Sunday, January 13, 2019

သူပြောခဲ့သောထိုနေရာ...

               မစ္စတာ အိပ်(ခ်ျ) အင်၊ ဂါစတင်ဆိုသူသည် ကျွန်တော်၏ ယောက္ခမဖြစ်ပါသည်။ အင်္ဂလိပ် ကပြားကြီး တစ်ဦးလည်းဖြစ်သည်။ ဤကမ္ဘာကြီး၌ အတော်ပင် အသက်ရှင်စွာ နေထိုင်ခဲ့ရသူ ဖြစ်၍လည်း အသက် (၈၅)နှစ် ကျမှ ကွယ်လွန်သွားခဲ့ပါသည်။ 
              သို့သော် သူမကွယ်လွန်မီ ထူးခြားလှသော ဖြစ်ရပ်တစ်ခုကို ရင်ဆိုင်ခဲ့ရဖူးသည်။ ၎င်းမှာ အခြား မဟုတ်ပါ။ အသက် (၈၂)နှစ် အရွယ်ကျမှ ခရစ်တော်ထံပါးမှ ထွက်ခွာသွားခြင်းပင် ဖြစ်သည်။
             “ ကားတိုင်ပေါ်မှာ ခရစ်တော်အသေခံရတာဟာ သူ့ဖာသာသူ ဖာရိရှဲတွေနဲ့ အတိုက်အခံ လုပ်ခဲ့လို့ပဲ။ ပြီးတော့ သူအသေခံခြင်းအားဖြင့် တို့များရဲ့ အပြစ်အတွက် ကိုယ်စားဝင်ခံတာ မဖြစ်နိုင်ဘူးကွာ။ အင်း.... ဒါထက်ဆိုးတာက ဟေ့.....။ ခရစ်တော်ဟာ သေခြင်းမှာ ရှင်ပြန်ထမြောက်တယ် ဆိုတာ ငါမယုံတော့ဘူးကွ” ဟု တစ်နေ့တွင် ကြေငြာလိုက် ပါတော့တယ်။
               ကျွန်တော်တို့အားလုံး တုန်လှုပ် ခြောက်ခြားသွားကြသည်။ ကျွန်တော်၏ ရင်တွင်း၌ နာကျည်းမှု၊ ဆို့နှင့်မှုများ ခံစားခဲ့ရပါသည်။


              ထိုနေ့မှစ၍ သူသည် ခရစ်ယာန်မဟုတ်တော့ဟု ကြေငြာသည်။ အရပ်တွင်လည်း တွေ့တွေ့ သမျှကို ပြောသည်။ ဘုရားရှိခိုးကျောင်းတက်ခြင်းမှ ရပ်စဲလိုက်သည်။ အိမ်ထောင် ၀တ်ပြုစည်းဝေးတွင်ပင် လာရောက် မထိုင်တော့ပေ။
              ပထမတွင် သူ့အနေနဲ့ နောက်ပြောင်ကျီစယ် နေသည်ဟု ထင်ခဲ့သည်။ သို့သော် တကယ်ပင် ပြတ်သားစွာ ကျင့်ကြံပြုမူနေသဖြင့် ကျွန်တော်၏ စိတ်၌ အံ့သြခြင်း၊ ထိန့်လန့်ခြင်း တို့က လွှမ်းမိုးသွားသည်။ ဓမ္မဆရာများ အပါအ၀င် မည်သူကမျှ ဖြောင်းဖြ ပြောဆို၍ မရတော့ပေ။

             ကျွန်တော်အနေဖြင့် ထိုစဉ်က အရက်သမားဘ၀မှ ခရစ်တော်ထံသို့ ပြောင်းလဲလာခါစ ဖြစ်ခဲ့သည်။ တရားပလ္လင်များ၌ လှည့်လည်ဟောပြော နေခဲ့သော်လည်း၊ ကျွန်တော်၏ အိမ်တွင်း၌ တစ်စုံတစ်ယောက်ကိုမျှ ပြောင်းလဲအောင် မဟောနိုင်လျှင် ရှက်ဖွယ်လိလိ ဖြစ်ပေတော့မည်ဟု ချက်ခြင်း သတိရလိုက် မိတော့သည်။
