(SSKBMS)
လူ၏အမှုကိုသာဆောင်ရွက်သကဲ့သို့မဟုတ်၊ ဘုရားသခင်၏အမှုတော်ကို ဆောင်ရွက်သကဲ့သို့ ပြုလေ
သမျှတို့၌ စေတနာစိတ်နှင့်ပြုကြလော့။ (ကောလောသဲ ၃း၂၃)
လောကမှာ တာဝန်နှင့်ဝတ္တရားဟူ၍နှစ်မျိုးရှိသည်။ တာဝန်ဆိုသည်မှာ အခါအားလျော်စွာ
ပေးအပ်ထားသော၊ လွှဲပြောင်းထားသောလုပ်ငန်းများ နှင့် အကြောင်းကိစ္စရပ်များဖြစ်သည်။ ဥပမာ-
လုံခြုံရေးတာဝန်၊ စစ်ရေးတာဝန်၊ပညာရေးတာဝန်၊ ကျန်းမာရေးတာဝန် စသည်ဖြင့် မြောက်မြားစွာရှိသည်။
ဝတ္တရားဆိုသည်မှာ အမြဲတစေပြုကျင့် ဆောင်ရွက်ရမည့်ကိစ္စရပ်များ၊ အကြောင်းအရာများဖြစ်သည်။
ဥပမာ- မိဘ၀တ္တရား၊ လင်ဝတ္တရား၊ မယားဝတ္တရား စသည်တို့ဖြစ်သည်။
တာဝန်ရှိသူနှင့် တာဝန်သိသူ
တာဝန်ရှိသူတိုင်း တာဝန်သိသူဖြစ်ရမည်သာဖြစ်သည်။ ထိုအတူပင် တာဝန်သိသောသူအား
တာဝန်သည်ရှိနေမည်သာဖြစ်သည်။ တာဝန်ဟူသည် ကြီးမားကျယ်ပြန့်သော အနက်သဘောရှိသကဲ့
သို့ နက်ရှိုင်းပြီး များပြားလှစွာသော အကြောင်းအရာများပါဝင်လေသည်။ သိုဖြစ်၍လူတိုင်းသည်
တာဝန်ရှိနေသူများ ပီပီ မိမိတို့တွင်ရှိသော တာဝန်များကို သိရှိရန်လိုအပ်ပေသည်။ တာဝန်ကျေပြွန်ရန်
လည်းလိုအပ်သည်။ တာဝန်ယူထားပြီး တာဝန်မဲ့(ပျက်ကွက်) လျှင် မကောင်းပေ။ ရှိသောတာဝန်ကို
မသိဘဲနေခြင်းက ပို၍အကျဉ်းတန်စေသည်။
ပတ်ဝန်ကျင်တွင် လူအများစုသည် များသောအားဖြင့် တာဝန်ယူပြီး တာဝန်မကျေပြွန်သော
သူများသာ တွေ့နေရသည်။ တာဝန်မဲ့ခြင်းသည် အားလုံးအတွက်ကောင်းသောအရာ မဟုတ်ပေ။
မလိုလားအပ်သောကိစ္စပင်ဖြစ်သည်။ တာဝန်ကျေပြွန်သောလူအဖွဲ့အစည်းသည် မိမိနှင့်တကွ ပတ်ဝန်း
ကျင်ကိုပါ သာယာချမ်းမြေ့မှုကို ပိုင်ဆိုင်စေနိုင်မည်ဖြစ်သည်။
၁။ တာဝန်သိခြင်းသည် ကိုယ်ကျင့်တရားစောင့်ထိန်းခြင်းပင်ဖြစ်သည်။
လူတိုင်းလောကကြီးထဲသို့ ၀င်ရောက်လာချိန်မှစ၍ မည်သူမျှတာဝန်မပေးထားသော်လည်း
