Sunday, May 3, 2015

အမေ

အခြေပြု ကျမ်း ။              ။ သုတ္တံ ၃၁း၁၀၊ ဧဖက် ၆း၁-၂

                ငယ်စဉ်က ကျောင်းနေစက သီဆိုနေကျ ကဗျာတစ်ပုဒ်မှာ .......

      “သားသားကြီးလာရင်  ဘာလုပ်မယ်
မိဘကျေးဇူး ပြန်ဆပ်မယ်
မိဘကျေးဇူး ဘယ်လောက်ကြီး
မြင့်မိုရ်တောင် လောက်ကြီး
မြင့်မိုရ်တောင် ဘယ်လောက်ကြီး
 ဟောဒီလောက်  ကြီး” ဟူ၍ဖြစ်သည်။

                သားသမီးများအတွက် မိဘနှစ်ပါး၏ ကျေးဇူးမေတ္တာသည် အလွန်ကြီးမားပေသည်။ မိသားစုတွင် သားသမီးများကို ကျွေးမွေးပြုစု စောင့်ရှောက်ရန် ဘုရာသခင်သည် အလွန်အဖိုးတန်သော မိဘသများကို ပေးထားသည်။


မိခင်၏မေတ္တာ
                မိခင်၏ပြုစု ပျိုးထောင်မှုကြောင့် ကြီးထွားလာရသူ အဖို့ မိခင်၏ကောင်းမြတ်မှု၊ ချစ်စရာ၊ လေးစား ဂုဏ်ယူစရာများကို စကားအားဖြင့် ပြောပြရန်နှင့် စာဖွဲ့ရေးသားဖော်ပြလျှင် ကုန်နိုင်မည် မဟုတ်ပါ။ အခြားအကြွေးများကို ဆပ်နိုင်သူက ဆပ်နိုင်မည်။ အမေ့ကျေးဇူးများကို ဆပ်၍ကုန်နိုင်မည် မဟုတ် ပါ။ လူအမျိုးမျိုး ရှိသကဲ့သို့ မိခင်များလည်း အမျိုးမျိုး ရှိကြသည်။ အချို့မိခင်များသည် ဘ၀၏ခက်ခဲမှု အခြေအနေအရ မိမိ၏ရင်သွေး ကလေးကို မွေးပြီးသည်နှင့် စွန့်ပစ်ခဲ့သည်များကို မိခင်မပီသသူ၊ မိခင်စိတ် မရှိသူများဟု အပြစ်တင်ကြလိမ့်မည်။ မည်သို့ပင်ဖြစ်စေ မိခင်တိုင်းသည် သားသမီးများအတွက် မွေးကျေးဇူး ရှင်များ ဖြစ်သည်။

