Showing posts with label လူငယ်ဂဏ္ဍ. Show all posts
Showing posts with label လူငယ်ဂဏ္ဍ. Show all posts

Sunday, October 16, 2016

တနင်္ဂနွေနေ့ဘုရားကျောင်းတက်ဖို့လိုသလား

မေး ။            ။ တနင်္ဂနေ့တွင် ဘုရားကျောင်းတော်သို့သွားဖို့ လိုအပ်ပါသလား။ ကျမ်းစာဖတ်၊ ဆုတောင်း၍ နေရုံမက တစ်ခါတစ်ရံရေဒီယိုမှ အလွန်ကောင်းမွန်သော တရားဟောချက်များ သာယာ နာပျော်ဘွယ်ကောင်းလှသော ဓမ္မသီချင်းသံများကိုနားထောင်ပြီး ဘုရားကိုအာရုံပြုရင်လည်း မဖြစ်နိုင်ဘူးလား။ 

ဖြေ ။             ။ ဘုရားရှိခိုးကျောင်းတက်ရန်လိုပါသည်။
                    အသင်းတော်ဆိုသည်မှာ ခရစ်တော်ကတည်ဆောက်ပေးလိုက်သော လူ့အဖွဲ့အစည်း တစ်ရပ်ပင်ဖြစ်သည်။ လောကရှိအခြားအရာများသည် ဘုရားသခင်၏ ဖန်ဆင်းခြင်းအမှုတော်၏ တစ်စိတ် တစ်ဒေသမျှသာဖြစ်သော်လည်း အသင်းတော်သည် ခရစ်တော်၏ သေခြင်းနှင်ရှင်ပြန်ထမြောက်ခြင်း တည်းဟူသော ကြီးစွာသော အမှုကြီးမှ ပေါက်ဖွားလာသော ကိစ္စရပ်ဖြစ်ပါသည်။
               အသင်းတော်ဆိုသည်မှာ မျက်မြင်ရသောအသင်းတော်၊ မျက်မြင်မဟုတ်သောအသင်းတော် ဟူ၍ ပါရှိသော်လည်း ခရစ်တော်၏ နောက်တော်လိုက်သိုးများ အနေဖြင့် မျက်မြင်ထင်ထင်ရှားရှား စုဝေးကြခြင်းသည် မျက်မြင်တွေ့ရသောအသင်းတော် ပင်ဖြစ်သည်။ ထိုသို့သော လူ့အဖွဲ့အစည်းများနှင့် ခရစ်ယာန်တို့ အမြဲဆက်သွယ်နေထိုင်ရပေမည်။ ရေဒီယိုမှာကြားရသော တရားဟောချက်များနှင့် ဓမ္မ တေးသံတို့သည် မည်မျှပင်ကောင်းမွန်ပါလေစေ ခရစ်ယာန်အချင်းချင် မိသဟာယဖွဲ့ပြီး အတူတကွ ၀တ်ပြုကြခြင်း၊ အတူတကွဆုတောင်းကြခြင်း၊ ကူညီရှိုင်းပင်းကြခြင်း အစရှိသည်တို့ကို ပြုနိုင်မည့် ဘုရားရှိခိုးကျောင်းတက်ခြင်းနှင့် အစားမထိုးပါနှင့်ခင်ဗျား

                                                       ဦးဖေသွင်









Saturday, October 15, 2016

ဘုရားသခင်ကအဘယ်ကြောင့်ယာကုပ်ကိုရွေးချယ်ခဲ့သနည်း

မေး ။            ။ ယာကုပ်သည်လိမ်လည်လှည့်ဖျားပြီးဧသော၏သားဦးအရာကို ယူခဲ့ပါသည်။ ဤသို့ လိမ်လည်၍ယူခဲ့သော သားဦးအရာကို ယူခြင်းသည်မမှန်ကန်ဟု ကျွန်တော်ထင်ပါသည်။ အဘယ်ကြောင့် ဘုရားသခင်သည်ဧသောကို မုန်းပါသနည်း

ဖြေ ။              ။ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်ပါသည်။ မည်သူ့ကိုမျှမမုန်းပါ။ သို့သော် ဘုရားသခင်သည် အပြစ်ဒုစရိုက်ကိုမုန်းတီးပြီး အပြစ်သားကိုချစ်သည် ကိုအမြဲသတိရနေစေပါသည်။ ဧသောကိုမုန်းခြင်း (ရောမ ၉း၁၃၊ မာလခိ ၁း၂-၃)ဟူသောစကားကို အတိအကျအဓိပ္ပါယ်ကောက်၍ အမှန်မယူဘဲဘုရားသခင်က မကြိုက်မနှစ်သက်၍ မရွေးချယ်ခြင်းသဘောကိုသာ ယူစေလိုပါသည်။ (မသဲ ၂၂း၁၄ ကိုလည်းကြည့်ပါ)
                ဧသောကိုပယ်၍ ယာကုပ်ကိုရွေးကောက်ခြင်းသဘောကို ရှင်းပြနေရလျှင်နက်နဲလှသည့် သီသြလော်ဂျီသဘောတရားများ၊ ရွေးကောက်ခြင်းဆိုင်ရာ (Doctrine of Election) တို့နှင့်တကွ ဣသရေလ တို့၏သမိုင်းအစဉ်အလာတို့ကို ရှင်းပြနေရမည်ဖြစ်၍ ဤစာစောင်တွင်နေရာရှိမည် မထင်ပါ။ သို့သော် အောက်ပါတို့ကို ဆင်ခြင်စဉ်းစားကြည့်၍ သူတို့နှစ်ဦး၏ ခြားနားမှုတို့ကို ဆင်ခြင်ကြည့်ပါ။


Tuesday, October 11, 2016

ဘုရားနှင့်ဝေးကွာသကဲ့သို့ခံစားရခြင်း

မေး ။          ။ ဘုရားသခင်ရှိမှန်းကိုကျွန်တော်သိပါသည်။ သို့သော်ဘုရားသခင်သည်အလွန်ဝေးကွာနေ သကဲ့သို့ဖြစ်နေပါသည်။ အဘယ်ကဲ့သို့ပြုလုပ်ရမည်နည်။

ဖြေ ။            ။ ဘုရားသခင်နှင့်သင့်အားဆက်သွယ်ပေးမည့်အရာတစ်ခုမှာ “ယုံကြည်ခြင်း” ပင်ဖြစ်ပါ၏။ သမ္မာကျမ်းစာက “ယုံကြည်ခြင်းမရှိလျှင် ဘုရားသခင်၏စိတ်တော်နှင့်မတွေ့နိုင်။ အကြောင်းမူကား အထံတော်သို့ချဉ်းကပ်သောသူသည် ဘုရားသခင်ရှိတော်မူသည်ကိုလည်းကောင်း၊ ကိုယ်တော်ကိုရှာသော သူအားအကျိုးပေးတော်မူသည်ကိုလည်းကောင်း ယုံကြည်ရမည်” ဟုဆိုထားပါသည်။ ဘုရားသခင် ရှိကြောင်းကိုသင်သိသည်ဟုဆိုထားပါသည်။