ထမ်းဆောင်ရမည့် ၀တ္တရားများ အလိုလျောက်ရှိပြီးသားပင်ဖြစ်သည်။ (ဥပမာ- သားသမီးဝတ္တရား၊မိဘ
ဝတ္တရား) ။ ထိုမှတဆင့် အသက်ရွယ်အလိုက် တရားဝင်ဖွဲ့စည်းထားသောအဖွဲ့စည်းက ယုံကြည်၍
ပေးအပ်ထားသော တာဝန်များလည်းရှိပေသည်။ ထိုတာဝန်များကိုသိပြီး ကျေပြွန်စွာထမ်းဆောင်သော
သူသည် ကိုယ်ကျင့်တရားစောင့်ထိန်းသောသူဖြစ်သည်။ အချို့သောသူတို့သည် တာဝန်ထမ်းဆောင်
ရန်(အရည်အချင်း) စွမ်းရည်မရှိသော်လည်း မသမာသောနည်းမျိုးစုံဖြင့် ကြိုးစားပြီးတာဝန်ကိုယူထား
ကြောင်း ၀မ်းနည်းစွာတွေ့ရှိရသည်။ ထိုသို့သောသူများသည် တာဝန်နှင့်ပါလာသော အခွင့်အရေး
များကိုလိုအပ်သည်ထက်ပို၍ ယူပြီး၊ အမှန်တကယ်ထမ်းဆောင်ရမည့် တာဝန်များကို မထမ်းရွက်ဘဲ
ပျက်ကွက်လျက်ရှိသည်။
သမ္မာကျမ်းစာတွင် တာဝန်မဲ့သောအဖြစ်အပျက်ကို (လုကာ ၁၆း၁၉-၃၁) တွင်တွေ့ရှိရသည်။
သူဌေးကြီးသည် ကောင်းချီးမင်္ဂလာခံစားရသော်လည်း မိမိအိမ်တံခါးရှေ့၌ အမြဲမြင်နေရသော ဆင်းရဲ
သား လာဇရု (အမှန်တကယ်လိုအပ်နေသောသူ) ကို တာဝန်မဲ့ခြင်းကြောင့် ဘုရားသခင်ပြင်ဆင်သော
နိုင်ငံတော်သို့ ၀င်ခွင့်မရခဲ့ပါ။ တာဝန်မဲ့ခြင်းသည် ကိုယ်ကျင့်တရားချိုးဖောက်ခြင်းပင်ဖြစ်သည်။
မိမိအလုပ်တာဝန်ကို ကျေပြွန်စွာဆောင်ရွက်သူတစ်ဦးကိုဖော်ပြပါရစေ။ စွယ်စုံအနုပညာရှင်
မိုက်ကယ်အင်ဂျလိုသည် ဗာတီကန်နန်းတော်ရှိ ဆစ္စတင်းဘုရားကျောင်း မျက်နှာကြက်တွင် ဓမ္မဟောင်း
ကျမ်းဖြစ်စဉ်များကို သရုပ်ဖော်သည့် နံရံဆေးရေးပန်းချီရေးဆွဲရာ မျက်နှာကြက်တွင်ဆင်ထားသော
ငြမ်းပေါ်တွင် ပက်လက်လှန်ကာ (၄)နှစ်ကြာ ပန်းချီရေးဆွဲခဲ့ရသည်။ တစ်နေ့မျက်နှာကြက်ဒေါင့် တစ်
နေရာ၍ ကတ်ကတ်သတ်သတ်ရေးဆွဲထားရသည့် ရုပ်ပုံတစ်ပုံအနုစိပ် ချယ်မှုန်းနေစဉ် လာရောက်
ကြည့်ရှုသော သူ့မိတ်ဆွေက သူဒုက္ခခံနေရပုံကိုကြည့်ပြီး