                သို့သော် ယင်းတာဝန်သည် ကျွန်တော့်အပေါ်သို့ လုံးလုံးလျားလျားကြီး ကျရောက်လာခဲ့ လေပြီ။ ထိုတာဝန်ကို ဦးလည်မသုံ ကျွန်တော် လက်ခံလိုက်ပါသည်။ သင်းအုပ်ဆရာဖြစ်သော ကျွန်တော်၏ ဖခင်ထံပြေးပြီး သူ၏ စာအုပ်ဘီဒိုများကို မွှေနှောက်ခဲ့ရသည်။ သီသြလော်ဂျီနှင့်ဆိုင်သော စာအုပ်များကို ရွေးချယ်ရသည်။ အထူးသဖြင့် ခရစ်တော်၏ အသေခံခြင်း၊အပြစ်ပြေရာ ပြေကြောင်း ကိုယ်စားခံခြင်း၊ ရှင်ပြန်ထမြောက်ခြင်း စသော (Doctrine of Atonement Resurrection) နှင့် ဆိုင်သော သဘောတရား များကို လေးလေးနက်နက် ကျေကျေညက်ညက် ဖတ်ရှုလေ့လာ ရမည်။
                ဓမ္မဆရာကြီးများနှင့် ဆွေးနွေးနှီးနှောရသည်။ ထိုစာအုပ်များကို လေးလေးနက်နက် လေ့လာ ခဲ့ရသည့်အကျိုး ကျေးဇူးတစ်ရပ်မှာ ကျမ်းစာကျောင်းတက်သည့် အခါတွင် သီသြလော်ဂျီကို ကောင်းစွာ နိုင်နင်းခဲ့ခြင်း ပင်တည်း။ အဆင်သင့်ဖြစ်သောအခါ သူ့အား စတင် တရားဟောရတော့သည်။ သူကလည်း ပွင့်ပွင့်လင်းလင်း ပြန်လည်ချေပ ပြောဆိုသည်။ အခြားသောဓမ္မဆရာများနှင့် ဆိုလျှင် အားနာနေရ၍ ယင်းသို့ မမေးလို၊ မဆွေးနွေးလိုဟု သူကဆိုသည်။ ကျွန်တော်နှင့် ပြောဆိုသည့်အခါ အားမနာတမ်း ရင်ဖွင့်တော့သည်။ ချေပသည်။ ဘွင်းဘွင်းပြောဆိုသည်။ 
                 အချို့သော အချက်အလက်များကို စာအုပ်ကလေးတွင် ရေးမှတ်သည်။ စဉ်းစား တွေးတောသည်။ ပြီးလျှင် အပြင်သို့ထွက်သွားသည်။ ပြန်လာလျှင် တိုးတက်လာသော ငြင်းဆိုချက်၊ ချေပချက်များ ပါလာတတ်သည်။သူ၌ အခါပေး ဦးပုညများရှိနေကြောင်း ထိုအချိန်ကျမှ ရိပ်စားမိလာတော့သည်။ အသက်ကြီးရင့်သူများ၏ ဆွေးနွေးဝိုင်းဖြစ်သည်။ အငြိမ်းစား သက်ရွယ်ကြီးများ အနေဖြင့် အလုပ်မရှိတိုင်း၊ ဘုရားရေး၊ တရားရေး ဆွေးနွေးကြခြင်း ပင်ဖြစ်သည်။ ကျွန်တော်၏ ချေပချက် များကို ထိုအုပ်စုတွင် သူကတင်ပြသည်နှင့် တူသည်။ ထူးခြားသည်မှာ ထိုအဖိုးကြီးများ၏ ၀ိုင်းသို့ ကျွန်တော့်အား ခေါ်မသွားခြင်းပင် ဖြစ်ပါသည်။
