Friday, January 11, 2019

ဓားစာခံ

               ခရစ်စမတ်ပွဲတော်ကို ကျင်းပလျက် နှစ်သစ်သို့ ကူးပြောင်းရာကာလသို့ တစ်ဖန် ရောက်ရှိလာ ကြပါပြီ။ ကုန်လွန်ခဲ့သောနှစ်တွင် မည်သို့သော တိုးတက်ပြောင်းလဲမှုမျိုးကို တွေ့ရှိခဲ့ရပါသနည်း။ အထူးသဖြင့် ခရစ်ယာန်တစ်ဦး အနေဖြင့် ခရစ်တော်၏ မေတ္တာကို ပိုမိုနားလည်လျက် ကျေးဇူးတော်၌ ကြီးထွားသည့် အရာတွင် အတော်ပင် ခရီးရောက်နေပြီလား။ သည်လိုမှမဟုတ် နှစ်တွေသာ ကြာညောင်းသွားသည် ကျွန်တော်တို့သည် ထူးမခြားနားပါပဲ။ မည်သည့်ကျေးဇူးမှလည်း မခံစားရပါလား ဟု ဆိုမည်လော။ ဤသို့ဖြစ်နေပါက လောကသို့ ယေရှုခရစ်တော်ကြွဆင်းလာခြင်း နှင့်ဆိုင်သော ကျေးဇူးတရား အကြောင်းကို ပို၍သိရှိရန် လိုအပ်နေပါပြီ။


             ဘုရားသားတော် လူ့ဘ၀ကို ခံယူခဲ့သည်မှာ လောကတွင် မင်းလုပ်အုပ်ချုပ်ရန် မဟုတ်ကြောင်း ကျွန်တော်တို့ သိကြပါသည်။ လူသားများကို အပြစ်မှကယ်တင်ရန် ကြွလာသည်ဆိုခြင်း ကိုလည်း ခရစ်ယာန်တိုင်း နားလည်ထားပါသည်။ သို့သော် သည်မျှလောက်နှင့် ပြီးပြတ်သွားသူက များပါ၏။ မည်သည့်အရာနှင့် တူနေသနည်းဆိုလျှင် အလွန်အဖိုးထိုက်သည့် လက်ဆောင်တစ်ခုကို ရသောအခါ ပျော်ရသည်။ ကျေးဇူးတင်ရန်လည်း သတိရပါသည်။ သို့သော် ပေးသူအနေဖြင့် မည်သည့်အတိုင်းအတာ အထိ စွန့်လွှတ်ခဲ့ရကြောင်းကို တော့ သုံးသပ်ကြည့်ရန် မေ့နေသောအခါ ရှိပါသည်။ အကယ်၍ ပေးသူသည် ရှိသမျှကို ပေးအပ်ခဲ့ရပါလျှင် ထိုကျေးဇူးကို လျော်ကန်စွာ တုံပြန်ရပါမည်။

