Wednesday, May 20, 2015

ယေရှုသွန်သင်သော ကျင့်ဝတ်များ ၃

သူတစ်ပါးဝတ် (Duty to Men)

(က)  မိဘဝတ်  (Duty to parents)
(ကောလောသဲ ၃း၂၁၊ ဧဖက် ၆း၎၊ သု ၂၂း၅၊ ၁၉း၁၈။ ၂၂း၁၅။ ၁၃း၂၄)

                    မိဘတို့သည် ကိုယ့်သားသမီးကို စိတ်ဆိုးစေခြင်းငှာ မချုပ်ချယ်ရပါ။ ထိုသို့ပြု လျှင် သူတို့ သည် အားလျော့စိတ်ပျက်ခြင်း သို့ ရောက်ကြလိမ့်မည်။ သုတ္တန်ဆရာက “သခင်ဘုရား၏ အလိုတော်နဲ့အညီ ဆုံးမသွန်သင်လျက် ကျွေးမွေးရမည်။ သို့ပြုလျှင် သူသည် အိုသောအခါ ထိုလမ်းမှမလွဲ လိုက်သွားလိမ့်မည်။ သူ့အကျိုးနည်းအောင် သနားသောစိတ် မရှိစေနှင့်။ သူငယ်၏စိတ်နှလုံးထဲမှာ မိုက်သောသဘောကို ထုတ်ထားလျက်ရှိ၏။ သို့သော်လည်း ဆုံးမသော ကြိမ်လုံးသည် ထိုသဘောကို ဝေးစွာနှင်တတ်၏။ ကြိမ်လုံး ကိုမသုံးသောသူသည် မိမိသားကို မုန်းရာရောက်၏။ သားကိုချစ်သောသူမူကား ငယ်သောအရွယ်မှစ၍ ဆုံးမတတ်၏” ဟု မိန့်ဆိုထား ပါတယ်။


(ခ)  သားသမီးဝတ်   (Duty to children)
(ဧ ၆း၁၊ သု ၁း၈၊ ထွက် ၂၀း၁၂၊ တရား ၂၇း၁၆၊ ၁တိ ၅း၎)

               သခင်ဘုရား၏ အလိုတော်နဲ့အညီ မိဘစကားကို နားထောင်ရမည်။ မိဘစကားကို နားထောင် ခြင်းအမှုသည် တရားသောအမှု ဖြစ်သည်။ အဖေ ဆုံးမသောစကားကို နားထောင်ရမည်။ အမိ ပေးသောတရားကို မပယ်ရ။ မိဘကို ရိုသေစွာပြုရမည်။ မထီမဲ့မြင် မပြုရ။ သား မြေးရှိသော မုဆိုးမ ဖြစ်လျှင် ထိုသားမြေးတို့သည် ရှေးဦးစွာဘုရားဝတ်ကို ရည်မှတ်လျှက် မိမိအိမ်ကို ပြုစု၍ မိဘဘိုးဘွား ၌ ကျေးဇူးဆပ်ခြင်းငှာ သင်ကြစေ။ ထိုအမှုသည် ထိုအမှုသည် ဘုရားသခင်နှစ်သက်သော အမှုဖြစ်သည်။



(ဂ)  သခင်ဝတ်   (Duty to master) (ဧ ၆း၉၊ ကောလောသဲ ၄း၁)

                   သခင်တို့ သင်တို့၏သခင်သည် ကောင်းကင်ဘုံ၌ ရှိတော်မူသည်ကို လည်းကောင်း၊ ထိုသခင်သည် မျက်နှာကို မှတ်တော်မမူသည်ကို လည်းကောင်း၊ သိမှတ်လျက် ခြိမ်းခြောက်ခြင်း ကို ချုပ်တည်း၍ ဖြောင့်မတ်ခြင်းတရား၊ မျှတခြင်းတရားနှင့်အညီ ပြုလော့ဟူ၍ ဖြစ်သည်။

(ဃ)  ကျွန်ဝတ်  (Duty to servant)
(ဧ ၆း၅၊ တိ ၂း၉-၁၀၊ ၁ပေ ၂း၁၈-၁၉၊ ၁တိ ၆း၁-၂)