                  မည်သို့ပင်ဖြစ်စေ၊ ကျွန်တော်၏ တာဝန်မှာ သံသယရှိနေသူအား ရှင်းလင်းပြရန် ဟောပြော ရမည့်တာဝန်ကိုသာ ထမ်းဆောင်ရတော့မည်ဟု သတ်မှတ်ခဲ့ရသည်။ ထိုသဘောတရားကို ရှင်းလင်း ပြောပြရသည်မှာ မလွယ်လှပါ။ ကြိမ်ဖန်များစွာ တစ်ကိုယ်တည်း ဆုတောင်းခဲ့ရသည်။ ချွေးတဒီးဒီး ကျခဲ့သည်။ တစ်ခါတရံတွင်လည်း အလွန်ပင် စိတ်ပျက်အားလျော့ ခဲ့ရသည်။ ကြေကွဲမှုကိုလည်း ခံစားရသည်။ စိုးရိမ်ရခြင်းလည်း ဖြစ်ခဲ့ရသည်။
              သို့သော် ဘုရားသခင်သည် ကျွန်တော်အား သုံးတော်မူလေပြီ။
               နေ့တွေ၊ ရက်တွေ၊ လတွေ ကျော်လွန်လာခဲ့နှင့်အမျှ ကျွန်တော်၏ အောင်မြင်မှုကို တတိတိ ရရှိလာခဲ့တော့သည်။ သူ၏ သံသယစိတ်များ တဖြည်းဖြည်း လျော့ပါးခဲ့တော့သည်။ တစ်ခါတရံ ခေါင်းတငြိမ့်ငြိမ့်ဖြင့် နားထောင်ပြီး စဉ်းစားတွေဝေနေလေ့ရှိသည်။ မကျေနပ်ချက်များ နည်းပါးလာခဲ့သည် နှင့်အမျှ ကျွန်တော်၏ ဟောပြောချက် အဟုန်သည်လည်း ပြင်းထန်တက်ကြွလာ ရတော့သည်။
                 စာတန်မာရ်နတ်ကို တချီတချီ ချက်ကောင်းမိလိုက်သည့် အခါတိုင်း အရှိန်ပြင်းထန်စွာ ၀င်ရောက် လုံးထွေးရတော့သည်။ ၎င်း၏ စစ်ပရိယာယ်၊ စစ်ဗျူဟာ၏ သဘော၊ တိုက်စစ်၊ ထိုးစစ်၏သဘော ............။
                 တစ်နှစ်ကျော်ခန့်လောက်တွင်မှ ကျေားဇူးတော်ကြောင့် အောင်မြင်မှု ရသွားခဲ့ ပါတော့သည်။ “ကဲ..... ကျေနပ်ပါပြီ ဆန်နီရာ။ ငါသဘောပေါက်ပါပြီကွာ။ ငါ့ကို ဒီလိုအပင်ပန်းခံပြီး ရှင်းလင်းပြောပြတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ငါမှားတော့မလို့ သီသီကလေး လိုတော့တယ်ဟေ့ ” ဟု ၀န်ခံလိုက်ပါတော့တယ်။  တစ်အိမ်ထောင်လုံး ကျေးဇူးတော်ချီးမွမ်းကြလေသည်။
               သူသည်လည်း ဘုရားရှိခိုးကျောင်းတက်ခြင်း၊ အိမ်ထောင်ဝတ်ပြုစည်းဝေးတွင် ပါဝင်လာခြင်း၊ ကျမ်းစာဖတ် ဆုတောင်းခြင်းအမှုကို ပြန်လည်ကျင့်သုံး လာပါတော့သည်။ အသက် (၈၅)နှစ် ကျော်ကျော်တွင် လူကြီးရောဂါဖြင့် အိပ်ယာထဲ၌ လဲတော့သည်။ တစ်ရှောင်ရှောင်ဖြစ်လာခဲ့သည်။ အသက်လည်း ကြီးလာပြီ ဖြစ်သည့်အလျောက် ရောဂါများ ထူပြောလာသည်။ မကြာမီ ဆုံးပါးတော့မည် ဖြစ်ကြောင်း ကျွန်တော်တို့လည်း ရိပ်မိလာသည်။ 
               နောက်ဆုံးတွင် ရန်ကုန်ဆေးရုံးကြီးသို့ တင်လိုက်ရတော့သည်။ သူ့ခမျာ တဖြည်းဖြည်း အားနည်းလာခဲ့သည်။ လက်မောင်းရှိ အကြောများထဲသို့ အားဆေးများ သွင်းပေးရသည်။ ကျွန်တော်လည်း ထိုအချိန်တွင် ကျမ်းစာကျောင်း တက်နေရသည် ဖြစ်၍ သူထံ နေ့တိုင်းမသွားရောက် နိုင်တော့ပါ။
