(Abramham's hospitality)
အာဗြံဟံနှင့်စာရာတဲကလေးသည် ဧည့်သည်အာဂန္တုများအတွက် အမြဲဖွင့်ထားသော
နေရာလေးတစ်ခုဖြစ်သည်။ ဧည့်သည်များအားဧည့်ဝတ်ပြုရခြင်းသည် ဘုရားသခင်၏ကောင်းချီးမင်္ဂလာ
နှင့်ဆုကျေးဇူးတစ်ခုဖြစ်သည်ဟု ဇနီးမောင်နှံနှစ်ဦးစလုံးက သိရှိလက်ခံထားကြသည်။
တစ်နေ့သော်အဘိုးအိုကြီးတစ်ဦးအား အိမ်သို့ခေါ်လာသည်။ ညစာအတူစားသောက်
ကာကောင်းမွန်စွာ ဧည့်ဝတ်ပြုလေ၏။ ဧည့်သည်အဘိုးအိုက သူ့အားထိုသို့ဧည့်ဝတ်ပြုသည့်အတွက်
အလွန်ကျေးဇူးတင်ကာ ကျေးဇူးတင်စကားဆို၏။ အာဗြံဟံကလည်း သူ့အားကျေးဇူးတင်ဖို့မလိုအပ်
ကြောင်း နှင့်သူကိုယ်တိုင်ပင်သူ့အား ဧည့်သည်အာဂန္တုများအားဧည့်ဝတ်ပြုနိုင်ရန် ကောင်းချီးပေးထား
သော ဖန်ဆင်းရှင်ဘုရားသခင်ကို ကျေးဇူးတင်ကြောင်းပြောပြလေသည်။
ထိုအခါအဘိုးအိုကလည်း “ကျွန်ုပ်လည်း ကျွန်ုပ်ရဲ့ ဘုရားကိုကျေးဇူးတင်ပါတယ်” ဟု
ဆိုကာ သူ့အိပ်ထဲကသစ်သားရုပ်ထုလေးတစ်ခုကို ကြမ်းပြင်ပေါ်သို့ချထားလိုက်သည်။ ပြီးလျှင်ဆက်
၍ “ဤဘုရားဟာ ကျွန်ုပ်ကိုယနေ့တိုင်အောင် စောင့်ရှောက်ပြီးကျွေးမွေး၊ ကူညီမစနေတဲ့ဘုရား ဖြစ်
တယ်” ဟု အာဗြံဟံအားပြောပြလေသည်။
ထိုသို့သောစကားကိုကြားလျှင် အာဗြံဟံသည် စိတ်လည်းပျက် ဒေါသလည်းထွက်
လာကာ “ဘာကြောင့်ကိုယ့်ရဲ့လက်နဲ့လုပ်ထားတဲ့ ရုပ်ထုကိုဘုရားအဖြစ် ကိုးကွယ်နေတာလဲ။ ခင်ဗျား
လိုလူကို ဧည့်ဝတ်ပြုလိုက်ရတဲ့အတွက် ၀မ်းနည်းပါတယ်” ဟုဆိုကာ အဘိုးအိုကိုဆုပ်ကိုင်ပြီး တဲအ
ပြင်ဖက်သို့ တွန်းထုတ်လိုက်လေတော့၏။ ချက်ချင်းပင် အာဗြဟံသည် သူ့၏အမည်ခေါ်သံကို ကြားရ
၏။ “ချစ်သား အာဗြံဟံ ငါသည်ဒီအဘိုးအိုကို နှစ်ပေါင်း(၈၀)တိုင်အောင် အသက်ရှင်ခွင့်ပေးပြီး၊
ဘေးအန္တရာယ်အပေါင်းမှ ကာကွယ်စောင့်ရှောက်ခဲ့တယ်။ ၀လင်စွာကျွေးမွေးခဲ့တယ်။ အခုတော့
မင်းကသူ့ကို တဲအပြင်ဘက်တွန်းထုတ်လိုက်တယ်။ ငါသူ့ကိုကာကွယ်လိုက်တိုင်း၊ ကျွေးမွေးလိုက်တိုင်း
မှာသူဟာ သူ့ရဲ့သစ်သားရုပ်ကလေးကိုပဲ ကျေးဇူးတင်ချီးမွမ်းလေ့ရှိပါတယ်။ ဒါပေမယ့် ငါဟာသူကို
ဆက်ပြီးကျွေးမွေးခဲ့တယ်။ သူအဆိုးအကောင်းမသိပေမယ့် မင်းကတော့ သူ့အပေါ်ကောင်းရမယ်။
သွားပြီးခုနက အဖိုးအိုကို ပြန်ရှာပါ။ ကောင်းမွန်စွာပြန်လည်ပြုစုပါ။ သူမသိပေမယ့် မင်းဟာ တစ်ဆူ
တည်းသောဘုရားဖြစ်တဲ့ ငါ့ကိုအစေခံနေတာဖြစ်တယ်” ဟု မိန့်တော်မူ၏။
အာဗြံဟံသည်လည်း ထ၍ ဘုရားသခင်မိန့်တော်မူသမျှအတိုင်းပြုလေသည်။
(ဂျူးပုံပြင်)
နူးနူး
No comments:
Post a Comment