Thursday, January 10, 2019

ယဉ်ကျေးမှုကိုဆန်းစစ်ခြင်း

   နိဒါန်း

                 ယဉ်ကျေးမှုဟုဆိုရာတွင် လူမျိုး တစ်မျိုး၏ ရိုးရာဝတ်စားဆင်ယင်မှု၊ ဘာသာစကား၊ ဓလေ့ ထုံးစံများ၊ အသက်ရှင်ပုံ၊ တွေးခေါ်ပုံ၊ အိမ်ဆောက်ပုံ၊ ပွဲကျင်းပပုံ၊ ထွန်ယက်စိုက်ပျိုးခြင်း၊ ၀ါသနာ၊ အစား အသောက်၊ စိတ်နေစိတ်ထား၊ ဘာသာတရား၊ နာမည်ပေးခြင်း၊ ဆိုရိုးစကားများနှင့် နေ့စဉ်နေထိုင် အသက်ရှင်ပုံ စသည်တို့ကို ခေါ်ပါသည်။ ထိုကြောင့် ယဉ်ကျေးမှုသည် အလွန်ကျယ်ပြန့်လှ ပါသည်။ လူတစ်ဦး၏ ဘ၀တစ်ခုလုံးနှင့် သက်ဆိုင်ပါသည်။ ယဉ်ကျေးမှုသည် ယဉ်ကျေးသိမ့်မွေ့ခြင်း၊ ပညာရှိခြင်း၊ အလိမ္မာရှိခြင်း၊ ဖွံ့ဖြိုးတိုးတက်ခြင်းတို့နှင့်လည်း ဆိုင်ပါသည်။ လူတစ်ဦး၏ အသက်ရှင်မှု တွေးခေါ်မှု တို့ကို ကြည့်၍ ယဉ်ကျေးသည် မယဉ်ကျေးသည်ကို ဆုံးဖြတ်ကြပါသည်။ ထိုကြောင့် ယဉ်ကျေးမှုသည် အတွင်း သဏ္ဍန်၊ အပြင် သဏ္ဍန် နှစ်ခုစလုံးနှင့် ဆက်နွယ်မှုရှိပါသည်။ ထိုကြောင့် အလွန်ကျယ်ပြန့်လှသော ယဉ်ကျေးမှု အကြောင်းများထဲမှ စိတ်နှင့်ဆိုင်သော ယဉ်ကျေးမှုအကြောင်းကို ဤဆောင်းပါးတွင် ရေးသား သွားပါမည်။





                စိတ်သည်ဘ၀တစ်ခုလုံး၏ပြတင်းပေါက်


            လူသားတို့၏ အမူအရာ၊ အပြုအမူ၊ အပြောအဆိုများ ၀တ်စားနေထိုင်ပုံစံသည် အမူအကျင့်အားလုံးတို့သည် တစ်ထွာခန့်ရှိသော စိတ်၏ထိန်းချုပ်မှု၊ မောင်းနှင့်မှုကြောင့် ဖြစ်ပါသည်။ ထို့ အပြင် လူသားတို့၏ အမြော်အမြင်၊ ဥာဏ်ပညာ၊ အရည်အသွေးတို့သည်လည်း စိတ်၏ အရည်အသွေး တစ်ရပ်ဖြစ်ပါသည်။ ယဉ်ကျေးသိမ်မွေ့ခြင်း၊ ရိုင်းစိုင်းမှုတို့သည်လည်း စိတ်၏ စီမံမှုကြောင့်ဖြစ်သည်။
                အမြင်ကျယ်ခြင်းနှင့် အမြင်ကျဉ်းမြောင်းခြင်း တို့သည်လည်း စိတ်နှင့် သက်ဆိုင်လျက်ရှိ ပါသည်။ ဖွံ့ဖြိုးတိုးတက်ခြင်းနှင့် နောက်ကျကျန်ခြင်း တို့သည်လည်း စိတ်နှလုံး၏ စွမ်းဆောင်ရည်ကြောင့် ဖြစ်သည်။ ဘာသာတရားနှင့် ပတ်သက်၍ ယုံကြည်ခြင်းနှင့် ရင့်ကျက်မှုတို့သည် စိတ်ကြောင့်ပင် ဖြစ်သည်။ ထိုကြောင့် စိတ်သည် လူတစ်ဦး၏ ဘ၀တစ်ခုလုံးကို ထိန်းချုပ်သောအရာ ဖြစ်သည်။ ကောင်းသည်ဟု ရှုမြင်ပါက အရာအားလုံးသည် အကောင်းဖြစ်သွားပြီး မကောင်းဟု ဆုံးဖြတ်ပါက အန္တရာယ်များသွား ပါသည်။ ထိုအပြင် လူတစ်ဦးသည် စိတ်ချမ်းသာစွာ နေထိုင်ပါက ကောင်းသောအရာကို လုပ်ဆောင်နိုင်ပြီး စိတ်ဆင်းရဲပါက အရာအားလုံးကို ဆုံးရှုံးနိုင်ပါသည်။ စိတ်သည် လူတစ်ဦးကို ဖျက်ဆီးနိုင်သကဲ့သို့ လူတစ်ဦးကို ကောင်းမွန်စွာ တည်ဆောက်နိုင်သည်။ ထိုကြောင့်စိတ်သည် လူဘ၀တစ်ခုလုံးအတွက် ပြတင်းပေါက်ပင် ဖြစ်သည်။

