Wednesday, May 27, 2015

လူသားနှင့်အလှအပ

               အလှအပကို သိရှိခံစားခြင်း ဟူသောစိတ်အာရုံခံစားမှုမှာ လူသားများတွင် သာမက တိရစ္ဆာန် များ၌ ပါရှိသည်ဟု ဆိုကြသည်။ အထူးသဖြင့် လူသားများမှာ လှပမှုကို ကြည်နူးသည်မှာ ယုံမှားဖွယရာ မရှိပေ။ လူသားတို့အနေနှင့် လှပစွာ တန်ဆာမင်မှုအား တပ်မက်ခြင်းအကြောင်းကို သမိုင်းခေတ် အဆက်ဆက်၌ တွေ့ရှိခဲ့ရသည်။ အသားအရောင်၊ လူမျိုး၊ ဒေသကိုလိုက်၍ အလှအပတတပ်မက်မှုမှာ တစ်ဦးနှစ်တစ်ဦး မတူညီနိုင်ပေ။ ခံစားချက်ခြင်းလည်း တစ်ထပ်တည်း မကျနိုင်ပေ။ ဤနေရာတွင် ဒါဝိဒ်၊ စကူကရပ်၊ လစ်ဗင်းစတုန်း၊ အော်ဂက်စတေး၊ ကွန့်စ်စိန့်ဆိုင်မွန် စသူတို့၏ ကမ္ဘာကျော်အဆိုအမိန့်များကို ကိုးကား၍ တင်ပြသွားပါမည်။


            ပထမဦးဆုံး ကမ္ဘာဦးလူသားတို့၏ အဆင်တန်ဆာတို့တွင် တိရစ္ဆာန်တို့၏ အရေများ၊ လက်သည်း များနှင့် သွားများမှာ အလွန်အရေးကြီးသော ပစ္စည်းများဖြစ်သည်။ ၎င်းပစ္စည်းများကို ရတနာတစ်ပါးအသွင် သူတို့အထင်ရှိ သည်။ ကြမ်းကြုတ်သော်လည်း အဆင်တန်ဆာ အသွင်အပြင်ရှိသည်။ ၎င်းအရာ တို့သည် ပင်လျှင် ရှေးခေတ်ဟောင်းလူသားတို့၏ ပထမဦးဆုံး လှပမှုအတွက် ကိုယ်စားပြုပစ္စည်းသက္ကာရ များ ဖြစ်တော့သည်။
              လူရိုင်းတို့၏ ကြောက်မက်ဖွယ်ရာ ကောင်းအောင် အရုပ်ဆိုးလွန်းလှသော အဆင်တန်ဆာများ၊ ဂီတသံစဉ်များကို ထောက်ရှုလျှင်ပင် ၎င်းတို့ အလှအပအာရုံ ခံစားမှုမှာ တိရစ္ဆာန်များ(ကျေးငှက်များ) ထက်ပင်လျှင် နိမ့်ကျကြောင်း တွေ့ရမည်။ အလှအပအပေါ် ထားရှိသော အမှတ်သညာ၊ သဘောတရားတို့ မှာလည်း အသားအရောင်တူသော လူမျိုးများတွင် ပင်လျှင် ကွဲပြားခြားနားမှုများစွာ ရှိလေသည်။

              “ယင်းခြားနားခြင်း အကြောင်းရင်းကို သတ္တဗေဒပညာရပ် ရှာကြံ၍ရမည် မဟုတ်သည်မှာ ထင်ရှားပါသည်။ တခြား အခြေခံသဘောတရား များတွင်သာ ရှာကြံရမည်” ဟု ဒါဝိဒ်ကိုယ်တိုင် လည်း ပြောကြားထားပါသည်။ သူ၏ အင်္ဂလိပ်ဘာသဖြင့် ဒုတိယအကြိမ် ပုံနှိပ်ခြင်းတွင် ယခုဖော်ပြခဲ့သော စာပုဒ်၌ အောက်ပါစကားများ ဖြည့်စွက်ပါရှိ လာလေသည်။
             ”ယဉ်ကျေးပြီးသော လူသားများအဖို့၊ ဤသို့သော အာရုံခံစားမှု(လှပမှု) တို့မှာ ရှုပ်ထွေးသော အယူအဆများ တွေးခေါ်ချက် လေ့ကျင့်မှုများ ရောထွေးယှက်တင် ဖြစ်နေပါသည်။”
