Saturday, May 2, 2015

သခင်ယေရှု၏ ကိုယ်ရည်ကိုယ်သွေး ၂

သခင်ယေရှု၏ မိသားစုအသက်တာနှင့် လူမှုရေးအသိုက်အ၀န်း

                    သခင်ယေရှုသည် ဗက်လင်မြို့တွင် ဖွားမြင်၍ နာဇရက်မြို့၌ ကြီးပြင်းလာသည်ကို ရှင်မဿဲ နှင့် ရှင်လုကာ ကျမ်းများတွင်ဖော်ပြ ထားသော်လည်း ရှင်မာကု ကမူ သခင်ယေရှုရဲ့ရှေးဦးပိုင်း အသက်တာအကြောင်း ဖော်ပြထားခြင်း မရှိဘဲ အရွယ်ရောက်သည့် အချိန်မှစ၍ ဖော်ပြခဲ့သည်။ ယနေ့ လူအများ စိတ်ဝင်တစ်စား ဖြစ်နေသည့် သခင်ယေရှု၏ သဘောထား၊ ရုပ်သွင်ပြင်နှင့် ဘ၀အကြောင်း အတော် များများကို ခရစ်ဝင်ကျမ်းများက ချန်လှပ်ခဲ့ပါသည်။ သခင်ယေရှု၏ ငယ်စဉ်တောင်ကျေး ကလေးဘ၀နှင့် အိမ်နေအသက်တာကို စိတ်ဝင်စားမှုမရှိ (သို့) အနည်းအကျဉ်းမျှသာ ဖော်ပြထားသည်။ ထိုပြင် သခင်ယေရှု၏ ပတ်ဝန်းကျင် အသိုက်အ၀န်း အခြေအနေများကိုလည်း ဖော်ပြထားခြင်းမရှိပေ။ ထိုကြောင့် သခင်ယေရှုအသက်ရှင်ခဲ့ချိန် အခြေအနေများကို ပြန်၍ လေ့လာသုံးသပ်ခြင်းသည် သာလျှင် သခင်ယေရှု၏ ဘ၀အသက်တာကို ခန့်မှန်းပုံဖော်ရန် အထောက်အကူ ပြုပေမည်။ ထိုခေတ် အခါက စာပေ အထောက်အထားများနှင့် သုတေသနပြု လေ့လာသည့်အခါ ခရစ်သက္ကရာဇ် ပထမရာစု နှစ်များတွင် ယုဒလူမျိုးများ အကြောင်း ပိုမိုသိနားလည် လာရသည်။
                    ထိုအထောက်အထားများမှ လေ့လာတွေ့ရှိသော မိသားစု၊ ပညာရေး၊ နေ့စဉ်အသက်တာ နှင့် စရိုက်များ၊ ယုဒလူမျိုးများ၏ ဘာသာရေးအဖွဲ့အစည်း (အဖွဲ့အစည်း Institutions၊ ဂိုဏ်ဂဏ သင်းကွဲအုပ်စုများ Sects ) ၊ နိုင်ငံရေးနှင့် စီးပွါးရေး၊ လူမှုရေးအဖွဲ့အစည်းများ၊ အစိုးရနှင့် ဗိမ္မာန်တော်၌ ပေးရသော အခွန်ငွေ၊ စသည်တို့သည် ပါလတိနပြည်၏ အခြေအနေကို တစ်စိတ် တစ်ဒေသ ဖော်ပြခြင်း ဖြစ်၍ အထွေထွေ ဗဟုသုတ အနေဖြင့် သိနားလည်လာရသည့်အပြင် ထိုအသိ ပညာမှတစ်ဆင့် သခင်ယေရှု၏ အသက်တာနှင့် ပတ်ဝန်းကျင် အသိုက်အ၀န်းကို ဆက်စပ် လေ့လာနိုင်ပေ သည်။ သို့သော် သခင်ယေရှုအကြောင်းကို ပြည်စုံအောင်ဖော်ပြ နိုင်ရန် လုံလောက်သော အချက်အလက် များကား မဟုတ်ပေ။