“ဒီလောက်ထောင့်ထဲမှာများ အောက်ကကြည့်မယ့်သူနှင့်လည်း အဝေးကြီး ဘာဖြစ်လို့ဒုက္ခခံ
ပြီး အသေးစိပ်လုပ်နေရတာလဲ။ ပြီးတော့လက်ယာပီပြင်တယ်၊ မပီပြင်ဘူးဆိုတာ ဘယ်သူသိမှာ
မှတ်လို့” ဟုပြောရာ မိုက်ကယ်အိန်ဂျလိုက တစ်ခွန်းတည်းပြန်ပြောသည်မှာ “ငါသိတာပေါ့ကွ” ဟူ၍
ဖြစ်သည်။
မှန်ပါသည်။ မိုက်ကယ်အိန်ဂျလိုသည် မိမိဒအနုပညာကို လေးစားသူ၊ အလုပ်အပေါ် သစ္စာရှိသူ
သူတစ်ပါးသိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ မိမိအလုပ်ကိုမိမိဘာသာ သိထားသည့်စံချိန်စံညွှန်းထက်
မလျော့စေရဟူသော စိတ်ဓါတ်အမြဲရှိသူဖြစ်သည်။ ထိုကြောင့်လည်း နှစ်ပေါင်း(၅၀၀)နီးပါးကြာပြီးသော်
လည်း ယနေ့တိုင်ကမ္ဘာက လေးစားနေရသောအနုပညာရှင်အဖြစ် သတ်မှတ်ခြင်းခံနေရသူဖြစ်သည်။
စာဖတ်သူလည်းမိမိအလုပ်(တာဝန်) အပေါ် တာဝန်ကျေပြွန်စွာ ထမ်းရွက်ရန် တာဝန်ရှိသည်။
၂။ တာဝန်ယူဝံ့ခြင်းသည် သတ္တိရှိခြင်းဖြစ်သည်။
အချို့သောသူတို့သည် အလုပ်တစ်ခုကို တာဝန်ယူသောအခါအခက်အခဲမရှိချိန် တာဝန်
ကြောင့်ရရှိလာသော အခွင့်အရေးရရှိနေချိန်တွင် ပြဿနာမရှိသော်လည်း တာဝန်ယူသောအချိန်၌
မမျှော်လင့်သော ဒုက္ခပြဿနာပေါ်ပေါက်လာသောအခါ အခြားသူများကြောင့်ဖြစ်ပေါ်လာသည်ဟု
လက်ညှိုးထိုး ပြောဆိုတတ်ကြသည်။ တာဝန်ယူဖြေရှင်းပေးသောသူ(သူ့ကြောင့် ငါ့ကြောင့်) မပြော
ဘဲ တာဝန်ယူဝံ့ ခြင်းသည် ခေါင်းဆောင်တိုင်း၌ ရှိရမည့်အရည်အချင်းပင်ဖြစ်သည်။
ရီနေဆွန်းခေတ် အီတာလျံအတွေးအခေါ်ရှင် ဂျီယိုဒါရို ဘရုနိုး(၁၅၄၈-၁၆၀၀) သည်ဘာသာ
သာသနာကို ကာကွယ်သည်ဟု အကြောင်းပြကာ အယူအဆမတူ သူတို့အားနှိပ်ကွပ်သည်။ ဘာသာ
ရေးလက်ဝါးကြီးအုပ်သမားများ၏ လက်ချက်ဖြင့် ရောမမြို့၌ မီးရှို့သတ်ခြင်းခံခဲ့ရသည်။ ခရစ်ယန်
ဘာသာရေးခုံရုံးက သူ့အားသေဒဏ်ပေးသောအခါ ခုံအဖွဲ့ဝင်တရားသူကြီးများအား ဘရူနိုးက...