Friday, May 29, 2015

ဘဝ၏ အရည်အသွေးများ

             လူ့ဘဝတွင် မည်သည့်အရာသည် အရေးကြီးဆုံးနည်းဟု တစ်ခါ အမေးခံရခဲ့ဖူးသည်။ စာဖတ်သူ များထဲမှ တစ်ချို့က အကြံအစည်ဟု အမျိုးမျိုးထင်ကြေးပေးကြမည်ဟု ကျွန်တော်မျှော်လင့်ပါသည်။ စာအုပ် စာပေနှင့် ရုပ်ရှင် ဗွီဒီယို ပေါင်းမြောက်မြားစွာ ကို ကျွန်တော်သေချာစွာ ကြည့်ရှုလေ့လာ ကြည့် သည်။ ငွေကြေး ပိုင်းဆိုင်ရာနှင့် ပတ်သက်၍ အတော်လေးဆင်းရဲခံရပြီးမှ နောင်တရကာ နောက်ဆုံးတော့ ငြိမ်းချမ်းမှုဘက်သို့ ဦးတည်သွားပုံကို ဇတ်များက ညွှန်းကြသည်။ စိတ်ထောင်းရင်ကိုယ်ကြေ ဟူသောစကား သည် လွန်စွာမှန်ကြောင်း ကျွန်တော်တစ်ယောက်အနေဖြင့် လက်ခံပါသည်။
            ဘဝ၏အရည်အသွေးများတွင် စိတ်ပညာရှင်အများစုက စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု ဤနှစ်ခုသည် ငွေထက်အရေးကြီးသည်ဟု တင်ပြကြသည်။ လူတစ်ဦးသည် ငွေကြောင့်ပျော်ရွှင်မှု ကိုရသည်မှာ အပြည့်အဝမမှန်ချေ။ ရသလောက်နှင့် ရောင့်ရဲတင်းတိမ်စွာ နေတတ်ခြင်းက စိတ်ပိုင်းဆိုင် ရာ နှင့် ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှု အပေးဆုံးဖြစ်သည်။ 


                 လူတစ်ဦးသည် စဉ်းစားတွေးခေါ်တတ်သူဟု ဆိုပါစို့။ ဥစ္စာများခြင်း၊ နည်းခြင်းသည် သူ့အတွက် အရေးမကြီးဘဲ စိတ်ချမ်းသာပြီး စိုးထိတ်မှုကင်းစွာနှင့် လောကကြီးထဲမှာ နေထိုင်သွားပါက သူသည် သေသွားသည့်တိုင်အောင် ငြိမ်းငြိမ်းချမ်းချမ်း သာရှိချေမည်။ ဥပမာ- အကြွေးရှိသော လူတစ်ဦး၏ ခံစားချက်နှင့် အကြွေးမဲ့သော သူ၏ခံစားချက်တို့သည် မတူညီနိုင်ပေ။ စိတ်ပိုင်းဆိုင်ရာကို ကြံ့ခိုင်အောင် အရင်ကြိုးစားပြီးလျှင် ကျန်သော နောက်ဆက်တွဲတို့သည် မခက်ခဲလှကြောင်း စိတ်ပညာရှင်တို့က တင်ပြထားသည်။ 
                စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုရှိရန် အဓိကလိုအပ်သော အချက် (၄)ချက်ကို တင်ပြလိုပါသည်။

Friday, May 8, 2015

မျက်မှောက်ခေတ် လူငယ်များရင်ဆိုင်နေရသော ကိုယ်ကျင့်တရားဆိုင်ရာ စိန်ခေါ်မှုများ

               ကမ္ဘာပေါ်တွင် ခရစ်ယာန်လူငယ်များ၏ သာသနာ့ လှုပ်ရှားမှုများသည် (၁၆)ရာစု အသင်းတော် ပြုပြင်ပြောင်းလဲရေး ခေတ်မှ စတင်ခဲ့ ပါသည်။ ယင်းလှုပ်ရှားမှု များအနက် နှစ်ခြင်းလူငယ် လှုပ်ရှားမှုများ၏ အစပြုရာ ဖြစ်သော ကြိုစားခြင်းအသင်း လှုပ်ရှားမှုများကို ၁၈၈၁ခု၊ ဖေဖေါ်ဝါရီ (၂)ရက်နေ့ တွင် အမေရိကန်ပြည်ထောင်စု ပို့လင်း မိန်းနယ် ဝဲလစ်တန်အသင်းတော်မှ ပေါ်ပေါက်လာပြီး မြန်မာနိုင်ငံ သို့ နှစ်ခြင်းလူငယ် လှုပ်ရှားမှု အသွင်ဖြင့် ၁၈၈၈ခုတွင် ရောက်ရှိလာ ခဲ့ပါသည်။ ၁၉၅၅ခုနှစ်တွင် ကြိုးစားခြင်း အဖွဲ့ချုပ်ကို ဖွဲ့စည်းပြီး အဖွဲ့ချုပ်လူငယ်လုပ်ငန်းများကို အရှိန်အဟုန်တိုးမြှင့် လုပ်ဆောင် ခဲ့ပါသည်။ 
                ယခုအခါ မြန်မာနိုင်ငံ၌ နှစ်ခြင်းလူငယ်လှုပ်ရှားမှု စတင်ခဲ့သည်မှာ နှစ် (၁၀၀)ကျော် လာခဲ့သည့် အပြင် အဖွဲ့ချုပ်လူငယ် လှုပ်ရှားမှုစတင်ခဲ့သည်မှာလည်း နှစ်(၅၀) ကျော်လာခဲ့ပြီ ဖြစ်ပါသည်။ ယခုအခါ အဖွဲ့ချုပ်ဝင် အသင်းတော် အသီးသီး၌ အချို့ အသင်းတော်လူငယ်လုပ်ငန်းများသည် ကြိုးစားခြင်း အဖွဲ့အသွင်ဖြင့် ကျန်ရှိနေသေးသော်လည်း အချို့ အသင်းတော်များတွင်မူ ဌာနအသွင်အဖြစ် လည်းကောင်း၊ လူငယ်အဖွဲ့အသွင်အဖြစ် လည်ကောင်း အသွင်ပြောင်းနေကြပြီ ဖြစ်သည်။


                  မည်သည့် အသွင်သဏ္ဍာန်အဖြစ် ရှိစေကာမူ ယနေ့အသင်တော်တွင် ရှိလူငယ်လှုပ်ရှားမှုများ သည် ကျဆင်းမှုများနှင့် ရင်ဆိုင်နေရ ပါသည်။ အဖွဲ့ချုပ်ဝင် အသင်တော်များရှိ လူငယ်ဝတ်ပြုစည်းဝေး များတွင် လူငယ်များ ပါဝင်မှု နည်းပါးလာခြင်း၊ အချို့အသင်းတော်များတွင် လူငယ်လှုပ်ရှားမှုများ ပျောက် ကွယ်သွားခြင်း၊ အသင်းတော်လုပ်ငန်းများ ၌ လူငယ်များ ပါဝင်မှုအား ကျဆင်းသွားခြင်းများ တွေ့ရပါသည်။

