Sunday, September 9, 2018

ထာဝရဘုရားသည်အာဒံ၊ဧဝနှစ်ဦးတည်းကိုသာဖန်ဆင်းသလော

မေး။          ။ ထာဝရဘုရားသည် ကမ္ဘာဦးက အာဒံနှင့်ဧဝကိုဖန်ဆင်း၍ သူတို့နှစ်ဦးအားထိမ်းမြားပေးခဲ့ရမှ အစ ပေါက်ဖွားလာကြရာတွင် ၎င်းတို့မွေးဖွားလာသော သားသမီးအချင်းချင်း အိမ်ထောင်ပြု၍ တဆင့် ပွားများလာခြင်းလော ဟူ၍ မရှင်းလင်းပါ။ သိပါရစေ။

ဖြေ။        ။ (O.T Theology) အရ ဖြေပါမည်။
                ကမ္ဘာဦး ၁း၂၇ ကိုကြည့်ပါ။ ထာဝရဘုရားသည် မိမိ၏ပုံသဏ္ဍာန်နဲ့အညီ လူကို ဖန်ဆင်း တော်မူသည်။ လူယောင်္ကျား၊လူမိန်းမတို့ကို တပြိုက်နက်တည်း ဖန်ဆင်းတော်မူပြီးလျှင် “အချင်းတို့၊ များပြားစွာ မွေးဖွားကြလော့၊ မြေကြီးကို ပြည့်စေ၍ နိုင်ကြလော့” ဟု ဆိုပြီး သူတို့ကို ကောင်းကြီးပေးခဲ့ ကြောင်း တွေ့ရပါလိမ့်မည်။ ၎င်းမှတ်တမ်းကို P ဟုခေါ်သော ယဇ်ပရောဟိတ်အဖွဲ့က ရေးသားမှတ်တမ်း တင်ခဲ့သည်။ 
              ကမ္ဘာဦး ၂း၈နှင့် ၂း၂၂ကို ကြည့်ပါ။ လူနှင့်လူမိန်းမ (အာဒံနှင့်ဧဝ) ကို တစ်ဦးပြီးမှတစ်ဦး ဖန်ဆင်းခဲ့ရကြောင်း ရေးထားသည်ကို တွေ့ရပါလိမ့်မည်။ ဤဒုတိယမှတ်တမ်းကို ရေးသားသူများအား J ဟုခေါ်သော ပုဂ္ဂိုလ်တစ်စုက ရေးသားခဲ့ပါသည်။ ထာဝရဘုရားအား (Jahweh) ဝါ (Jehovah) ဟူသော အမည်နာမဖြင့် ကျမ်းကို ရေးသားပြုစုခဲ့သူများအား ဤသို့ ခေါ်ကြသည်။


                သို့ကြောင့် လူကို ဖန်ဆင်းခြင်းနှင့် ပတ်သက်၍ မှတ်တမ်းနှစ်ခု ရှိနေပါသည်။ ၎င်းတို့မှာ (ကမ္ဘာ ဦး ၁း၂၆-၃၀နှင့် ၂း၎-၇၊ ၁၈း၂၂) တို့ဖြစ်ပါသည်။ အဘယ်ကြောင့် ထိုသို့ဖြစ်ရသည်ကို ရှင်းရမည်ဖြစ်၍ ဤစာစောင်တွင် နေရာရှိမည် မဟုတ်ပါ။ သမ္မာကျမ်း၏ ပထမခြောက်စောင်ကို အဆိုပါ စာပေပညာရှင်များက ရေးသားခဲ့ကြောင်း သုတေသီများက တွေ့ရှိထား ပါသည်။

             ပထမမှတ်တမ်း (P မှတ်တမ်း) ကို ဒုတိယမှတ်တမ်း (J မှတ်တမ်း) နှင့် ယှဉ်တွဲဖတ်ရလေ့ရှိ ပါသည်။ အမှန်မှာ လူကို (ဗဟုဝုစ်ကိန်းအရ) အများအပြား ဖန်ဆင်းခဲ့သည်။ (Created Man In The Plural) ဟူလည်း ယူဆနိုင်ပါသည်။ ထိုကြောင့် ယောင်္ကျားမိန်းမ တစ်စုံတွဲမှ မွေးဖွားလာသော သား၊သမီး များအချင်းချင်း(ဝါ) မောင်နှမအချင်းချင်း ပေါင်းသင်းကာ ဆက်လက်ပေါက်ဖွားလာကြသည်ဟု တထစ်ချ မယူနိုင်ပါ။ (ဤကိစ္စနှင့် ပတ်သက်၍ Ludwing Kohler ၏ O.T Theology) စာမျက်နှာ ၁၃၂ကို ညွှန်း လိုပါသည်။ 
              ဒုတိယမှတ်တမ်း (J မှတ်တမ်း) သည် ပထမမှတ်တမ်းထက် ရှေးကျပြီး ၎င်းတို့ အရင် ရေးခဲ့ပါသည်။ ၎င်းမှတ်တမ်းအရ ဆိုလျှင်လည်း ဘုရားသခင်သည် “လူကိုဖန်ဆင်းသည်” ဟူသော အခြေခံအမှန်တရားကို ထင်ရှားစေရန် ထိုပုဂ္ဂိုလ်တို့က မှတ်ကျောက်တင်ခဲ့ကြကြောင်း ယူဆစေလို ပါသည်။ အာဒံနှင့်ဧဝ နှစ်ဦးတည်းကိုသာ ဖန်ဆင်းခဲ့သည်ဟူ၍ ဘုရားသခင်၏ တန်ခိုးတော်ကို ကန့်သတ် ဘောင်ခတ်မထားစေလိုပါ။


              ဖန်ဆင်းခြင်း မှတ်တမ်းနှစ်စောင် စလုံးကို တွဲ၍ဖတ်မှ သီသြလော်ဂျီ အခြေခံသဘောတရား ပြည်စုံပါမည်။
              ဘုရားသခင်သည် မည်သည့်အရာမှ  မရှိသည့် (သုည) အထဲမှ ကမ္ဘာလောကကြီးနှင့် နောက်ဆုံးအဆင့် ၌ လူကိုဖန်ဆင်းသည်။ (Creation Ex Nihilo) ။ လူကို ဇီဝအသက် မှုတ်သွင်းပြီး အသက်ရှင်နေနိုင်သွားလာစေရန် လမ်းစဉ်နှင့်တာဝန်ကို အပ်နှင်းခဲ့သည်။ အလိုတော်ကို ဖော်ပြခဲ့သည်။ ကောင်းကင်၊မြေကြီးနှင့် ခပ်သိမ်းသောတန်ဆာတို့ကိုလည်း ဖန်ဆင်းပေးရုံမက စိုးမိုးအုပ်ချုပ်စေသည်။ ဖန်ဆင်းခဲ့သမျှတွင် လူသည် အထွတ်အထိပ်ဖြစ်သည်။ သို့သော်လူကို ဘုရားသခင်၏ အလိုတော်အတိုင်း အသက်ရှင်စေလိုသည်။ ဘုရားသခင်၏ စိုးမိုးမှုအောက်၌ အမြဲရှိနေသည်ဟူသော သဘောတရားကို ထို မှတ်တမ်းနှစ်စောင်ကို ယှဉ်တွဲဖတ်ရှု၍ ဖော်ထုတ်နိုင်ပါသည်။

                              သံလျင်ဖေသွင်
             












No comments:

Post a Comment