              တစ်နေ့တွင် သူသည် တစ်ညနှင့် တမနက်တိုင်တိုင် မေ့မျောနေခဲ့သည်။ အနား၌ ကျွန်တော် ဆုတောင်းပေးခဲ့ရုံမှ လွဲ၍ ဘာမှ မတတ်နိုင်ခဲ့။ မေ့မျောနေကြောင်းကို ဆရာမများက သိကြသည်။ သွေးခုန်နှုန်းကိုသာ မကြာခဏ တိုင်းကြည့်နေကြရုံပင် ဖြစ်ခဲ့သည်။ မေ့မျောသွားပြီး ပြန်လည်နိုးထလျှင် နိုးထချင်း ကျွန်တော်အား အခေါ်ခိုင်းတော့သည်။ သူ့ထံသို့ အပြေးအလေး သွားရောက်ခဲ့သည်။ သူ့အားတွေ့လျှင် တွေ့ချင်း ကျွန်တော်အံ့သြသွားမိရတော့၏။
             မျက်နှာသည် လန်းဆန်းစိုပြေလျက်ရှိသည်။ မျက်နှာမှာ ပြံးချိုနေ၍ သူ၏ရင်တွင်း၌ ကြည်နူးခြင်း၊ နှစ်သိမ့်ခြင်း၊ အားရရွှင်ပျခြင်း ဖြစ်နေကြောင်းကို သူ၏ မျက်နှာထားက ဖော်ပြနေသည်။
             “ မင်းကိုလေ အင်မတန်မှ အရေးကြီးတဲ့ စကားတစ်ခွန်း ပြောချင်လွန်းလို့ အခေါ်ခိုင်း ရတာပါကွာ။ မင်း ကျမ်းစာကျောင်းတက်ရတာ အနှောက်အယှက် ဖြစ်သွားရင် ခွင့်လွှတ်ပါ။ ဒါပေမယ့် အင်မတန်မှ အရေးကြီးတဲ့ စကားတစ်ခွန်းကို  ပြောချင်လို့ပါကွာ” ဟု တောင်းပန်ရှာသည်။
             သူ့အသံသည် အားနည်းခြင်း၊ တုန်ရီခြင်း မရှိတော့။ မျက်နှာထားသည် လန်းဆန်းရွှင်ပြနေ၍ သူ၏မျက်လုံးများသည် တဖျက်ဖျက် အရောင်တောက်နေသည်။ သူက ကျွန်တော်၏ လက်ကိုဆုပ်ကိုင် ထားရင်းနှင့် ထိုသို့ ပြောနေခဲ့ခြင်း ဖြစ်သည်။
              “ ပြောသာပြောပါ။ ကျွန်တော် နားထောင်နေပါတယ်”
             “ ငါလေ ခဏ မေ့မျောသွားခဲ့တယ်။ မင်းလည်း ကြားမိပါလိမ့်မယ်။ အဲဒီ မေ့မျောသွားတဲ့ အချိန်မှာလေ ငါဘယ်ရောက်သွားတယ် ထင်သလဲဟင်”
            ကျွန်တော် ဘာမှပြန်မဖြေပါ။
           သူ့ကိုသာ စိုက်ကြည့်နေမိသည်။ ဂယောင်ချောက်ခြား ပြောဆိုခြင်း လုံးဝမဟုတ်ကြောင်း သေချာ လှသည်။ 
               “ ငါလေ အဲဒီအချိန်မှာ ဟိုနေရာ၊ ဟိုကွာ၊ ဟိုနေရာကို ရောက်သွားခဲ့တယ် ဟေ့” 
            သူ၏ စကားသံသည် ပြတ်သားလှသည်။ တည်ငြိမ်လှသည်။ 
             “ ဟိုနေရာဟုတ်လား။ ဟိုနေရာဆိုတာ ဘယ်မှာလဲဟင်”