                ခရစ်တော်၏စကားကို နားထောင်သကဲ့သို့ ကြောက်ရွံတုန်လှုပ်လျက် လောကီသခင်၏ စကား ကိုနားထောင်ရမည်။ မိမိတို့ သခင်၏ အုပ်စိုးခြင်းကို ဝန်ခံ၍ ငြင်းခုံခြင်းမရှိဘဲ အရာရာ၌သခင်၏ အလိုသို့ လိုက်ရမည်။ တိတ်ဆိတ်စွာ ခိုးယူခြငိးု မပြုဘဲ ခပ်သိမ်းသောပစ္စည်းကို ထင်ရှားစွာပြရမည်။ စိတ်ကောင်း ၍ ဖြေညှင်းသော သခင်ဖြစ်စေ၊ ကြမ်းထမ်းသောသခင်ဖြစ်စေ ဝန်ခံရမည်။ အကြောင်းမူကား ဘုရားသခင် ၏ မျက်နှာတော်ကို ထောက်၍ မတရားသောညှင်းဆဲခြင်းကို နာကြည်းစွာခံရလျှင် ကျေးဇူးရှိ၏။ ထိုပြင် မိမိသခင်ကို အလွန်ရိုသေထိုက်သောသူ ဟူ၍ မှတ်ရမည်။ သခင်သည် ယုံကြည်သောသူဖြစ်လျှင် ညီအစ်ကိုဖြစ်သည်ဟု စိတ်ထင်နှင့် မခံ့မညာမပြုရပါ။


(င)   ဆရာဝတ်    (Duty to teachers)
 (ဂလာတိ ၆း၆၊ ၁ကော ၉း၁၃-၁၄၊ ၁တိ ၅း၁၇)

                  နှုတ်ကပတ်တရားတော်ကို ကောင်းစွာသင်ပေးရမည်။ ဓမ္မကိစ္စအမှုကို ဆောင်ရွက်သော သူတို့သည် ဗိမာန်တော်ကို အမှီပြု၍ စားရသည်။ ထိုနည်းတူ ဧဝံဂေလိတရားကို ဟောသောသူသည် ဧဝံဂေလိတရားကို အမှီပြု၍ အသက်မွေးရမည်။ ကောင်းစွာအုပ်သော သင်းအုပ်တို့သည် အလှူနှစ်ဆကို ခံထိုက်သောသူ ဖြစ်သည်ဟူ၍ လည်းကောင်း၊ တရားဟောခြင်း၊ ဆုံးမသြဝါဒပေးခြင်း အမှုကို ကြိုးစား အားထုတ်သောသူတို့သည် အလှူနှစ်ဆကို အထူးသဖြင့် ခံထိုက်သောသူ ဖြစ်၏

(စ)   တပည့်ဝတ်   (Duty to pupils) (၁သက် ၅း၁၂-၁၃၊ ဟေရှာ ၁၃း၇၊ ၁၃း၁၇)

       သင်တို့သည် အမှုတော်ကို ဆောင်ရွက်ခြင်း၊ သခင်ဘုရားအခွင့်နှင့် အုပ်စိုးခြင်း၊ သတိပေး ခြင်းအမှုကို ပြုသောသူတို့ကို သိမှတ်၍ သူတို့ပြုသောအမှုကြောင့် မေတ္တာစိတ်နှင့် အလွန် ချစ်ခင် လေးမြတ်ရမည်။ ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို သင်တို့အား ဟောပြော၍ သင်တို့ကို အုပ်သောသူတို့ကို အောက်မေ့ကြလော့။ ထိုသူတို့၏ စကားကိုနားထောင်၍ နှိမ့်ချလျက် နေကြရမည်။ 


(ဆ)  လင်ဝတ်၊ မယားဝတ်     (Conjugal duties)
(မာ ၁၀း၆-၉၊ ၁၉း၉၊ ၁၀း၁၂၊ ၁ကော ၇း၁-၃၊ ဧ ၅း၂၅၊ ၂၂၊ ၁ပေ ၃း၁-၂၊ တိ ၂း၎-၅၊ ဧ ၅း၃၃)