                     ကျမ်းစာထဲတွင် အလွန်လေးစားကြည်ညိုဖွယ် မိခင်တစ်ဦးမှာ သခင်ယေရှုခရစ်၏ မယ်တော် မာရိပင်ဖြစ်သည်။ ဘုရားသခင်၏ ကောင်းကင်တမန် ဂါဗြေလက သတို့သမီးကညာ မာရိအား သန့်ရှင်းသောဝိညာဉ်တော် အားဖြင့် ပဋိသန္ဓေစွဲ၍ သားင်္ယောကျားကို ဖွားမြင်မည်အကြောင်း ပြောသည်။ သန့်ရှင်းသော ဘုရားသခင်၏ သားတော်ကို ၀မ်း၌စတင်လွယ်ရသည့် အချိန်မှစ၍ အလွန်ဝမ်းသာ ကြည်နူး လျက်ရှိကြောင်း နားလည်ရသည်။ မိခင်တစ်ဦးအနေဖြင့် သူငယ်တော်ကို အလွန်ဂရုစိုက်၍ ကျွေးမွေးပြုစု ခဲ့သည်။ ဟေရုဒ်ဘုရင်၏ ရန်ကလွတ်အောင် ရှောင်ပြေးခဲ့ရသေးသည်။
                         သခင်ယေရှုကလည်း မိခင်ကိုအလွန်ချစ်၍ ဂရုစိုက်ခဲ့သည်။ ယင်းကို လက်ဝါးကားတိုင် ပေါ်တွင် ဆင်းရဲခံလျက်ရှိစဉ်တွင် မိမိချစ်တော်မူသော တပည့်တော်အား သူ၏မိခင်ကို ကြည့်ရှုဂရုစိုက်ရန် မှာကြားခဲ့ရတွင် အထူးပေါ်လွင်သည်။ (ယော ၁၉း၂၆-၂၇)။ ဤကျမ်းချက်အားဖြင့် သခင်ယေရှုခရစ်သည် စစ်မှန်သောလူသားဘ၀နှင့် လူသားများအပေါ် အထူးတန်ဖိုးထားကြောင်း ညွှန်ပြသည်။ ထိုပြင် သခင်ယေရှုခရစ်တော်သည် တပည့်တော်များအား ဆုံးမသွန်သင်ရာတွင် ပညတ္တိကျမ်း များကို ထောက်ပြလျက် မိခင်နျင့် ဖခင်တို့အား ရိုသေကြရန် မိန့်တော်မူသည်။ (မ ၁၅း၎၊ မာ ၇း၁၀-၁၁)
                       မိခင်တိုင်းက မိမိသားသမီးများအား ချစ်ကြောင်းကို သံသယမရှိသင့်ပေ။ တစ်ခါက ရခိုင်ရိုးမ၏ ရွာကလေးတစ်ရွာသို့ ရောက်ရှိစဉ် အိမ်ရှင်ဖခင်ထံမှ ဖြစ်ရပ်မှန်လေးတစ်ခု ကြားသိခဲ့ရသည်။ ထိုအိမ်ရှင်သည် တောင်ယာသို့ မိမိခွေးများနှင့် အတူသွားစဉ် လမ်းတွင်သစ်ပင်တစ်ပင် အောက်တွင် မျောက်သားအမိနှစ်ကောင်ကို ခွေးများကတွေ့၍ ၀ိုင်းရံမိခဲ့သည်။ မိခင်မျောက်ကြီးက လျင်မြန်စွာ သစ်ပင်ပေါ်တက်နိုင်သော်လည်း သားငယ်မှာ မြေပြင်တွင် ကျန်ရစ်နေသည်။ ထိုကြောင့် မိခင်မျောက်မကြီးသည် ခွေးများအကြားသို့ အလျင်အမြန် ခုန်ဆင်းပြီး မိမိ၏ သားငယ်ကို သစ်ပင်ပေါ်သို့မြှောက်တင်၍ ကယ်တင်ပေးနိုင် ခဲ့သည်။ သို့သော် သူသည် ခွေးများ၏ ၀ိုင်း၍ တိုက်ခိုက်မှုကြောင့် အသက်သေဆုံးရသည်ဟု သိရသည်။ လူကိုမဆို ထားနှင့် တိရိစ္တာန်များပင်လျှင် မိမိ၏ ရင်သွေးများကို အသက်ပေး၍ ချစ်ကြသည်။

