Saturday, May 2, 2015

သခင်ယေရှု၏ ကိုယ်ရည်ကိုယ်သွေး ၁

သခင်ယေရှု၏ ပင်ကိုယ်အရည်အသွေး

                ပင်ကိုယ်အရည်အသွေး ဟူသော ဝေါဟာရသည် အင်္ဂလိပ်စကားလုံးမှအဓိပ္ပာယ် ဖွင့်ဆိုခြင်း ဖြစ်သည်။ ပင်ကိုယ်အရည်အသွေး ဆိုသည့် အဓိပ္ပာယ်မှာ လူပုဂ္ဂိုလ် တစ်ဦး၏ ကိုယ်ပိုင်အရည် အသွေးအားလုံးကို ဆိုလိုခြင်းဖြစ်သည်။ ကိုယ်ပိုင်အရည်အသွေးဆိုရာ၌ လူတိုင်းပင်ကိုယ် အသိဥာဏ်၊ စိတ် ကူးလှုပ်ဆော်မှု၊ စိတ်လှုပ်ရှားမှု၊ အကျင့်လက္ခဏာနှင့် လူမှုပတ်ဝန်းကျင်နှင့် ပေါင်းသင်းဆက်ဆံ မှုများ အားလုံးကို ခြံငုံ၍ ဆိုလိုခြင်းဖြစ်သည်။ ထိုကြောင့် လူပုဂ္ဂိုလ် တစ်ဦးတွင် သူ၏ကိုယ်ပိုင်အရည်အသွေး များသည် အခြားပုဂ္ဂိုလ် တစ်ဦးနှင့် လုံးဝမတူ တမူထူးခြားလျက်၊ သီးခြားပိုင်ဆိုင်လျက် ရှိသည်ကို တွေ့ရသည်။
      လူပုဂ္ဂိုလ်တစ်ဦး ၏ ပင်ကိုယ် အရည်အသွေးများသည် (အထူး သဖြင့်) လူမှုပတ်ဝန်း ကျင် နှင့် ပေါင်းသင်းဆက်ဆံရတွင် ထင်ရှားစွာပြလာတတ်သည် ကို တွေ့ရသည်။ ထိုကြောင့် လူတိုင်း၏ ပင်ကိုယ်အရည်အသွေးကို ကြိုတင် ထင်ရှားစွာသိမြင်လိုလျှင် ထိုပုဂ္ဂိုလ် ကိုယ်တိုင်ပါဝင်လျက် အသက်ရှင်သော လူမှု ပေါင်းသင်းဆက်ဆံရေး အသက်တာကို ကြည့်ခြင်းအားဖြင့် သိရှိနားလည်နိုင်သည်။ ဥပမာပြောရရင် လူတစ်ဦးဦး၏ ပင်ကိုယ်အရည်အသွေးဖြစ်သည့် အသိဥာဏ်၊ စိတ်နေသဘောထား၊ အကျင့်လက္ခဏာ ရပ်များသည် လူအချင်းချင်းပေါင်းသင်း ဆက်ဆံရာတွင် ပတ်ဝန်းကျင် လူ့အဖွဲ့အစည်း၏ တုံ့ပြန်မှုများပေါ်ပေါက်လာသည်။ ထိုတုံ့ပြန်မှုများမှာ လူအချင်းချင်း စိတ်ဝင်စားမှု၊ လူအချင်းချင်း တိုက်ခိုက်မှု၊ မနှစ်သက်ဖွယ်ဖြစ်မှု၊ လူအချင်းချင်းဥပေက္ခာပြုခြင်း၊ ဂရုမစိုက်ခြင်း အစရှိသော တုံပြန်မှုများ ပင်ဖြစ်သည်။ လူပုဂ္ဂိုလ်အချို့သည် မိမိစိတ်တွင်း၌ ရှိသော သဘောထားများကို လူ့ပတ်ဝန်းကျင်နှင့် ဆက်ဆံရာတွင် ပွင့်ပွင့်လင်းလင်းပြောဆိုလျက် သက်ရှင်လှုပ်ရှားတတ်သည်။ အချို့မှာမူ အုံ့ပုံးစိတ် ဟု ခေါ်သော မိမိစိတ်တွင်း၌ရှီသော စိတ်သဘောထားကို ပွင့်ပွင့်လင်းလင်း ပြောဆိုဆက်ဆံခြင်း မရှိ။ အတွင်းစိတ်၌ မြိုသိမ့်ပြီး လူမှုပတ်ဝန်းကျင်နှင့် တတ်နိုင်သမျှ ဝေးဝေးရှောင်လျက် အသက်ရှင် နေထိုင် လှုပ်ရှားမှုပြုတတ်သည်။ အများအားဖြင့် လူသားဖြစ်သော ကျွန်ုပ်တို့၏အသက်ရှင် မှုသည် အထက်ဖော်ပြပါ ပွင့်လင်းသောစိတ်နှင့် အုံ့ပုံးစိတ် နှစ်ခုစလုံးကို ပိုင်ဆိုင်လျက် ပတ်ဝန်းကျင်နှင့် ပေါင်းသင်းဆက်ဆံ အသက် ရှင်တတ်သည်ကို တွေ့ရသည်။



