Sunday, September 9, 2018

နောက်ဆုံးသောနေ့ရက်ကာလ

 မေး။           ။ ကျမ်းစာထဲတွင် ဘုရားသခင်သည် ဒုတိယအကြိမ် လောကသို့ကြွလာပြီး ကမ္ဘာကြီးကို ဆေးကြောမည်ဟု ပါရှိပါသည်။ ထိုသို့ဆေးကြောပြီးနောက် ဘုရားသခင်သည် ကမ္ဘာသစ်ကို ထပ်မံဖန်ဆင်းဦး မည်လော လူသတ္တ၀ါ တို့ကိုလည်း အသစ်ဖန်ဆင်းဦးမည်လော

ဖြေ။           ။  နောက်ဆုံးသောကာလ နေ့ရက်နှင့်ဆိုင်သော သဘောတရား (Doctrine of Eschatology) နှင့် ဆိုင်ပါသည်။
            ခရစ်တော် ဒုတိယအကြိမ်လောကသို့ ကြွလာခြင်းကို ဂရိလို (Parousia) ဟုခေါ်ပါသည်။ ယေရှုသည် မြေကြီးပေါ်တွင် ရှိစဉ်က ဒုတိယအကြိမ် ကြွလာဦးမည်အကြောင်း ပြောခဲ့သည်။ ပုံပမာ များဖြင့်ပင် ဟောကြားခဲ့သည်။ ကောင်းကင်သို့ တက်ကြွပြီးလျှင် ပြီးခြင်းပင် ကောင်းကင်တမန်များမှ တဆင့် ထပ်မံအတည်ပြု ခဲ့ပြန်သည်။ (တမန် ၁း၁၁နှင့် ဗျာဒိတ် ၃း၁၁) သို့သော် ယခုအဓိက မေးခွန်းမှာ ထိုသို့ ပြန်ကြွလာပါက ကမ္ဘာနှင့်လူသားတို့ကို အသစ်ထပ်မံ ဖန်ဆင်းဦးမည်လော ဟူသော မေးခွန်းဖြစ်၍ ၎င်းကိုသာ အာသီသ ထားပြီး ဖြေဆိုပါမည်။


            ၎င်းမေးခွန်းနှင့် အနီးဆုံးသော ကျမ်းစကားမှာ “ကောင်းကင်သစ်နှင့် မြေကြီးသစ်ကိုလည်း ငါမြင်၏။ အဘယ်သို့နည်းဟူမူကား ရှေးကောင်းကင်နှင့် ရှေးမြေကြီးတို့သည် ရွေ့သွားကြပြီ” ဟူသော ဗျာဒိတ် ၂၁း၁ ပါ ကျမ်းစကားဖြစ်ပါသည်။
             ၎င်းကျမ်းကို ရှင်ယောဟန်ရေးခဲ့ပါသည်။ ကမ္ဘာသစ်ကို ဖန်ဆင်းခြင်းမပြုဘဲ ကမ္ဘာဟောင်းကို အသစ်ပြုပြင်မည်ဟူသော အယူအဆမှာ ဟေဗြဲလူမျိုးတို့ထဲတွင် ရှိနေပါသည်။ ဟေရှာ ၆၅း၁၇ တွင် “မိုးကောင်းကင်သစ်နှင့် မြေကြီးသစ်” ဟု ရေးထားစေကာမူ အဟောင်းကိုသာ ပြုပြင်ပြီး အသစ်မဖန်ဆင်းဟူသော အယူအဆများကို ဟေဗြဲလူမျိုးတို့က လက်ခံထားပါသည်။ (ဟေရှာ ၆၆း၂၂ နှင့်လည်း နှိုင်းယှဉ်ကြည့်ပါ)