ဘုရားသခင်၏ အမိန့်တော်ကို နာခံသောမိခင်
                  ကျမ်းစာတွင် ဧ၀သည် အသက်ရှင်သောသူအပေါင်းတို့၏ မိခင်ဟု ခေါ်ဝေါ်သမုတ်ခြင်း ခံရသည်။ (က ၃း၂၀)။ ဘုရားသခင်၏ အကြံအစည်ဖြစ်သော လူထုကြီးပေါ်ပေါက်လာရန် မိခင်များကို ဘုရားသခင်အသုံးပြု သည်။ ဘုရားသခင်၏ ဖန်ဆင်းတော်မူစကပင် “အချင်းတို့၊ များပြား စွာ မွေးဖွားကြလော့။ မြေကြီးကို ပြည့်စေ၍ နိုင်ကြလော့” ဟု မိန့်တော်မူရာတွင် မိခင် အနေဖြင့် မွေးဖွားခြင်းတာဝန်ကို ယူကြရသည်။ (က ၁း၂၈)။ သားသမီးများကို မွေးဖွားပြီး ပြုစုပေးနေ သည့်မိခင်တိုင်းသည် ရှေးကနဦးကတည်းကပင် ဘုရားသခင်၏  လူသားများအတွက် ရှိခဲ့သော အကြံ အစည်တော်တွင် ပါဝငဆောင်ရွက်နေသူများဖြစ်သည်။ 
                        အမှန်မှာ မိခင်တစ်ဦးဖြစ်ရခြင်းသည် လွယ်ကူလုံခြုံ သောအရာမဟုတ်ပါ။ “င်္ယောကျား ဖောင်စီး၊ မိန်းမ မီးနေ” ဟူသော ဆိုရိုးစကားအတိုင်း ကလေးမွေးဖွားခြင်းသည် သေရေးရှင်ရေး တမျှ အရေးကြီးသော ကိစ္စဖြစ်သည်။ တစ်ခုခု မှားယွင်းတိမ်းပါးသွားပါက မိခင်နှင့်ကလေး နှစ်ဦးစလုံး အသက်ဆုံးရှုံး နိုင်သည်။ ထိုအန္တရာယ်များကို သိလျက်နျင့် သားသမီးယူရန် ဆုံးဖြတ်ခြင်းသည် သတ္တိရှိသော သူရဲကောင်း မိခင်ဖြစ်သည်။ ထိုကြောင့် မိခင်များနှင့် ပတ်သက်၍ Pope Pivs (VII) က အောက်ပါ အတိုင်း မှတ်ချက်ပေးခဲ့သည်။
                     " Maternity, with its care, its suffering, and its risks, calls for and exacts courage, the wife, in the field of honor and of conjugal duty,must be no less heroic then her husband in the field of honor and civil duty, where he makes the gifts of his life to his country."
                  သားသမီးများသော အိမ်ထောင်များတွင် မိခင်သည် ပို၍တာဝန်ရှိသည်။ သားသမီးများ၏ စားဝတ်နေရေး များသာမက မိသားစုဝင်ငွေအတွက် အပြင်ထွက်၍ အလုပ်လုပ်ရတတ်သည်။ တစ်ခါတရံ ခင်ပွန်းသည်၏ လုပ်ငန်းများနှင့် အခြားလူမှုရေးတာဝန်များကိုပါ ယူရတတ်ပါသေးသည်။ သားသမီးများကို လူလားမြောက်အောင် ပြုစု ပျိုးထောင်ရသော တာဝန်သည် မနည်းလှပါ။ ထိုပြင် မိခင်တစ်ယောက်၏ တစ်နေ့တာ လုပ်ငန်းများကို မှတ်တမ်းတင်နိုင်ပါက သမ္မတ တစ်ဦးကဲ့သို့ပင် များလှမည် ဖြစ်သည်။ အိမ်သူ အိမ်သားများ မနိုးခင် နံနက်စောစောထ၍ တစ်နေကုန်အလုပ် လုပ်ရသည်။ တစ်နေကုန် ပင်ပန်းသမျှ ညအချိန်တွင် စောစောအိပ်ယာဝင် အနားမယူနိုင်ပါ။ အိမ်သူအိမ်သားများ အားလုံးအိပ်ပြီးမှ အိပ်ရလေ့ရှိ သည်။ တစ်ခါတစ်ရံ မိသားစုထဲမှ တစ်ဦးဦး ဖျားနာသူရှိပါက ကောင်းစွာမအိပ်ရတော့ပါ။ ထိုမိခင်သည် ၀ိရိယ ရှိသော အလုပ်လုပ်သော မိခင်ဖြစ်သည်။ အခြားအရာများထက် သားသမီး အိမ်သူအိမ်သားများကို ပိုမိုဦးစားပေးသူ ဖြစ်သည်။ ထိုကြောင့် William Tample က အောက်ပါအတိုင်း ရေးသားဖော်ပြသည်။