ယောရှု၏ ခေါင်းဆောင်မှု

             ခရစ်ယာန်လူငယ်ခေါင်းဆောင် များအတွက် သိကောင်းစရာ တစ်ရပ်အဖြစ် “ယောရှု၏ ခေါင်းဆောင်မှု” ကို တင်ပြလိုပါသည်။ ဣသရေလသမိုင်း ကိုပြန်ကြည့် သောအခါ မောရှေသည် ဣသရေလ လူမျိုး များကို အဲဂုတ္ထု ပြည်မှ ကယ်ထုတ်လာခဲ့သည်။ ထိုသူတို့ထဲတွင် ယောရှုလည်း ပါဝင်ခဲ့ ပါသည်။ ယောရှု၏ ငယ်နာမည်မှာ ဟောရှေ (တော ၁၃း၈) ဖြစ်ပါသည်။ ယောရှုသည် မောရှေ အားကိုး ရ သော ငယ်ရွယ်သည့် လက်ထောက်တစ်ဦး ဖြစ်ပါသည်။ ယနေ့အသင်းတော်နဲ့ သာသနာ့ လုပ်ငန်း များအတွက်လည်း အသက်ကြီးသော ခေါင်းဆောင်များသည် ယုံကြည်စိတ်ချရသော လူငယ်ခေါင်းဆောင် များကို လိုလားမျှော်လင့် ကြပါသည်။ သို့ဖြစ်၍ မောရှေသည် မိမိတာဝန် ပြီးဆုံးလု နီးသောအခါ ယောရှုအား တာဝန်များကို လွှဲအပ်ပေး ခဲ့ပါသည်။ ယောရှုသည် လူမျိုးတော်ကို ဆက်လက် ဦးဆောင်၍ ခါနန်ပြည်ကို ဝင်ရောက်သိမ်းပိုက်ပြီး အမျိုးအနွယ် အသီးသီးတို့အား အမွေခွဲဝေ ပေးခဲ့ပါသည်။

                   ယောရှုသည် အောင်မြင်သော ခေါင်းဆောင်တစ်ယောက် ဖြစ်ခဲ့ပါသည်။ အောင်မြင်မှု ရခဲ့သည့် အကြောင်းရင်းများကို အောက်ပါအတိုင်း တင်ပြလိုပါသည်။

Wednesday, April 29, 2015

အချစ်ဆိုတာ အသစ်အသစ်ဖြစ်နိုင်သလား

               “အချစ်ဆိုတာ တစ်သက်မှာတစ်ခါသာ ပေါ်ပေါက်လာတတ်တာမျိုး ဖြစ်တယ်။ တစ်ခါချစ်ပြီးရင် နော်ထပ် အသစ်ထပ်ချစ်လို့ မဖြစ်နိုင်တော့ဘူး။
                  “ငယ်ချစ်ဦးနဲ့ လွဲခဲ့ရကတည်းက ဘ၀မှာ အချစ်ဆိုတာ မရှိတော့ဘူး။ အကြောင်းကြောင်းကြောင့် အိမ်ထောင်ပြုခဲ့ရပေမယ့် အိမ်ထောင်ဖက်ကို ချစ်လို့မရဘူး။ ကိုယ့်ချစ်သူကိုသာ တမ်းတနေခဲ့တယ်။” 
                      ဆိုတဲ့စကားမျိုး တွေကို ၀တ္ထုတွေ၊ ကဗျာတွေမှာ တွေ့ရလေ့ ရှိတယ်။ စကားနောက် တရားပါ ဆိုသလိုပဲ အဲဒီစကားတွေကို အဟုတ်ထင်၊ အမှန်ထင်ပြီး ဘ၀ပျက်သွားရသူတွေ အများကြီး ရှိပါတယ်။ ဒီစကားတွေဟာ အဟုတ်အမှန် မဟုတ်ဘူးလား။ အချစ်ဆိုတဲ့စိတ်ဟာ ပြောင်းလဲယူလို့ ရလား။ အချစ်ဆိုတဲ့စိတ်ဟာ ပြောင်းလဲတတ်သလား။ 
                     လေးလေးနက်နက် စဉ်းစားတွေးတောကြည့်ရင် ဒီစကားတွေဟာ ကိုယ့်ကိုယ်ကို လှည့်စား တတ်တဲ့ လူ့သဘာဝအရ ပေါ်ထွက်လာတဲ့ စကားတွေသာ ဖြစ်တယ်။ အဟုတ်အမှန် မဟုတ်ဘူး ဆိုတာကို သိနိုင်ပါတယ်။ ဆရာကြီးပီမိုနင်း ရေးခဲ့တဲ့ “အချစ်ဖြတ်လမ်း” ဆိုတဲ့ စာအုပ်ထဲမှာလည်း ဆရာကြီးက....
                 “ငယ်ကအချစ် အနှစ်တစ်ရာ ဟူသောစကားသည် အခါတိုင်း မမှန်ချေ။ အကြောင်းမူကား အကောင်းအဆိုး အကျိုး အပြစ်ကို မသိသေး။ ငယ်ချစ်စိတ်က ကြီးသည့်တိုင်အောင် မြဲရိုးထုံးစံမရှိ။ ရည်းစား တစ်ထောင် လင်ကောင်တစ်ယောက် ဟူသောစကား၌ ငယ်ချစ်တို့၏မမြဲကြောင်း ပါရှိပြီး ဖြစ်လေသည်” လို့ရေးခဲ့ပါတယ်။ ဒါ့အပြင် ဆရာကြီးက......


