Monday, January 14, 2019

ယုံကြည်ခြင်း

              ရုရှားပြည်၌ တော်လှန်ရေးခေတ် အခါတွင် ဖြစ်ပါသည်။ ၎င်းတိုင်းပြည်ရှိ လူများစွာတို့သည် အစာ ငတ်မွတ်ခေါင်းပါးသဖြင့် သေဆုံး ပျက်စီးရရှာပေသည်။ အလွန်ချမ်းသာကြွယ်ဝသော သူများသည်လည်း သူတောင်းစား အဖြစ်သို့ သက်ရောက်ကြ ပါတော့သည်။ ထိုသူတို့အဖို့ ငိုရုံမှ တစ်ပါး ဘာမှ မတတ်နိုင်ကြပေ။
             ထိုအခါ၌ မိသားစုတစ်ခုတွင် အလွန်ခက်ခဲသော ဘေးဒုက္ခနှင့် ရင်ဆိုင်နေရ လေသည်။ ဖခင်မှာ အသတ်ခံရ၍ မိခင်ဖြစ်သူမှာ သေဆုံးပြီးနောက် ကလေးသုံးယောက်မှာ အဖွားဖြစ်သူနှင့် နေကြရရှာသည်။ တစ်ချိန်က အလွန်လှပသော အိမ်ကြီးတွင် နေရလျက် ကောင်းမွန်သောအစာများမှာ စားပွဲပေါ်တွင် အစဉ် ရှိနေခဲ့သော်လည်း ယခုမူ၊ တဲကုပ်လေးတစ်ခုတွင် နေကြရှာသည်။


              အဖွားဖြစ်သူမှာ ကလေးများ အသက်ရှင်နိုင်ရေးအတွက် ပင်ပန်းစွာဇာထိုးခြင်း လုပ်ငန်း အားဖြင့် ကြိုးစားရရှာသည်။ တစ်နေ့တာ လုပ်ငန်းပြီးဆုံးသည်နှင့်  မိမိတို့ မည်သို့ အသက်မွေးရမည်ကို မစဉ်းစား ၀ံ့သလောက် ဖြစ်ရလေသည်။ အကြောင်းမှာ အစာအနည်းငယ်သာ ရှိသောကြောင့် ပင်တည်း။
           တစ်နေ့သောအခါ နောက်ဆုံးအစာကို စားသောက်ရလေသည်။ နေ့လည်စာအတွက် မုန့်အကြွင်း အကျန် အစအန ကလေးများကို စားသုံးပြီးသော် ပေါင်မုန့်ဂျိုးကလေးများပင် မကျန်တော့ပေ။ အဖွား ဖြစ်သူမှာ အလွန်ဝမ်းနည်းမိ လေသည်။ နောက်ဆုံး ကလေးသူငယ်များကို ခေါ်၍ မိမိတို့ ရင်ဆိုင်နေရသော ဘေးဒုက္ခကို ပြောပြလေသည်။ ထိုနောက်တွင်ကား ဒူးထောက်လျက် ဆုတောင်းကြသည်။ ဘုရားသခင် မကယ်မပါ လျှင် မိမိတို့သည်လည်း အခြားသူများ ကဲ့သို့ အစာငတ်မွတ်၍ သေရတော့မည်ကို သိကြ လေသည်။