                 " The working class mother with a large family is the real heroine of our civilization. " 
                 ကျမ်းစာတွင် ထိုကဲ့သို့သော မိခင်ကို ပတ္တမြားထက်သာ၍ အဖိုးထိုက်တန်သူဟု ဖော်ပြသည်။ (သုတ္တံ ၃၁း၁၀-၃၁)။ မိခင်တိုင်းတွင် အထက်တွင်ဖော်ပြသကဲ့သို့ မိမိအိမ်ထောင်၏ တာဝန်များကို အတတ်နိုင်ဆုံး ကြိုးစား ဆောင်ရွက်သင့်ပါသည်။ မိမိအတွက် မည်သည့်အရာသည် အရေးကြီးဆုံး ဖြစ်သည်ကို စဉ်းစားလုပ်ဆောင်ရပါမည်။ ခရစ်ယာန်မိခင်များအတွက် သားသမီးများ၏ စားဝတ်နေရေး၊ ဖူလုံရေး၊ ပညာတတ်များဖြစ်၍ လိမ္မာရေးခြားရှိသောသူများ ဖြစ်လာရေး သာမက ပိုမိုထူးခြား၍ အရေးကြီးဆုံး တာဝန်မှာ မိသားစုရှိ သားသမီးနျင့် အိမ်သူအိမ်သား အားလုံးသည် ထာဝရဘုရားကို သိကျွမ်းယုံကြည်သူများ ဖြစ်လာရန် ဖြစ်သည်။ ဤကိစ္စသည် မိဘနှစ်ဦးစလုံးတွင် တာဝန် ရှိသော်လည်း မိခင်အနေဖြင့် ဤတာဝန်ကို အထူးဂရုစိုက်ရန် လိုသည်။ 
                 ခရစ်ယာန်အိမ်ထောင်မိသားစု အချို့ ရှိပါသည်။ မိဘနှစ်ပါးစလုံးသည် ဘုရားသခင်ကို အလွန်ယုံကြည်သူများ ဖြစ်သည်။ သာသမီးများလည်း ပညာတတ်များဖြစ်ပြီး လိမ္မာရေးခြားရှိကြသည်။ သို့သော် သာသမီးအားလုံး ခရစ်ယာန်ဖြစ်မလာကြပါ။ “ဘာကြောင့် ဒီလိုဖြစ်လာတာ ပါလိမ့်” ဟု မေးခွန်း မေးမိသည်။ အဖြေက မိဘများက ကလေးများကို ငယ်စဉ်ကတည်းက ခရစ်ယာန်ဓမ္မပညာနျင့် ဆိုင်၍ သွန်သင်မှုအားနည်းသောကြောင့် ဖြစ်သည်။ အချို့ ခရစ်ယာန်အိမ်ထောင် များတွင် အရွယ်ရောက် ၍နျစ်ခြင်းမင်္ဂလာခံရန် အချိန်တန်သော်လည်း “နှစ်ခြင်းမင်္ဂလာ အဘယ်ကြောင့်မခံသေးသလဲ” ဟု မိဘကို မေးသောအခါ “သူတို့ကြီးလာရင် သိလာမှာပါ” ဟု လွယ်လွယ်ဖြေကြသည်။ တစ်ခါတစ်ရံ အမှုတော်ဆောင်များကိုသာ “ဆရာ ကြည့်ပြောပေးပါအုံး” ဟု တာဝန်လွှဲချ တတ်ပါသေးသည်။ များသော အားဖြင့် ထိုကဲ့သို့သော သားသမီးများသည် ဘယ်သောအခါမှ ခရစ်ယာန် ဖြစ်မလာကြတော့ပါ။ 
                   ဆိုလိုသည်မှာ မိဘနျစ်ပါးစလုံးသည် သားသမီးများကို ဘုရားသခင်အား ယုံကြည်ခြင်းနျင့် ဆိုင်သော ခရစ်ယာန်ဓမ္မပညာကို သွန်သင်ရန် တာဝန်ရှိသော်လည်း မိခင်များသည် သားမီးများနှင့် ပိုမိုနီးကပ်စွာ ရှိကြသဖြင့် ထိုတာဝန်ကို ပို၍ယူနိုင်သည်။ ဤသို့ဖြစ် ခရစ်ယာန်အိမ်သူအိမ်သား အားလုံးသည် ခရစ်တော်ကို ယုံကြည်လျက် စစ်မှန်သော ခရစ်ယာန်အိမ်ထောင်ဖြစ်လာကြမည် ဖြစ်သည်။ မိခင်များသည် သားသမီးများကို ကျွေးမွေးပြုစု ရုံမက ဘုရားကိုယုံကြည်ပြီး ထာဝရကယ်တင်ခြင်း လမ်းသို့ ပို့ဆောင်ပေးသူ ဖြစ်သည်။