                     လူ၏ ပင်ကိုယ်အရည်အသွေးများ ဖွံဖြိုး တိုးတက်မှုကိုကြည့်လျှင် ယဉ်ကျေးမှုနှင့် လူမှုအဖွဲ့ အစည်းအခြေအနေ အမျိုးမျိုး အပါအ၀င် မိသာစုဘ၀သည်လည်း အရေးကြီးသော ကဏ္ဍမှ ပါဝင်လျက်ရှိ သည်။ ဤသို့ပင် ကိုယ်အရည်အသွေးဖွံ့ဖြိုးမှု တဖြည်းဖြည်း တိုးတက်လာခြင်းမှာလည်း လူသည်မိမိ လက်တွေ့ရင်ဆိုင် အသက်ရှင်နေရသော ပတ်ဝန်းကျင်အခြေအနေ အမျိုးမျိုးကို မည်သို့ တုံပြန်အသက်ရှင် ရမည်၊ လူအချင်းချင်း မည်သို့ပေါင်းသင်းဆက်ဆံ ၍ နေထိုင်ရမည်ကို သိရှိ နားလည် လာခြင်း ကြောင့်ပင် ဖြစ်သည်။ ထိုကြောင့် လူအချင်းချင်း ပေါင်းသင်းဆက်ဆံမှုတွင် လူ့ပတ်ဝန်းကျင် အခြေအနေများကို လူသည် မည်သို့ တုံ့ပြန်အသက်ရှင် ရမည်ကို သိလာခြင်းသည် ပတ်ဝန်းကျင် လူ့အဖွဲ့အစည်းကို မည်သို့ ပေါင်းသင်းဆက်ဆံ ရမည့်အကြောင်း သိနားလည်ခြင်း၊ လိမ္မာပါးနပ်ခြင်း များသည် သခင်ယေရှု၏ မူလ ပင်ကိုယ်အရည်အသွေး များပင်ဖြစ်သည်။
                 ထိုကြောင့် သခင်ယေရှု၏ ပင်ကိုယ်အရည်အသွေး တိုးတက်ဖွံ့ဖြိုးမှုကို စဉ်းစားရာတွင် သခင် ယေရှုကိုယ်တိုင် ပါဝင်သက်ရှင်လှုပ်ရှားခဲ့သော ထိုခေတ်ယဉ်ကျေးမှု၊ လူမှုအဖွဲ့အစည်း နောက်ခံ သမိုင်းအကြောင်း အပါအ၀င် သခင်ယေရှု ကြီးပြင်း အသက်ရှင်ခဲ့ရသော မိသားစု အိမ်ထောင်အကြောင်း များကိုပါ ထည့်သွင်းလျက် စဉ်းစားရပေမည်။ သခင်ယေရှု၏ အချိန်အခါတွင် ပါလတိနတိုင်းပြည်၏ လူမှုရေး နှင့် ယဉ်ကျေးမှုအခြေအနေ အမျိုးမျိုး တို့နှင့် ပတ်သက်၍ ရေးသားဖော်ပြထားသော အကြောင်း အရာ နှင့် အထောက်အထားများစွာ ရှိသည့်အလျောက် ထိုအထောက်အထားပေါ် အခြေပြု၍ သခင်ယေရှု ၏ ပင်ကိုယ်အရည်အသွေးများကို ဖော်ထုတ်ရယူရပေမည်။ တနည်းအားဖြင့်ဆိုသော ထိုခေတ် လူမှုရေး၊ ယဉ်ကျေးမှုအရပ်ရပ်တို့သည် သခင်ယေရှု၏ ပင်ကိုယ်အရည်အသွေး များကို သိရှိနားလည်ရန် မီးမောင်းသဖွယ် ထင်ရှားစေနိုင်သော အကြောင်းများပင်တည်း။  သခင်ယေရှု ကြီးထွားအသက်ရှင် ခဲ့ရသော အိမ်ထောင်မိသားစု အကြောင်းနှင့် စပ်လျဉ်း၍ကား တိတိကျကျ ထင်ထင်ရှားရှား မသိနိုင်သော် လည်း အထက်ဖော်ပြပါ လူ့အဖွဲ့အစည်းနှင့် ယဉ်ကျေးမှုအသွယ်သွယ် တို့နှင့် ဆက်စပ် တွေးခေါ်လျက် အိမ်ထောင်မိသားစု အကြောင်းကို ရုပ်လုံးပေါ်လွင်အောင် မှန်းဆနိုင်ပါသည်။ 
               ထိုပြင်ပါလတိနတိုင်းပြည်၏ ထိုခေတ် နိုင်ငံရေးအကြောင်းသည်လည်း သခင်ယေရှုအသက် တာနှင့် အိမ်ထောင်အကြောင်းကို နားလည်စေရန် ဆက်စပ်တွေးခေါ် စဉ်းစားရမည့် အချက် တစ်ခု ဖြစ်ပါသည်။ အထက်ပါ အကြောင်းအရာ များကိုအခြေပြု ၍ သခင်ယေရှု၏ ပင်ကိုယ် အရည်အသွေး ကို လေ့လာရာတွင် ပြည့်စုံပြီဟု ဆိုလိုခြင်းကား မဟုတ်ပါ။ သို့သော် အထက်ဖော်ပြပါ ပါလတိနပြည် လူမှုအဖွဲ့အစည်း၊ ယဉ်ကျေးမှုအသွယ်သွယ်နှင့် ယုဒလူမျိုးတို့၏ အိမ်ထောင်ရေး အစရှိသော အကြောင်းရပ် များသည် သခင်ယေရှုဘ၀ အသက်တာနှင့် ဆက်သွယ်လျက်ရှိသည် သာမက သခင်ယေရှု ၏ အသက်ရှင်မှု ဘ၀ကို တနည်းမဟုတ်တနည်းအားဖြင့် လွှမ်းမိုးလျက် သြဇာသက်ရောက်စေသော အကြောင်းအရာ များပင်ဖြစ်သည်။ ထိုအကြောင်းအရာများသည် သခင်ယေရှု၏ အကြောင်း နားလည်စေရန် ကြိုးစား ရယူနိုင်သော အချက်များပင် ဖြစ်သည်။