               အားလုံး ဆုတောင်းကြသည့်အထဲတွင် မိန်းကလေးငယ်၏ ဆုတောင်းချက်မှာ “ အိုအဘ၊ ကျွန်ုပ်တို့အတွက် ညစာစားသောက်ကြရန် မစတော်မူပါ။ မုန့်ဂျိုးကလေးများ သာမက ပေါင်မုန့်တစ်လုံး ကိုလည်း ပေးသနားတော်မူပါ” ဟူ၍ ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ပေါင်မုန့်တစ်ခုလုံးအား ရက်ပေါင်းများစွာကပင် မမြင်ခဲ့ရသောကြောင့် ဖြစ်ပါသည်။
               ညစာ စားချိန်ကား ရောက်လေပြီ။ သို့သော် စားစရာ တစ်စုံတစ်ခုမျှ မရှိပေ။ “ အဖွား ဘာဖြစ်လို့ မုန့်လှီးဓားကို မသွေးသေးပါသလဲ” လို့ မိန်းကလေးက မေးလိုက်ပါသည်။ အကြောင်းမှာ သူမသည် မိမိ၏ ဆုတောင်းခြင်းမှာ ဧကန်ပြည့်စုံမည်ဟု စွဲမြဲစွာ ယုံကြည်ထားသောကြောင့် ဖြစ်ပါသည်။ ညနေကား ကျော်လွန်ခဲ့ လေပြီ။ အအေးဒဏ်နှင့် ဆာလောင်ခြင်းဒဏ်ကြောင့် ကလေးများလည်း အိပ်ယာသို့ ၀င်လေပြီ။ ထိုအချိန်တွင် တံခါးခေါက်သံကို ကြားရလေသည်။ နှင်းများ ဖုံးလွှမ်းနေသော လူတစ်ယောက်သည် အပြင်၌ ရပ်နေသည်ကို  တွေ့ရသည်။ ထိုသူသည် တစ်နေ့လုံး မိုင်ပေါင်းနှစ်ဆယ်မျှ လျှောက်ခဲ့ရသည်။ ထိုသူမှာ ၎င်းမိသားစု၏ မိတ်ဆွေဟောင်း ဖြစ်သဖြင့် အထဲသို့ ဖိတ်ခေါ်လိုက်သည်။
            “ဘယ်လို အကြောင်းကများ။ မင်းကို ဒီကို လာစေပါသလဲ” ဟု မေးမြန်းလိုက်သည်တွင် မိတ်ဆွေက -


          “ဒီနေ့ နေ့ခင်း အချိန်မှာ တစ်စုံတစ်ယောက်က ကျွန်ုပ်ကို တိုက်တွန်းနေသလိုပဲ။ မိတ်ဆွေတို့ဟာ အလွန်ကြီးမားတဲ့ ဒုက္ခကို ရင်ဆိုင် နေကြတဲ့အတွက် ကျွန်ုပ် မင်းတို့ဆီ ချက်ချင်းလာရမယ်လို့ စိတ်ထဲမှာ ဖြစ်ပေါ်နေတယ်” ဟု ပြန်ပြောလျက် ကလေးများအား
           “ ဒါနဲ့ မင်းတို့ဦးဦး ဘာကိုယူခဲ့သလဲ ဆိုတာကို မှန်းဆနိုင်မှာ မဟုတ်ဘူးနော်” ဟူ၍ မေးလိုက်စဉ် တွင် ဆုတောင်းထားသော မိန်းကလေးက -
             “ကျွန်မပြောနိုင်ပါတယ်”
             “ကဲ.... ဒီလိုဆို၊ ဘာများလဲကွယ် ပြောပြပါဦး”
             “ ဦးဦးယူခဲ့တာ ပေါင်မုန့်ကြီးကြီးတစ်လုံး ပါပဲ”
         ထိုသူသည်လည်း အထုပ်တစ်ခုအား ဆွဲထုတ်လိုက်လျက်
          “မင်း ဘယ်လိုကြောင့် သိတာလဲကွယ်” ဟု မေးလိုက်သည်တွင် သူတို့သည်လည်း မိမိတို့သည် အဖဘုရားသခင်ထံမှာ ဘယ်ကဲ့သို့ ဆုတောင်းခဲ့ကြောင်း ပြောပြပြီးနောက် အားလုံး ဒူးထောက်ကာ အဖ ဘုရားသခင်သည် မိမိအား ယုံကြည်သောသူအပေါင်း တို့ကို အံ့သြဖွယ်ရာ လိုအင်ဆန္ဒ ပြည့်စုံစေတော် မူကြောင်း ကျေးဇူးတင်စွာဖြင့် ဆုတောင်းလျက် ကျေးဇူးတော်ကို ချီးမွမ်းကြလေသည်။
            ကျွန်ုပ်တို့အား ခရစ်တော်ဘုရား ဟောကြားတော်မူခဲ့သည်မှာ -


            “သင်တို့သည် ဆုကျေးဇူးကို ရမည်ဟု ယုံကြည်သောစိတ်နှင့် ဆုတောင်းသမျှကို ရကြလိမ့်မည်” ဟူ၍ပင် ဖြစ်ပါသည်။ ထိုနည်းတူစွာ ကျွန်ုပ်တို့သည်လည်း ထိုမိန်းကလေးကဲ့သို့ ယုံကြည်ခြင်းတိုက်မြစ်ကို ပိုမို၍ ခိုင်မာရန် ကြိုးစားကြပါ ကုန်စို့။

                             မီမီ (ပြည်) 


No comments:

Post a Comment