ချစ်ခြင်းစတင်ဖြစ်တည်ရာ
( ရိုးရာထူး )
“ ဘုရားသခင်သည် ငါတို့ကို ရှေ့ဦးစွာ ချစ်တော်မူသောကြောင့် ငါတို့သည်
ဘုရားသခင်ကို ချစ်ကြ၏ ” (၁ ယော ၄း၁၉)
လူတွေဟာ .............
ချစ်ခြင်းမေတ္တာနဲ့ ရှင်သန်ကြတယ်။ ချစ်ခြင်းမေတ္တာကြောင့်အသက်ရှင်နေတယ်ဆိုရင် ကဗျာ
ဆန်ဆန်ပြောနေတာဖြစ်တယ်လို့ ထင်မလားပဲ။
တစ်ခါတော့ ............
ဖရက်ဒရစ်ဘုရင်ကြီးက လေ့လာစမ်းသပ်မှု တစ်ခုလုပ်ခဲ့တယ် ။ ဘာသာစကားနဲ့ပတ်သက်ပြီး
ပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုပါ။ သူက ဘာသာစကား လေး၊ငါး မျိုးလောက်ကို ကျွမ်းကျွမ်းကျင်ကျင်
ပြေဆိုတတ်တယ်လေ။
သူက လူဟာမွေးကတည်းက စကားသင်ပေးစရာမလိုဘဲ အချိန်တန်အရွယ်ရောက်ရင် အလို
လို ပြောတတ်လာလိမ့်မယ်လို့ ယူဆတယ်။ ဒီလိုပြောလာတဲ့စကားကသာ အစစ်အမှန် ဘာသာ
စကားလို့ ယုံကြည်ပါတယ်။
သူ့ရဲ့လေ့လာမှုအတွက် မွေးကင်းစ ကလေးငယ်တွေကို မိခင်ထံမှယူပြီး မွေးစားမိခင်တွေ
နဲ့ သီးသန့်ပြုစုပါတယ်။ မွေးစားမိခင်တွေက သူတို့တွေကို လိုလေသေးမရှိအောင် ပြုစုစောင့်ရှောက်
ကြရတယ်။
ဒါပေမဲ့ မွေးစားမိခင်တွေက ကလေးငယ်တွေကို စကားပြောခြင်း၊ ချော့မြူခြင်း၊ ပြုံးပြခြင်း
မလုပ်ရပါဘူး။ နောက်ပြီး တခြားသူဆီက စကားသံကိုလည်း မကြားရအောင်စီမံထားတယ်။
ဖရက်ဒရစ်ဘုရင်ကြီးရဲ့ လေ့လာစမ်းသပ်မှု မအောင်မြင်ခဲ့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကလေးငယ်
တွေ အားလုံး သေဆုံးကုန်လို့ပါပဲ။
ကလေးငယ်တွေကို လိုအပ်တဲ့ အဟာရကိုပြည့်ဝစွာ ရရှိခဲ့ကြပါတယ်။ေ ကာင်းမွန်တဲ့
ပြုစုစောင့်ရှောက်မှုလည်းရခဲ့ကြပါတယ်။ ဘာကြောင့်များသေဆုံးသွားရတာလဲ။
အဖြေကရှင်းပါတယ်။
ချစ်ခြင်းမေတ္တာ မရရှိခဲ့လို့ပေါ့။
မွေးစားမိခင်ထံမှ ကြင်နာယုယမှုတွေ မရခဲ့ဘူး။ သာယာတဲ့ စကားသံတွေမကြားရဘူး။
ပတ်သပ်ချော့မြူခြင်းတွေ မခံစားခဲ့ရဘူး။ ပြုံးရွှင်တဲ့မျက်နှာတွေကို မမြင်ခဲ့ရဘူး။
ဒါဆိုရင် .........
“ လူတွေဟာ ချစ်ခြင်းမေတ္တာကြောင့်သာ ရှင်သန်ခဲ့ပါတယ် ” ဆိုတဲ့စကားဟာ တင်စား
ပြောဆိုမှု တစ်ခုမဟုတ်ဘူးဆိုတာ ယုံပြီပေါ့နော်။ ဒီစမ်းသပ်မှုအရ ကျွန်တော်တို့တတွေ အခုလို
ရှင်သန်အသက်ရှင်နိုင်ခဲ့တာ ချစ်ခြင်းမေတ္တာကို ရရှိခဲ့ကြလို့ပဲဖြစ်မှာပါ။
ကျွန်တော်တို့တွေ ချစ်တတ်လာအောင် အချစ်ခံခဲ့ဖူးလို့ပါ။
အချစ်မခံခဲ့ရသူဟာ မချစ်တတ်ဖူးတဲ့။
ဒါကြောင့် မာသာထရီဇာက ဒီလိုပြောခဲ့တာပေါ့။ “ ချစ်ခြင်းမေတ္တာကို သင့်၏အိမ်မှာ
အရင်ဆုံးစတင်လိုက်ပါ။ သင့်ရဲ့ ယောင်္ကျား/မိန်းမ ၊ သားသမီးတွေကို ချစ်ပါ။ သင့်အိမ်ရောက်
လာခဲ့သူတွေကို အလာနဲ့အပြန် မတူရအောင် ပြောဆိုဆက်ဆံပါ။ ” တဲ့
အာရိယတ်တိက ..........