               စိတ်နှင့်ယဉ်ကျေးမှု 

             ဖွံ့ဖြိုးသောသူ၊ ပညာတတ်သောသူ၊ ချမ်းသာသောသူ၊အဆင့်မြင့်မြင့်နေထိုင်သူများကို ယဉ်ကျေး သည်ဟု သတ်မှတ်ကြပါသည်။ သို့သော် ယနေ့တွင် ယဉ်ကျေးမှုအကြောင်းကို စဉ်းစားသည့်အခါတိုင်း လူသားများ၏ စိတ်အကြောင်းနှင့် ထိုစိတ်နှင့် အခြားအရာများ၏ ဆက်စပ်မှုကို စဉ်းစားလာကြပါသည်။ ဆိုလိုသည်မှာ မိမိချမ်းသာစွာ နေထိုင်ရေးအတွက် လုပ်ဆောင်သည့်အခါ တရားမျှတမှုမရှိဘဲ လုပ်ဆောင်မှု များရှိပါက ယဉ်ကျေးသည်ဟု မဆိုနိုင်ပါ။ ပညာတတ်သော်လည်း အသုံးမပြုတတ်ပါက ယဉ်ကျေးသည်ဟု မဆိုနိုင်ပါ။ ထိုကြောင့် စိတ်ပိုင်းဆိုင်ရာအားဖြင့် ဆိုရပါက ယဉ်ကျေးမှုဆိုသည်မှာ စိတ်ထားဖြူစင် သန့်ရှင်းခြင်း၊ ရိုးသားမှုရှိပြီး အမှန်တရားအတိုင်း အရှိအတိုင်း လုပ်ဆောင်အသက်ရှင်ခြင်းမျိုးကို ခေါ် ပါသည်။ ထိုစိတ်နှင့်ပတ်သက်၍ ယဉ်ကျေးမှုအကြောင်းကို လေ့လာသည့်အခါ ယဉ်ကျေးမှုမရှိခြင်းခေါ် ရိုင်းစိုင်းမှုများကို အောက်ပါအတိုင်း တွေ့ရှိနိုင်သည်။