                     ဘုရားသခင် ဖန်ဆင်းတော်မူစက ယောင်္ကျားနှင့်မိန်မ နှစ်ယောက်တည်းကို ဖန်ဆင်းတော် မူ၏။ ထိုအကြောင်းကြောင့် ယောင်္ကျားသည် ကိုယ့်မိဘကိုစွန့်၍ ကိုယ်ခင်ပွန်းနှင့် မှီဝဲသဖြင့် ထိုသူနှစ်ယောက်တို့သည် တစ်သားတစ်ကိုယ်တည်း ဖြစ်ရလိမ့်မည်။ ထိုကြောင့် လင်မယားတို့ သည် နှစ်ဦးမဟုတ် တစ်ဦးတစ်ဖြစ်၏။ ဘုရားသခင်စုံဖက်တော်မူသောအရာကို လူမခွဲခွာ စေနှင့်။ မှားယွင်းခြင်းအကြောင်းမှ တစ်ပါး အခြားအကြောင်းဖြင့် မိမိမယားနှင့်ကွာ၍ အခြားသော မိန်းမနှင့် အိမ်ထောင်ဘက်ပြုသောသူသည် မိမိမယားကို ပြစ်မှား၏။ မိန်းမသည်လည်း မိမိလင်နှင့်ကွာ၍ အခြားသောယောင်္ကျားနှင့် အိမ်ထောင်ဘက်မပြုရ။ ယောင်္ကျားသည်မိန်းမနှင့် မဆက်ဆံဘဲ နေလျှင်သော် လည်းကောင်း၊ မတရားသောမေထုန်နှင့် ကင်းလွတ်မည့်အကြောင်း ယောင်္ကျားတိုင်း မိမိမယားရှိရမည်။ မိန်မတိုင်း မိမိလင်ရှိရမည်။ ယောင်္ကျားသည် ဆက်ဆံခြင်းဝတ်ကို မိမိမယားအား ပြုရမည်။ ထိုနည်းတူ မိန်းမသည် ဆက်ဆံခြင်းဝတ်ကို မိမိလင်အား ပြုရမည်။ ခရစ်တော်သည်အသင်းတော်ကို ချစ်တော်မူ သကဲ့သို့ ယောင်္ကျားတို့လည်း ကိုယ့်ခင်ပွန်းကို ချစ်ရမည်။ သခင်ဘုရား၏ အုပ်စိုးတော်မူခြင်းကို ဝန်ခံသကဲ့သို့  မိန်းမတို့ကိုယ့်ခင်ပွန်း၏ အုပ်စိုးခြင်းကို ဝန်ခံရမည်။ နှုတ်ကပတ်တရားတော်ကို နားမထောင်သော ယောင်္ကျားတို့ကို မယားအနေဖြင့် မိမိအကျင့်အားဖြင့် သွေးဆောင်ရမည်။ အသက် ငယ် သောမိန်းမတို့သည် ခင်ပွန်းနှင့်သားသမီးကို ချစ်သောသူ၊ ဣနြေ္ဒစောင့်သောသူ၊ စင်ကြယ်သောသူ၊ မိမိအိမ်ကို ပြုစုသောသူ၊ ကောင်းမွန်သောသူ၊ ခင်ပွန်း၏အုပ်စိုးခြင်းကို ဝန်ခံသောသူ ဖြစ်စေခြင်းငှာ အသက် ကြီးရင့်သောမိန်းမတို့သည် ဆုံးမပေးရမည်။ မိန်းမသည်လည်း ကိုယ့်ခင်ပွန်းကို ရိုသေရမည်။

(ဇ)   ပြည်သူပြည်သားဝတ်   (Duty to people)   (ရောမ ၁၃း၁၂၊ ၁၃း၇၊ ၁တိ ၂း၁-၃)

                 အစိုးရသော မင်းအာဏာစက်၏ အုပ်စိုးခြင်းကို လူတိုင်းခံရမည်။ အကြောင်းမူကား ဘုရား သခင်၏အခွင့် မရှိလျှင် မင်းအာဏာစက်မရှိ။ ရှိသမျှသည် ဘုရားသခင်ခန့်ထားတော်မူခြင်း ဖြစ်သည်။ မင်းအာဏာကို ဆန့်ကျင်သောသူသည် ဘုရားသခင်စီရင်တော်မူရာကို ဆန့်ကျင်သောသူ ဖြစ်သည်။ ထိုသူ သည် ရာဇဝတ်ကို ခံရမည်။ လူတိုင်း အခွန်အကောက်ကို မင်းအစိုးရအား ပေးရမည်။ ကြောက်ထိုက် သူကို ကြောက်ရမည်။ ရိုသေထိုက်သောသူကို ရိုသေရမည်။ ရှင်ဘုရင်မှစ၍ လူအမျိုးအမျိုးအဖို့ ဆုတောင်း ပဌာနာပြုခြင်း မေတ္တာပို့ခြင်း၊ ကျေးဇူးတော်ကို ချီးမွမ်းခြင်းကို ပြုရမည်။ ထိုသို့သောအမှုသည် ဘုရား သခင် နှစ်သက်တော်မူသော အမှု ဖြစ်သည်။


                                                                ခင်သန္တာလွင်    ပြုစုသည်။




No comments:

Post a Comment