            ကျွန်တော်က အငန်းမရ မေးလိုက်သည်။
            သူသည် အင်္ဂလိပ်လို ပြောခဲ့ခြင်းဖြစ်သည်။ ” I have been there” ဟုပြော၍ ကျွန်တော်က ထို There “ဟိုနေရာ” ဆိုသည်ကို ရှင်းလင်းစွာသိလို၍ မေးခဲ့ခြင်းသာဖြစ်သည်။ 
             “ဟိုနေရာလေကွာ။ ခရစ်တော်ပြောတဲ့ ဟိုနေရာလေ”
           ကျွန်တော်ချက်ခြင်း သဘောပေါက်သွားပြီး စိတ်ပါဝင်စားမှု၊ စူးစမ်းသိလိုမှု စိတ်ထားများ တဟုန်တည်း နိုးကြားထကြွလာခဲ့သည်။ ထိုအခါ၌ ဆရာမများ၊ အိမ်သားများ အချို့ ရှိနေကြသည်။ အားလုံး ကြားကြသည်။
             “ အဲဒီ...... ဟုနေရာ အကြောင်းကိုလေ ကျွန်တော့်ကို နည်းနည်းပြောပြပါလား။ ဘယ်လိုနေလဲဟင်။ သစ်ပင်တွေ စိမ်းစိမ်းလန်းလန်း ရှိသလား။ နေရောင်ခြည်လေးတွေ ကွန့်မြူးနေသလား။ နောက်ပြီး ဘယ်သူတွေနဲ့ တွေ့ခဲ့သလဲ ဟင်”
              ကျွန်တော်က ဤသို့ပင် အငန်းမရဆက်၍ မေးခဲ့ပါသည်။
              “ ဟာကွာ။ ကြည်နူးစရာ၊ စိတ်ချမ်းသာစရာ သိပ်ကောင်းတာပဲ။ အင်မတန်မှ သာယာလွန်းလို့ စိတ်ထဲမှာ အေးစိမ့်သွားပြီး ရင်ထဲမှာ ပူပင်စရာဟူသမျှ ကျသွားတာပဲ။ ငါပါးစပ်နဲ့ ရှင်းပြနေလို့ မရသလောက်ပဲ”


           ကျွန်တော် ထပ်မံသဘောပေါက်ခဲ့ပြန်သည်။
            “ဘုရားသခင်ကို ချစ်သောသူတို့အဖို့ ဘုရားသခင်ပြင်ဆင်တော်မူသော အရာတို့ကို လူမျက်စိဖြင့် မမြင်၊ နားဖြင့်မကြား၊ စိတ်နှလုံးဖြင့် မကြံစည်သေး” (၁ကော ၂း၉)။ ဟူသော ကျမ်းချက်ကို ချက်ခြင်း သတိရလိုက်၍ ထိုနေရာမျိုးကို လူ့စကားဖြင့် ဖွဲ့နွဲ့ပြောပြနိုင်စွမ်း မရှိကြောင်း သတိရမိသည်။
           သူ၏ မျက်နှာတွင် ငြိမ်သက်ခြင်း၊ ရွှင်ပြခြင်း၊ အေးငြိမ်းခြင်း၊ ကြည်နူးခြင်းက ရှင်းရှင်းကြီး ပေါ်လွင်နေသည်။ 
             “ပြီးတော့လေ၊ ပြီးတော့။ ငါ့အဖေရယ်၊ အမေရယ်ကို တွေ့ခဲ့ရတယ်။ သူတို့ကပြောတယ်ကွ။ ငါ့ကိုစောင့်နေကြတယ်တဲ့။ သြော်ဒါနဲ့ ထူးခြားတဲ့ ကိစ္စတစ်ခု ရှိသေးတယ်ကွာ။ ငါ့ရဲ့အဖေ၊ အမေနဲ့အတူ ဘယ်သူကို တွေ့ခဲ့တယ် ထင်သလဲဟင်။ ငါ့ညီကွ။ ငါ့ညီကို တွေ့ခဲ့ရတယ်။သူရောက်တာ မကြာသေးဘူး လို့လည်းပြောတယ်“
         “ဟာ.............”