              ဤသည်မှာ အလွန်အရေးကြီးသော စကားရပ် ဖြစ်သည်။ သဘောတရားမူအားဖြင့် သတ္တဗေဒ မှ လူမှုဗေဒသို့ ကျွန်ုပ်တို့အား ဒါဝင်ဆွဲခေါ်နေသောကြောင့် ဖြစ်သည်။
              ယဉ်ကျေးမှု မြင့်မားသော လူသားများ၌သာ ဤကဲ့သို့ဆက်စပ်မှု သဘောရှိသည်ဟု ပြောဆိုရာ၌ ဒါဝင်မှန်ကန် ပါလော။ မှန်ကန်မှုမရှိပါ။ လုံးဝဟု မပြောလိုသော်လည်း သက်ရောက်မှု မရှိပါ။ ဤကဲ့သို့ မမှန်ခြင်းအကြောင်း အရာကို လွယ်လင့်တကူ တွေ့နိုင်ပါသည်။ 
             နမူနာ သာဓကတစ်ခုကို ဖော်ပြကြပါစို့။ ကမ္ဘုာဦးလူသားတို့၏ အလှအပ အဆင်တန်ဆာတို့တွင် တိရစ္ဆာန်တို့၏ အရေများ၊ လက်သည်းခံများနှင့် သွားများမှာ လွန်စွာအရေးကြီးသော ပစ္စည်းများ ဖြစ်သည်။ ဘာ့ကြောင့်နည်း။ ဤပစ္စည်းများမှ အသွေးအရောင်နှင့် စည်းမျဉ်းများ ဖွဲ့စည်းပါဝင်ထားသလော။ မဖွဲ့စည်း ထားပါ။ မပါဝင်လှပါ။ လူရိုင်းတစ်ဦးအနေဖြင့် အရေ၊လက်သည်းနှင့် အစွယ်များကို လှပမှုအတွက် တန်ဆာဆင်ခြင်းမှာ တပ်မက်မှုသဘော အပြင် သူတို့၏ သတ္တိစွမ်းရည်ကို ပါ  ပြသနိုင်သောကြောင့် ဖြစ်လေ သည်။


          စွမ်းပကားရှိသူကို အောင်မြင်လျှင် ကိုယ်တိုင်စွမ်းပကား ရှိလေသည်။ အင်အားကြီးသူကို အောင်နိုင် လျှင် ကိုယ်တိုင် အင်အားကြီးလေသည်။ သို့ရာတွင် ဤနေရာ၌ ဥပါဒါန်းစွဲလန်းမှုလည်း သက်ဝင်လာ နိုင်စရာအကြောင်းလည်း ရှိသည်။ အမေရိကန် မြောက်ပိုင်းမှ အင်ဒီးယန်းလူမျိုးတို့မှာ ထိုဒေသတွင် အကြမ်းကြုတ်ဆုံး သားရဲတိရစ္ဆာန်ကြီး များဖြစ်သော ဝက်ဝံကြီးများ၏ ခြေသည်း၊ လက်သည်း များကို အမြတ်တနိုး ဝတ်ဆင်ကြသည်ဟု “စကူးကရပ်” က ပြောဖူးသည်။ ၎င်းလက်ဝံကြီးများ၏ ကြမ်းကြုတ် ရက်စက်မှုနှင့် ရဲစွမ်းသတ္တိတို့မှာ ဝတ်ဆင်သူတို့ထံသို့ စီးဆင်းပူးကပ်သလို ခံစားရသည်ဟု ရက်အင်ဒီးယန်း စစ်သားကြီးများက ယုံကြည်ကြသည်။ ၎င်းတို့အဖို့ အလှအပ အဆင်တန်ဆာများအတွက် ဖြစ်သကဲ့သို့၊ တစ်စိတ်တစ်ပိုင်းအားဖြင့် အဆောင်သဘောလည်း ဖြစ်သည်ဟု စကူကရပ်က ထင်မြင်ထားပေသည်။
               လစ်ဗင်းစတုန်း၏ နမူနာတစ်ခုကို ဖော်ပြပါဦးမည်။ ဇမ်ဘီဇီမြစ် အကြေ အရပ်မှ ဘာတိုကာ လူမျိုးတို့သည် အပေါ်သွားများကို ရိုက်ချိုးမပစ်လျှင် ယောင်္ကျားတစ်ယောက်ကို အလွန်အရုပ်ဆုံးသည်ဟု ယူဆကြသည်။ လှပမှုနှင့် ပတ်သက်၍ အဘယ်ကြောင့် ဤကဲ့သို့ ယူဆရသနည်း။ ဘာတိုကာလူမျိုးများက သူတို့ကိုယ်သူတို့ စားမြုံ့ပြန်သော သတ္တဝါများနှင့် တူလိုကြသဖြင့် အပေါ်သွားများကို ရိုက်ချိုးပစ်ခြင်း ဖြစ်သည်ဟု ဆက်လက်ရှင်းပြသည်။ 