(၁)        အတ္တသည်မယဉ်ကျေးမှု
                 လူနေမှုအဆင့်အတန်းကို ပေတံအားဖြင့် အသုံးပြုပြီးတိုင်းတာပါက စက်မှုနှင့် နည်းပညာ အလွန်မြင့်မားသည့် အနောက်နိုင်ငံသည် ယဉ်ကျေးသောနိုင်ငံများဟု ခေါ်နိုင်ပါသည်။ စက်မက်ရေးရာ အားဖြင့် ပြောဆိုပါက တစ်မိနစ်အတွင်း လူအသက်ပေါင်းများစွာသတ်ဖြတ်နိုင်သည့် လက်နက်ကြီးများကို ထုတ်လုပ်သောနိုင်ငံသည် ထိုကဲ့သို့ မထုတ်လုပ်နိုင်သော နိုင်ငံများထက် ယဉ်ကျေးမှုမြင့်သည်ဟု ဆိုကြပါသည်။ တိုးတက်သည်ဟု ဆိုနိုင်ပါသည်။ သို့သော် စိတ်နှင့် ကြည့်ရှုပါက လူ့အသက်ကို မညှာမတာ သတ်ဖြတ်ခြင်းသည် မယဉ်ကျေးမှု၊ ရိုင်းစိုင်းသည့် အမူအကျင့်ဖြစ်ပါသည်။ ယနေ့ ယဉ်ကျေးသည့် ကမ္ဘာဟု ဆိုနေကြသော ကမ္ဘာကြီးသည် အငြိုးအတေးများ၊ မင်းထက်ငါဆိုသည့် ရိုင်းသောစိတ်များ၊ သူတစ်ပါး ပိုင်နက်နယ်မြေကို နည်းမျိုးစုံဖြင့် ကျူးကျော်ကာ စီးပွါးရှာခြင်း စသည့် မယဉ်ကျေးသည့် လုပ်ရပ်များစွာ ရှိသည်။ လူနေမှုအဆင့်အတန်းအားဖြင့် ယဉ်ကျေးသည်ဟု သတ်မှတ်ခြင်းခံရသော လူယဉ်ကျေးတို့၏ စိတ်ပိုင်းဆိုင်ရာ မယဉ်ကျေးသော အတ္တစိတ်များကြောင့် ဖြစ်ပါသည်။ ထိုကြောင့် မယဉ်ကျေးခြင်း ဆိုသည်မှာ အတ္တစိတ်ပင် ဖြစ်သည်။

(၂)     အစွဲစိတ်သည် မယဉ်ကျေးမှု
                    လူသားတစ်ဦး၏ ယဉ်ကျေးမှုကို တိုင်းတာပါက သူ၏ ရိုးသားဖြူစင်မှုနှင့် တိုင်းတာနိုင်ပါသည်။ ရိုးသားဖြူစင်မှုနှင့် အမြဲဆန့်ကျင်ဘက်ဖြစ်သော စိတ်မှာ အစွဲကြီးခြင်းပင် ဖြစ်သည်။ အစွဲကြီးခြင်းကို ယဉ်ကျေးမှု အမြင်ဖြင့် ကြည့်ပါက မိမိနှင့် ဘာသာစကားတူသူ၊ လူမျိုးတူသူ၊ ဘာသာတရားတူသူ၊ နေရပ် ဒေသတူသူတို့ကိုသာ အကောင်းမြင်ခြင်း၊ သူတို့အမည်ပါမှစိတ်ကျေနပ်ခြင်း၊သူတို့သည်သာကောင်းသည် တော်သည်ဟု ခံယူခြင်းတို့သည် အစွဲကြီးခြင်း ပင်ဖြစ်သည်။ အစွဲကြီးခြင်းသည် အယူသေးခြင်း မဟုတ်ဘဲ လူမျိုး၊ နေရာဒေသ စသည်ဖြင့် စိတ်အစွဲရှိခြင်းကို ခေါ်ပါသည်။ အစွဲကြီးခြင်းကို စိတ်ကြီးခြင်းဟုလည်း ခေါ်ပါသည်။ ထိုသို့ အစွဲကြီးခြင်း၊ စိတ်ကြီးခြင်းတို့သည် မယဉ်ကျေးခြင်း၊ မရင့်ကျက်ခြင်းနှင့် ယဉ်ကျေးမှု မရှိခြင်း တို့ပင်ဖြစ်သည်။ 

(၃)          တစ်ဘက်စောင်းခြင်းသည် မယဉ်ကျေး
                  တစ်ဘက်စောင်းခြင်းသည် မျက်နှာသာပေးမှု၊ မိမိသာလျှင် ဆိုတဲ့စိတ်၊ မိမိအကြိုက်ကိုသာ ဦးစား ပေးခြင်း ကြောင့်ဖြစ်သည်။ ထိုစိတ်များသည် ကျဉ်းမြောင်းသော အမြင်ဖြစ်ပြီး တစ်ဘက်စွန်းသို့ ရောက်သွား နိုင်သော စိတ်မျိုးဖြစ်သည်။ တစ်ဘက်စောင်းခြင်းသည် အခြားတစ်ဖက်ရှိ လူသားများအား လစ်လျူရှုခြင်း၊ တန်ဖိုးမထားခြင်း၊ တစ်ဘက်သတ်ဆန်လွန်းခြင်း ဖြစ်သောကြောင့် အသိုင်းအ၀ိုင်း ရှုထောင့်ဖြင့် ပြောရပါက ထိုသို့လုပ်ဆောင်ခြင်း တွေးခေါ်ခြင်းသည်၊ ပြုမူကြံစည်ခြင်းတို့သည် ယဉ်ကျေးမှုခေါင်းပါးခြင်း၊ မယဉ်ကျေး ခြင်းပင် ဖြစ်ပါသည်။