            လောကသို့ သခင်ခရစ်တော် ကြွဆင်းလာရသည့် အကြောင်းရင်းကို ကမ္ဘာဦးကျမ်း၏ အစမှာပင် အရိပ်အမြွက် ဖော်ပြပေးခဲ့ပါသည်။ (ကမ္ဘာ ၃း၁၅)။ တကယ်တော့ကျမ်းစာတစ်အုပ်လုံးသည် သူ၏ အကြောင်းသာ ဖြစ်ပါ၏။ (ယော ၅း၃၉)။ အာဗြံဟံအား ထာဝရဘုရားက ဣဇက်အား ယဇ်ပူဇော်ခိုင်းခြင်း သည် သူ၏ သားတော်အား ယဇ်ကောင်အဖြစ် ပေးအပ်မည့် စီမံကိန်း၏ ရှေ့ပြေးနိမိတ်ဖြစ်ပါသည်။ မီးမြွေ အကိုက်ခံရသည့် ဣသရေလတို့ကို အသက်ချမ်းသာစေရန် ဘုရားသခင်ပြင်ဆင်ပေးခဲ့သော ကြေးဝါမြွေ သည်လည်း ကားတိုင်၌ မြှောက်ထားခြင်းခံရမည့် ခရစ်တော်ကို ကြိုတင် ဖော်ပြပေးခြင်း ဖြစ်သည်။ (တော ၂၁း၉၊ ယော ၁၂း၃၂)။ ပဿခါ သိုးသူငယ်သည်လည်း သခင်ယေရှုပင် ဖြစ်သည်။ (ထွက် ၁၂း၂၁-၂၃)။ သည်နိမိတ်ပြေးများက ခမည်းတော်နှင့် သားတော်နှစ်ဦး၏ ပေးဆပ်ရမည့် အတိုင်းအတာကို ဖော်ပြပေး ခဲ့ပါသည်။ ကယ်တင်ခြင်း ဆုကျေးဇူးသည် ကျွန်ုပ်တို့၏ စိတ်ကူးနိုင်သည် ထက်ပင် တန်ုဖိုးကြီးပါ၏
             သတင်းစာ၊ တီဗွီနှင့် အင်တာနက်မှာ လာသော သတင်းများတွင် အပြစ်မဲ့သူများကို ဓားစံခံ အဖြစ်နှင့် အသုံးချနေသည့် ဖြစ်ရပ်များ၊ ပြန်ပေးဆွဲမှုများနှင့် ကျွဲနှစ်ကောင်ခတ်သည့် ကြားမှ မြေစာပင် ဖြစ်ရသူတို့ အကြောင်းကို နေ့စဉ်နှင့်အမျှ ရှိနေပါသည်။ မဆိုင်ဘဲနှင့် အသတ်ခံကြရသည်။ ပဋိပက္ခထဲ မပါဘဲနှင့် ပစ်မှတ်ဖြစ်နေကြရသည်။ အလွန်မိုက်မဲ၍ သူရဲဘောကြောင်သော လုပ်ရပ်များ ဖြစ်ပါ၏။ ဤသို့ ပြုနေခြင်းဖြင့် မိမိတို့ရည်မှန်းချက်ပြည့်စုံမည်ဟု ဘာသာရေးအစွန်းရောက် သူများနှင့် အကြမ်းဖက်သမား များက ထင်နေကြသည်။


            သမ္မာကျမ်းစာထဲတွင် ဓားစာခံပြုခြင်း ခံရသူ နှစ်ဦးအကြောင်း ပါရှိပါသည်။ ပထမက ဣသရေလ လူမျိုး တစ်နှစ်တာအတွင်း ကျူးလွန်ခဲ့သော ဒုစရိုက်များအတွက် ဓားစာခံရသော ဆိတ်ဖြစ်ပါသည်။ အပြစ် အားလုံးကို သူ၏ဦးခေါင်းပေါ်တင်လျက် လူသူနှင့်ဝေးရာ တောထဲသို့ ယူဆောင်သွားစေသည့် လုပ်ရပ်ကို (၀တ်ပြု ၁၆း၂၁) ၌ တွေ့ရှိရပါမည်။ ထိုကြောင့် မဆီမဆိုင်နှင့် ကြားဝင်ခံရသောသူကို Scapegoat ဟု ခေါ်ခြင်း ဖြစ်သည်။ ဒုတိယ ဓားစာခံကတော့ ဘုရားကိုယ်တိုင်ပင် ဖြစ်ပါသည်။ ဓမ္မဟောင်းခေတ်မှ ဓားစာခံ ဆိတ်သည် ဓမ္မသစ်ကာလ၏ ဓားစာခံဖြစ်သော သခင်ယေရှု၏ ရှေ့ပြေးနိမိတ်ပင် ဖြစ်ပါ၏။ 
                ယနေ့ကျွန်တော်တို့ အဓိကထားပြီး စဉ်းစားရမည့် အချက်သည် ခရစ်တော်ပေးဆပ်ခဲ့ရသည့် အတိုင်းအတာ အကြောင်းဖြစ်ပါသည်။ သူကို မည်သူကမှ အတင်းအဓမ္မ မစေခိုင်းခဲ့ပါ။ ခိုင်း၍လည်း မရပါ။ လူသားများကို သနားသောကြောင့် ဓားစာခံအဖြစ် ၀င်ရောက်လျက် ခံယူခဲ့ခြင်းဖြစ်သည်။ ကျွန်ုပ်တို့၏ အပြစ် အားလုံးအတွက် သူကခေါင်းခံခဲ့ပါသည်။ ဟေရှာ ၅၃း၆)။ ထိုကြောင့် သခင်ယေရှုကို တွေ့တွေ့ချင်းပင် ဤလောက၏ အပြစ်ကို ဆောင်ယူသွားသော ဘုရားသခင်၏ သိုးသူငယ်ဟု နှစ်ခြင်းဆရာ ယောဟန်က ကြွေးကြော်ခဲ့သည်။ (ယော ၁း၂၉)။ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်မှ လူသားအားလုံး၏ အပြစ်ကြွေးကို ထမ်းလျက် ကရာနီကုန်းသို့ သွားရသည်မှာ မည်မျှခက်ခဲပါမည်နည်း။ သူထမ်းခဲ့ရသည့် ကားတိုင်သည် အဘယ်မျှ လေးလံမည်ကို စဉ်းစားကြည့်ပါ။ တစ်ညလုံးနှင့် နောက်နေ့ဝက်အထိ အကြိမ်ကြိမ် ရိုက်နှက်စစ်ဆေးခြင်းကို ခံပြီးမှ ကားတိုင်ကို ထမ်းခိုင်းပါသည်။ ရေတစ်ခွက်ပင် တိုက်မည်မဟုတ်ပါ။ ကားတိုင်တွင်ရိုက်ထားသော အခါ၌ပင် ပြက်ရယ် ပြုကြပါသေးသည်။ သားတော် ယခုကဲ့သို့ ခံစားနေရစဉ်တွင် ဘာမှမလုပ်ဘဲ ထိုင်ကြည့်နေရသော ခမည်းတော်ဘုရားကိုလည်း ကျွန်ုပ်တို့ မမေ့သင့်ပါ။ (မသဲ ၂၇း၄၆)