Wednesday, April 22, 2015

ထူးခြားတဲ့ စိတ်ကူးစိတ်သန်းပိုင်ရှင်များ

               “Genius” ဆိုတဲ့စကားလုံး အဓိပ္ပာယ်ကို ဘာသာပြန်ကြည့်ရင် သူတကာထက် ထူးခြားတဲ့ စိတ်ကူး ရှိသောစွမ်းရည်၊  အမြော်အမြင်ကြီးသော ဥာဏ်ပညာတို့အပြင် အဲဒီလို ဥာဏ်ပညာနဲ့ ပြည်စုံသူ ဥာဏ်ကြီးရှင်လို့လဲ ပြောနိုင်ပါတယ်။ Oxford University က Dictionary မှာ Einstein တို့၊ Shakespeare တို့ကို Genius လို့ခေါ်ပါတဲ့။
                 အဲဒီ genius တွေနဲ့ ပတ်သက်ပြီး ကျွန်မအဘိုး၊ ဘဘကြီး ဦးခင်မောင်လတ် ရှင်းပြဖူးတာကို မှတ်မိနေတယ်။ genius တွေဟာ ဥာဏ်ပညာပြည့် စုံကြတယ်။ သူတို့ စိတ်ကူးဥာဏ်၊ စိတ်ကူးတွေဟာ ဘယ်သူနဲ့မှ မတူပါဘူး။ သူတို့စိတ်ကူး လိုက်တာဟာ ဆယ်ရာခိုင်နှုန်းလောက်ပဲ ရှိတယ်။ ဒါပေမယ့် ကျန်တဲ့ ကိုးဆယ်ရာခိုင်နှုန်း လောက်ကတော့ သူတို့ စိတ်ကူးကို အကောင်အထည်ဖော်ရတဲ့ ပင်ပန်းမှုပါပဲတဲ့။ ဘဘကြီးက အင်္ဂလိပ် အသုံးအနှုံးတွေကို ကိုးကားပြီး ရှင်းပြခဲ့ပါတယ်။
               ကျွန်မဟာ genius တွေကို စိတ်ဝင်စားမိတယ်။ သူတို့ဟာ မွေးကတည်းက ကပ်ပါလာတဲ့ သူများနဲ့ မတူတဲ့ စိတ်ကူးစိတ်သန်းတွေ ပိုင်ဆိုင်တယ်။ ဒီလိုပိုင်ဆိုင်ရုံမက သူတို့စိတ်ကူး ထားတာတွေကို အကောင်အထည် ဖော်ဖို့ အရည်အချင်းရှိတဲ့ ဖန်တီးရှင်တွေလည်းဖြစ်တယ်။ သူတို့ ဖန်တီးလိုက်တဲ့ အနုပညာတွေကို ခံစားရတဲ့ ကျွန်မတို့ တတွေဟာ ထူခြားတဲ့စိတ်ခံစားမှုကို ဖြစ်ပေါ်လာစေပါတယ်။


Monday, April 20, 2015

ခရစ်ယာန်များသည် ယဇ်ပူဇော်သည့် အရာဝတ္ထု ကိုစားနိုင်ပါသလား

(၁ကော   ၈၊ ၁၀း၂၁-၃၃)
                        ကောရိနု မြို့သည် ရုပ်တုဆင်းတု ပေါများသည့်မြို့ ဖြစ်သည်။ ခရစ်ယာန်မဟုတ် သော သူတို့သည် ယဇ်ပူဇော်သည့် ကျောင်းကန်၌ ပွဲခင်းလေ့ရှိသည်။ ယုံကြည်သူ ခရစ်ယာန်များကိုလည်း ထိုပွဲသို့ လာရန် ဖိတ်ကြားလေ့ရှိသည်။ ခရစ်ယာန်များ ထိုပွဲသို့ သွားရန် ငြင်းပယ်ကြသည်။ သို့သော် မိတ်ဆွေများ ခင်မင်သည့်အတွက် ဖိတ်ကြားသည့်ကို လူမှုရေးအရ သွားကြသည်လည်း ရှိသည်။ ထိုပွဲမှ ပူဇော်ထားသည့် အစားအစာ များကို အိမ်သို့ ယူပြန်၍ အိမ်သားနှင့်အတူ စားကြသည်။ ထိုကြောင့် လူအချို့က ဤကိစ္စရပ်ကို ရှင်ပေါလုအား တင်ပြ၍ မည်ကဲ့သို့ ဖြေရှင်းရန် အကြံတောင်းခဲ့သည်။
                     ရှင်ပေါလုက အခန်းကြီး (၈)နှင့် (၁၀) တွင်ဤကိစ္စနှင့် ပတ်သက်၍ မူဝါဒကို ရှင်းလင်းစွာ ညွှန်ကြားခဲ့ပါသည်။

Wednesday, April 15, 2015

လူငယ်နှင့်ဘာသာပေါင်းစုံဆက်ဆံရေး

                ဘာသာတရားဆိုသည်မှာ လူတို့ယုံကြည်ကိုးကွယ်မှုပင်ဖြစ်သည်။ ဘာသာတရား များသည် လူ့ယဉ်ကျေးမှုနှင့် ပေါ်ပေါက်လာခဲ့ကြပြီး ယနေ့တိုင် လူ့အဖွဲ့အစည်း၏ အဓိကမဏ္ဍိုင်တစ်ခုအဖြစ် ရပ်တည် လျက်ရှိသည်။ လူ့သမိုင်းတွင် ပေါ်ပေါက်ခဲ့ကြသော ဘာသာတရား များအနက် အချို့မှာ ပျောက်ကွယ် သွားကြပြီ ဖြစ်သည်။ ယနေ့တိုင် လူအများ ကိုးကွယ်နေကြသော ဘာသာတရားများမှာ ယုဒဘာသာ၊ ခရစ် ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူ ဘာသာ၊ ဆစ်ခ် ဘာသာ၊ ဗုဒ္ဓဘာသာ၊ တာအိုဘာသာ၊ ရှင်တိုဘာသာ တို့ဖြစ်ပြီး ယင်းဘာသာတရားအားလုံးမှာ အာရှတိုက်မှ ပေါ်ပေါက်ခဲ့သော ဘာသာတရား များဖြစ်ကြ သည်။

ဘာသာတရားများ ပေါ်ပေါက်လာပုံ အဆင့်ဆင့်
                ဘာသာတရားများ၏ ဖြစ်ပေါ်တိုးတက်မှု အဆင့်ဆင့်ရှိပါသည်။ ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက် ခါစတွင် လူတို့သည် သဘာဝကို ဘုရားအဖြစ် ကိုးကွယ်ကြသည်။ ထိုမှတစ်ဆင့် ယဉ်ကျေးမှု တိုးတက်လာ သောအခါ လူတို့သည် နတ်ဘုရားအမျိုးမျိုး ကိုကိုးကွယ်ကြပြန်သည်။ သည်နောက်တွင် လူမျိုး နွယ်စုဘုရားကို ယုံကြည်ကိုးကွယ်သည့်အဆင့် ထိုမှ ယနေ့လူများ ယုံကြည်ကိုးကွယ်သည့် ဘာသာတရား အဆင့်ဆင့်သို့ ရောက်ရှိလာကြသည်။ ဤသို့ဆိုရာတွင် ဘာသာတရားများသည် အဆင့် တစ်ဆင့်မှ တစ်ဆင့်သို့ တပြို င်တည်းတက်လှမ်းကြခြင်း မဟုတ်။ မိမိတို့ပေါ်ပေါက်ရာ ရေမြေဒေသနှင့် ယဉ်ကျေးမှု  အနေအထားကို အခြေခံကာ ပေါ်ပေါက်ခဲ့ခြင်း ဖြစ် သည်။ ဘာသာတရားများ အလိုက် ပေါ်ပေါက်သည့်ဒေသနှင့် အချိန်များ မှာ အောက်ပါအတိုင်းဖြစ်သည်။