စီရင်ချက်ခံရမယ့်ကျုပ်ထက် စီရင်ချက်ချရမယ့် ခင်ဗျားတို့က ပိုပြီးကြောက်နေကြတယ်
မဟုတ်လား” ဟူ၍ ရဲဝံ့စွာပြောကြားခဲ့ပါသည်။ သမ္မာကျမ်းစာ၌ မိမိလုပ်သောအလုပ်ကို တာဝန်ယူ
သောသူမှာ ကောင်းသောရှမာရိပင်ဖြစ်သည်။ ဓားမြတိုက်ခံရသူအား ကူညီသည့်အခါ အမှုအခင်းဖြစ်
သောကြောင့် တာဝန်ရှိသောသူမေးမြန်းခြင်းကို မကြောက်မရွံဘဲ ရဲရင့်စွာ ကူညီခဲ့သူဖြစ်သည်။
သတ္တိရှိသောသူဖြစ်ရမည်။ (လုကာ ၁၀း၂၅-၃၇)
၃။ တာဝန်ယူဆောင်ရွက်သူသည် စွမ်းရည်ရှိရမည်။
တာဝန်ယူသောသူသည် မိမိတာဝန်ယူသောအလုပ်ကို ကျွမ်းကျင်စွာတတ်မြောက်ထားသူ
ဖြစ်ရမည်။ အခြေအနေအမျိုးမျိုးကြောင့် ရွေးချယ်ခြင်းခံရ၍ မကျွမ်းကျင်လျှင် သင်ကြားခံယူလိုသော
စိတ်ဖြင့် ပြန်လည်ဆည်းပူးရမည်ဖြစ်သည်။ တာဝန်ပေးခံရသူသည် မိမိကျွမ်းကျင်သောအလုပ်ကို
ဆက်လက်ဆည်းပူးခြင်းမပြုလုပ်လျှင် ထိရောက်သောစွမ်းရည် ရှိလာမည်မဟုတ်ချေ။ ပြောင်းလဲမှု
မြန်ဆန်သော ခေတ်တွင်နည်းပညာများသည် အစဉ်သဖြင့်ပြောင်းလဲနေသောကြောင့်ဖြစ်သည်။
ပထမမြန်မာများစာအုပ်တွင် ဆိုင်းဆရာစိန်ဗေဒါက သူ၏ဆိုင်းပညာစွမ်းရည်တိုးတက်ရန် “မနေ့က
စိန်ဗေဒါထက် ဒီနေ့စိန်ဗေဒါက ပိုတော်ရမည်။ ပိုတော်ရန် တစ်ခုတည်းသောနည်းလမ်းမှာ စဉ်ဆက်
မပြတ်ပညာရပ်တိုင်းကို လေ့လာလိုသောစိတ်နှင့် ကြိုးစားအားထုတ်လုံ့လပြုရန် ” ဟူပြောကြားခဲ့
သည်။
စွမ်းရည်ရှိသူတိုင်း လူ့အဖွဲ့အစည်းတစ်ခုလုံးက အလိုရှိကြသည်။ သမ္မာကျမ်းစာ၌ စွမ်း
ရည်ကို အသုံးမပြုဘဲ၊ မြေကြီးထဲမြှပ်ထားသော ငယ်သားသည် စီရင်ခံရ၍ ဘုရားသခင်ပေးထား
သော မတူညီသောစွမ်းရည်များကို ပတ်ဝန်ကျင်အတွက် အကျိုးပြုသောငယ်သားတိုင်း ဘုရားသခင်၏
ချီးမြှောက်ခြင်းကို ခံခဲ့ရသည်။ မိမိ၌ ဘုရားပေးစွမ်းရည်ရှိပြီး အခြားသူများအတွက် အကျိုးမပြုလျှင်
စီရင်ခြင်းခံရမည်ဖြစ်သည်။
၎။ တာဝန်ထမ်းဆောင်ခြင်းသည် လက်ရှိဘ၀၊ တမလွန်ဘ၀ နောင်လာနောက်သားများအတွက်
အကျိုးရှိရမည်။
မိမိတာဝန်ယူလုပ်ဆောင်သောလုပ်ငန်းသည် မိမိအတွက်သာမက နောင်လာနောက်သားများ
အတွက်ပါ အကျိုးပြုရန်လိုအပ်ပေသည်။ မာသာထရီဇာပြောခဲ့သောစကား တစ်ခွန်းကို ဖော်ပြပါရစေ။
“လူဟာ ငွေကြေး၊ သြဇာအာဏာ၊ လုပ်ပိုင်ခွင့်လိုပါတယ်။ ဘယ်လောက်ပဲရှိပါစေ၊ သူလုပ်တဲ့