သခင်ယေရှု၏ ပြင်ပရုပ်ဆင်းသဏ္ဍာန်

                    မည်သူမဆို ပင်ကိုယ်အရည်အသွေးဟု ဆိုရာတွင် လူ၏ဥပဓိရုပ်(ပုံသဏ္ဍာန်) ပါဝင်မှသာ စုံလင်ပြည့်စုံ ပေမည်။ ကိုယ်တော်၏ သဏ္ဍာန်တော်ကို ခရစ်ဝင်ကျမ်းများတွင် မဖော်ပြထားသောကြောင့် ခန့်မှန်းချက်ဖြင့်သာ တွေးထင်ယူဆကြရမည်။ ရှိရင်းစွဲ ပန်းချီကားချပ်များမှာမူကား ပန်းချီဆရာများ၏ စိတ်ကူး ဖြင့်သာ ရေးဆွဲထားခြင်း ဖြစ်သည်။ သို့သော် (လုကာ ၂း၄၀၊ ၂း၅၂) ဖော်ပြချက်အရ ယေရှုသည် ပင်ကိုယ်အားဖြင့် ပါလတိနပြည်သားတို့၏ ရှိအပ်သောအရည်အချင်းအတိုင်း ကြီးထွားတိုးတက်သည်ဟု ယူဆရသည်။ ရှင်လုကာခရစ်ဝင်ကျမ်း၏ ဖော်ပြချက်အပြင်ထိုခေတ်အချိန် ကာလက ယုဒ(ရဗ္ဗိ) ဆရာကြီး များ၏ အတွေးအခေါ် အယူအဆအတိုင်း ဘုရားသခင်သည် ခွန်အားနှင့်ပြည်စုံ၍ သန်မာသောသူနှင့်သာ အတူရှိသည်ဟု ခံယူထားကြသည်။ အကယ်၍ ခရစ်တော်သည် ယုဒ(ရဗ္ဗိ) ဆရာကြီးများ၏ ခံယူချက် အတိုင်း သန်မာသူအဖြစ် ပြင်ပရုပ်ဆင်းသဏ္ဍာန် မရှိခဲ့လျှင် ထိုသူ၌ ဘုရားသခင်ကိန်းဝပ် တည်ရှိခြင်း မရှိ ဟု ပြစ်တင်ဝေဖန် ကဲ့ရဲ့ခြင်း ခံရပေမည်။
                     ရှေးအခါက ပါလတိနပြည်ရှိ ယုဒလူမျိုးတိုသည် ပုံသဏ္ဍာန်အားဖြင့် ဆံပင်အနက်ရောက် ရှိ၍ ပုခုံအထိ အရှည်ထားကာ ဆီအနည်းငယ်လိမ်းပြီး အလယ်တွင်ခွဲပြီး သပ်ရပ်စွာ ဖီးထားကြသည်။ (မဿဲ ၆း၁၈)၊ ထိုအပြင် မုတ်ဆိတ်မွေး၊ နှုတ်ခမ်းမွေးလည်း ထားကြသည်။ အလက်ဖန္ဒားဘုရင် အုပ်ချုပ်စဉ် ကာလမှာ စ၍ဂရိလက်အောက်တွင် အုပ်ချုပ်ခံရသော အရှေ့တိုင်းပြည်များ၌ မုတ်ဆိတ်မွေးများကို ရိတ်ပစ်ကြသည်။ သို့သော် ယုဒလူမျိုးများသည် မုတ်ဆိတ်မွေးကို