ဒေါက်တာစောစေးခူ
ရှေးနှစ်ပေါင်းများစွာကတည်းက ချစ်သူများနေ့ဟုခေါ်သော Valentine's Day ကို အနောက်
နိုင်ငံများတွင် ကျင်းပခဲ့ကြသည်။ ဖေဖေါ်ဝါရီလရောက်လျှင် မိမိချစ်သောသူကို ပန်းစည်း၊ သကြားလုံး
နှင့် မေတ္တာစာကဒ်များကို လက်ဆောင်ပေးလေ့ရှိသည်။ ယခုခေတ်တွင် အနောက်နိုင်ငံများ၌သာမက
ကမ္ဘာအနှံ့အပြားရှိ ဒေသအသီးသီးတွင် ချစ်သူများနေ့ကိုကျင်းပလာကြပါသည်။ နိုင်ငံတကာဈေးကွက်
တွင် ခရစ်စမတ်ကဒ်ပြီးလျှင် ဒုတိယအများဆုံးရောင်းရသောကဒ်များမှာ ချစ်သူများနေ့နှုတ်ခွန်းဆက်
သည့်ကဒ် များဖြစ်ပါသည်။
ဤသို့ကျယ်ပြန့်စွာကျင်းပနေသောချစ်သူများနေ့သည် မည်သို့ပေါ်ပေါက်ခဲ့သနည်း။ အေဒီ
(၃၀၀)စုတွင် ရောမမြို့၌ Valentine ဟုခေါ်သော ဘုန်းတော်ကြီးတစ်ပါးရှိခဲ့သည်။ ထိုအချိန်တွင်ရောမ
နိုင်ငံကို ဧကရာဇ်မင်း ကလောဒီးယပ် ( Claudius 11) အုပ်စိုးနေသည်။ ဤဧကရာဇ်မင်းသည် ရောမတို့
၏စစ်အင်အား တောင့်တင်းစေရန် အမျိုးသားများကိုစစ်ထဲဝင်ခိုင်းပါသည်။ အိမ်ထောင်မပြုရသေးသော
လုလင်များများ လက်မထပ်ရဟု အမိန့်ထုတ်ပြန်လိုက်ပါသည်။ အမျိုးသားများမကျေမနပ်ဖြစ်ကြပါသည်။
ထိုအခါ ဘုန်းတော်ကြီး ဗယ်လင်တိုင်းက လက်ထပ်လိုသောအမျိုးသား၊ အမျိုးသမီးများကို
တိတ်တဆိတ် လက်ထပ်ပေးခဲ့သည်။ ဧကရာဇ်မင်းသိသွားသောအခါ ယင်းဘုန်းတော်ကြီးကို ကွပ်မျက်
ခဲ့ပါသည်။ ဤဘုန်းတော်ကြီးကို ဂုဏ်ပြုသောအားဖြင့် Valentine's Day ဟုခေါ်သော ချစ်သူများနေ့
ကိုကျင်းပခဲ့ကြပါသည်။
Valentine's Day ၏အဓိကတန်ဖိုးမှာ ချစ်သောသူကို မိမိလက်ထပ်လိုသောအချိန်တွင်
လက်ထပ်ခွင့်ရှိသည်ဟူသော သဘောတရားပင်ဖြစ်သည်။ လူတစ်ဦးချင်း၏လွတ်လပ်ခွင့် ကိုအလေး
ထားသော ယခုခေတ်တွင် လူငယ်များသည် Valentine's Day ကိုနှစ်သက်ပျော်ရွှင်စွာ ကျင်းပကြပါ
သည်။ ချစ်သောသူကို လက်ထပ်ရမည်ဟုဆိုရာတွင် ခရစ်ယာန်လူငယ်များသည် မည်သူ့ကို လက်
ထပ်ရမည်နည်းဟု စဉ်းစားဆင်ခြင်ကု တင်ပြလိုပါသည်။
ခရစ်ယာန်ဆိုသည်မှာ ခရစ်တော်၏နောက်လိုက်များဖြစ်ကြသည်။ ထိုကြောင့်ခရစ်ယာန်