အလုပ်ကို မေတ္တာနဲ့ပေါင်းစပ်မလုပ်ဆောင်ရင် ဒီလုပ်ငန်းဟာ ဘယ်တော့မှ အောင်မြင်မှာ မဟုတ်ပါဘူး”
မိမိလုပ်နေတဲ့အလုပ်ကို စွမ်းဆောင်ရည်ပြည့်ဝပြီး၊ မေတ္တာနှင့်ပေါင်းဖက်လုပ်ဆောင် လျှင်
မိမိအတွက်သာမက နောင်လာနောက်သားများအတွက် အကျိုးပြုမည်ဖြစ်သည်။ ကျမ်းစာတွင်မိမိ
လုပ်ရပ်ကြောင့် မိမိအတွက်သာမက အခြားသူများအတွက်ပါ အကျိုးမပြုသောလူများအကြောင်း
တွေ့ရှိရပါသည်။ ၎င်းတို့မှာ
(၁) အာဒံနှင့်ဧ၀တို့သည် ထာဝရအသက်ရှင်ခြင်းကို ကောင်းမကောင်းအပင်၏ အသီးကိုစားခြင်း
အားဖြင့် သေခြင်းတရား ကမ္ဘာကြီးထဲသို့ ပို့ဆောင်ခဲ့သည်။ (က ၃း၆)
(၂) ဧသောသည် သားဦးအရာကို ပဲဟင်းတစ်ခွင်ဖြင့် လဲလှယ်ခဲ့သည်။ (က ၂၅း၃၄)
(၃) ယုဒရှကာရုတ်သည် သခင်ယေရှုအား ငွေ(၃၀)ဖြင့် ရောင်းစားခဲ့သည်။
မိမိအတွက်သာမက အခြားသူများအတွက်ပါ အကျိုးပြုသောသူများမှာ ......
(၁) မောရှေသည် အဲဂုတ္တုပြည် နန်းတွင်းသားစည်းစိမ်ကို လူမျိုးတော်တစ်ရပ်လုံး ကောင်းစားရန်ဒုက္ခ
ဆင်းရဲခြင်းများဖြင့် ပေးဆပ်ခဲ့သူဖြစ်သည်။ (ဟေဗြဲ ၁၁း၂၃-၂၆)
(၂) ရှင်ပေါလုသည် ၀မ်းမြောက်ဖွယ်ရာသတင်းကောင်း (မိမိလူမျိုးသာမက တစ်ပါးအမျိုးသား) လူတိုင်း
ရရှိရန် ဒုက္ခဆင်းရဲခြင်းများစွာ အနစ်နာခံခဲ့သူဖြစ်သည်။ (ဖိလိပ္ပိ ၄း၁၃)
(၃) သခင်ယေရှုသည် လူသားအားလုံးကယ်တင်ခြင်းရရှိရန် အသက်စွန့်၍ ပေးဆပ်ခဲ့သူဖြစ်သည်။
(လု ၂၃း၃၃-၄၉)
မှတ်ချက် ။ ။
(၄) ဆရာကြီးယုဒဿန်နှင့်မမယုဒဿန်တို့သည် မြန်မာပြည်သူပြည်သားများ ခရစ်တော်၏အလင်း
တရားရရှိဖို့ အသက်သေဆုံးသည်အထိ ပေးဆပ်လုပ်ဆောင်ခဲ့သည်။ ကယ်တင်ခြင်းကျေးဇူး
နှင့်အတူ တိုင်းရင်းသားများစွာ စာပေတတ်မြောက်ခွင့်နှင့်အတူ အသိပညာ၊အတတ်ပညာ ပါ
ပြောင်းလဲတိုးတက်လာခဲ့ကြသည်။
ဒီလောကကြီးမှာ တာဝန်သိစိတ်ရှိသောသူများ၊ မိမိသိက္ခာကိုလေးစားသောသူများ နှင့်
စိတ်ဓါတ်ကျင့်ဝတ်ရှိသောသူများ အရေအတွက်တိုးပွါားလာမည်ဆိုလျှင် လူ့အဖွဲ့အစည်းတစ်ခုလုံး
ပိုမိုဖွံဖြိုးတိုးတက်မှုရှိလာပြီး၊ သာယာသော လူ့အဖွဲ့အစည်းတစ်ခုလုံး တည်ဆောက်နိုင်မည်ဖြစ်
ကြောင်း မေတ္တာဖြင့် ဝေငှလိုက်ရပါသည်။
No comments:
Post a Comment