               ကျွန်ုပ်တို့အနေဖြင့် ကြည့်လျှင် ၎င်းတို့မှာ နားမလည်နိုင်သော အယူတစ်ရပ်ပင် ဖြစ်သည်။ အမှန်တော့ ဘာတိုကာလူမျိုးများ မှာမူ တိရစ္ဆာန်မွေးမြူသောလူမျိုးများ ဖြစ်ကြပြီး၊ နွားများကို အမြတ်တနိုး ကိုးကွယ်ပသ ကြသည်။ ဤကိစ္စတွင်လည်း အဖိုးတန်သောအရာသည် လှပမှုသဘော ကို ဆောင်ပြန်လေသည်။
            အလှအပဟူသော အယူအဆသဘောတရားသည် တစ်မျိုးတစ်ဖုံ ခြားနားသော ရုပ်ဝတ္ထု ပစ္စည်း များပေါ်မှ ကူကွဲလွဲစွာ ပေါ်ပေါက်လာပြန်သည်။ အော်ဂတ်စတေး၏ တတိယနမူနာ တစ်ခုကို ဖော်ပြပါဦး မည်။ အာဖရိကတိုက် လူမျိုးများထဲမှာမှ ဒင်ကာလူမျိုး အမျိုးသမီးများသည် လက်နှင့်ခြေထောက်တို့တွင် သံကွင်းများ ဝတ်ဆင်ကြသည်။ ချမ်းသာကြွယ်ဝသော သူတို့၏ဇနီးများမှာ ဤကဲ့သို့သော သံကွင်းများကို ပေါင်သုံးဆယ်၊ ပေါင်လေးဆယ်၊ လေးလံသည်အထိ ဝတ်ဆင်တတ်ကြသည်။ ဤသို့ ဝတ်ဆင်ထားသည်မှာ သူတို့အဖို့ မသက်သာလှပေ။ သို့သော် သူတို့က ဤသံကွင်းများကို လှပမှုအတွက် စိတ်ကြည်နူးစွာ ဝတ်ဆင်ကြလေသည်။ ဤမျှလောက် လေးလံသော သံကွင်းများကို ဝတ်ဆင်ရသည်ကို ဒကာနီဂရိုး အမျိုးသမီးများ ဘာကြောင့် နှစ်သက်ရလေသနည်း။
           အမှန်မှာ ၎င်းတို့သည် ထိုအရာများ ဝတ်ဆင်ထားမှုကြောင့် မိမိကိုယ်မိမိ လှသည်ဟုထင်ပြီး၊ အခြား သူများကလည်း လှသည်ဟု ထင်သောကြောင့် ဖြစ်သည်။ ဒင်ကာအမျိုးသမီးတစ်ဦးက ပေါင်နှစ်ဆယ် လေးသော သံကွင်းများကို ဝတ်ဆင်ထားသည် ဆိုပါစို့။ ယခင် သူဝတ်ဆင်စဉ်က နှစ်ပေါင်သာလေးသော သံကွင်းများကို ဝတ်ဆင်စဉ်ကထက် ပို၍ လှပလာသည်ဟု သူ့ဟာသူလည်း ထင်မြင်ယူဆသည်။ လူအများကလည်း ထိုအတိုင်းပင် ထင်မြင်ယူဆသည်။ ယင်းသံကွင်း များနှင့် ဆက်စပ်သော ချမ်းသာကြွယ်ဝမှုကို လှပမှုအသွင် ပြောင်းထားသော အယူအဆ သဘောပင် ဖြစ်လေသည်။
               နောက်ဆုံး ဒေးဗစ်လင်းဗင်းစတုန်းကို ကိုးကား၍ ဒါဝင်ပေးသော နမူနာတစ်ခုကို ဖော်ပြရလျှင် မာကိုလိုလို လူမျိုးများမှ အမျိုးသမီးများသည် အထက်နှုတ်ခမ်းသားတွင် အပေါင်ကြီးဖောက်ပြီး ထိုအပေါက်တွင် သတ္တုကွင်း (သို့) ဝါးခြမ်းကို တပ်၍ ဝတ်ဆင်ထားလေသည်။ ဘာကြောင့် အမျိုးသမီးများ ဤကဲ့သို့ ဝတ်ဆင်ထားပါသလဲဟု လူမျိုးများ၏ အကြီးအကဲကို မေးမြန်းကြည့်သောအခါ ၎င်းကိုယ်တိုင်က ဤကဲ့သို့ မဟုတ်တရုတ် မေးသည်ကို အံ့သြသွားပြီး နောက် “လှချင်လို့ပေါ့” ဟု ဖြေကြားလေသည်။ ပြီးတော့မှ တစ်ဆက်တည်း “ယောင်္ကျားများတွင် မုတ်ဆိတ်မွှေးရှိ၍ မိန်းမများတွင် နှခေါင်းရှိကြသည်။ ဤသို့ တန်ဆာပလာမရှိလျှင် အဘယ်သို့ နေမလဲ” ဟု ပြန်၍ပင် အမေးပြု လာသည်။ ဤပစ္စည်းမျိုး ဝတ်ဆင်ထားသည့် အလေ့အထ ဘယ်ကဆင်းသက်လာသည်ကို ပြောပြရန် အလွန်ခဲယဉ်းပေသည်။
             ဤအကြောင်းအရာတို့သည် ခေတ်ကာလတစ်ခု၏ နောက်ကျသော လှပမှုဖော်ထုတ်ချက် သဘောတရားများ ဖြစ်သည်။ ယခု မျက်မှောက်ခေတ် ကာလတွင်ကော လူသားများ အဘယ်သို့ အဓိပ္ပာယ် ဖော်ကြသနည်း။ ထိုအချင်းအရာကို အထူးပင်ရှင်းပြစရာ မလိုပါ။ ရွှေ၊ငွေ၊ ကျောက်သံပတ္တမြား စသည်တို့သည် ခေတ်သစ်၏ ပြယုဂ် ဖြစ်ပေသည်။ အဝတ်အထည်၏ အရောင်အသွေးသည်လည်း မပါမဖြစ် ထည့်သွင်းစဉ်းစားရမည့်အရာ ဖြစ်သည်။ ဝါဒတစ်မျိုးသည် ရေစီးကြောင်းတစ်ခု အတိုင်း ပုံမှန်စွာ စီးဆင်းနေသည်မှာ အမှန်ဖြစ်သော်လည်း ရုပ်ဝါဒဆိုင်ရာ လှပမှုအား တပ်မက်မှုသည် အစဉ်သာ ကြီးထွားနေမှာ အမှန်ဖြစ်သည်။
              ကျွန်ုပ်၏ အဓိက ဆိုရင်းသဘောတရားကို အလျှင်းသင့်သလို တင်ပြခွင့်ပြုပါ။ သမိုင်းခေတ် အဆက်ဆက် လူသားတို့သည် လှပမှု ရုပ်ဝါဒပိုင်းဆိုင်ရာတွင် ငြင်းမရသော အထောက်အထားများနှင့်တကွ ကြီးထွားအောင် ကြံဆခဲ့သည် မှန်လျှင် လူသားသည် စိတ်ပိုင်းဆိုင်ရာ နာမ်သဘောတရားတွင်ကော ကြီးပွားလာ သလော။
               တစ်စုံတစ်ခု ရယူမှုအတွက် တစ်စုံတစ်ရာသည် လက်လွှတ်ရရိုးမှန်ကန်ခဲ့ပါလျှင် ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုအတွက် (နာမ်) ဝိညာဉ်ရေးရာပိုင်းတွင် ဝမ်းနည်းစွာ ကျဆင်းသွားမှုကို မငြင်း သာအောင် တွေ့မြင်နေ ရပါသည်။ ဒါဝင်ဝါဒနှင့် သတ္တဝါတို့နှင့် လူသားဆက်ဆံမှု သဘောတရား များမှ အထိုက်အလျောက် မှန်ကန်မှု မရှိပါ။
               ဒါဝင်၏ အဆိုအမိန့်ဖြစ်သော “လူနှင့် နီးစပ်သော သတ္တဝါသည် ၎င်း၏အသိဥာဏ် ပညာက ကျွန်ုပ်တို့ လူသားမှာကဲ့သို့ တက်ကြွပြီး၊ တိုးတက်လာပါလျှင် ၎င်းတို့တွင် ကျွန်ုပ်တို့ကဲ့သို့ စာရိတ္ထ အသိတရားများကို ကျွန်ုပ်တို့ကဲ့သို့ပင် ရရှိလိမ့်မည်” ဟူသော သဘောတရားကို လက်မခံလိုကြောင်း ပထမ ဖော်ပြရပေမည်။