သခင်ယေရှု၏ မိသားစုအသက်တာ

                သခင်ယေရှု၏ ကလေးဘ၀နှင့် မိသားစုအသက်တာအကြောင်းကို ခရစ်ဝင်ကျမ်းများက အရိပ်အမြွက်သာ ဖော်ပြခဲ့သည်။ သခင်ယေရှု၍ ညီငယ်လေးယောက်ဖြစ်သော ယာကုပ်၊ ယောသေ၊ ယုဒ၊ ရှိမုန်နှင့် အနည်းဆုံး ညီမငယ်နှစ်ယောက် ရှိသောကြောင့် လူဦးရေများသော အိမ်ထောင် မိသားစု ဖြစ်ကြောင်း ထင်ရှားသည်။ (မာကု ၆း၃)
                      သခင်ယေရှု၏ သာသနာ့လုပ်ငန်း စတင်ခဲ့စဉ်က မိခင်မာရိသည် မုဆိုးမဖြစ်ကြောင်း မှတ်ယူနိုင်သည်။ အဘယ်ကြောင့်ဆိုသော် ဖခင်ယောသပ်အကြောင်း အထူအထွေ ထပ်မံဖော်ပြခြင်း မရှိသောကြောင့် ဖြစ်သည်။ (မာကု ၃း၃၁-၃၄၊ ၆း၃)
                     သခင်ယေရှုသည် အိမ်ထောင်၌ သားအကြီး ဖြစ်သည့်အလျောက် အသက်မွေးဝမ်းကျောင်း လုပ်ငန်းဖြစ်သည့် လက်သမားအတတ် ပညာကိုလည်း ဖခင်မှတစ်ဆင့် လက်ဆင့်ကမ်း တတ်မြောက်ခဲ့ ပေသည်။ (မာကု ၆း၃)။ ဤလုပ်ငန်းသည် လက်ဝင်လှသည့်အပြင် အိမ်ထောင်တာဝန် ကိုလည်း သခင်ယေရှုကပင် စီမံခန့်ခွဲ ရပေမည်။
                  နောင်တွင် အမှုတော်ဆောင်သည့်အခါ သခင်ယေရှုသည် မိမိတွေ့ကြုံ ခဲ့ရသော မိသားစု အသက်တာ၏ အတွေ့အကြုံ များကို ပြန်လည်ကောက်နှုတ် အသုံးချကြောင်း တွေ့ရသည်။
                ဥပမာ
               * ကြိတ်ဆုံကြိတ်သော သူနှစ်ယောက်           (လုကာ ၁၇း၃၅)
               * မီးဖိုထဲရောက်သော တောမြက်ပင်            (မဿဲ ၆း၃၀)
               * မုန့်ညက်ကို ဖောင်းပွစေသော တဆေး        ( မဿဲ  ၁၃း၃၃)
               * မုန့်ကို တောင်းသည့် သားငယ်                  ( မဿဲ   ၇း၉)

သခင်ယေရှု၏ ပညာအရည်အချင်း

                မည်သည့်ယုဒလူမျိုး င်္ယောကျားလေးများ အတွက်မဆို ပထမဆုံး သူ၏ပညာရေးကို ခံယူစေသော နေရာသည် အိမ်ထောင်ပင် ဖြစ်သည်။ နောက်တစ်ဆင့်အတွက်မှာမူ ယုဒတရားဇရပ် ပင်ဖြစ်သည်။ ဘာသာရေးဆိုင်ရာ ကျမ်းစာလိပ်သည် တစ်ခုတည်းသော ဖတ်စရာများအဖြစ် ထားရှိသည်မှာ ရိုးရိုးသာမန် ဖြစ်ဟန်ရှိသော်လည်း ထိရောက်မှုရှိသောနည်းလမ်း၊ စနစ်တစ်ခုဖြစ်သည်။ ယုဒလူမျိုးတို့၏ ပညာရေးစနစ် အတိုင်းအတာ ရှိသမျှသည် လောကနှင့် ဘာသာရေး သီးခြားခွဲခြားမှု မရှိ။ သူတို့၏ တစ်ခုတည်းသော မျှော်မှန်းချက်မှာ ဘုရားသခင်ရွေးကောက်တော်မူသည့် လူမျိုးတော် အသိုင်းအ၀န်း အတွင်းတွင် တန်ဖိုးရှိသော အသင်းသားဖြစ်အောင် လေ့ကျင့်ပျိုးထောင် ပေးရန်ဖြစ်သည်။
                    တရားဇရပ်နှင့် ယုဒလူမျိုး င်္ယောကျားလေးတစ်ယောက်သည် သမ္မာကျမ်းစာတွင် ပါသော အကြောင်းအရာများကို ယေဘုယျအားဖြင့် ရင်းနှီးစေရုံ သာမက သမ္မာကျမ်းစာနှင့်ဆိုင်သော ဟာလာခါ (Halakkah) ခေါ် အနေအထိုင် အပြုအမူနှင့်၊ ဟက်ဂေါဒါ (Haggadah) ခေါ် ဟေဗြဲလူမျိုးတို့၏ သမိုင်းကြောင်း ကိုလည်း သိရှိနားလည်ရန် လိုပေသည်။ သခင်ယေရှုသည် လက်ရှိ အသက်မွေးဝမ်းကျောင်း နှင့်ဆိုင်သော စကားအရ ပညာတတ်တစ်ဦး မဟုတ်သော်ငှားလည်း ယုဒလူမျိုး ဘာသာတရား စည်းမျဉ်းအောက်၌ ကြီးပြင်းလာခဲ့သည်ဖြစ်၍ ထိုသို့သော ဘာသာတရား၏ အမွေအနှစ် များကို ရရှိပြီးဖြစ်သည့် အားလျော်စွာ လူ့အဖွဲ့အစည်းထဲသို့ ယူဆောင်သွားနိုင်ခဲ့သည်။
                     သတိပြု ရမည့်အချက်မှာ အမ်ဟာအာရက်(ဇ်) Amhaa'retz (အဓိပ္ပာယ်မှာ နေ့စဉ် အသက်ရှင်နေသော ရိုးရိုး သာမန်လူ) တစ်ဦးဖြစ်သည့်အားလျော်စွာ သခင်ယေရှုသည် ပညတ်တရားဆိုင် သောကျွမ်းကျင်သူများ၏ ဆုံးဖြတ်ချက်များနှင့် ရင်းနှီးမှုရှိသည်။ သာမန်ယုဒ လူငယ်တစ်ဦးအဖြစ် ပညတ်တရားကို ကြိုးစား၍ လိုက်လျောက်ခဲ့ကြောင်းသခင်ယေရှု၏ အသက်ရှင်မှု ၌ တွေ့မြင်ရပေမည်။
                 သခင်ယေရှုသည် ယုဒဘာသာနှင့်ပတ်သက်၍ ရိုးရိုးသာမန်လူများကဲ့သို့ အသိပညာ တစ်ခုတည်းကိုသာ ရရှိကောင်း ရရှိမည်ဖြစ်သည်။ သို့သော်လည်း သခင်ယေရှုသည် ထိုးဖောက်သိမြင် တတ်ပြီး၊ ထက်မြက်ခြင်းနှင့် လေးနက်သော အတွေးအခေါ်ရှိသည့်အတွက် ကိုယ်တော်၏ အချိန်အခါတွင် ရှိသော ဘာသာရေးခေါင်းဆောင်များအား ဝေဖန်သုံးသပ်ခြင်းအမှုကို ပြုလုပ်နိုင်ခဲ့ပါသည်။