Thursday, February 14, 2013

ချစ်သူများနေ့နှင့်ခရစ်ယာန်လူငယ်

ဒေါက်တာစောစေးခူ

                      ရှေးနှစ်ပေါင်းများစွာကတည်းက   ချစ်သူများနေ့ဟုခေါ်သော Valentine's Day  ကို  အနောက်
နိုင်ငံများတွင်  ကျင်းပခဲ့ကြသည်။  ဖေဖေါ်ဝါရီလရောက်လျှင်       မိမိချစ်သောသူကို    ပန်းစည်း၊ သကြားလုံး
နှင့်  မေတ္တာစာကဒ်များကို   လက်ဆောင်ပေးလေ့ရှိသည်။      ယခုခေတ်တွင်  အနောက်နိုင်ငံများ၌သာမက
ကမ္ဘာအနှံ့အပြားရှိ    ဒေသအသီးသီးတွင်   ချစ်သူများနေ့ကိုကျင်းပလာကြပါသည်။   နိုင်ငံတကာဈေးကွက်
တွင် ခရစ်စမတ်ကဒ်ပြီးလျှင်      ဒုတိယအများဆုံးရောင်းရသောကဒ်များမှာ      ချစ်သူများနေ့နှုတ်ခွန်းဆက်
သည့်ကဒ်  များဖြစ်ပါသည်။
                     ဤသို့ကျယ်ပြန့်စွာကျင်းပနေသောချစ်သူများနေ့သည်       မည်သို့ပေါ်ပေါက်ခဲ့သနည်း။ အေဒီ
(၃၀၀)စုတွင်   ရောမမြို့၌  Valentine   ဟုခေါ်သော  ဘုန်းတော်ကြီးတစ်ပါးရှိခဲ့သည်။     ထိုအချိန်တွင်ရောမ
နိုင်ငံကို     ဧကရာဇ်မင်း  ကလောဒီးယပ် ( Claudius 11) အုပ်စိုးနေသည်။  ဤဧကရာဇ်မင်းသည်   ရောမတို့
၏စစ်အင်အား   တောင့်တင်းစေရန်  အမျိုးသားများကိုစစ်ထဲဝင်ခိုင်းပါသည်။     အိမ်ထောင်မပြုရသေးသော
လုလင်များများ  လက်မထပ်ရဟု  အမိန့်ထုတ်ပြန်လိုက်ပါသည်။  အမျိုးသားများမကျေမနပ်ဖြစ်ကြပါသည်။
                    ထိုအခါ  ဘုန်းတော်ကြီး ဗယ်လင်တိုင်းက      လက်ထပ်လိုသောအမျိုးသား၊  အမျိုးသမီးများကို
တိတ်တဆိတ်   လက်ထပ်ပေးခဲ့သည်။  ဧကရာဇ်မင်းသိသွားသောအခါ     ယင်းဘုန်းတော်ကြီးကို  ကွပ်မျက်
ခဲ့ပါသည်။  ဤဘုန်းတော်ကြီးကို           ဂုဏ်ပြုသောအားဖြင့်   Valentine's Day ဟုခေါ်သော  ချစ်သူများနေ့
ကိုကျင်းပခဲ့ကြပါသည်။ 
                        Valentine's Day  ၏အဓိကတန်ဖိုးမှာ  ချစ်သောသူကို        မိမိလက်ထပ်လိုသောအချိန်တွင်
လက်ထပ်ခွင့်ရှိသည်ဟူသော   သဘောတရားပင်ဖြစ်သည်။         လူတစ်ဦးချင်း၏လွတ်လပ်ခွင့်  ကိုအလေး
ထားသော  ယခုခေတ်တွင်            လူငယ်များသည်  Valentine's Day  ကိုနှစ်သက်ပျော်ရွှင်စွာ  ကျင်းပကြပါ
သည်။  ချစ်သောသူကို      လက်ထပ်ရမည်ဟုဆိုရာတွင်        ခရစ်ယာန်လူငယ်များသည်  မည်သူ့ကို  လက်
ထပ်ရမည်နည်းဟု  စဉ်းစားဆင်ခြင်ကု  တင်ပြလိုပါသည်။






Friday, November 16, 2012

အချစ်နှင့်ပတ်သက်သောစကားပုံများ (၂)

                အချစ်နှင့်ပတ်သက်သောစကားပုံများ ကိုလေ့လာခြင်းဖြင့်  လူတွေရဲ့ နှလုံးသားမှာထင်ဟပ်
နေတဲ့  အချစ်ရဲ့  သင်္ကေတတွေကို  ခံစားနားလည်ကြရအောင်။ ဘာဖြစ်လို့လဲဆိုတော့  ကျွန်တော်
တို့တွေလည်း  ချစ်တတ်ကြတဲ့လူတွေပဲလေ။

၁။  အချစ်ဟာ  လမင်းနဲ့တူတယ်။  ဆန်းရင်ဆန်း၊ မဆန်းရင်ဆုတ်။
၂။  ချစ်လျှင်အကျိုး ၊ မြတ်နိုးတော့ သဒ္ဓါ ၊ ကြင်နာလျှင် သနား။
၃။  သတ္တိမရှိလျှင်   မိန်းမချောမရ။
၎။  မင်းကိုအလွန်ချစ်ပါတယ်။  ဒါပေမယ့်  ငါ့ပိုက်ဆံအိတ်ကိုတော့  မထိပါနဲ့။
၅။  အချစ်ဟာ တစ်ဦးအတွက်တော့အတတ်ပညာ။  တစ်ဦးအတွက်တော့  ဘ၀။
၆။  ၀မ်းရေးထက် ၊ လွမ်းရေးခက်။
၇။  ပုစွန်ဆိတ်  ငယ်သော်လည်း ပင်လယ်ကူတတ်တယ်။  လူငယ်သော်လည်း  အချစ် ရူးတတ်တယ်။
၈။  အချစ်ကို  အချစ်ဖြင့်သာ  အောင်နိုင်ရာ။
၉။  ခွင့်လွှတ်နိုင်မှုက  အချစ်ရဲ့ သာယာရေး။
၁၀။  ချစ်သူကောင်းတစ်ယောက်နဲ့  ကျန်းမာရေးကို  ပိုင်ဆိုင်သူဟာ  လောကစည်းစိမ်တစ်ဝက်
        ရနေသူပဲ။
၁၁။  အချို့က  ငွေဟာ  အချစ်ထက်ခရီးရောက်သတဲ့။
၁၂။  အချစ်မရှိတဲ့အရာဟာ  ရနံ့  မရှိတဲ့ပန်း။
၁၃။  အချစ်ကင်းမဲ့တဲ့  ဘ၀ဟာ  အသက်ရှင်ပြီး  သေနေတာနဲ့  တူသလိုလို။
၁၄။  လူမှာအတွေ့၊ နတ်မှာအငွေ့။
၁၅။  ချစ်ရတဲ့အကြောင်း ၊ စာလုံးပေါင်းရခက်။
၁၆။  အချစ်စစ်  အချစ်မှန်ဟာ  ဖုံးကွယ်လျှို့ဝှက်ခြင်း  မရှိဘဲ  ခံစားရတယ်။
၁၇။  အချစ်ဟာ  အနုပညာရပ်များ  အားလုံးရဲ့ဆရာ။
၁၈။  မျက်ရည်များမြှုပ်နှံလိုက်တဲ့အခါ   အချစ်ဟာ  ချစ်စရာအကောင်းဆုံးပဲ။
၁၉။  အချစ်ကို  ဈေးကြီးကြီး   ပေးဝယ်ပါ။
၂၀။  နုပျိုခြင်းမပါတဲ့  အချစ်ဟာ  ဘာအရာမှမ၀င်။  အချစ်မပါတဲ့  နုပျိုခြင်းဟာလည်း  ဘာအရမှမ၀င်။