မိခင်များကို ရိုသေလေးမြတ်ခြင်း
                  သားသမီးများသည် မိဘများကို ရိုသေလေးစားရမည်။ ဤသို့ဆိုရာတွင် မိဘတို့၏ ချစ်ကြင်နာမှု၊ အနစ်နာခံမှု၊ ဆင်းရဲအခက်အခဲများကြားမှ ပြုစုယုယမှု များကို စဉ်းစား၍ ကျေးဇူးတင်သော စိတ် ရှိခြင်းကို ဆိုလိုသည်။ ထိုပြင် မိဘတို့၏ ကျေးဇူးတရားများကို အောက်မေ့လျက် လက်တွေ့ပြန်လည်၍ ကျွေးမွေးစောင့်ရှောက် ခြင်းဖြစ်သည်။ အချို့ သားသမီးများသည် ပညာတတ်များ အလုပ်အကိုင်များရ အိမ်ထောင်များ ကျပြီးသည့်နောက် မိဘများ၏ ကျေးဇူးတရားများကို သိနား လည်ကြ သော်လည်း လက်တွေ့တွင် မိဘနျစ်ပါးကို ပြန်လည်ကြည့်ရှုမှု လုံးဝမရှိသည်ကို တွေ့ရသည်။ မိဘနှစ်ပါးထံ သွားရောက်ကြည့်ရှုဖို့ နေနေသာသာ စာလေးပင် ရေးဖော် မရတော့ပေ။ မိမိတို့ လုပ်ငန်းနှင့် မိသားစုအရေးများ၌သာ နစ်မျှောနေကြသည်။ နောက်ဆုံးမိဘနှစ်ပါး ဆုံးသောအချိန်၌ပင် မရောက်နိုင်ကြပေ။ သတင်းကြားရသောအခါ အလွန်ဝမ်းနည်း ပက်လက်ဖြစ်ရသည်။ 
                    ထိုကြောင့် လူကြီးမိဘများက လူငယ်များအား မိဘများနှင့် ပတ်သက်၍ “မသေခင် လုပ်ကျွေးကြပါ။ သေခါမှ မငိုကြပါနဲ့” ဟူ၍ ဆုံးမတတ်ကြသည်။ ဆုံးမ စာတမ်းလေးတစ်ခု ဖတ်ရသည်မှာ “လောကမှာ လုံးဝပြန်မရသော ဆုံးရှုံးမှုနျစ်ခုမှာ အချိန်နှင့် မိဘဖြစ်သည်” ထိုအတူ မိဘအချို့ အမြဲပြောကြား၍ ဆုံးမသော စကားတစ်ခုမှာ “သားသမီးအများကြီးကို မိဘနှစ်ပါးက ကျွေးမွေးပြုစု နိုင်တယ်။ မိဘနှစ်ပါးကို ဒီသားသမီးတွေက ပြန်ပြီး မကျွေးနိုင်ဘူး” ဟူ၍ဖြစ်ပါသည်။ 
                      သားသမီးများ မိမိတို့၏ မိဘများအပေါ် ထားရှိသော သဘောထားနျင့် အပြုအမူများကို ပြန်လည်စဉ်းစား သင့်သည်။ သက်ရှိထင်ရှား ရှိနေသော မိခင်နှင့် ဖခင်ကို သတိရကြောင်း၊ ချစ်ကြောင်း ဖော်ပြနိုင်သည်။ မိဘများ မရှိသောအခါမှ ကျွေးမွေးပြုစု လိုပါက အချည်းနှီး သက်သက် ဖြစ်ပါသည်။ ထာဝရဘုရား၏ ပညတ်တော်(၁၀)ပါးတွင် ဖော်ပြသော အချက်တစ်ခုမှာ “သင်၏ ဘုရားသခင်ပေးသနား တော်မူသော ပြည်၌ သင်၏အသက်တာ ရှည်မည့်အကြောင်း သင်၏မိဘကို ရိုသေစွာ ပြုလော့” ဟု ဖော်ပြသည်။ (ထွက် ၂၀း၁၂)။ မိဘသည် မည်သို့ပင် ဖြစ်နေပါလေစေ မိဘကို ရိုသေရမည်။