               ထိုအပြင် ဤကဲ့သို့ ခံရသည်မှာ သူ့ကိုချစ်သောသူများအတွက်ပင် မဟုတ်ပါ။ သူ၏ မေတ္တာနှင့် ကျေးဇူးတရားကို ငြင်းပယ်၍ တံတွေးထွေး၊ ပါးရိုက်၊ စော်ကားလျက် ကားတိုင်၌ ရိုက်ထားပါဟု တောင်းဆိုသည့် သူများအဖို့ပင် ဖြစ်ပါ၏။ လူတွေက ယခုကဲ့သို့ တုံပြန်မည် ဖြစ်ကြောင်းကိုလည်း ကြိုတင်တွက်ချက် ထားပြီးဖြစ်သည်။ စဉ်းစားကြည့်ပါ။ ကားတိုင်တွင် အသေခံရန် ဘုရားက မည်သည့်ပြင်ဆင်မှုမှ လုပ်ရန်မလိုပါ။ သည်လောကက သူ့ကို အသေသတ်မည်ဆိုခြင်းကို ကျိန်းသေ သိထားခဲ့ပါသည်။ ထိုကြောင့် ဘုရားကို ဓားစာခံအဖြစ် စေသောသူသည် ကျွန်ုပ်တို့ အပြစ်သားများပါပင်။
             မိမိအတွက် သခင်ယေရှုနှင့် အဖဘုရားသခင်တို့က မည်မျှ ပေးဆပ်ခဲ့ရသည့် အကြောင်းကို မကြာခဏ စဉ်းစားလျက် အသက်ရှင်သွားပါ။ အထူးသဖြင့် အပြစ်လုပ်မိသည့်အခါတိုင်း သတိရပါ။ သည်နှစ်တွင် ခရစ်တော်ကို ပိုချစ်မည်ဟုသန္နိဌာန် ချထားပြီးပြီလား။ သူ၏ မေတ္တာ၌ ခိုလှုံလျက် ကျေးဇူးတော်ကို တစ်နေ့ပြီးတစ်နေ့ ပိုမိုခံစားရသည့် အသက်တာကို ရယူကြပါ။ သည်အသက်တာကို ကျွန်ုပ်တို့ ရရှိရန် ဘုရားက ဓားစာခံ ဖြစ်ခဲ့ရသည် မဟုတ်လား။



                       Dr. ဖေမြတ်ဝင်း




No comments:

Post a Comment