အချစ်နှင့်ပတ်သက်သောစကားပုံများ (၁)

                       ချစ်ခြင်းမေတ္တာနဲ့ပတ်သက်ပြီး   ရေးသားထားတဲ့စကားပုံ  များကိုလက်လှမ်းမီသမျှ  စုစည်း
ဖော်ပြလိုက်ရပါတယ်။ အချို့တွေက    ကိုယ်အတွေးနဲ့ကိုက်ညီမှု       ရှိချင်မှရှိမှာဖြစ်သော်လည်း  အချစ်နဲ့
ပတ်သက်ပြီး  လူတွေရေးသားခံစားထားခဲ့တဲ့   စကားပုံများကိုလေ့လာ   ဖတ်ရှုခြင်းအားဖြင့်  အချစ်နဲ့ပတ်
သက်ပြီး     ဗဟုသုတ    တိုးပွါးခြင်းများရှိစေဖို့  ရည်ရွယ်ပါတယ်။

၁။  အချစ်ကောင်းဟာ  တန်ဖိုးမဖြတ်နိုင်။
၂။  အချစ်ဟာ  အရာရာကိုစေစားနိုင်။
၃။  အချစ်မှာ  ဒုက္ခ၊  သုခ  ဒွန်တွဲနေတယ်။
၎။  ထမင်းစားနေတဲ့အချိန်မှာ  အချစ်ဟာ  အရေးကြီးတဲ့ကိစ္စ  တစ်ရပ်မဟုတ်ပါဘူး။
၅။  အချစ်မှာ  မျက်စိမရှိပါ။
၆။  ချစ်ခြင်းဟာ  အရသာရှိတဲ့   ပူပန်ခြင်းတစ်မျိုး။
၇။  မုန်းရင်ရှောင်နိုင် ၊  ချစ်ရင်ရှောင်မရ။
၈။  အနီးကပ်ဆုံးဟာ  အချစ်ဆုံးပဲ။
၉။  အချစ်အစ   ကရုဏာက
၁၀။  သနားခြင်းနောက်  ချစ်ခြင်းရောက်။
၁၁။  အချစ်ကြီးက  ကမ္ဘာကြီးကို  တည်ဆောက်ထားတယ်။
၁၂။  အချစ်ဟာ  ဘိန်းလိုစွဲတတ်တယ်။
၁၃။  အချစ်ဟာ  သောက်လေသောက်လေ  ဆားငံရည်ပဲ။
၁၄။ ယောင်္ကျားအချစ်က  မျက်စိ ၊  မိန်းမအချစ်က  စကား။
၁၅။  အချစ်စစ်၊  အချစ်မှန်ဟာ   လေးစားမြတ်နိုးခြင်းက  ပေါက်ဖွားလာပါတယ်။
၁၆။  အချစ်နဲ့  အရာရာကိုအောင်နိုင်  တတ်တယ်။
၁၇။  အချစ်ကြီးရင်  စွန့်စားဝံ့တယ်။
၁၈။  အချစ်သင်ခန်းစာဟာ  ဘ၀အတွေ့အကြုံ။
၁၉။  တုံ့ပြန်မှုမရှိတဲ့  အချစ်ဟာ  အခိုင်မြဲဆုံး။
၂၀။  လူသတ္တ၀ါဟာ   သဘာဝအားဖြင့်  အချစ်သတ္တ၀ါ။

Monday, November 12, 2012

ဝိညာဉ်ရေးရာနှင့်အသက်ရှင်ခြင်း

မေး ။                 ။   လူငယ်များအသက်တာတွင်  ၀ိညာဉ်ရေး၇ာနှင့်ပတ်သက်ပြီးမည်ကဲ့သို့အသက်ရှင်
                              ရမည်နည်။

ဖြေ  ။                 ။  လူငယ်များ၏၀ိညာဉ်အသက်တာ၌  အဓိကထားရမည့်   အချက်များကို (၁တိ  ၄း၁၂)မှာ
                             အောက်ပါအတိုင်းဖော်ပြထားပါတယ်။
၁။        စကားပြောခြင်း။
၂။        ပြုမူကျင့်ကြံခြင်း။
၃။        သူတစ်ပါးကိုချစ်ခြင်း။
၎။        ၀ိညာဉ်သဘောရှိခြင်း။
၅။        သစ္စာစောင့်သိခြင်း။
၆။        စင်ကြယ်ခြင်း  တို့၌ ပုံပြခြင်းအားဖြင့်အသက်ရှင်ခြင်း
            အထက်ပါသဘောတရားသည်  ခရစ်ယာန်လူငယ်တစ်ယောက်နှင့်    အခြားသူများပေါင်းသင်းဆက်
ဆံရာတွင်   ထားရှိရမည့်သဘောထားဖြစ်သည်။   ဆိုလိုသည်မှာ   ခရစ်ယာန်လူငယ်တစ်ဦးသည်   ပတ်ဝန်း
က်ျင်၌  အသက်ရှင်ရာတွင်       ကိုယ်စိတ်ဝိညာဉ်သုံးပါးစလုံးဖြင့်   ပေါင်းသင်းဆက်ဆံရန်ါဖြစသည်။   ထိုသို့
အသက်ရှင်ခြင်းသာ   ဆားကဲ့သို့။ အလင်းကဲ့သို့    အသက်ရှင်ခြင်းဟု     ရှင်မဿဲခရစ်ဝင်ကျမ်းတွင်ဆိုထား
ပါသည်။
           မြန်မာနိုင်ငံနှစ်ခြင်းခရစ်ယာန်အသင်းတော်များအဖွဲ့    ချုပ်၊  လူငယ်ဌာနအနေဖြင့်      လူငယ်များ၏
ဝိညာဉ်ရေးရာဆိုသည်မှာ    “ ဘုရားသခင်ထံဝတ်ပြုခြင်း၌       မွေ့လျော်၍       ၀ိညာဉ်တော်၏လမ်းပြမှုကို
ခံယူကာ   ခရစ်တော်၏မေတ္တာဖြင့်        လူ့ဘောင်အဖွဲ့အစည်းနှင့်ဝန်းကျင်အတွက်      မှန်ကန်စွာရပ်တည်
အစေခံခြင်းဖြစ်သည် ”     စုအဓိပ္ပါယ်ဖွင့်ဆိုထားပါသည်။