              ရင်ခုန်နှုန်း မြန်ဆန်လာသည်။ မယုံနိုင်လောက်အောင်ပင် ဖြစ်ခဲ့ရသည်။ သူ၏အဖေ၊ အမေ ဆုံးပါးခဲ့သည်မှာ ကြလှပါပြီ။ သို့သော် သူ၏ညီ ကွယ်လွန်သည်မှာ မကြာမြင့်လှသေး။ သူဆေးရုံတက် နေစဉ်က စာတစ်စောင် ရောက်လာခဲ့သည်။ သူ၏ညီ ဆုံးပြီဖြစ်ကြောင်း ရေးထားသည်။ သို့သော် စိတ်မကောင်း ဖြစ်မည်စိုး၍ မပြောဘဲ ထားခဲ့ကြသည်။


         “သူတို့က ပြောတယ်ကွာ။ ငါလည်း သူတို့နဲ့အတူနေဖို့ မကြာခင် ရောက်လာတော့မယ်တဲ့။ ဘယ်တော့လဲသိလား”
            “ဟင့်အင်း”
             “သုံးရက်တဲ့ကွ သုံးရက်”
           ပါးစပ်က ပြောရုံတင် သာမက လက်သုံးချောင်းပါ ထောင်ပြလိုက်သည်။ သူ့အနေဖြင့် “ထိုနေရာ” ကို သွားလိုပြီ ဖြစ်ကြောင်း ဆန္ဒရှိလာကြောင်း တွေ့ရသည်။
            သူ့ထံမှ ထ၍ အလာတွင် ဆရာဝန်၊ ဆရာမများက ပြောသည်။ သူသည် အထူးပင် လန်းဆန်း အားပြည့်လာပြီဖြစ်ရာ အခုအခြေအနေတိုင်းဆိုလျှင် သုံးရက်မက၊ နောက်ထပ် (၁၀) ရက်ခန့် နေရလိမ့် ဦးမည်ဟု ဆိုကြသည်။
              အိပ်ယာထဲတွင် လဲနေသောသူသည် ထလျက် လမ်းပင်လျှောက်နိုင်နေပြီ။ အခြေအနေ တိုးတက်ကောင်းမွန်လာသည်နှင့် အမျှ အားဆေးသွင်းခြင်းကိုပင် ခေတ္တရပ်ဆိုင်း ထားရသည်။ ပွဲတော် မင်္ဂလာ ဆက်ဆံလိုကြောင်း ပြောသဖြင့် နောက်တစ်နေ့တွင် စီစဉ်ပေးရတော့သည်။
            သို့သော် သူက ကျွန်တော်တို့ကို ထို အကြောင်းအရာများ ပြောပြပြီး၊ သုံးရက်တိတိ မြောက်သော နေ့တွင်ကား အေးဆေးငြိမ်သက်စွာဖြင့်ပင် အသာတကြည် ခရစ်တော်၌ အိပ်ပျော်သွားခဲ့ ပါတော့သည်။
          သူပြောခဲ့သော “ထိုနေရာ” သို့ အရောက်သွား ခဲ့လေပြီ တကား။


                   သံလျင် ဖေသွင်

No comments:

Post a Comment