ယဉ်ကျေးမှု၏ သဘာဝဆီသို့

                    ယဉ်ကျေးမှုကို တိုင်းတာကြသည့်အခါ ဖွံ့ဖြိုးတိုးတက်မှု ပေတံဖြင့် တိုင်းတာကြသည်။ ထိုသို့ တိုင်းတာခြင်းကြောင့် ဖွံ့ဖြိုးတိုးတက်ရေး ကိုသာ စဉ်းစားကြပြီး အချင်းချင်းပြိုင်ဆိုင်မှု ပိုမိုကြီးထွားလာ ပါသည်။ နည်းမျိုးစုံသုံး၍ ချမ်းသာကြွယ်ဝမှုကို ရှာဖွေပြီး လူ့အခွင့်အရေးကိုပါ ချိုးဖောက်လာသည်အထိ ဖြစ်သွားပါသည်။ စက်ရုံကြီးများ တည်ဆောက်ကာ သဘာဝပတ်ဝန်းကျင်နှင့် လေထုညစ်ညမ်းမှု ကြီးထွား လာပါသည်။ တစ်ဘက်သားကို အမိန့်ပေးနိုင်ရန် စစ်လက်နက်များကို အလွန်အကျွံ ထုတ်လုပ်ပြီး ယဉ်ကျေး သောကမ္ဘာကြီးကို ခြိမ်းခြောက်လာပါသည်။ ထိုကြောင့် ယဉ်ကျေးသော ကမ္ဘာကြီးကို ဖွံ့ဖြိုးတိုးတက်မှုမှ စိန်ခေါ်လာပါသည်။ ဤတွင် ယဉ်ကျေးမှုဆိုသည်မှာ အတတ်ပညာများကို အကျိုးရှိရှိ အသုံးပြုတတ်ခြင်း၊ လူသားများနှင့် ဖန်ဆင်းသော အရာရာတိုင်း၌ ရှိသော မူလတန်ဖိုးကို သိရှိပြီး တန်ဖိုးထားတတ်ခြင်းပင် ဖြစ်သည်။ ထိုယဉ်ကျေးမှုကို စိတ်နှင့်သက်ဆိုင်သည့် ယဉ်ကျေးမှုဖြစ်ပြီး စိတ်နှင့်သက်ဆိုင်သည့် ယဉ်ကျေးမှု များမှာ အောက်ပါအတိုင်း ဖြစ်သည်။


(၁)         ရိုးသားမှု
                 ယဉ်ကျေးမှုသည် စိတ်နှလုံး၏ ရိုးသားမှုကို ခေါ်ပါသည်။ သီသြလော်ဂျီရှုထောင့်ဖြင့် ဆိုပါက ခရစ်တော်သည် ယဉ်ကျေးမှုအနှစ်ကို ဖော်ထုတ်ပေးသော ဘုရားဖြစ်ခြင်းကို ဖေါ်ပြပါသည်။ ခရစ်ယာန် တို့၏ ယုံကြည်ချက်တွင် ဘုရားသခင်သည် ဖန်ဆင်းရှင်ဖြစ်သည်။ ဖန်ဆင်းခြင်းသည် ဖရိုဖရဲဖြစ်နေသောအရာ၊ စနစ်မကျသောအရာများ၊ မယဉ်ကျေးမလိမ္မာသောအရာများကို စနစ်တကျဖြစ်အောင်၊ ရိုးသားပြီး ယဉ်ကျေး သိမ့်မွေ့လာအောင် ပြုလုပ်ခြင်းပင်ဖြစ်သည်။ အထူးသဖြင့် စိတ်နှလုံးသိမ်မွေ့လာအောင် ပြုလုပ်ခြင်းသည် ဖန်ဆင်းခြင်း၏ အနှစ်များဖြစ်ပါသည်။ ထိုကြောင့် ယဉ်ကျေးမှုဟူသည် ရိုးသားမှုပင် ဖြစ်သည်။ လူသားများ၏ ရိုးသားသော စိတ်သည် စိတ်နှင့်သက်ဆိုင်သော ယဉ်ကျေးမှုပင်ဖြစ်သည်။