            ကျွန်တော်တို့ သမ္မာကျမ်းစာထဲတွင် ထည့်သွင်းခြင်းမပြုဘဲ ချန်ထားသည့် ဟေဗြဲကျမ်းစာ အချို့တွင်လည်း ထိုသဘောတရားကို တွေ့ရပါသည်။ (II Baruch 32:6) ထဲတွင် လက်ရှိ ကမ္ဘာကြီးသည် ဆိုးသွမ်းညစ်ညူး၍ ၎င်းကိုပြုပြင်ဆေးကြေမည်ဟု ရေးသားထားသည်။ ထိုကမ္ဘာသစ် အဓွန့်ရှည် တည်မြဲမည်။ (II Baruch 48;50, 4-5) မယိုယွင်း မပျက်စီးနိုင် (II Baruch 44:12) ဟု တွေ့ရသည်။ ထိုနည်းတူ (I Enoch 72:1) တွင်၎င်း၊ ကမ္ဘာကြီးကို လုံးဝဖျက်ဆီးပြီး၊ တရားစီရင်ပြီးနောက် ကောင်းကင်သစ်ကို “အသစ်ဖန်ဆင်းမည့်” အကြောင်း (I Enoch 91:6) ရှိ (Apocalypse of weeks) ဟူသော ကျမ်းပိုဒ်တွင်၎င်း တွေ့ရပါသေးသည်။ 
              (I Esdras) တွင်လည်း ကမ္ဘာဟောင်းကို ဖျက်စီးပစ်ပြီး ကမ္ဘာဦးကျမ်းရှိ ဖန်ဆင်းခြင်းချိန်ခါ ၇ရက် ကဲ့သို့ အားလုံးတိတ်ဆိတ်နေမည်ဖြစ်ကြောင်း တွေ့ရပြန်သေးသည်။ ၎င်းတို့ကို (I Esdras 7:30,35) တွင်တွေ့ရပါလိမ့်မည်။


              သမ္မာကျမ်းစာတွင်မူ အလုံးစုံသောအရာကို အသစ်ပြုပြင်မည့်အကြောင်း (မဿဲ ၁၉း၂၈)၌ တွေ့နိုင်ပါသည်။ အကျယ်ချဲ့မရေးထားသဖြင့် အသစ်ပြုပြင်မည်လော။ အသစ်ဖန်ဆင်းမည်လော မသိနိုင်ပါ။ သို့သော် ၂ပေ ၃း၁၀၊၁၃ တွင်မူကား ကမ္ဘာကြီးတွင် ရှိသမျှကို မီးဖြင့် ဖျက်ဆီးမည်ဖြစ်ကြောင်း ကတိတော်အတိုင်း မိုးကောင်းကင်သစ်နှင့် မြေကြီးသစ်ကို ဖန်ဆင်းမည် ဟု ဆိုလိုကြောင်း သံသယ မရှိနိုင်ပေ။ သို့ကြောင့် ရှင်ယောဟန်သည် ဗျာဒိတ် ၂၁း၁တွင် ကောင်းကင်သစ်နှင့် မြေကြီးသစ် ဟူသော ကျမ်းပိုဒ်ကို ရေးရာ၌ အဟောင်းပြုပြင်ခြင်းမဟုတ် အလုံးစုံအသစ်ဖန်ဆင်းမည်အကြောင်း ရည်စူး၍ ရေးခဲ့သည်ဟု လုံးဝစိတ်ချယုံကြည်နိုင်ပါ၏။
          သို့ဖြစ်သောကြောင့် ကျွန်တော်၏အဖြေမှာ ကောင်းကင်သစ်နှင့် မြေကြီးသစ်ကို အသစ်ဖန်ဆင်းမည်။ သေသူရှင်သူတို့သည် ကိုယ်ခန္ဒာပြောင်းလဲ ရှင်ပြန်ထမြောက်ပြီး ဖြောင့်မတ်သော သူတို့အဖို့ ဘုရားသခင်၏ နိုင်ငံတော်၌ ထာဝရအသက်ကို ရလိမ့်မည်။ ဆိုးသွမ်းညစ်ညူးသော သူများအဖို့ ထာဝရငရဲ၌ အပြစ်ဒဏ်စီရင်ခြင်းခံရမည် ဟူ၍သာ ဖြေဆိုလိုပါသည်။ သို့သော် လူသတ္တဝါများကို အသစ် ဖန်ဆင်းဦးမည့်အကြောင်း မတွေ့ရပါ။


                                  သံလျင်ဖေသွင်




No comments:

Post a Comment