လူငယ်များအတွက် ရှိသင့်သည့်အချက်များ

မေး  ။              ။  လူငယ်များအသက်တာ၌  ရှိသင့်သောအချက်များ၊  စည်းကမ်းနှင့်        အကျင့် ဟူသည်မှာ
                          အဘယ်နည်း။
ဖြေ  ။               ။  လူငယ်တစ်ဦးအနေဖြင့်  ပတ်ဝန်းကျင်တွင်  ထဲထဲဝင်ဝင်    အသက်ရှင်ရန်   သီးခြား သတ်
                           မှတ်ထားသော   စည်းမျဉ်းစည်းကမ်းများမရှိပါ။         မိမိတို့၏ယဉ်ကျေးမှု  ဓလေ့ထုံးတမ်း
များအတိုင်း   လေးစားလိုက်နာရန်သာရှိသည်။   အကြောင်းမှာ  ခရစ်တော်ကိုယ်တော်တိုင်    ထိုသို့အသက်
ရှင်ခဲ့တဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။
                   ထိုအပြင်  လူငယ်များ၏ဘ၀အသက်တာ၌  ကျွမ်းကျင်ရမည့်        အခြေခံအချက်များတော့ရှိပါ
တယ်။    ထိုအချက်ကို   UNICEF  ၏     အခမဲ့ဖြန့်ဝေတဲ့  စာအုပ်မှာ    အခုလိုကောက်နုတ်ဖော်ပြ  အကြံပြု
လိုက်ရပါတယ်။

၁။           ပြဿနာကိုဖြေရှင်းတတ်ခြင်း    ( Problem  Solving)
               မိမိတွင်တွေ့ကြုံရသော  ပြဿနာအကြောင်းရင်းနှင့်    ထိုအကြောင်းရင်းကို  သိရှိခြင်းဖြင့် ပြဿ
နာကိုအောင်မြင်စွာ  ကိုင်တွင်ဖြေရှင်းလာနိုင်မည်။
၂။          တီထွင်ကြံဆခြင်း           (Creative  Thinking )
              ပြဿနာတစ်ခုကို  ဖြေရှင်းနိုင်မယ့်   နည်းလမ်းအနည်းဆုံး (၃) မျိုးကို    တွေးတောကြံဆ နိုင်စွမ်း
ရှိလာကြမည်။
၃။            လေးနက်စွာဆန်းစစ်ဝေဖန်ခြင်း        ( Critical  Thinking )
              ပြဿနာတစ်ခုအတွက်ဖြေရှင်းနိုင်မည့်နည်းလမ်းတစ်ခုစီ   အတွက်      မိမိကိုယ်တိုင်နှင့်မိသားစု
ရပ်ရွာအပေါ်မည်ကဲသို့  အကျိုးသက်ေ၇ာက်မှု   (ကောင်းကျိုး/ဆိုးကျိုး)      များရနိုင်သည်ကိုလေးနက်စွာ
ဆန်းစစ်အကဲဖြတ်လာနိုင်မည်။
၎။          ဆုံးဖြတ်ချက်ချခြင်း            ( Decision  Making)
              မိမိတို့၏  ကိုယ်ရည်ကိုယ်သွေး   နေထိုင်မှုအခြေအနေပေါ်တွင်အခြေခံ၍    မိမိတို့အတွက်
အကောင်းဆုံးနည်းလမ်းကိုရွေးချယ်ပြီး   ဆုံးဖြတ်ချက်ချနိုင်စွမ်းရှိလာကြမည်။
၅။           ပြောဆိုဆက်သွယ်ခြင်း            ( Communication )
              မိမိ၏သဘောထားအမြင်ကို     အကြောင်းပြချက်ခိုင်လုံစွာနဲ့  တိကျ   ရှင်းလင်းစွာဖော်ပြနိုင်သကဲ့
သို့  မိမိလိုအပ်သည့်အခါ  အခြားသူများထံမှ သတင်းအချက်အလက်များကို  တောင်းယူနိုင်စွမ်းရှိလာမည်။
၆။           မိမိကိုယ်မိမိ  သိရှိနားလည်ခြင်း          ( Self  Awareness)
              မိမိ၏ကိုယ်ရည်ကိုယ်သွေးနှင့်   အခြေအနေအမှန်ကို  သိလာနိုင်စွမ်းရှိလာမည်။  ယင်းအချက်အ
ပေါ်အခြေခံ၍   ဖြစ်နိုင်ချေရှိသော  ရည်မှန်းချက်များထားနိုင်လာမည်။
၇။            တစ်ဦးနှင့်တစ်ဦး  အပြန်အလှန်  ဆက်ဆံခြင်း    ( Interpersonal  Relationship )
              လူ့အဖွဲ့အစည်းအတွင်း  အတူတကွနေထိုင်   ဆက်ဆံခြင်း၏    ကောင်းကျိုးများနှင့်   ကန့်သတ်
ချက်များတို့ကို  ဖော်ပြနိုင်စွမ်းရှိလာမည်။
၈။            ကိုယ်ချင်းစာတရားထားခြင်း           ( Empathy)
               အခြားသူများ၏  လိုအပ်ချက်များကို   မိမိကိုယ်တိုင်ခံစားရသကဲ့သို့   အသိအမှတ်ပြုပြီး၊   ကူညီ
ထောက်ပံ့ခြင်း(သို့)    ညှိနှိုင်းခြင်းများ   ပြုလာနိုင်စွမ်းရှိလာမည်။
၉။           စိတ်တင်းကြပ်မှုနှင့်  စိတ်လှုပ်ရှားမှုကို  ထိန်းချုပ်ခြင်း  ( Coping  with Stress and Emotion)
               အကျိုးအကြောင်းဆင်ခြင်စဉ်းစားခြင်းနှင့်      စိတ်တင်းကြပ်မှု၊  စိတ်လှုပ်ရှားမှုများကို ထိန်းချုပ်
တတ်လာမည်။
















     









Wednesday, November 7, 2012

ထမ်းပိုးညီခြင်း၊မညီခြင်း


မေး ။                 ။ လူငယ်များခရစ်ယာန်အိမ်ထောင်တစ်ခုကိုတည်ဆောက်ရာမှာထမ်းပိုးညီးခြုင်း၊မညီခြင်း
                            ဆိုသည်မှာ ဘာသာတူခြင်း၊မတူခြင်းတစ်ခုတည်းကိုပဲဆိုလိုပါသလား။ ဒါမှမဟုတ်ခရစ်
ယာန်ဖြစ်ပေမဲ့  ယုံကြည်ချက်(လေးနက်စွာယုံကြည်ခြင်း၊မယုံကြည်ခြင်း) ဆိုတာတွေနဲ့ရောဆိုင်ပါသလား။

