Monday, December 10, 2018

မဖိတ်ခေါ်ထားသည့် ဧည့်သည်များ

              အိမ်တွင်မွေးနေ့ပွဲ၊ ခရစ်စမတ်ပွဲ .... စသည်တို့ကို ကျင်းပသောအခါ ခင်မင် ရင်းနှီးသူများကို ဖိတ်ကြားကြပါသည်။ သူစိမ်းတစ်ရံစာတွေကိုတော့ ဖိတ်ခေါ်လေ့မရှိပါ။ သို့ရာတွင် တစ်ခါတလေမှာ သူတို့ လည်းပါလာ တတ်ပါသည်။ ထို့အပြင် အလွန်ရင်းနှီးသည့် သူငယ်ချင်းနှင့် ဆွေမျိုးများက မဖိတ်ခေါ်ပဲ ရောက်လာကြပါသေးသည်။ သည်လိုရောက်လာသည့် အခါမျိုးတွင် ၀မ်းသာပီတိ ဖြစ်ရပါသည်။
             ကြီးကျယ်ခမ်းနားသော ပွဲများကို ဖိတ်စာမပါလျှင် သွားလို့မရပါ။ယခုလို ပြုရသည်မှာ လုံခြုံရေးအတွက် သာမက ထိုင်ခုံကို အတိအကျ ထားရှိသောကြောင့် ဖြစ်ပါသည်။ သည်လိုပွဲတွေကို မတက်ရောက်နိုင်သည့်အခါ အချိန်မီ အကြောင်းကြားရပါသည်။ ထိုအခါမျိုးတွင် RSVP ဟု ရေးထားပါသည်။ ပြင်သစ်လို “ကျေးဇူးပြု၍ အကြောင်းပြန်ပါ” ဟု ဆိုလိုပါ၏။
                 လွန်ခဲ့သောနှစ်ပေါင်း နှစ်ထောင်ကျော်က မထင်ရှားသည့် တောမြို့လေး တစ်မြို့တွင် မွေးနေ့
ပွဲငယ်လေးတစ်ခုကျင်းပခဲ့ပါသည်။ ဘုရင်တကာတို့၏ ဘုရင် မွေးဖွားသော်လည်း အခမ်းအနားကို နန်းတော်တွင် မဟုတ်ဘဲ နွားတင်းကုပ်တွင် ကျင်းပပါသည်။ မွေးနေ့ရှင်၏ မိဘတွေက ဆင်းရဲသောကြောင့် မည်သည့် အစားအသောက်နှင့်မျှ ဧည့်ခံကျွေးမွေးနိုင်ခြင်း မရှိပါ။ ဖိတ်ခေါ်ခြင်း ခံရသောသူတွေကလည်း အနည်းငယ်သာ ရှိပြီး လယ်ကွင်းထဲက သိုးထိန်းတွေ ဖြစ်ပါ၏။ အခြားမည်သူ့ကို အသိမပေးပါ။ သို့ရာတွင် မဖိတ်ခေါ်ပဲ ရောက်ရှိသူများ ရှိပါသည်။ အချိန်မီတော့ မဟုတ်ပါ။ မိုင်တစ်ထောင်ကျော် ဝေးသောအရပ်မှ လာရသည့်အတွက် သုံးလမှ တစ်နှစ်အထိကြာနိုင်သည်ဟု ခန့်မှန်းကြပါသည်။ မာဂုပညာရှိများ ဖြစ်ပါသည်။ မွေးမည့်နေရာနှင့် နေ့ရက်ကိုလည်း အတိအကျ မသိကြပါ။ ကောင်းကင်မှ ကြယ်တစ်စင်းကို ကြည့်ပြီး စမ်းတ၀ါးဝါးဖြင့် လာရောက်ခဲ့ကြခြင်း ဖြစ်သည်။ (မ ၂း၁၁)