လူငယ်များသည် အိမ်ထောင်ဘက်ရွေးချယ်ရာတွင် ခရ်စ်တော်၏အလိုတော်ကို နာခံလိုက်လျောက်
ရန်လိုအပ်ပါသည်။ ခရစ်ယာန်မဟုတ်သောသူများနှင့် အိမ်ထောင်ဖက်ရွေးချယ်ပုံ ခြားနားနိုင်ပါသည်။
ဤအကြောင်းအရာကို ရေးသားရာတွင် အိမ်ထောင်မပြုရသေးသော ခရစ်ယာန်လူငယ်များအတွက်သာ
ရည်ရွယ်ရေးသားခြင်းဖြစ်ပါသည်။ သမ္မာကျမ်းစာက ထိမ်းမြားလက်ထပ်ခြင်းဆိုင်ရာ သတ်မှတ်ချက်
များကို ဖော်ပြထားပါသည်။ ဤစံနှုန်းများကို လိုက်နာမှသာ ဘုရားသခင်ရှေ့တော်တွင် စံမီသော
အိမ်ထောင်ကို တည်ဆောက်နိုင်ပါသည်။
၁။ ယေရှုခရစ်တော်၏စံသတ်မှတ်ချက်ဖြစ်ပါသည်။
ခရစ်ယာန်လူငယ်များသည် တစ်သက်လုံးလက်တွဲမည့်သူကိုသာ လက်ထပ်ရပါမည်။ အခု
မြင်၊အခုကြိုက်၍ အခုပင်လက်ထပ်ခြင်း၊နောင်ခါလာ နောင်ခါဈေးဟု တွေးခေါ်ခြင်းများကို ရှောင်
ကျဉ် ရပါမည်။ တစ်မျက်နှာမှတစ်မျက်နှာသို့ပြောင်းခြင်း၊ သည်ရှက်စရာမဟုတ်၊ ကွာရှင်းပြတ်စဲခြင်း
သည် လူ့အခွင့်အရေးတစ်ရပ်ဖြစ်သည်ဟူသော ခေတ်သစ်အတွေးအခေါ်သည် ရှေးရိုးအစဉ်အလာ
တစ်လင်တစ်မယားစနစ်ကို စိန်ခေါ်လျက်ရှိပါသည်။
ဣသရေလတို့၏ ပညတ္တိကျမ်းတွင် လင်မယားကွာရှင်းခွင့်ပြုထားသည်။ ထိုကြောင့်ဖာရိရှဲ
တို့က ကွာရှင်းခြင်းနှင့်ပတ်သက်၍ သခင်ယေရှု၏သဘောထားကို မေးခဲ့ပါသည်။ သခင်ယေရှုက
လင်မယားသည် ကွာရှင်းခွင့်မရှိကြောင်း၊ ကွာရှင်းသောသူကို လက်ထပ်လျှင်လည်းအပြစ်ရှိကြောင်း
ဖြေကြားခဲ့ပါသည်။ (မဿဲ ၁၉း၃-၁၁)
လူအသီးသီး၏လက်တွေ့ဘ၀အမျိုးမျိုးတွင် သခင်ယေရှု၏စည်းကမ်းများကို လိုက်နာရာ၌
စောဒကတက်စရာများရှိနိုင်ပါသည်။ သို့ရာတွင် ခရစ်ယာန်လူငယ်တစ်ဦးသည် လက်မထပ်မီကပင်
ရည်ရွယ်ထားသောသူ၏ အကျင့်စရိုက်၊ အတွေးအခေါ်နှင့် ကျန်းမာရေးအခြေအနေကို လေ့လာထား
သင့်ပါသည်။ အနာဂတ်အိမ်ထောင်ရေးအတွက် ဘုရားသခင်ထံဆုတောင်းဆက်ကပ်၍ ပြင်ဆင်
ရပါမည်။ ရိုးမြေကျပေါင်းသင်းခြင်းသည် သခင်ယေရှုခရစ်တော်၏အလိုတော်ဖြစ်သည်။
၂။ ကိုးကွယ်ယုံကြည်မှုနှင့်သက်ဆိုင်ပါသည်။