ဖြေ ။                 ။  ထမ်းပိုးမညီခြင်းဆိုတာဘာသာတူခြင်း၊မတူခြင်း  တစ်ခုတည်းကိုဆိုလိုတာမဟုတ်ဘဲ
                            ခရစ်ယာန်ဖြစ်ပေမဲ့ လေးနက်စွာယုံကြည်ခြင်း၊  မယုံကြည်ခြင်းနဲ့လည်းဆိုင်ပါတယ်။
ရှင်ပေါလုဟာ  ကောရိန္လုအသင်းတော်ကိုသွန်သင်ရာမှာ  ဆန့်ကျင်ဖက်ထမ်းပိုးကို  ဖော်ပြထားပါတယ်။
အဲဒီခေတ်ကခရစ်ယာန်မဟုတ်သူတွေအိမ်ထောင်ကျပြီး၊သားသမီးများမွေးဖွားစေကာမူ၊  ခရစ်ယာန်ဘာသာ
ယုံကြည်ကိုးကွယ်မိရင်  အိမ်မှနှင်ထုတ်ခြင်းခံရပါတယ်။ဒါကိုကျောထောက်နောက်ခံအချက်အနေဖြင့်မြင်
ရပါတယ်။
               ဆန့်ကျင်ဖက်ထမ်းပိုးဆိုတာ  မတရားသောမေထုန်မှီဝဲသူတွေကိုဆိုလိုကြောင်း  ကျမ်းညွှန်း က
ဖော်ပြပါတယ်။မတရားသောမေထုန်ဆိုတာ  ယခုခေတ် Living Together ဆန်ဆန်ပေါ့။ ခရစ်ယာန်ချင်းဖြစ်
ပေမဲ့ မတရားသောမေထုန်မှီဝဲသူ၊  အကျင့်စာရိတ္တ နိမ့်ကျသူတွေနဲ့လက်တွဲလို့မရပါဘူး။ အကျင့်စာရိတ္တ
အဆင့်ချင်းမတူရင် ယောင်္ကျားလေးချင်းဖြစ်ပေမဲ့၊မိန်းကလေးချင်းဖြစ်ပေမဲ့  အတူလက်တွဲပြီး အသင်းတော်
ကိစ္စတွေမှာတောင်လက်တွဲလုပ်ဆောင်လို့မရပါဘူး။ ကျယ်ပြန့်စွာတွေးမြင်တတ်ပါစေ။

ခရစ်ယာန်လူငယ်အချင်းချင်းဘ၀လက်တွဲဖော်ရှာဖွေခြင်း

မေး ။                   ။ အသင်တော်မှာလူငယ်မိန်းကလေးအလွန်နည်းပါးပါတယ်။ရှိတဲ့မိန်းကလေးကျတော့
                              လည်းသဘောမကျဘူး။ အခုဆိုအခြားဘာသာဝင်မိန်းကလေးတွေကို  စဉ်းစားရမလို
ဖြစ်နေပြီ။ ကိုယ်ရဲ့ဘာသာဝင်မဟုတ်တဲ့အတွက်ကြောင့်စိတ်တိုင်းသိပ်မကျပါဘူး။  ဘယ်လိုလုပ်ရမလဲ။

ဖြေ ။                    ။ ခရစ်ယာန်ထိမ်းမြားလက်ထပ်ခြင်းဟာမွန်မြတ်သန့်စင်တဲ့မင်္ဂလာတစ်ခုဖြစ်ပါတယ်။
                              ဘုရားသခင်ကိုယ်တော်တိုင်ဦးစီးစီမံခဲ့တာပါ။ (ကမ္ဘာဦး ၁း၂၆-၂၈။ ၂း၁၈-၂၅) စတဲ့
ကျမ်းအခြေခံအချက်များအရ ခရစ်ယာန်လက်ထပ်ထိမ်းမြားခြင်းကိုနားလည်သဘောပေါက်ရပါလိမ့်မယ်။
                     ခေတ်အမြင်နဲ့ပြောရရင်အခြားသောကိုးကွယ်သည့်ဘာသာတွေက  ထိမ်းမြားလက်ထပ်ခြင်း
ကိုလူမှုရေးအခြေပြုအစီအစဉ်တစ်ခုအဖြစ်သာခံယူတယ်။ ခရစ်ယာန်ဘာသာက ဘာသာရေးအခြေပြုတဲ့
အစီအစဉ်အဖြစ်ခံယူတယ်။ အခြေပြုပုံလုံးဝကွဲပြားပါတယ်။
                     ခရစ်ယာန်လူငယ်များဟာခရစ်ယာန်တို့ရဲ့လက်ထပ်ထိမ်းမြားခြင်းကို တန်ဖိုးထားတတ်ရ
ပါမယ်။ ခရစ်ယာန်လက်ထပ်ထိမ်းမြားခြင်းဟာအနာဂတ်အသင်းတော်ကိုပြုစုပျိုးထောင်ခြင်းပဲဖြစ်ပါတယ်။
ကိုးကွယ်မှုနဲ့အခြားလူမှုရေးကိစ္စ  မကွဲပြားတဲ့အတွက် များစွာစိတ်သက်သာရာရနိုင်တယ်။
                      ကိုးကွယ်ရာမတူညီသူနှင့်ထိမ်းမြားလက်ထပ်ရာမှပေါ်ပေါက်လာမည့်နောက်ဆက်တွဲ
ပြဿနာတွေဟာရှောင်လွဲလို့မရပါဘူး။ ဒါကြောင့်စိတ်ဖိစီးမှုနဲ့အခြားမလိုလားအပ်တဲ့ အခြေအနေတွေ
ဖြစ်နိုင်ပါတယ်။ အဖက်ဖက်ကတွေးပြီး ခရစ်ယာန်လူငယ်မောင်မယ်များအချင်းချင်း  ထိမ်းမြားလက်ထပ်
နိုင်ဖို့ကြိုးစားစေချင်ပါတယ်။  အလေးအနက်ထားပြီးကြိုတင်ပြင်ဆင်ထားရပါမယ်။
                  ဘာသာတရားရှုထောင့်ကပြောရရင်  ဆုတောင်းပါ။ ဘုရားသခင်ရဲ့လမ်းပြမှုကိုခံယူပါ။ ကိုယ့်
အသင်းတော်အပြင် အခြားအသင်းတော်တွေကိုလည်းလှမ်းမျှော်ကြည့်ပါလို့ အကြံပြုပါရစေ။

လူငယ်များအတွက်

လူငယ်များအတွက်အမေးအဖြေဂဏ္ဍကိုစုစည်းဖော်ပြလိုက်ပါသည်။လူငယ်များလောကအသက်တာမှာ
သမ္မာတရားလမ်းအတိုင်းလျှောက်လှမ်း၍အကောင်းဆုံးရွေးချယ်မှုကိုပြုနိုင်ရန်လက်လှမ်းမှီသမျှရေးသား
ချက်များကိုစုစည်းဖော်ပြသလို၊စိတ်ပါဝင်စားသောလူငယ်များလည်းမိမိမေးမြန်းလိုသောအချက်များရှိ
ပါက moo.taw75@gmail.com သို့စာရေးသားပေးပို့နိုင်ပါတယ်။

ဆရာစောမူးတော
ကျိုက္ခမီနှစ်ခြင်းအသင်းတော်