နိုင်ငံရေးနောက်ခံ

                သခင်ယေရှုသက်ရှင်လှုပ်ရှား အမှုတော်ဆောင် ခဲ့သော ယုဒလူမျိးတို့သည် ဓမ္မဟောင်းကျမ်း အချိန်အခါ၌ ရှိသော ဣသရေလလူမျိုး များကဲ့သို့ မဟုတ်ချေ။ အကြောင်းမှာ နိုင်ငံရေး လွတ်လပ်မှု မရှိခြင်း ကြောင့် ရှေးခေတ် ဣသရေလနှင့် မတူ တစ်မူထူးခြား ကွဲပြားလျက်ရှိသည်။ သခင်ယေရှု အမှုတော် ဆောင်ရွက်ရာ ဂါလိလဲပြည်နှင့် အသတ်ခံရသော ယုဒပြည်သည်ပင်လျင် တိုင်းတစ်ပါး၏ အုပ်စိုးမှုအောက် တွင်ရှိနေပါသည်။
                 သခင်ယေရှုသည် နိုင်ငံတော် အာဏာပိုင်များနှင့် ထိပ်တိုက်တွေ့ဆုံရာတွင် အများအားဖြင့် အုပ်ချုပ်ရေးကို ကိုင်တွင်နေသူများမှာ နိုင်ငံခြားသားများပင်ဖြစ်သည်။ ပါလတိနပြည်တွင်း၌ တပ်စွဲထားသော စစ်သည်တော်များသည်လည်း ယုဒလူမျိုးများ မဟုတ်ချေ။ ပြည်တွင်း အခွန်ခံများသည် ယုဒလူမျိုး များဖြစ်ကြ သည်။ သို့သော်လည်း သူတို့၏ မတရားပြုမှု၊ ကျင့်ကြံမှုနှင့် တိုင်းတပါးသား လက်အောက်၌ အမှုထမ်းခြင်း ကြောင့် မိမိလူမျိုးများ၏ ရွံရှာ မုန်းတီးမှုကို ခံရရုံသာမက ယုဒလူမျိုး စာရင်းတွင်လည်း အပယ်ခံရ ကြသည်။ ထိုပြင် သူတို့နှင့် ဆက်ဆံခြင်းအမှုကို မပြုလုပ်ကြချေ။
                   နိုင်ငံရေးအခြေအနေမှာလည်း တမူထူးခြားလျက်ရှိသည်။ စစ်မက်အာဏာဖြင့် နိုင်ငံခြားသား တို့သည် အုပ်ချုပ်ရေး၊ နိုင်ငံရေးနှင့် ပြည်တွင်းရေးကို ကိုယ်တွယ် အုပ်ချုပ်ပြီး ဘာသာရေးကိုမူ ဒေသခံ ယုဒ ဘာသာရေးခေါင်းဆောင်များအား ကိုင်တွင်အုပ်ချုပ်စေပါသည်။ ထိုအဖွဲ့တွင် ယဇ်ပရောဟိတ် မင်းကြီး အပါအ၀င် အဖွဲ့ဝင်ပေါင်း (၇)ဦး ရှိပါသည်။
                    ပါလတိနပြည်တွင် အသင်းအဖွဲ့များ ရှိလေရာ ဘာသာရေးအဖွဲ့အစည်းတစ်ခု ဖြစ်သော ဇဒ္ဒု ကဲတို့သည် တိုင်းတပါးသား ရောမတို့၏ အုပ်ချုပ်မှုကို နှစ်သက်ပြီး လက်ခံရုံသာမက ထို အုပ်စိုးသူများ နှင့်အတူ အခါ အားလျော်စွာ ပူးပေါင်းလုပ်ဆောင်ကြသည်။ ပါလတိနပြည်တွင်း ရှိ ပြည်သူပြည်သားများသည် မိမိတို့၏ ကိုယ်ပိုင်နယ်မြေ ဒေသတွင် မိမိတို့၏ မိရိုးဖလာ ဘာသာရေး လွတ်လပ်မှုအောက်တွင် အသက်ရှင်နေထိုင် လျက်ရျိကြသည်။ ထိုအပြင် ပြင်ပလောကနှင့် လည်း ဆက်သွယ် ဆက်ဆံမှုရှိပါသည်။
                  ယုဒလူမျိုးများသည် မိမိတို့၏ လူမျိုးကို အခြားလူမျိုးများနှင့် ရောယှက်ခြင်းမှကင်းဝေး စေရန် ထိန်သိမ်းနိုင်ခဲ့ပါသည်။ ထိုသို့သော အခြေအနေ ၌ပင် ဂရိလူမျိုးများ၏ ယဉ်ကျေးမှုသည် ယုဒလူမျိုးများကို လွှမ်းမိုးထား နိုင်ကြောင်း တွေ့ရှိရသည်။ ရောမလူမျိုးတို့၏ ငွေဒင်္ဂါး၊ ယေရုရှလင်မြို့တွင်းရှိ ပြဇတ်ရုံ ဂရိလူမျိုးတို့၏ ပိသုကာ လက်ယာအတိုင်း ဟေရုဒ်မင်းကြိး ပြန်လည်တည်ဆောက်ထားသော ဗိမ္မာန်တော်၊ ဗိမာန်တော်မြောက်ဖက်ရှိ စစ်သည်တ်ာများတပ်စွဲရာ အင်ဒိုနီယိုရဲတိုက်နှင့် မြို့တော်ဝန်များ မကြာခဏ ဆိုသလို လာရောက်ခြင်းများသည် နိုင်ငံခြားသားတို့၏ ကြီးစိုးမှုနှင့် အခြားတိုင်းပြည်ကို စိတ်ဝင်စားမှု ရှိကြောင်း တွေ့ရှိနိုင်သည်။
                ထိုပြင် နိုင်ငံပေါင်းစုံ ပြန့်နှံသွားသော ယုဒလူမျိုးများနှင့် အပြင်လောကတွင် ဂရိစကားပြောဆို သော ယုဒလူမျိုးများ ရှိနေခြင်းကြောင့် ဂရိစကားသည် ပြည်တွင်းသို့ ကူးစက်ပြန့်နှံ့လျက် ရျိသည်။ ခရစ်တော်မပေါ်မီ (၃)ရာစု နောက်ပိုင်၌ ပါလတိနတွင် ဟေဗြဲဘာသာစကားကို ပြောဆိုခြင်း မရှိတော့ချေ။ အာရမိဘာသာစကားကိုသာ ပြောဆိုကြသည်။ သို့သော် ရုံးသုံးဘာသာစကားမှာ ဂရိဘာသာ စကားပင်ဖြစ်သည်။ ထိုအတွက် ယုဒလူမျိုးများသည် ဂရိဘာသာစကားကို နားလည်ပြောဆို နိုင်သည်။ ထိုသို့ပြောဆို နိုင်ခြင်းမှာ ယဉ်ကျေးမှုတစ်ရပ်အဖြစ် အမြတ်တနိုးပြောဆိုခြင်း မဟုတ်ဘဲ နေ့စဉ်လ်ုပ်ငန်းနှင့် အသက်မွေးဝမ်းကျောင်းမှုအတွက် လိုအပ်ချက်တစ်ခုအဖြစ် ပြောဆိုခြင်းသာ ဖြစ်ကြသည်။



                                                                         ဒေါက်တာ အယ်ဝါး





No comments:

Post a Comment