ခရစ်ယာန်လူငယ်များသည် ကိုးကွယ်ယုံကြည်မှုတူသောသူကိုသာ လက်ထပ်ရန်ဖြစ်ပါ
သည်။ လူတစ်ဦး၏ကိုးကွယ်ယုံကြည်မှုသည် ထိုသူ၏လူမှုရေးဘ၀နှင့် စီးပွါးရေးလုပ်ဆောင်ချက်
များကို စိုးမိုးထားပါသည်။ ကိုးကွယ်မှုမတူသော ဇနီးမောင်နှံနှစ်ဦးသည် ခိုင်မာသောလူမှုရေးဘဝ
တစ်ခုကို အတူတကွတည်ဆောက်မည်ဆိုပါက အခက်အခဲများကိုရင်ဆိုင် ကြရလိမ့်မည်။ တစ်ဦး
ကိုတစ်ဦး နားလည်ပေးစေကာမူ မကျော်လွန်နိုင်သော ကန့်သတ်ချက်များရှိပါသည်။
ဣသရေလတို့၏ ပညတ္တိကျမ်းတွင် ကိုးကွယ်ယုံကြည်မှုခြားနားသူများကို လက်မထပ်
ရန် တားမြစ်ပါသည်။ ဣသရေလသမိုင်းတွင် ရှောလမုန်မင်းကြီးသည် ထာဝရဘုရားအတွက်
ဗိမ္မာန်တော်တည်ဆောက်ခဲ့သောကြောင့် ထင်ရှားကျော်ကြားခဲ့ပါသည်။ သို့သော်လည်းနောက်ပိုင်းတွင်
ကိုးကွယ်မှုခြားနားသော မိဖုရားများနှင့်လက်ထပ်ခဲ့ခြင်းကြောင့် ရှောလမုန်မင်းကြီး၏ ကိုးကွယ်ယုံကြည်
မှု ယိမ်းယိုင်းခဲ့ပါသည်။ (၃ရာ ၁၁း၁-၈)
ဓမ္မသစ်ကျမ်းတွင်လည်း ရှင်ပေါလုက ကိုးကွယ်မှုခြားနားသူများနှင့်လက်မထပ်ရန် သွန်သင်
ပါသည်။ (၂ကော ၆း၁၄)။ ဇနီးမောင်နှံနှစ်ဦးသည် သားသမီးရလာသောအခါ မိမိ၏ယုံကြည်မှုကို
အမွေပေးချင်ကြသည်။ ဤသည်မှာ သဘာဝကျသောအလိုဆန္ဒဖြစ်သည်။ ထိုအခါသားသမီးတို့သည်
ကိုးကွယ်ယုံကြည်မှုရွေးချယ်ရာတွင် ပြဿနာများကို ရင်ဆိုင်ကြရပေမည်။ သို့ဖြစ်၍ အိမ်ထောင်ဖက်
ရွေးချယ်ရာ၌ ကိုးကွယ်ယုံကြည်မှုကို အလေးထားရပါမည်။
၃။ လိင်တူလက်ထပ်ခြင်းကိုရှောင်ကျဉ်ရန်ဖြစ်သည်။
ခရစ်ယာန်လူငယ်များသည် ထာဝရဘုရားသခင်ရွံရှာသောအမှုကို ရှောင်ကျဉ်ရပါမည်။
ဝတ်ပြုရာကျမ်းတွင် လိင်တူဆက်ဆံခြင်းကို ပြင်းထန်စွာတားမြစ်ထားပါသည်။ ယခုခေတ်တွင် လိင်တူ
လက်ထပ်ခြင်းကို တရားဝင် ခွင့်ပြုသောနို င်ငံများရှိလာပါသည်။ လူတစ်ကိုယ်အကြိုက်တစ်မျိုးစီဟု
မှတ်ယူပြီး လိင်တူလက်ထပ်ခြင်းကို အသိအမှတ်ပြုလိုသူများ ပေါ်ထွက်လာပါသည်။ မွေးရာပါကိုယ်
အင်္ဂါများကို ပြုပြင်ပြောင်းလဲသည့်နည်းပညာများလည်း ထွက်ပေါ်လာပါသည်။