             တိရစ္ဆာန်အမျိုးမျိုးတို့မှာ ဝတ္ထုပစ္စည်း အမျိုမျိုးတို့ကို ခြားနားစွာ လေးစားကြသော်လည်း၊ အလှအပကို သိရှိကြသည့်အလျောက် ထိုနည်းတူစွာပင် ပြုမူပုံ ပြုမူနည်း ခြားနားသည် မှန်သော်လည်း အမှားအမှန်ကို ခွဲခြားသိမြင် နိုင်သောဥာဏ် လူမှာကဲ့သို့ မရှိနိုင်ပေ။
               ဥပမာ လူများကို ပျားများကဲ့သို့ ထိန်းကျောင်းပြုစုခဲ့ ပါလျှင် ကျွန်ုပ်တို့ လက်ထပ်ခြင်းမပြုသော မိန်းမများ လုပ်သားပျားများကဲ့သို့ပင် မိမိတို့၏ မောင်ဘွားများအား သတ်ပစ်ခြင်းကို မွန်မြတ်သောအလုပ်ဟု ယူဆကြမည်။ မိခင်များကလည်း သားသမီးများကို သတ်ပစ်ရန်ကြိုးစားကြလိမ့်မည်။
              ဤကိစ္စာများတွ် မည်သူကမျှလည်း ဝင်ရောက်စွက်ဖက်ရန် စဉ်းစားကြလိမ့်မည် မဟုတ်ပ။ ဤနေရာတွင် ပျားများ (သို့) အခြားလူနှင့် နီးစပ်သော တိရစ္ဆာန်များက ဤကိစ္စအမှန်အမှား (ဝါ) အသိတရားကို ရရှိလိမ့်မည်ဟု ကျွန်ုပ်လုံးဝမထင်မြင် မယူဆကြပေ။ ဤသည်ကား ကွန့်စ်နှင့် စိန့်ဆိုင်မွန် တို့၏ ငြင်းဆိုချက် ဖြစ်သည်။
              ဤဥပမာသည် အရာအားလုံးကို ရှင်းလင်းစေသည်။ လူသားနှင့်နီးစပ်သော သတ္တဝါတို့၌ လူသား၏ အမူအကျင့်၊ စရိုက်လက္ခဏာ သက်ရောက်မှုမရှိရိုးမှန် ခဲ့လျှင် တရားတော်တို့ကို ခြွေမြွက်ခဲ့တော် မူသော မေတ္တာတော်ဘုရားရှင်တို့၌ရှိသော သဘောကို လူသားတို့ ရှာဖွေခွဲခြားနေကြခြင်းမှာ ရူးသွပ်ခြင်း၏ တရား၊ ဖောက်ပြန်ခြင်း၏ အမှုတို့သာ ဧကန်အမှန် ဖြစ်ပေမည်။
               လူသားတို့သည် ရုပ်သဘော၊ လှပတပ်မက်မှုမှာ ဖောက်ပြန်သော သဘောရှိ၏။ တိရစ္ဆန်တို့၏ အရေခွံများ၊ သွားများ၊ အစွယ်များ၊ ကျောက်တုံးကျောက်ခဲများ စသဖြင့် ဖြစ်သည်။ အလှအပကို သရုပ်ဖော်ရာ၌ သူရူးတို့သဘော သက်ရောက်၏။ သွားများကို ချိုးခြင်း၊ သံထည်များကို ဝတ်ခြင်း၊ ကိုယ်ခန္ဓာအား ဖောက်ပစ်ခြင်း၊ ရွှေ၊ ငွေများကို ဝတ်ဆင်ခြင်း စသည်တို့ဖြစ်သည်။ အရာရာသည် မှန်သည် ဟုရှိသော ဤလောကအမြင်ထက် မပိုပေ။ ရုပ်ပိုင်းဆိုင်ရာ လူသားတို့၏ တိုးတက်မှုအတွက် ထာဝရဘုရား ရှင်သည် တစ်စုံတစ်ရာသော ပီတိဖြစ်သည် မှန်သော်လည်း၊ နာမ်ပိုင်းဆိုင်ရာ (ဝိညာဉ်ရေးရာ) သဘော ဆုတ်ယုတ်မှုအတွက် ယူကြုံးမရ ဝမ်းနည်းမှု ခံစားနေရမှာတော့ မြေကြီးလက်ခတ် မလွဲဖြစ်ပါတော့သည်။


                                                            ရေလှိုင်း (သစ္စာ)



No comments:

Post a Comment