(၂)       ဖြူစင်မှု
                    ယဉ်ကျေးမှုသည် ဖြူစင်သော စိတ်ပင်ဖြစ်သည်။ သခင်ယေရှုသည် ယဉ်ကျေးမှုကို သန့်ရှင်းစေ သော ခရစ်တော် ဖြစ်ခြင်းကို ဆိုလိုပါသည်။ ဖြူစင်သောစိတ်သည် လူသားတစ်ဦး၏ တန်ဖိုးတစ်ခု ဖြစ်သည်။ ခရစ်တော်၏ သွန်သင်ချက်အရ စိတ်နှလုံးဖြူစင်ခြင်းသည် ဘုရားကို တွေ့မြင်နိုင်စွမ်း မင်္ဂလာတစ်ပါး ဖြစ်ပါသည်။ ယဉ်ကျေးမှုရှုထောင့်ဖြင့် ပြောပါက ဖြူစင်ခြင်းသည် လူယဉ်ကျေးတို့၏ ကြီးမြတ်ခြင်းပင် ဖြစ်ပါသည်။ ထိုကြောင့် လူတစ်ဦး၏ ယဉ်ကျေးသိမ်မွေ့မှုကို သူ၏စိတ်နှလုံးဖြူစင်မှုဖြင့် သတ်မှတ်နိုင်သည်။ လူသားတို့၏ ယဉ်ကျေးမှုသည် စိတ်ဖြူစင်ခြင်းပင် ဖြစ်ပါသည်။

(၃)       အကောင်းမြင်မှု
                ယဉ်ကျေးမှုသည် အရာအားလုံးအတွက် အပြုသဘောဆောင်သည့် အကောင်းမြင်ခြင်း၊ အကောင်းကို အကောင်းအတိုင်း အသုံးပြုတတ်ခြင်း၊ အဆိုးကိုသင်ခန်းစာအဖြစ် ထားရှိကာ ထိုအဆိုး ဟူသမျှတို့ကို ပြုပြင်၍ ကောင်းကျိုးအဖြစ် ပြောင်းလဲအသုံးပြုခြင်းတို့ပင်ဖြစ်သည်။ ဤတွင် ခရစ်တော်သည် ယဉ်ကျေးမှုကို ပြုပြင်ပြောင်းလဲပေးသော အရှင်ဖြစ်ခြင်းကို ဆိုလိုခြင်း ဖြစ်ပါသည်။ လူသားတိုင်း၏ ယဉ်ကျေးမှုတွင် ကောင်းသောယဉ်ကျေးမှုနှင့် မကောင်းသောယဉ်ကျေးမှု ဟူ၍ နှစ်မျိုးရှိပါသည်။ မကောင်း သောယဉ်ကျေးမှုကို ခရစ်တော် အားဖြင့်ပြုပြင်ပြီး ကောင်းသော ယဉ်ကျေးမှုကို တိုးပွားအောင် ပြုလုပ်ခြင်း သည် ယဉ်ကျေးမှုကို အကောင်းမြင်ခြင်းဖြစ်သည်။ အကောင်းကိုသာ ကြည့်၍မရ သကဲ့သို့ မကောင်းခြင်း ကိုသာ ကြည့်၍မရပါ။ ယဉ်ကျေးမှုသည် အကောင်းမြင်ခြင်းဖြစ်၍ အဆိုးကိုပယ်၊ အကောင်းကိုဆောင်ရန် ဖြစ်သည်။ လူတစ်ဦးသည် ထိုသို့အကောင်းမြင်တတ်ပါက ယဉ်ကျေးမှုရှိသည်ဟု ဆိုနိုင်ပါသည်။ 