ယနေ့ခရစ်ယာန်လူငယ်များသည် ဤသို့သောအပြစ်သွေးဆောင်ရာမှုများနှင့် ရင်ဆိုင်နေကြ
ရပါသည်။ (ရောမ ၁း၂၇-၂၈) တွင် လိင်တူလက်ထပ်ခြင်းသည် အပြစ်ဒုစရိုက်ဖြစ်သည်ဟု ဖော်ပြ
ပါသည်။ မျက်မှောက်ခေတ်တွင် အမျိုးသမီးစိတ်ရှိသော အမျိုးသားများကို စာနာထောက်ထား၍
ကူညီရိုင်းပင်းရန် ခရစ်ယာန်များတွင် တာဝန်ရှိပါသည်။ သို့သော်လည်းလိင်တူလက်ထပ်ခြင်းကို
ထာဝရဘုရားသခင် မနှစ်သက်သောကြောင့် ရှောင်ကျဉ်အပ်ပေသည်။
၎။ ချစ်သောသူကို လက်ထပ်ရန်ဖြစ်သည်။
ဘုန်းတော်ကြီး ဗယ်လင်တိုင်းသည် ချစ်သောသူများကို လက်ထပ်ပေးခြင်းဖြစ်သည်။
မျက်မှောက်ခေတ်တွင် ငွေကြေးကြွယ်ဝမှုနှင့် စည်းစိမ်ခံစားမှုတည်းဟူသော ရုပ်ဝါဒများ လွှမ်းမိုးနေ
ပါသည်။ မိမိဘ၀အောင်မြင်ရေးအတွက် မိမိမချစ်သောသူဖြစ်စေကာမူ လက်ထပ်သင့်သည်ဟု ခံယူ
သော လူငယ်အချို့ရှိပါသည်။
သာယာသောအိမ်ထောင်သည် မေတ္တာနှင့်တည်ဆောက်သော အိမ်ထောင်ဖြစ်ပါသည်။
သို့မှသာ (၁ကော ၁၃း၎-၁၃) တွင်ဖော်ပြသော နှစ်သက်ဖွယ်လက္ခဏာများကို အိမ်ထောင်တွင်
တွေ့ရှိရပါမည်။ (ဧဖက် ၅း၂၅-၂၈) တွင်ခရ်စ်တော်သည် အသင်းတော်ကိုချစ်သကဲ့သို့ မိမိအိမ်ထောင်
ဖက်ကိုချစ်ရမည်ဟု ဖော်ပြပါသည်။ လူ့ဘ၀တွင် ဒုက္ခအခက်အခဲများကို လူတိုင်းရင်ဆိုင်ရပါမည်။
မေတ္တာနှင့်တည်ဆောက်သောအိမ်ထောင်သည် ထိုအခက်အခဲများကြားတွင် မယိုင်လဲဘဲ ခိုင်မြဲစွာ
ရပ်တည်နိုင်ပါသည်။
နိဂုံးချုပ်ဖော်ပြရပါလျှင် ချစ်သူများနေ့၏ နောက်ခံသမိုင်းသည် လက်ထပ်ထိမ်းမြားခြင်း၏
ကြီးမားသော တန်ဖိုးကိုဖော်ပြနေပါသည်။ ခရစ်ယာန်လူငယ်များအနေဖြင့် နှလုံးသွင်းရမည့် စံနှုန်းများ
သည် ကျဉ်းမြောင်းသောရှေးရိုးစွဲလမ်းစဉ်များဟု မခံယူအပ်ပေ။ မိမိချစ်သောသူကို လက်ထပ်ရန်
ပြင်ဆင်နေစဉ်မှာပင် မိမိကိုအသက်ပေးပြီးချစ်တော်မူသော ခရစ်တော်၏မေတ္တာတော်ကိုလည်း
တန်ဖိုးထားလေးစားရန် လိုအပ်ပေသည်။ ခရစ်ယာန်လူငယ်တိုင်း ချစ်သူများနေ့တွင် ခရစ်ယာန်
ပီသစွာ ပါဝင်ဆင်နွှဲနိုင်ပါစေဟု ဆန္ဒပြုအပ်ပါသည်။
No comments:
Post a Comment