              ထိုကြောင့် သူငယ်ကိုမွေးပြီး အတော်ကြာမှ ရောက်ရှိလာကြသည်။ ထိုအချိန်သည် (လု ၂း၃၉) ၌ ဖော်ပြထားသော သူငယ်တော်ကို ပညတ်တရားအတိုင်း ဆက်ကပ်ပြီးမှသာ ဖြစ်မည်ဟု မှန်းဆကြသည်။ ဗက်လင်မြို့၌ပင် မာဂုပညာရှိတို့က သူငယ်တော်ကို ဖူးမြင်ခဲ့ခြင်း ဖြစ်သည်။ သူတို့သွားရောက်ခဲ့သည့် နေရာသည် (ရုပ်ပုံများတွင် ရေးဆွဲထားသလို) နွားတင်းကုပ် မဖြစ်နိုင်ပါ။ (မ ၂း၁၁) ၌ မယ်တော်မာရိနှင့် သူငယ်တော်ကို အိမ်မှာတွေ့မြင်သည်ဟု ရေးထားပါသောကြောင့် တင်းကုပ်မဟုတ်ပါ။ ယောသပ်အကြောင်း မပါသည့်အတွက် သူပင် အိမ်၌ ရှိချင်မှရှိပါလိမ့်မည်။ ထို့အပြင် ဟေရုဒ်မင်းက ကလေးတွေကို သတ်ခိုင်းသည့်အခါ နို့စို့အရွယ်များသာမက (၂)နှစ်အောက် ဟုဆိုသဖြင့် သူငယ်တော်သည် ထိုအချိန်၌ မွေးကာစ မဟုတ်တော့ကြောင်း သိနိုင်ပါသည်။ (မ ၂း၁၆)
               သည်ရပ်ဝေးမှ ဧည့်သည်တွေအကြောင်းကို သမ္မာကျမ်းစာတွင် ရေးထားသည့်အတွက် ဒဏ္ဍာရီ မဟုတ်သည်မှာ ထင်ရှားပါသည်။ သို့ရာတွင် မည်သူတွေဖြစ်ပြီး မည်သည့်နိုင်ငံမှ လာသည်ကို အတိအကျ ဖော်ပြထားခြင်း မရှိပါ။ အရှေ့အရပ်ဟု ဆိုသောကြောင့် ပါးရှား(ယခု အီရန်) ဗာဗုလုန်(အီရတ်)၊ အာရေဗျ(ဆော်ဒီ) နိုင်ငံတို့မှ ဟု ခန့်မှန်းကြသည်။ အချိုက အိန္ဒိယကိုပင် ထည့်သွင်းထားပါသည်။ အချို့ ကလည်း ဒံယေလခေတ်က ဗာဗုလုန်သို့ ခေါ်ဆောင်သွားခြင်း ခံရသော ယုဒလူမျိုးမှ ဆင်းသက်လာ သူတွေ ဖြစ်နိုင်သည်ဟု ဆိုပါသည်။ သည်လိုဖြစ်နေလျှင် မေရှိယကြွလာမည့် အကြောင်းကို သူတို့ သိနေကြရပါမည်။ ကျမ်းစာတွင်တော့ မေရှိယကို ရှာသည်ဟု မပါရှိပါ။
     သည်ပုဂ္ဂိုလ်များသည် သာမန်လူတွေ မဟုတ်ပါ။ မာဂုပညာရှိ (Magi) ဆိုသည်မှာ ဂရိဘာသာဖြင့် “ခွင့်ထူးခံ ဘုန်းတော်ကြီး” ဖြစ်သည်။ Magic သည်လည်းထိုစကားမှပင် ဆင်းသက်ခဲ့ပါသည်။ သည် ပုဂ္ဂိုလ် တွေက ဒံယေလကဲ့သို့ပင် ဘုရင့်အတိုင်ပင်ခံများ ဖြစ်ကြပါသည်။ ဒံယေလ၏ ဘွဲ့သည် Rab-mag or Chief of Magi ဖြစ်ပါသည်။ နက္ခတ္တဗေဒ ပညာကို အထူးတတ်ကျွမ်းပြီး ဘာသာရေး၌သာမက တိုင်းပြည်ကို အုပ်ချုပ်ရာတွင်လည်း အရေးပါသောသူများ ဖြစ်ပြီး ဘုရင်အသစ်ကို ရွေးချယ်ရာတွင် အခရာကျသည်ဟု ဆိုပါ၏။