                       အထူးသတိပြု သင့်သောအရာ တစ်ခုမှာ မိဘကို ကလန်ကဆန်လုပ်ခြင်း၊ စိတ်ဆင်းရဲ စေခြင်း၊ ဆဲရေး တိုင်းတွာလျက် ရန်မပြု မိအောင် ရှောင်ရှားကြရန်ဖြစ်သည်။ “မိဘကို ကျိန်ဆဲ သူတိုင်း အသေသတ်ခြင်းကို ခံရမည်။ မိဘကို ကျိန်ဆဲ သောကြောင့် သေထိုက်သော အပြစ်ရှိ၏” ဟု ဖော်ပြထားသည်။ (၀တ် ၂၀း၉)။ မိဘကို စိတ်ဆင်းရဲအောင် လုပ်သောသူများသည် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာကို ခံစားရမည် မဟုတ်ပါ။ 
                         သားသမီးများ မိဘ၏စကားကို နားမထောင်ဘဲ စိတ်ဆင်းရဲအောင် လုပ်မိပါက မိဘတို့အား ပြန်လည်တောင်းပန်ရန်လိုအပ်သည်။ ထိုအခါ မိဘများလည်း အလွန်ဝမ်းသာ ကြ မည်ဖြစ်သည်။ တမန်တော် ရှင်ပေါလုကလည်း သားသမီးများအား မိဘစကားကို နားထောင်၍ ရိုသေကြရန် တိုက်တွန်းထားသည်။ 
                      Abraham Lincoln က “ ဒီကနေ့ ကျွန်တော်ဖြစ်နေသမျှ နောင်တစ်နေ့ ကျွန်တော်ဖြစ်ဖို့ မျှော်မှန်းနိုင်သမျှ အားလုံးဟာ  အမေ့ကျေးဇူးချည်း ပါပဲ.....” ဟု ၀န်ခံ ပြောဆိုခဲ့သည်။
                    ထိုကြောင့် မိဘနှစ်ပါးတွင် အပါအ၀င်ဖြစ်သော အမေဟူသည်မှာ သားသမီးများ၏ မွေးကျေးဇူးရှင်ဖြစ်သည်။ သားသမီးများကို မချစ်သော မိခင်မရှိပါ။ အမေ့ကျေးဇူး၊ အမေ့မေတ္တာကို ဘယ်သောအခါမှ မမေ့သင့်ပါ။ ထိုအတူ ဤချစ်စရာ မိခင်များကို ပေးသနားတော်မူသော ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းရမည်။ အမေ့ကျေးဇူးနျင့် အမေ့မေတ္တာကို ပြန်လည် စဉ်းစား၍ ယခုပင် တနည်းနည်းနှင့် ကျေးဇူးတုံ့ပြန်ကြစို့။


                                                                     Rev. Dr. ဇော်ဝင်း




No comments:

Post a Comment