုယွင်းတတ်သည်။ လူများနောက်သို့ လိုက်၍ မကောင်းမှု မပြုရ။ လောကီ မိတ်သဟာယသည် ဘုရာသခင်နှင့် ဆန့်ကျင့်ဘက် ဖြစ်သည်။ ဆာလံဆရာက မတရားသောသူတို့၏ တိုက်တွန်းခြင်းသို့ မလိုက်၊ လူဆိုးတု့၏ လမ်းတွင် မရပ်မနေ၊ မထီမဲ့မြင်ပြုသောသူတို့၏ အစည်းအဝေး၌ မထိုင်၊ ထာဝရဘုရား၏ တရားတော်၌ မွေ့လျော်၍ တရားတောကို နေ့ညဥ့်မပြတ် ဆင်ခြင်အောက်မေ့သောသူသည် မင်္ဂလာရှိ၏ ဟူ၍ ဖော်ပြထားပါသည်။

(ဍ)  လူ့အသက်ကို မသတ်ရ။  (The Life of man not to be taken)    (ကမ္ဘာ ၉း၆၊ ၁ယော ၃း၁၅)
                လူ၏အသက်ကို သတ်သောသူသည် လူလက်ဖြင့် အသေခံရမည်။ အကြောင်းမူကား ဘုရား သခင်သည် မိမိပုံသဏ္ဍာန်နှင့် အညီ လူကိုဖန်ဆင်းထားသောကြောင့် ဖြစ်သည်။ မိမိညီအစ်ကိုကို မုန်းသော သူမည်သည်ကား လူ့အသက်ကို သတ်သောသူဖြစ်၏။ လူ့အသက်ကို သတ်သောသူ တစ်စုံတစ်ယောက်၌မျှ ထာဝရအသက် မတည်ပါ။

(ပ)  သူ့မယားကို ပြစ်မှားခြင်းမှ စ၍ မတရားသောမေထုန် အမျိုးမျိုးတို့ကို ရှောင်ရမည်။ 
  (Adultery and all other illicit indulgences of lust to be avoided)
(မ ၅း၂၈၊ ဟေရှာ ၁၃း၎၊ ၁ကော ၆း၁၃၊ ၁ကော ၆း၁၈၊ သု ၅း၃-၅)
                 ကိလေသာစိတ်နှင့် သူ့မယားကို ကြည့်ရှုခြင်းသည် ထိုမိန်းမကို ပြစ်မှားခြင်းဖြစ်သည်။ အိမ်ထောင်ပြုခြင်း အမှုနှင့် သစ္စာသံဝါသအမှုသည် အသရေရှိစေရမည်။ မတရားသော မေထုန် ကို ပြုသောသူ၊ သူ့မယားကို ပြစ်မှားသောသူကို ဘုရားသခင်စစ်ကြော စီရင်လိမ့်မည်။ ကိုယ်ခန္ဓာသည် မတရားသော မေထုန်ဖို့ ဖြစ်သည်မဟုတ်။ သခင်ဘုရားဖို့ဖြစ်၏။ သခင်ဘုရားသည်လည်း ကိုယ်ခန္ဓာ အဖို့ ဖြစ်တော်မူသည်။ မတရားသော မေထုန်ကို ကြဉ်ရှောင်ရမည်။ လူပြုတတ်သော အခြား ဒုစရိုက် ရှိသမျှ တို့သည် ထိုပြင်၌ရှိ၏။ မတရားသောမေထုန်ကို ပြုသောသူသည် မိမိကိုယ်ကို ပင် ပြစ်မှား၏။ ထိုအပြင် သုတ္တံဆရာက လူပျိုတို့ တပ်မက်ခြင်း ကိလေသာစိတ်ကို ကြဉ်ရှောင်လော့။ အမျိုးပျက်သော မိန်းမ၏ နှုတ်ခမ်းသည် ပျားလပို့ကဲ့သို့ ယိုတတ်၏။ သူပြောသောစကား သည် ဆီထက်ချောသော်လည်း အဆုံး၌ကား သူသည်ဘင်ခါးရွက်ကဲ့သို့ ခါး၍ သန်လျက်ထက် သာ၍ ထက်၏။ သူ၏ခြေတို့သည် သေခြင်းသို့ ဆင်း၍ သူသွားရာလမ်းသည် မရဏာနိုင်ငံသို့ ရောက်တတ်၏ ဟု ဆိုထား ပါသည်။


                                                                        ခင်သန္တာလွင်   ပြုစုသည်။




No comments:

Post a Comment