            ထိုကြောင့် ယေရုရှလင်ကို ရောက်လာပြီး ယခုဖွားမြင်သော ယုဒရှင်ဘုရင်သည် အဘယ်မှာ ရှိသနည်းဟု မေးသည့်အခါ ဟေရုဒ်မင်းက အကြီးအကျယ် လန့်ဖြန့်သွားပါသည်။ (မ ၂း၂)။ သူ့နေရာတွင် အစားထိုးမည့်ဘုရင်အသစ်ကို လိုက်ရှာနေသည်ဟု ထင်သွားနိုင်ပါသည်။ ဟေရုဒ်သည် အာဏာကို အတိုင်းအထက်လွန် မက်မောသူဖြစ်ပြီး ရာထူးအာဏာအတွက် မိမိ၏ သားချင်းများစွာကို သတ်ခဲ့ပါသည်။
             မာဂုပညာရှိတို့သည် အခြွေအရံများစွာနှင့် လာခဲ့ကြပါလိမ့်မည်။ထိုကြောင့်ပင် ယေရုရှလင် တစ်မြို့လုံး အုတ်အုတ်ကျက်ကျက် ဖြစ်သွားပုံရပါသည်။ မာဂုပညာရှိ ဘယ်နှဦး လာရောက်သည်ကို ကျမ်းစာက ပြောမထားပါ။ လက်ဆောင်သုံးမျိုးပေးသောကြောင့် သုံးယောက်ဖြစ်သည်ဟု အများက ယူဆ ကြပါသည်။ ဤဖြစ်ရပ်က နောက်ပိုင်းတွင် ဒဏ္ဍာရီနှင့် ရောထွေးသွားပြီး သူတို့ကို နာမည်များနှင့်ပင် ခေါ်ဆိုလာ ကြသည်။ Gaspar, Melchoir, Balthasar ဆိုသည့် အမည်များကို အများဆုံး သုံးကြသည်။ (၁၄)ရာစု ရောက်တော့ ပါးရှား၊ အာရေဗျနှင့် အိန္ဒိယမှ ဘုရင်များ အဖြစ်သို့ ရောက်ရှိသွားကြ ပါသည်။ ခရစ်စမတ်သီချင်းတွင် အရှေ့ပြည်မှ ရှင်ဘုရင်သုံးပါးဟု သီဆိုကြသည် မဟုတ်ပါလား။
               မာဂုပညာရှိတွေ အကြောင်းပြန်ပြောင်းပြောဆိုနေရသော ရည်ရွယ်ချက် ရှိပါသည်။ သည်ဖြစ်ရပ်က ကယ်တင်ခြင်းနှင့်ဆိုင်သော အရေးကြီးသော သင်ခန်းစာကို ပေးပါသည်။ ကယ်တင်ခြင်း သည် မည်သည့်လူမျိုးတစ်မျိုး၊ မည့်သည့်လူတန်းစားတစ်ရပ်၏ မူပိုင်မှ မဟုတ်ကြောင်း ဖော်ပြပေးပါသည်။
              ဣသရေလလူမျိုးတွေက ဘုရားရှင်ရွေးချယ်ခဲ့သူများ ဖြစ်သည့်အတွက် သူတို့သာ ကယ်တင်ခြင်း ရရှိသည်ဟု ယုံကြည်ပါသည်။ သည်အထဲတွင် ယဇ်ပရောဟိတ်၊ ကျမ်းပြုဆရာနှင့် ဖာရိရှဲတွေက အဆိုးဆုံး ဖြစ်ပါသည်။ အခြားမည်သူတွေနှင့်မျှ မထိုက်တန်ဘူးဟု ထင်နေကြပါသည်။ သို့ရာတွင် ကယ်တင်ရှင် မွေးဖွားသောအခါ တကယ်ရောက်ရှိသူတွေက သူတို့မဟုတ်ဘဲ မာဂုပညာရှိတွေ ဖြစ်ကြပါသည်။
              သိုးထိန်းသည် လူ့အသိုင်းအ၀ိုင်း၏ အနိမ့်ကျဆုံးသော သူတို့ကို ကိုယ်စားပြုသည်။ မာဂုတွေ ရောက်ရှိလာခြင်း ဖြစ်ရပ်ကတော့ ဘုရားသခင်၏နိုင်ငံတော်သည် မူလရွေးချယ်ထားသော လူမျိုးသာမက တစ်ပါးအမျိုးသားများ (ကျွန်ုပ်) တို့နှင့်လည်း သက်ဆိုင်ကြောင်း မီးမောင်းထိုးပြ ပေးပါသည်။ ထိုအပြင် မည်သူမဆို ဘုရားကိုရှာလျှင် တွေ့မည့်အကြောင်း မည်မျှဝေးလံလျက် အချိန်ကြာမြင့်ပါစေ နောက်မကျ သေးကြောင်းကို ဖော်ပြပေးပါသည်။  (ယေ ၂၉း၁၃)
                 (မ ၂၂း၁-၁၀) တွင် မင်းသာ၏ မင်္ဂလာဆောင်ပွဲကို တက်ရောက်ရန် ဖိတ်ကြားထားသူတွေက ငြင်းဆန်သောကြောင့် အခြားသူများကို ဖိတ်ခေါ်ရသည်ဟု ခရစ်တော် ဥပမာပေး၍ ပြောသည်မှာလည်း ကယ်တင်ခြင်းသည် လူတိုင်းအတွက် ဖြစ်ကြောင်းကို ဖော်ပြပေးလိုသောကြောင့် ဖြစ်ပါ၏။
           ယေရှုခရစ်တော် ကြွလာသည်မှာ လူသားအားလုံးအဖို့ ဖြစ်ပါသည်။ မည်သူမဆို သူထံ လာရောက် နိုင်ပါသည်။ အသက်စမ်းရေလိုသူတိုင်း မဆိုင်းမတွပဲ လာကြရန် အမြဲ ဖိတ်ခေါ်လျက်ရှိ ပါသည်။ (ဗျာ ၂၂း၁၇၊ ဟေရှာ ၅၅း၁)

                                  ဒေါက်တာဖေမြတ်ဝင်း























No comments:

Post a Comment