လူသားတို့၏တန်ဖိုး

                  ယဉ်ကျေးမှုဆိုသည်မှာ လူသားတို့၏ တန်ဖိုးပင်ဖြစ်သည်။ ဤအချက်ကို ခရစ်ယာန်ဓမ္မတွေးခေါ်မှု ရှုထောင့်ဖြင့် ပြောပါက သခင်ယေရှုသည် ယဉ်ကျေးမှုတန်ဖိုးကို မြင့်တင်သော အရှင်သခင်ဖြစ်ခြင်းကို ဆိုလိုခြင်းဖြစ်သည်။ တန်ဖိုးဟု ဆိုရာတွင် ပြောင်းလဲ၍မရတော့ခြင်း၊ ဈေးလျော့၍မရတော့ခြင်း၊ မူလဖြစ်တည်ခြင်းတို့ကို ခေါ်ပါသည်။ ထိုတန်ဖိုးများကို တန်ဖိုးရှိစွာ အသုံးပြုတတ်ဖို့ လိုအပ်ပါသည်။ ထိုမူလ တန်ဖိုးများတွင် ယဉ်ကျေးမှုသည် မူလတန်ဖိုး တစ်ခုဖြစ်ပါသည်။ ထိုနည်းတူ ယဉ်ကျေးမှုသည် လူသားတို့၏ တန်ဖိုးကို မြင့်တင်ပေးသည်။ သဘာဝကို ဖျက်ဆီးသော တန်ဖိုးနည်းလူသား ဖြစ်ခြင်းမှ သဘာဝကို ချစ်မြတ်နိုးလျက် ထိန်းသိမ်းစောင့်ရှောက်သော လူယဉ်ကျေးအဖြစ်သို့ ပို့ဆောင်ပေးပါသည်။ 
                အသက်ပေါင်းများကို တစ်မိနစ်အတွင်းသေကြေပျက်စီးစေမည့် လက်နက်များကို ထုတ်လုပ်သော ညှာတာမှုကင်းမဲ့သည့် လူသားများမှ အသက်ပေါင်းများစွာကို လုပ်ကျွေးသော တန်ဖိုးရှိလူသားများအဖြစ် ဖန်တီးပေးပါသည်။ မိမိချမ်းသာကြွယ်ဝရေးကိုသာ စဉ်းစားပြီး တောတောင်သဘာဝကို ဖျက်ဆီးသော လောဘလူသားများမှ သဘာဝပတ်ဝန်းကျင်ကို မှီခိုကာ သဘာဝ ပတ်ဝန်းကျင်ကို လှပအောင် ထိန်းသိမ်း စောင့်ရှောက်သော လူယဉ်ကျေးအဖြစ်သို့ ခေါ်ဆောင်ပေးပါသည်။ ထိုကြောင့် ယဉ်ကျေးမှုသည် လူသား တို့၏တန်ဖိုးတစ်ခုပင် ဖြစ်သည်။

နိဂုံး
                  ယဉ်ကျေးမှုရှိခြင်းကို ကောင်းကျိုးပေးခြင်းဖြင့် တိုင်းတာရှုမြင့်ရပါသည်။ ကောင်းကျိုးဟု ဆိုရာတွင် မိမိကောင်းစားရေးကိုသာ မဟုတ်ဘဲ အများကောင်းကျိုး၊ အခြားသူတို့၏ ကောင်းကျိုးတို့ကို ဆိုလိုသည်။ လူတစ်ဦးအတွက်သာ ကောင်းကျိုးပြုပါက ယဉ်ကျေးသည်ဟု မဆိုသာပေ။ ထိုအပြင် ယဉ်ကျေးမှုကို အလုပ်အားဖြင့် တိုင်းတာရပါသည်။ လူတစ်ဦးအနေဖြင့် မိမိလုပ်ဆောင်မှုသည် သူတစ်ပါးအား ထိခိုက်မှု ဖြစ်စေပါက မယဉ်ကျေးခြင်း ဖြစ်သွားပါသည်။ ဆိုလိုသည်မှာ သူတစ်ပါးအား မထိခိုက်ပဲ စီးပွားရှာနိုင်သည်။ အလုပ်လုပ်နိုင်ပါသည်။ ယနေ့ကမ္ဘာကြီးတွင် ယဉ်ကျေးသည်ဟု ထင်ရသော တိုးတက်သည့် နိုင်ငံအချို့၏ လုပ်ရပ်သည် မယဉ်ကျေးသည့် လုပ်ရပ်များစွာ တွေ့နိုင်ပါသည်။ ထိုကြောင့် ယဉ်ကျေးမှုကို ဖွံ့ဖြိုးတိုးတက် ခြင်းထက် စိတ်နှလုံးပြည့်ဝခြင်းဖြင့် သတ်မှတ်သင့်ပေသည်။ စိတ်သည် ယဉ်ကျေးခြင်း၏ အုတ်မြစ် ပေတည်း။ 


                                   Rev. Dr. ဖွန်ဟရန်းအွေ












No comments:

Post a Comment