ကလေးငယ်တို့သည် မိဘတို့၏ချစ်ခင်မှု ၊ ဂရုစိုက်မှု ၊ လက်ခံမှုကိုလိုအပ်သည်။ သို့မှ
သာ လုံခြုံသော ခံစားမှုကိုရနိုင်ပေမည်။ မိဘများကလိုလားသည်ဟု သူခံစားရမှသာ သူသည်
တန်ဖိုးရှိသူ အိမ်သားဖြစ်သည်ဟု ခံစားမှုရှိလာပေမည်ဟု ဆိုခဲ့ပါတယ်။
ကလေးငယ်နဲ့မိဘ ဆက်ဆံရေး ချို့ယွင်းခဲ့ရင် ကလေးငယ်မှာ စိုးရိမ်စိတ် ၊ နိမ့်ကျစိတ်
မလုံခြုံစိတ်တို့ ဖြစ်ပေါ်လာပြီး စိတ်ဖွံဖြိုးမှု အနှောက်အယှယက်ဖြစ်စေတတ်တယ်လို့ ဆိုပါတယ်။
ကျွန်တော်တို့ထင်ယောင်ထင်မှား ဖြစ်တာတစ်ခုရှိသေးတယ်။ ကျွန်တော်တို့တွေဟာ
မိဘစုံစုံလင်လင်နဲ့ ပြည့်ပြည့်စုံစုံ ပျော်ပျော်ရွှင်ရွှင်ကြီး ကြီးပြင်းလာမယ်ဆိုရင် သူတစ်ပါးကို
ပိုပြီးချစ်တတ်မယ်လို့ ထင်တတ်ပါတယ်။
မဟာမေတ္တာကရုဏာရှင်ကြီးလို့ ကမ္ဘာမှာကျော်ကြားခဲ့တဲ့ မာသာထရီဇာရဲ့ဘ၀က ဒီအယူ
အဆ မှားတယ်ဆိုတာ သက်သေပြနေပါတယ်။ မာသာထရီဇာတို့အိမ်ထောင်မှာ အဖေ၊အမေနဲ့
မောင်နှမ သုံးယောက်ရှိပါတယ်။ မာသာထရီဇာ အသက်(၇)နှစ်အရွယ်မှာ သူ့ဖခင်ဟာ နိုင်ငံရေး
လှုပ်ရှားမှုမှာ ပါဝင်မှုကြောင့် လုပ်ကြံခြင်းခံရပါတယ်။ မိခင်ဖြစ်သူက ပန်းထိုးအ၀တ်တွေရောင်းပြီး
မိသားစု ၀မ်းရေးအတွက်ရုန်းကန်ခဲ့ရတယ်။
မာသာထရီဇာကို အင်တာဗျူးလုပ်ရာမှာ သူက သူဆောင်ရွက်နေတဲ့ သာသနာပြုလုပ်ငန်း
တွေကိုသာ အဓိကပြောတတ်ပြီး သူ့မိသားစုအကြောင်းကို ပြောလေ့မရှိပါဘူး။ ဒါပေမဲ့ သူ့ရဲ့
ဝိညာဉ်ရေးအသက်တာဟာ မိသားစုဘ၀က အဓိက ကျခဲ့တယ်ဆိုတာဖော်ပြခဲ့ပါတယ်။ ညနေတိုင်း
သူတို့မိသားစု ၀တ်ပြုဆုတောင်းခဲ့တာကို သတိရတယ်။ သူတို့မိသားစု ဆင်းရဲပေမဲ့ မီးဖိုချောင်
စားပွဲဝိုင်းကလေးမှာ ဆွေမျိုးတွေနဲ့အတူ စားသောက်ခဲ့တာ၊ တစ်ခါတစ်ရံ သူစိမ်းဧည့်သည် ပါတတ်
တာတွေ ........။ သူ့မိခင်ကြီးက မိန်းမ အရက်သမားတစ်ဦးကို ဆေးကြောသန့်စင်ပေးပြီး အနာတွေ
ကိုဆေးထည့်ပေးခဲ့တာ .....။မိခင်ဖြစ်သူ ကွယ်လွန်မယ့်နေ့မှာပဲ မိခင်ထံသွားပြီး အားပေးစကား
ပြောခဲ့တာတွေဟာ မာသာထရီဇာအတွက် မမေ့နိုင်စရာပဲ။
သူ့မိခင်ရဲ့သွန်သင်ချက်တစ်ခုက
“ ဘုရားသခင်ကို ချစ်ပါ။ တို့နဲ့စပ်ဆိုင်တဲ့သူတွေကို ချစ်ပါ ” တဲ့။
ဒါကြောင့်ထင်တယ်။
မာသာထရီဇာက ချစ်ခြင်းမေတ္တာနဲ့ပတ်သက်လာရင် အိမ်ထောင်မိသားစုဟာ အရေးကြီး
ကြောင်း ညွှန်ပြထားတယ်လေ။
ကျွန်တော်တော့ ဒီအကြောင်းတွေကို စဉ်းစားရင်း .........။
ဓမ္မသီချင်းတစ်ပုဒ်ကို တိုးတိုးလေး အသံထွက်ဆိုမိတယ်။
“ ပတ်ဝန်းကျင် တင့်တယ်စေရာ .....
အိမ်ထောင်မှာ မေတ္တာ ......... ”
No comments:
Post a Comment