ဆက်လက်၍ အမြတ်တနိုး ထားကြသည်။ မုတ်ဆိတ်မွေး မထားသောသူများကို အခြားယုဒလူများက မထီမဲ့မြင်ပြု ကြသည်။ ထိုကြောင့် သခင်ယေရှု သည် ဆံပင်ကို ပုခုံးအထိအရှည်ထား၍ သပ်ရပ်စွာထားပေမည်။ အဘယ်ကြောင့်ဆိုသော် အစာရှောင်သူ တို့သည် အစာရှောင်သော ရက်များတွင် ဆံပင်အားရှုပ်ပွစွာ ထားသည့်ကို မနှစ်သက်သောကြောင့်  ဖြစ်သည်။ (မဿဲ ၆း၁၈၊ လုကာ ၇း၄၆) တွင် အချို့ သော ယုဒတို့သည် အစာရှောင်ကြောင်း လူအများသိစေရန် ဆံပင်၊ မုတ်ဆိတ်မွေးများကို သပ်ရပ်စွာ မထား၊ မျက်နှာညှိုးငယ်စွာ ထားတတ်သည်။
                ခရစ်တော်၏ အသားရောင်သည် ရှေးပါလတိနပြည်သားများ ပုံစံအတိုင်း အညိုရောင် ဖျော့ဖျော့ဖြစ်ပြီး၊ မျက်စိမှာ အညိုရောင်ဖြစ်သည်။ သို့သော် လင်တုလု (Lentulus) ကျမ်းပယ် တစ်စောင်တွင် ခရစ်တော်၏ မျက်စိမှာ အပြာရောင်ရှိသည်ဟု ဖော်ပြထားသည်။
                      အ၀တ်အစားနှင့် စပ်ဆိုင်၍လည်း အခြားသူများ၏ ၀တ်စားမှုနှင့် နှိုင်းယှဉ်ခဲ့လျှင် ထူးခြား ဆန်းပြားခြင်းမရှိ၊ နွမ်းနွမ်းဖတ်ဖတ်လည်း မဟုတ်၊ ပြောင်ပြောင် လက်လက်လည်း မဟုတ်ပေ။ အတွင်း အကျီင်္ ရှိ၍ ခါးပန်းစီးထားသည် (ယော ၁၉း၂၃)။ ခရီးသွားရန် တောင်ဝှေးယူဆောင်သည် (မာ၆း၈)။ ခြေနင်း ကိုစီး၍ (မာ ၁း၇၊ မာ ၆း၉)။ ၀တ်လုံကို ခြုံထားသည် (မဿဲ  ၅း၄၀၊ လု ၈း၄၄)။ ဤပုံစံအတိုင်း အရှေ့အလယ် ပိုင်းတိုင်းပြည်များတွင် ယနေ့ထက်တိုင် ကျင့်သုံးဝတ်စားဆင်ယင်လျက် ရှိသည်။


                                                                  ဒေါက်တာ အယ်ဝါး


No comments:

Post a Comment